အခန်း (၆၁၅-၆၁၆)
Vol. 40 Ch. 615-616
အပိုင်း (၆၁၅)
စစ်ဆေးရေးမှူး လော့က မေးလိုက်၏။ “ဝူကျူး... အကြီးအကဲ ဝူတူကျိက မင်းကို စေတီတောင်ရဲ့ အမိန့်ကပ်ပြားကို ရှမ့်လန်ဆီ ပေးခိုင်းလိုက်တယ်ဆိုတာ ဟုတ်လား။”
ထိုစကားကို ကြားချိန်မှာတော့ ဝူတူကျိနှင့် ရှမ့်လန်တို့က သူ့ကို စူးစိုက်ကာ ကြည့်ရှုလိုက်၏။ ထိုအချိန်မျိုးတွင် အရူးတစ်ယောက်ပင်လျှင် မည်သို့ ဖြေရမည်ကို သိရပေလိမ့်မည်။ သို့သော်ငြား ဝူကျူးက အံ့အားသင့်သွား၏။ “ဟမ်.. အဒေါ် ကျုပ်ကို ဘာအမိန့်ပြားမှ မပေးခိုင်းပါလား။”
ဤအရာက ဟန်ဆောင်မှုသက်သက်သာဖြစ်သော ညီအစ်ကိုသံယောဇဉ် ဖြစ်၏။ ရှမ့်လန်က လုံးဝ အံ့အားမသင့်ခဲ့ချေ။ သူ၏ စမ်းသပ်မှုမှတ်တမ်းများ ယင်ယွမ်အဖွဲ့အစည်းတွင် ပေါ်လာကတည်းက ဝူကျူး၏ အခန်းကဏ္ဍကို သူ ခန့်မှန်းပြီးသားဖြစ်သည်။
သို့သော်ငြား ဝူတူကျိ၏ မျက်နှာထားကတော့ အေးစက်သွားခဲ့၏။ “ဝူကျူး.. နင် ငါ့ဆီကနေပြီးတော့ အမိန့်ပြားကို ယူမသွားဘူးဆိုတာ သေချာလို့လား။”
ဝူကျူးက အပြစ်ကင်းစင်သည့် ပုံစံဖြင့် ပြောလိုက်သည်။ “ကျုပ် တကယ် ယူမသွားပါဘူးအဒေါ်၊ မှတ်ဉာဏ်များ မှားနေလား။”
ဝူတူကျိက မဲ့ပြုံးပြုံးလိုက်၏။ “ငါ မှတ်မိတာ မှားချင်မှားနေမှာပေါ့။ အင်း... ငါ ဝူကျူးကို ပေးခိုင်းတာ မဟုတ်လောက်ဘူး။ တခြားသူကို ပေးခိုင်းတာ နေမှာပါ။”
စစ်ဆေးရေးမှူး လော့က မေးမြန်းလိုက်သည်။ “ဘယ်သူလဲ။ ကျုပ် အခုချက်ချင်း စစ်ဆေးမယ်”
“ငါ မေ့နေပြီ။ ဟုတ်တယ်မလား။”
ဝူတူကျိက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ရှမ့်လန်ရဲ့ အမိန့်ပြားကတော့ အစစ်ပဲ။”
ဤအရာက ရိုးရှင်းစွာ ငြင်းချက်ပင် ဖြစ်၏။ ထို့ပြင် လုံးဝ အကျိုးသင့်အကြောင်းသင့် မရှိသည့် ဇွတ်ငြင်းဆိုမှုပင်။
ဤအရာက အံ့အားသင့်စရာ မဟုတ်ချေ။ ဝူတူကျိ၏ သည်းခံနိုင်စွမ်းက အကန့်အသတ်ပင်ဖြစ်၏။ မဖြစ်ပြောစရာ မရှိအောင် ပြည့်စုံသည့် လိမ်ညာမှုမျိုးကို ဖန်တီးဖို့ မျှော်လင့်နေလေသည်လား။ အားနာပေ၏။ သူ့တွင် ဤမျှလောက် အချိန်မရှိချေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ် ကာကွယ်၍ မရဘူးဆိုလျှင် အကြမ်းဖက် ဖြေရှင်းလိုက်ရုံသာရှိ၏။
ထင်ထားသည့်အတိုင်းပင် နောက်တစ်စက္ကန့်မှာပဲ ဝူတူကျိက အေးစက်စက် ပြောလိုက်သည် ။ “ငါ ပြောပြီးပြီ။ ရှမ့်လန်က ငါ့ရဲ့ နောက်ဆုံးတပည့်ပဲ။ သူ့ရဲ့ အမိန့်ပြားက အစစ်အမှန်ပဲ။ ကျေးဇူးပြုပြီး ငါ့ကျွန်းပေါ်ကနေ အခုချက်ချင်း ထွက်သွား။ မဟုတ်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မဆိုနဲ့တော့။”
သူမက ဘယ်ဘက် လက်မောင်းကို အနည်းငယ် မြှောက်လိုက်၏။ လက်မောင်းပေါ်ရှိ ပန်းပွင့်များက ကြွေကျသွားခဲ့ပြီး နေရောင်အောက်တွင် ကြည်လင်တောက်ပနေသည့် ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် လက်မောင်းတစ်ခု ပေါ်လာ၏။ ရုတ်တရက်ဆိုသလိုပင် သူမ၏ နောက်ဘက်တွင်ရှိနေသည့် ပန်းခင်းကြီးက အလွန် တောက်ပလာခဲ့၏။ ရာနှင့်ချီ၊ ထောင်နှင့်ချီသည့် လိပ်ပြာများက ပျံတက်လာ၏။
ရှမ့်လန်က ဤမြင်ကွင်းကို မြင်ချိန်မှာတော့ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “သောက်ကျိုးနည်း... ဒီပန်းတွေက ပန်းတွေ မဟုတ်ဘူးလား။ လိပ်ပြာတွေ ဖြစ်နေတာလား။ ငါ ထင်သားပဲ။ ဒီပန်းတွေရဲ့ ပုံစံက တစ်မျိုးဖြစ်နေပါတယ်လို့။ ကြည့်ရတာ ဆွဲဆောင်မှုရှိသလို ထင်နေရတာ။”
ထောင်ပေါင်းများစွာသော လိပ်ပြာများက လေထုထဲတွင် ပျံသန်းလျက် ရှိနေပြီး အလွန်အန္တရာယ် များသည့် အငွေ့အသက်များကို ထုတ်ဖော်နေ၏။ ထင်ရှားသည်က ထိုအရာက အဆိပ်ပြင်းလွန်းခြင်းပင်။
စစ်ဆေးရေးမှူး လော့က ပြောလိုက်၏။ “အကြီးအကဲ ဝူတူကျိ.. ကျုပ်ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ ကျုပ်က တာဝန်ရှိသူတစ်ယောက်အနေနဲ့ တာဝန်အရ လုပ်ဆောင်နေရတာပါ။”
ဝူတူကျိက ပြန်ပြောသည်။ “ငါ ပြောပြီးပြီ။ ထွက်သွားမလား။ သေမလား။”
“အင်း။”
စစ်ဆေးရေးမှူး လော့က ဘာမှ မတတ်နိုင်တော့ချေ။ ခဏလောက် တွန့်ဆုတ်ပြီးနေတော့ သူက ပြောလိုက်၏။ “အကြီးအကဲ ဝူတူကျိ... ခင်ဗျားရဲ့ လုပ်ရပ်က စေတီတောင်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်နေ၏။ ပြစ်မှုကြီးရင် အကြီးအကဲရာထူးကနေ ဖယ်ရှားခံရလိမ့်မယ်။ ကျုပ် ဥပဒေအခြေပြုခန်းမ အကြီးအကဲခုန်းဆီ သွားပြီးတော့ အကြီးအကဲဝူကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ တင်ပြပါမယ်”
“ထွက်သွားစမ်း။”
စစ်ဆေးရေးမှူး လော့က လက်လျှော့ပြီး ထွက်ခွာသွားခဲ့ရသည်။
ဝူကျူးက ပြောလိုက်၏။ “ညီလေးလန်... ငါ အရင်သွားတော့မယ်။ ဒီကိစ္စပြီးသွားရင် ငါ့အိမ်ကို သေချာ လာခဲ့အုံး။ အရက်တစ်ခွက်လောက်သောက်ဖို့ ဖိတ်ခေါ်တယ်နော်။”
ရှမ့်လန်က နွေးထွေးစွာ ပြန်ပြောလိုက်သည်။ “ကောင်းပါပြီ အစ်ကိုကြီး... ခင်ဗျားကို တွေ့ရတာ ကျုပ် အရမ်း ဝမ်းသာပါတယ်။”
ဝူကျူးက ပြောလိုက်၏။ “အင်း... မင်းကို တွေ့ရတာ ငါလည်း ဝမ်းသာတယ်။ နှုတ်ဆက်တယ် ညီလေး။ အိမ်ကို လာခဲ့ဖို့ မမေ့နဲ့အုံး။ ဝိုင်နွေးနွေးလေးနဲ့ ဟင်းပွဲတွေ ပြင်ဆင်ထားမယ်”
‘ပျော်နေတုန်းလား။’
ဝူတူကျိက တွေးသည်။ ‘မင်းက ရှမ့်လန်ကို သေအောင် ချောက်ထဲ ထိုးချပြီးတော့မှ ယခုထိ ပျော်ပြနေတုန်းလား။’
............
အားလုံး ထွက်ခွာသွားခဲ့ပြီးနောက်၊ ဝူတူကျိက လက်ကို ချလိုက်၏။ လိပ်ပြာအားလုံးက ပန်းခင်းထဲသို့ ပြန်လည်ဝင်ရောက်သွား၏။ ကြည့်လိုက်လျှင် လှပသည့် ပန်းပွင့်ဖတ်များကဲ့သို့ပင်။
ရှမ့်လန်က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။ သူမက စကားပြောရန် စိတ်ဆန္ဒရှိပုံ မပေါ်ချေ။
ရှမ့်လန်က X-Ray မျက်လုံးဖြင့် သူမ၏ ခန္ဓာကိုယ်ကို မစစ်ဆေးဘဲ မနေနိုင်တော့ချေ။ သူမက ပြည့်စုံသည့် အမျိုးသမီးတစ်ယောက် မဟုတ်ကြောင်း၊ ရာသီစက်ဝန်းပင် မရှိကြောင်းကို ပြောခဲ့၏။ ထို့အပြင် သူမက ကျောက်စုန်းမလည်း ဖြစ်၏။
ရှမ့်လန်က သူမ၏ ခန္ဓာကိုယ်ကို သေသေချာချာ ကြည့်ရှုလိုက်သည့် အချိန်တွင် သူမ၏ ဝမ်းဗိုက်ထဲတွင် ပုံမှန် သားအိမ်နှင့် မျိုးဥများ ရှိနေကြောင်းကို တွေ့ရ၏။ သို့ပေမည့် ထိုအရာတို့က ပုံမှန်အမျိုးသမီးများထက် သေးငယ်နေပြီး ဖွံ့ဖြိုးမှု မပြည့်စုံသေးသည့်ပုံ ပေါ်၏။ ထို့အပြင် သူမ၏ သိုင်းသွေးကြောက အလွန် မြင့်မား၏။ ရွှေရောင်တော့ မဟုတ်ချေ။ အနီရောင်လိုလို လိမ္မော်ရောင်လိုလို ဖြစ်နေပြီး အနည်းငယ် မတည်မငြိမ်လည်း ဖြစ်နေသည်။
“မင်း ငါ့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးနေရတာလား။” ဝူတူကျိက မေးမြန်းလိုက်၏။
ရှမ့်လန်က ခေါင်းညိတ်ပြလိုက်သည်။
ဝူတူကျိက ပြောလိုက်၏။ “အလကား အချိန်ဖြုန်းမနေနဲ့။ ငါ့ကိုယ်ငါ အကြိမ်တစ်ထောင်မက စစ်ဆေးပြီးပြီ။”
ရှမ့်လန်က မေးလိုက်သည်။ “ဒုတိယမျိုးဆက် ဗီဇပြောင်းလူသားတွေ အကုန်လုံးက ဒီလိုပဲလား။”
ဝူတူကျိက ဖြေ၏။ “ဒုတိယမျိုးဆက် ဗီဇပြောင်းလူသားတွေ အားလုံးက ပုံမှန် မဟုတ်ကြဘူး။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တော့ ပုံမှန် မဟုတ်တာချင်း မတူဘူး။”
ပြီးနောက် သူမက ဆက်ပြောသည်။ “ယောကျ်ားတစ်ယောက်ရဲ့ဥကို ငါ ခြေပစ်တယ်ဆိုတဲ့ ဇာတ်လမ်းကို မင်း ကြားဖူးမှာပေါ့။”
ဟုတ်ပေ၏။ သူ ထိုအရာကို ကြားဖူး၏။ အိမ်မက်ဆိုးပင်လျှင် အကြိမ်တစ်ရာလောက် မက်ခဲ့ဖူးသေး၏။
“အဲဒါ အမှန်ပဲ။”
ဝူတူကျိက ပြောလိုက်သည်။ “ဒါပေမဲ့ ကောင်းကင်ပြစ်ပေးမှုကျောင်းတော်ရဲ့ အဲဒီကောင်က တမင်သက်သက် လုပ်ခဲ့တာ။ ငါ ပုံမှန် မဟုတ်ဘူးဆိုတာ သိရဲ့သားနဲ့ တမင်တကာ လက်ထပ်ခွင့် လာတောင်းခဲ့တာ။ သူက တကယ်တော့ ငါ့ကို အရှက်ခွဲချင်တာပဲ။ ငါ သူ့ရဲ့ ဥတစ်လုံးကို ခြေမွှလိုက်တာတောင် တော်တော် သက်ညှာပေးခဲ့တာပဲ။
အကယ်၍ သူ့မိန်းမ မျက်နှာကိုတောင် မထောက်ဘူးဆိုရင် ငါ သူ့ကို မိန်းမစိုးဖြစ်အောင် လုပ်ပစ်တာ ကြာပြီ။ အင်း... ပုံမှန်မဟုတ်တဲ့လူတိုင်းက တခြားသူတွေရဲ့မျက်လုံးထဲမှာတော့ ထူးဆန်းတဲ့ သတ္တဝါတွေပဲ။”
ရှမ့်လန်က ဗလာသွေးမျိုးဆက်ရှိသည့် လူများကို သတိရမိ၏။ သူတို့က တခြားသူတို့၏ မျက်လုံးတွင် ထူးဆန်းသည့် သတ္တဝါများကဲ့သို့ ဖြစ်နေ၏။ သို့ပေမည့် သူ၏ ရှေ့မှရှိနေသည့် ဤထူးဆန်းသည့် အမျိုးသမီးမှာတော့ တကယ်ကို စွမ်းအားကြီးပြီး ရက်စက်ကြမ်းတမ်း ကြမ်းကြုတ်လွန်း၏။ ရက်စက်သည်ဟု ပြောရမည်လား။ ခက်ထန်အေးစက်သည်ဟု ပြောရင် ပိုမှန်ပေလိမ့်မည်။ သူမ၏ မျက်လုံးထဲတွင် လူ့အသက် ဆိုသည်က စမ်းသပ်ခန်းထဲတွင် ရှိနေသည့် ယုန်များ၊ ကြွက်များနှင့် ဘာမှ မခြားနားချေ။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် နောက်ထပ် လှေတစ်စင်း ရောက်လာ၏။ ဝူကျူး ရောက်ရှိလာခြင်း မဟုတ်ချေ။ စစ်ဆေးရေးမှူးလော့လည်း မဟုတ်ချေ။ အဘိုးကြီးသုံးဦးတို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုသူတို့၏ ခန္ဓာကိုယ်ဆီမှ အလွန် အစွမ်းထက်သည့် အော်ရာများ ထွက်ပေါ်လျက်ရှိနေ၏။ အရှိန်အဝါများက တကယ်ကို ပြင်းထန်လွန်းလှချေ၏။
ရှမ့်လန်က သိုင်းပညာ မတတ်သော်လည်း ထိုအရှိန်အဝါကို ခံစားမိ၏။ စောစောတုန်းက စစ်ဆေးရေးမှူး လော့နှင့် အခြားသော လေးယောက် ရောက်ရှိလာစဉ်က ထိုသူတို့၏အရှိန်အဝါများကို ဝူတူကျိက လုံးဝ ဖိနှိပ်ထားနိုင်ခဲ့၏။ ယခု ကျွန်းတစ်ခုလုံး၏အရှိန်အဝါကို ဤအကြီးအကဲ သုံးဦးတို့က အပြည့်အဝ လွှမ်းမိုးဖိနှိပ်ထားသည်။
“ဆရာတူညီမလေး ရှုတ်ရှုတ်ယှက်ယှက်တွေ မလုပ်နဲ့။ လူကို ထုတ်ပေးပါ။” အကြီးအကဲ တစ်ဦးက ပြောလိုက်၏။
ဝူတူကျိ၏ မျက်လုံးများက အေးစက်သွား၏။ မည်သည့်စကားမှ မပြောဘဲ သူမက လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။
“ဝုန်း။”
ချက်ချင်းပဲ ထောင်ပေါင်းများစွာသော လိပ်ပြာများက ပန်းခင်းများ ပြန်တက်လာ၏။ ပြီးနောက် ပိုမို၍ အံ့မခန်းဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာ၏။ တောအုပ်ထဲရှိ သစ်ပင်အားလုံးတို့က ပျံတက်လာကြ၏။ ထိုရာအားလုံးက လိပ်ပြာများသာ ဖြစ်ကြ၏။ ထောင်နှင့်ချီ၊ သန်းနှင့်ချီသည့် လိပ်ပြာများပင်။ ထိုလိပ်ပြာများက ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့ပြီး လေထဲတွင် ဝဲပျံနေ၏။
ထိုမြင်ကွင်းကြောင့် ရှမ့်လန်က ဦးရေပြာပြာဖြင့် ထုံကျင်သွားသည်အထိ တုန်လှုပ်သွားမိ၏။ သို့ပေမည့် ဤအရာက အစသာရှိသေး၏။ ခဏကြာမှာတော့ မြေပြင်များက လှုပ်ခတ်လာ၏။ ရေတွက်၍ မရအောင် များပြားသည့် အဆိပ်ပြင်းမြွေများက မြေကြီးထဲမှာ ထိုးထွက်လာ၏။ ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာနှင့် ထိုထက် ပိုမိုများပြားသည့် အရေအတွက်ရှိသည့် မြွေများပင်။
အဆိပ်ပြင်းမြွေများက တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်နေပြီး စေတီတောင်၏ အကြီးအကဲ သုံးဦးကို ပိတ်ဆို့ထား၏။ မဟာတံတိုင်းတစ်ခုကဲ့သို့ပင် ဖွဲ့စည်းလိုက်၏။ လှုပ်ရှားလျက် ရှိနေသည့် အနက်ရောင် တံတိုင်းတစ်ခုပင်။ ကောင်းကင်ပေါ်တွင် ဝဲပျံလျက် ရှိနေသည့် သိန်းပေါင်းများစွာသော လိပ်ပြာများကလည်း ကြောက်ခမန်းလိလိပင်။
ဆရာဝူတူကျိ... ကျုပ် ဆရာကို လျှော့တွက်ခဲ့မိတာပါ။ ဆရာက တကယ် ကြမ်းတယ်။ ဒီကျွန်းပေါ်မှာ ဘယ်သူမှ မရှိတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ခင်ဗျားက တခြားသူကို မလာစေချင်ရင် သူတို့ လာရဲမှာ မဟုတ်ဘူး။ သူတို့ ဒီကျွန်းပေါ်ကို ခြေတောင်ချချင်မှာ မဟုတ်ဘူး။ ခင်ဗျားမှာ အဆိပ်ရှိတဲ့ကောင်တွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာကို ဘယ်သူက သိမှာလဲ။
ဒါပေမဲ့ ဆရာ ဝူတူကျိ... ခင်ဗျားက တကယ်ကို ဒေါသကြီးတယ်။ စကားတစ်ခွန်းမှ မပြောဘဲ တန်းပြီး တိုက်ခိုက်တော့တာပဲ။ အကြီးအကဲသုံးဦးနဲ့ ရင်ဆိုင်တာတောင်မှ ခင်ဗျားက တိုက်ခိုက်ဖို့ စဉ်းစားနေသေးတာလား။’
သူမက အဘယ်သို့ အကြီးအကဲ ဖြစ်လာသနည်း ဆိုသည်ကို သူ တကယ် နားမလည်တော့ချေ။ စေတီတောင်၌ သူမ၏ လူမှုဆက်ဆံရေးက တကယ်ကို ဆိုးရွားပုံပေါ်၏။
ထိုအချိန်မှာပဲ ရှမ့်လန်က အလျင်အမြန် ထွက်ပြီး တားဆီးလိုက်သည်။ “နေပါအုံး။ နေပါအုံး”
“ဟင်း.. ပြဿနာကောင်။” စေတီတောင် အကြီးအကဲ တစ်ဦးက အေးစက်စက်နှင့် ဆဲရေးလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အကြီးအကဲတို့။ ကျုပ် စကားကို နားထောင်ပါအုံး”
“သွား... သူ့ကို ဖမ်းပြီး သတ်ပစ်လိုက်။” အကြီးအကဲ တစ်ဦးက ရှမ့်လန်၏ စကားကို လုံးဝ နားမထောင်ချေ။ ဖမ်းဆီးရန် ရှေ့သို့ တိုးလာခဲ့၏။
‘အင်း... သတ်ဖို့ လာခဲ့တာပဲ။’
ဤမျှ မောက်မာနေခြင်း၊ လူ့အသက်ကို တန်ဖိုးမထားခြင်းက စေတီတောင်၏ ပုံစံ အစစ်အမှန်ပင်ဖြစ်၏။ မည်မျှ မြင့်မြတ်ပြီး စွမ်းအားထက်သည့် လူများနည်း။
ရှမ့်လန်က ပြောလိုက်သည်။ “တောင်ဘက်ပင်လယ်ထဲက ရှေးဟောင်းအမွေအနှစ်ရဲ့ ဝင်ပေါက်ကို ကျုပ် ဖွင့်ပေးနိုင်တယ်။”
သူက လိုရင်းကို တန်းပြောခြင်းပင်။
အကြီးအကဲ သုံးဦးတို့က မအံ့အားသင့်ဘဲ မနေနိုင်ကြချေ။ သို့ပေမည့် လုံးဝမရပ်တန့်ဘဲ ရှေ့သို့ ဆက်တိုးလာ၏။ သူတို့ သုံးဦး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် နှိုင်းယှဉ်၍ မရနိုင်အောင် အားကောင်းသည့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေ၏။ ရေတွက်၍မရနိုင်သည့် အဆိပ်ပြင်းမြွေများက သူတို့နှင့် မီတာ အနည်းငယ်အကွာတွင် တိုက်ရိုက် တစ်စစသည် ကြေမွသွားခဲ့၏။ ရေတွက်၍ မရအောင် များပြားသည့် လိပ်ပြာများကလည်း လေထုထဲမှာတင်ပင် ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သိုင်းပညာက အလွန် အဆင့်မြင့်သောကြောင့် ရှမ့်လန်အနေနှင့် မည်သည့်အဆင့် ဖြစ်ကြောင်းပင် မခန့်မှန်းနိုင်ချေ။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “ကျုပ် မှန်းဆတာမမှားဘူးဆိုရင် ရှေးဟောင်းအမွေအနှစ်ရဲ့ ဝင်ပေါက်မှာ မြေပုံတစ်ခု ရှိနေတယ် မဟုတ်လား။”
ထိုစကားကို ပြောလိုက်ခြင်းခြင်းမှာပဲ စေတီတောင် အကြီးအကဲ သုံးဦးလုံး၏ ခြေလှမ်းများက ရပ်တန့်သွား၏။ ဤကောင်လေး မည်သို့ သိရှိသနည်း။ ရှေးဟောင်းအမွေအနှစ်၏ ဝင်ပေါက်ကို မြင်ဖူးသူက အယောက် ၂၀ အောက်သာလျှင် ရှိ၏။ ထိုအထဲတွင် မည်သူကမှ ရှမ့်လန်ကို ပြောပြမည် မဟုတ်ချေ။ ဝူကျူးတောင် မသိချေ။ သေချာသည်က ဝူတူကျိလည်း သိမည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... သဘာဝလွန်အင်အားစုတွေက သူတို့ရဲ့ ဉာဏ်ပညာကို အများကြီး အသုံးပြုပြီး မြေပုံရဲ့ ပုစ္ဆာကို ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ သဘာဝလွန်အင်အားစုတွေရဲ့ စည်းမျဉ်းအရ မြေပုံရဲ့ ပုစ္ဆာကို ဖြေရှင်းပြီး ရှေးဟောင်းအမွေအနှစ်ရဲ့ ဝင်ပေါက်ကို ဖွင့်နိုင်ရင် သူက အမွေအနှစ်ကို ရယူပိုင်ဆိုင်ခွင့် ရှိတယ် မဟုတ်လား”
အမြဲတမ်း ထိုကဲ့သို့ပင် ဖြစ်၏။ အဘယ်သို့ ပူးပေါင်းဆောင်ရွက်ခြင်းနည်း။ ထိုအရာ မရှိချေ။
ရှမ့်လန်က ကြွေးကြော်လိုက်၏။ “ကျုပ် ဖြေရှင်းပေးနိုင်တယ်။”
အကြီးအကဲ သုံးဦးတို့က မယုံကြည်ကြချေ။ ဤပြဿနာကို ဖြေရှင်းရန် ကောင်းကင်ပင်လယ် နန်းဆောင်၊ စေတီတောင်၊ ရှန့်ကုန်းဘုရားကျောင်း၊ ကောင်းကင်ကွပ်မျက်စံအိမ်နှင့် အခြားသော သဘာဝလွန် အင်အားစုများက ကြိုးပမ်းပန်းစား အားထုတ်မှုများကို ပြုလုပ်ခဲ့၏။ လောကရှိ အထက်မြက်ဆုံးသော လူသားများကို စုစည်းပြီး ဤပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့သည်။
လူတိုင်းက ကျရှုံးခဲ့၏။ ပါရမီရှင်ပေါင်းများစွာတို့က ဤပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု ပြောဆိုခဲ့ကြ သော်လည်း လက်တွေ့ကြိုးစားသည့်အချိန်မှာတော့ ကျရှုံးခဲ့စမြဲပင် ဖြစ်၏။ ရှမ့်လန်က ဤပြဿနာကို ဖြေရှင်းနိုင်သည်ဟု ပြောဆိုသည့် ရာဂဏန်းမြောက် လူသားပင် ဖြစ်ကောင်းဖြစ်နိုင်၏။
ထိုပညာရှင်များက ကြွားဝါနေခြင်း မဟုတ်ချေ။ သူတို့က ဤပြဿနာကို တကယ် မခက်ခဲဘဲ ဖြေရှင်းနိုင်လိမ့်မည်ဟု ခံစားမိခဲ့၏။ သို့ပေမည့် တကယ်တမ်း လက်တွေ့လုပ်ဆောင်သည့်အချိန်တွင်တော့ ကောင်းကင်ပေါ် တက်လှမ်းရသကဲ့သို့ပင် ခက်ခဲကြောင်း တွေ့ရှိရသည်။
ယခုအချိန်တွင်တော့ အရှေ့ဘက် လောကကြီးတစ်ခုလုံးတွင် ပါရမီရှင်မည်မျှက ဤပြဿနာကို ဖြေရှင်းရန် မမောမပန်းဖြင့် ကြိုးစားအားထုတ်လျက် ရှိနေသည်ကိုပင် မည်သူမှ မသိချေ။
“လုပ်လိုက်တော့။” စေတီတောင် အကြီးအကဲ သုံးဦးက ခဏမျှ ရပ်တန့်သွားခဲ့၏။ ပြီးနောက် သူတို့က ဆက်လက်လှုပ်ရှား၏။ သူတို့က ဝူတူကျိ၏ အဆိပ်ပြင်းမြွေနှင့် လိပ်ပြာများကို ဆက်လက်ဖျက်ဆီး၏။ စေတီတောင် အမိန့်ပြားကို အတုပြုလုပ်ခြင်းက သေဒဏ်ပေးနိုင်သည့် ကြီးလေးသည့် ပြစ်မှုပင်။
သို့ပေမည့် အကြီးအကဲသုံးဦးတို့၏ မျက်လုံးထဲတွင် ရှမ့်လန်၏ ပြစ်မှုက ပို၍ပင် ကြီးနေ၏။ သူက ဝူတူကျိကို မြူဆွယ်ခဲ့၏။ ဝူတူကျိက မည်သူနှင့်မှ မဆက်ဆံဘဲ အထီးကျန် ကြယ်တစ်ပွင့်ကဲ့သို့ နေထိုင်ခဲ့သူပင်။ သို့ပေမည့် ယခုအခါမှာတော့ ဆေးမိထားသကဲ့သို့ပင် ရှမ့်လန်ကို ကာကွယ်ပေးနေ၏။ ထိုအရာ တစ်ခုတည်းနှင့်ပင် ရှမ့်လန်ကို အပိုင်းပိုင်း ခုတ်ထစ်ရန် လုံလောက်၏။
ဝူတူကျိက ရုတ်တရက် ပြောလိုက်သည်။ “အကြီးအကဲ သုံးယောက်တို့... ရှမ့်လန်ကို တစ်ကြိမ်လောက် ကြိုးစားခွင့် ပေးလိုက်ပါ။ အကယ်၍ သူသာ ရှေးဟောင်းအမွေအနှစ် ဝင်ပေါက်၏ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် ကျွန်မ ဒီပန်းသစ်တောခန်းမရဲ့ အကြီးအကဲနေရာကနေ နုတ်ထွက်ပေးမယ်။”
အပိုင်း (၆၁၆)
အကြီးအကဲ သုံးယောက်တို့က ထိုစကားကိုကြားသည့်အချိန်မှာတော့ အလုံးစုံ အံ့အားသင့် မင်တက်သွားခဲ့၏။ ရှမ့်လန်ဆိုသည့် ဤကောင်လေးက ဤမျှလောက်ပင် အစွမ်းထက်နေသည်လား။
နှစ်နာရီလောက်အတွင်း ဝူတူကျိက ရှမ့်လန်ကို အလုံးစုံ စွဲလန်းသွားခဲ့လေသည်လား။ ဝူတူကျိက သူ့အတွက်နှင့် စေတီတောင် အကြီးအကဲ ရာထူးမှပင် နုတ်ထွက်ရန် ဆန္ဒရှိနေသည်လား။ ဤကောင်လေးက ပြဿနာကောင်၊ လောက၏ ကြောက်စရာအကောင်းဆုံး ဘေးအန္တရာယ် ကပ်ဆိုးကြီးတစ်ခုသာ ဖြစ်၏။
သို့ပေမည့် ကောင်ချောလေး၏ အသက်နှင့် ယှဉ်လိုက်လျှင် ပန်းသစ်တောခန်းမ၏ အကြီးအကဲ ရာထူးက ပိုမို၍ တန်ဖိုးကြီးမား၏။ အကြီးအကဲသုံးဦးတို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်၏။ “သဘောတူတယ်။ နောက်တစ်နာရီကျရင် ငါတို့ ထွက်ခွာသွားမယ်။”
ပြီးနောက် အကြီးအကဲ သုံးဦးတို့က ဆုတ်ခွာသွားခဲ့သည်။
ဝူတူကျိက ခြေလှမ်းတစ်ဝက်လောက် နောက်ဆုတ်၏။ သူမက အနည်းငယ် ယိမ်းယိုင်သွား၏။ အဆိပ်ပြင်းမြွေများ အားလုံးက အုပ်စုကွဲပြီး မြေကြီးထဲသို့ ပြန်ဝင်သွား၏။ လိပ်ပြာအားလုံးကလည်း တောအုပ်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။ သစ်ရွက်ဖြစ်သင့်သည့် အရာများက သစ်ရွက်အဖြစ်၊ ပန်းပွင့်ဖြစ်သည့် အရာများက ပန်းပွင့်အဖြစ် ပြန်လည် ပြောင်းလဲသွား၏။
ရှမ့်လန်က ဝူတူကျိကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ သူက အံ့အားသင့်လို့လည်းနေသည်။ “ဆရာ.. ကျုပ်တို့မှာ ဒီလောက် နက်ရှိုင်းတဲ့ ခင်မင်ရင်းနှီးမှုမျိုး မရှိပါဘူး”
“ပန်းသစ်တောခန်းမ အကြီးအကဲဆိုတာ ငါ့အဖေရဲ့ ရာထူးကို ဆက်ခံထားတာ။”
ဝူတူကျိက ပြောလိုက်၏။ “ငါ အကြီးအကဲဖြစ်ဖို့ မထိုက်တန်ဘူး။ ဒီကိစ္စမှာ ငါ မပါဝင်ခဲ့သလို ဒီကျွန်းကလည်း ဘယ်တော့မှ အပြင်ထွက်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ တောင်အကြီးအကဲတွေက ငါ့ကို အကြီးအကဲ လုပ်ရမယ်လို့ အတင်းအကျပ် ပြောခဲ့လို့ ငါ အဲဒါကို လုပ်နေရတာ။ ဒီတော့ ငါ အဲဒီ ရာထူးကို ဂရုမစိုက်ဘူး”
ဪ.. ဤကဲ့သို့လား။ သို့ပေမည့် အကြီးအကဲ သုံးဦးက တစ်နာရီကြာလျှင် ထွက်ခွာမည်ဟု ပြောခြင်းက ဘာသဘောတည်း။ သူတို့က ရှမ့်လန်နှင့် ဝူတူကျိကို တစ်နာရီ အချိန်ပေးလိုက်ခြင်းလား။ ဘာအတွက်လဲ။ သူမနှင့် သူက မည်သည့် ပတ်သက်မှုမှ မရှိပေ။ သို့ပေမည့် တစ်ဖက်လူများက သူတို့ကို မည်ကဲ့သို့ ထင်သနည်း။
“သွားကြစို့။” ဝူတူကျိက ပြောလိုက်ပြီး ဆိပ်ခံတံတားဆီသို့ တန်းတန်းမတ်မတ် လျှောက်သွား၏။ ခဏကြာမှာပဲ ရေထဲမှာ လှေငယ်တစ်စင်း ပေါ်လာ၏။
ဝူတူကျိက လှေပေါ်သို့ တက်လိုက်၏။ ရှမ့်လန်က အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း သူက လှေပေါ်သို့ လိုက်တက်၏။ လှေလှော်သမား မရှိချေ။ လှော်တက်လည်း မရှိချေ။ လှေက အလိုလို လှုပ်ရှားသွား၏။ အံ့အားသင့်စရာပါလား။
ရှမ့်လန် လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ ရေထဲတွင် ရေမြွေသုံးကောင် ရှိနေကြောင်း မြင်ရ၏။ သူတို့က လှေကို ဆွဲခေါ်သွားခဲ့ခြင်းပင်။ ရေမြွေတစ်ကောင်စီက ၆ မီတာ ၇ မီတာခန့် ရှည်လျားသည်။
ရှမ့်လန်၏ စိတ်ထဲတွင် တိတ်တဆိတ်နှင့် ချီးကျူးလိုက်မိ၏။ “ငါ့ရဲ့လှပတဲ့ဆရာက တကယ့်ကို အစွမ်းထက်တာပဲ။”
“ဒါ ငါ့ရဲ့ ပါရမီပဲ။ ငါ သတ္တဝါတွေနဲ့ ဆက်သွယ်နိုင်တယ်။”
ဝူတူကျိက ပြောလိုက်သည်။ “ဒါကြောင့် ဒီကျွန်းတစ်ခုလုံးကို ငါ ယဉ်ပါးအောင် မွေးမြူထားနိုင်တာပေါ့။ ဒီလိပ်ပြာတွေနဲ့ အဆိပ်ပြင်းမြွေတွေက ဥကနေ ပေါက်ပွားလာတာကို စောင့်ကြည့်ခဲ့တာပါ။ သူတို့က ငါ့ကို သူတို့ရဲ့ အမေလို သဘောထားကြတယ်။”
နှမျောစရာပင်။ စေတီတောင်၏ အကြီးအကဲ သုံးဦးက သူတို့ကို အများကြီး သတ်ပစ်လိုက်၏။ ရင်နာစရာ ကောင်းလှချေ၏။ ရှမ့်လန်က မေးမြန်းလိုက်၏။ “ဆရာ... ဘာမှ ယူသွားဖို့ မလိုဘူး မဟုတ်လား”
“ဘာကိုလဲ”
“လဲစရာ အဝတ်အစားလိုမျိုးတွေ။”
ဝူတူကျိက ရှမ့်လန် မြင်ဖူးသမျှ လူသားများထဲတွင် အသန့်ရှင်းဆုံး လူသားတစ်ဦး ဖြစ်၏။ သူမက ရောဂါပိုးမွှားများစွာကို ကြောက်ရွံ့တက်သူတစ်ဦးလည်း ဖြစ်သည်။
“မလိုဘူး။” ဝူတူကျိက ပြန်ဖြေ၏။
ခဏကြာမှာပဲ နောက်ထပ် လှေတစ်စင်းက သူတို့ကို မှီလာ၏။ လှေပေါ်တွင် “ဖွဲ့စည်းပုံ။” ဟူသည့် စာလုံးပါသည့် အလံတစ်ခု တည်ရှိ၏။ ထိုရာက စေတီတောင်၏ ဥပဒေအခြေပြုခန်းမ၏ အကြီးအကဲ ဖြစ်လောက်၏။ သူ၏ နောက်ဖက်တွင် ဝူကျူးက ပါလာသည်။
“သွေးသောက်အစ်ကိုလည်း လိုက်လာတာလား။” ရှမ့်လန်က ဝမ်းသာအားဖြင့် မေးလိုက်၏။
ဝူကျူး၏ အမူအရာက တကယ်ပင် ဖော်ရွေနေဆဲပင်။ “ဟုတ်တယ်လေ။ အဒေါ်နဲ့ ညီလေးလန်ကို ကျုပ် စိတ်ပူလို့ လမ်းတစ်လျှောက်လုံး အကြီးအကဲခုန်းကို စောင့်ရှောက်ဖို့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် လိုက်လာခဲ့တာပဲ။ ညီလေးလန်... ကျုပ်တို့က မိုင်ပေါင်းထောင်ချီ ခရီးဝေးသွားရင်း စကားပြောလို့ ရတာပေါ့။”
ညီအစ်ကို မေတ္တာအတုနှင့် တူဝရီးမေတ္တာတို့ကို အစွမ်းကုန် ထုတ်ဖော်ပြသလျက် ရှိသည်။
“အကယ်၍ ငါက ပန်းသစ်တောခန်းမရဲ့ အကြီးအကဲရာထူးကနေ နုတ်ထွက်လိုက်ရင် ငါ့ရဲ့ အစ်ကိုကြီးဖြစ်တဲ့ ဝူကျူးရဲ့ အဖေက ဒီနေရာကို ဆက်ခံလိမ့်မယ်။” ဝူတူကျိက ပြောလိုက်၏။
“ဪ။”
နောက်ထပ် အပေါ်ယံဆန်သည့် မောင်နှမဆက်ဆံရေးတစ်ခု ရှိနေပြန်၏။ ပြီးသည့်နောက်မှာတော့ လှေနှစ်စင်းက တစ်စင်းနှင့်တစ်စင်း ကပ်လျက် နီးကပ်လာ၏။ ရှမ့်လန်နှင့် ဝူကျူးတို့က မီတာအနည်းငယ် ကွာဝေးနေသော်လည်း စိတ်အားထက်သန်စွာ ပြောဆိုဆက်ဆံလျက် ရှိနေကြ၏။ သူတို့က ညီအစ်ကိုရင်းများ ထက်ပင် ပိုမိုကာ ရင်းနှီးနေကြပုံပေါ်သည်။
…………
ဆယ်နာရီကျော် ကြာမြင့်ပြီးနောက် ရှမ့်လန်၏ လှေငယ်က ရေပေါ်ပင်လယ်ဝင်ပေါက်ရှိ ဆိပ်ခံတံတား ပေါ်သို့ ရောက်ရှိလာ၏။ ဓားဘုရင် လီချင်းချိုးကလည်း စိုးရိမ်စိတ်နှင့် ထိုင်စောင့်နေဆဲပင်။ စေတီတောင်က တကယ်ပင် အန္တရာယ်များ၏။ ရှမ့်လန်အနေနှင့် ဤခရီးစဉ်တွင် ဆိုးရွားစွာ သေဆုံးသွားမည်ကို သူ တကယ် စိုးရိမ်လျက်ရှိ၏။
သို့ပေမည့် ခေါင်းမော့ကြည့်လိုက်သည့်အချိန်မှာတော့ ရှမ့်လန် ပြန်ရောက်လာပြီ ဖြစ်၏။ သူ၏ ဘေးတစ်ဖက်တွင် အလွန်လှပသည့် အမျိုးသမီး ထိုင်နေကြောင်းကို မြင်ရ၏။ ဤမိန်းမက ဝူတူကျိ ပေလား။ ရှမ့်လန် တကယ်ပဲ သူမကို အဆင်ပြေအောင် ကိုင်တွယ်နိုင်လိုက်သည်လား။ ဤနည်းလမ်းမျိုးက တကယ်ပင် အံ့မခန်းဖြစ်၏။ သူတို့လို လယ်သမား သားသမီးတွေ သင်ယူလို့ မရနိုင်ချေ။ သင်ယူလို့ ကုန်နိုင်သည့် အရာမျိုးလည်း မဟုတ်ပေ။
သူတို့က ရေပေါ်ကျွန်းမှ ထွက်ခွာပြီး ကုန်းမြေပေါ်သို့ ပြန်လည် ရောက်ရှိလာ၏။ သူတို့၏ စေတီတောင် ခရီးစဉ်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ သူတို့ စေတီတောင်ပေါ်တွင် ၃ နာရီအောက်သာ နေခဲ့၏။ စေတီတောင်က မည်သည့်ပုံစံ ဖြစ်သနည်း။ မသိချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က စေတီတောင်၏ ပင်မကျွန်းပေါ်သို့ မရောက်ရှိခဲ့ချေ။ သူက စေတီတောင်၏ အလွန်မြင့်မားသည့် တောင်ထိပ်ကို အဝေးမှသာ လှမ်းမျှော်ကြည့်ခဲ့ရ၏။
ထို့အပြင် သူက စေတီတောင်မှ လူ ၁၀ ဦးကိုသာ တွေ့မြင်ခဲ့ရ၏။ မျက်ကန်းပုဆိန်ပေါက်သည်ထက်ပင် ဆိုးရွားခဲ့၏။ သို့တိုင်အောင် စေတီတောင်၏ အင်အား၊ လျှို့ဝှက်ဆန်းကြယ်မှုနှင့် သာလွန်မြင့်မြတ်မှုတို့ကို သူက စိတ်ထဲတွင် တကယ်ပင် နက်ရှိုင်းစွာ အထင်ကြီးလျက် ရှိခဲ့သည်။
အဆိပ်ပြင်းမြွေများဖြင့် ဖွဲ့စည်း ထားခဲ့သည့် တံတိုင်းတစ်ခု၊ ရေတွက်၍ မရအောင် များပြားသည့် လိပ်ပြာများဖြင့် ဖွဲ့စည်းထားသည့် ပန်းခင်းနှင့် တောအုပ်တစ်ခု၊ ထိုအရာက လက်တွေ့ မဟုတ်လောက်အောင်ပင် ထူးဆန်းအံ့ဩဖွယ်ကောင်း၏။
ကုန်းမြေပေါ်သို့ ပြန်လည်ရောက်ရှိချိန်မှာတော့ ဇိမ်ခံရထားလုံးကြီး နှစ်လုံးက စောင့်ဆိုင်းနေပြီ ဖြစ်၏။ ရှမ့်လန်က အရှက်မဲ့စွာဖြင့် ဝူတူကျိနှင့်အတူတူ ရထားလုံးတစ်စီးထဲတွင် စီးသည်။
ဓားဘုရင် လီချင်းချိုးက ရထားလုံးမောင်းသူကို ပြောလိုက်၏။ “ညီလေး... ငါ ရထားလုံး မောင်းရင် မကောင်းဘူးလား။ ငါက ဒီအလုပ်နဲ့ ရင်းနှီးပြီးသားပါ။”
“အင်း ကောင်းပြီ။”
ရထားလုံးနှစ်စီး တောင်ဘက်ပိုင်းဆီသို့ ဆက်လက် ထွက်ခွာလာကြ၏။ ရထားလုံးများ ပေါ်တွင် စေတီတောင်၏ အလံကို ချိတ်ဆွဲထား၏။ ရှမ့်လန်က ဤအလံကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ လုံးဝ ခန့်ညားထည်ဝါခြင်း မရှိချေ။ အပြာရောင် ပိုးသားပေါ်တွင် ပိုးဖလံကောင်ကဲ့သို့ ပန်းထိုးထားခြင်းသာ ဖြစ်သည်။
ကောင်းကင်ပင်လယ်နန်းဆောင်နှင့် နှိုင်းယှဉ်လို့ မရနိုင်ချေ။ ကောင်းကင်ပင်လယ်နန်းဆောင်၏ အလံက အလွန်ရိုးရှင်း၏။ တိမ်တိုက် တစ်ခုသာလျှင် ရှိ၏။ ဤသဘာဝလွန်အင်အားစုများက မိမိကိုယ်ကို နှိမ့်ချ နေထိုင်ရန် နှစ်သက်ကြ၏။ အလံများက ခန့်ညားထည်ဝါပုံ မရချေ။
ရထားလုံးနှစ်စီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လူမရှိသကဲ့သို့ပင် ဖြစ်၏။ သူတို့က လူသူကင်းမဲ့သည့် နေရာများကို ရွေးချယ်ထားခြင်းကြောင့် မဟုတ်ဘဲ အားလုံးက ရထားလုံးနှစ်စီး၏ အလံများကို မြင်သည်နှင့် ချက်ချင်းပဲ လမ်းဖယ်ရှားလိုက်သောကြောင့်ပင်။
မည်သည့်နိုင်ငံမှ ဖြစ်ပါစေ စေတီတောင်ကို မြွေများ၊ ကင်းမြီးကောက်များကဲ့သို့ ရှောင်ကြဉ်ကြ၏။ အလံကို မြင်ပြီးနောက် သူတို့က အဝေးကပဲ ရှောင်ကွင်းသွားကြ၏။ စစ်ဆေးရေးဂိတ်များဟူ၍ မရှိချေ။ သူတို့က ချောင်ပြည်နယ်၏ ပိုင်နက်ကို အလွယ်တကူ ဖြတ်သန်းလာခဲ့၏။
သူတို့က အများပြည်သူတို့၏ လမ်းမကြီးပေါ်တွင် ပေါ်ပေါ်ထင်ထင် သွားလာ၏။ အကယ်၍ လမ်းမကြီး ပေါ်တွင် လတ်ဆတ်သည့် ဘီးရာနှင့် မြင်းခွာရာများသာ မရှိပါက ဤဒေသရှိ လူအားလုံးက သေဆုံး သွားပြီဟုပင် ရှမ့်လန်က သံသယဝင်မိမှာ သေချာ၏။ သူတို့က ချောင်ပြည်နယ်ကို ဖြတ်သန်းပြီး ချင်နိုင်ငံကို ဖြတ်သန်းသည်။
ထိုနည်းလည်းကောင်းပင် ယခင်က ချင်နိုင်ငံ၏ နယ်နိမိတ်များပေါ်တွင် မြင်းစီးတပ်သားများ ဒုန်းစိုင်းစီးနေသည်ကို မကြာခဏ တွေ့ရလေ့ရှိ၏။ တောင်ဘက်ကို ဦးတည်သွားသည့်အချိန်တွင် သူတို့က ပိုမိုမြင်တွေ့ရသင့်၏။ နောက်ဆုံးမှာတော့ သူတို့က မြင်းစီးတပ်သား တစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။
မေးမြန်းပြီးနောက် ရှမ့်လန်က နားလည်သွား၏။ အဘယ်ကြောင့်ဆိုသော် စေတီတောင်က ချောင်ပြည်နယ်၊ ချင်နိုင်ငံ၊ တာ့နန်နိုင်ငံနှင့် နန်အိုနိုင်ငံတို့ကို လမ်းကြောင်းမြေပုံ ပေးပို့ပြီးသား ဖြစ်သောကြောင့်ပင်။ ဤလမ်းကြောင်းပေါ်တွင် မည်သူမှ ရှိလိမ့်မည် မဟုတ်ချေ။ ဤအရာက မျက်နှာလို မျက်နှာရ လုပ်ခြင်းမဟုတ်။ ရှောင်ရှားခြင်း တစ်မျိုးသာလျှင် ဖြစ်၏။
ဥပမာအားဖြင့် ချောင်ဘုရင်နှင့် စေတီတောင်တို့က ဆက်ဆံရေး မကောင်းကြပေ။ ရွှဲ့ဘုရင်ကလည်း ထိုနည်းလည်းကောင်းပင်။ ချင်ဘုရင် အာယုနာနာကလည်း စေတီတောင်ကို မျက်နှာလို၊ မျက်နှာရလုပ်ရန် ဆန္ဒမရှိပေ။
သူတို့က အလွန် လျှင်မြန်သည့် အရှိန်နှုန်းဖြင့် တောင်ဘက်ပိုင်းဆီသို့ ဦးတည်သွားနေကြ၏။ ချင်နိုင်ငံကို ဖြတ်သန်းသွားခဲ့ပြီးနောက် ရထားလုံးများက ကျင်းမင်းသား၏ နန်အိုနိုင်ငံထဲသို့ ဝင်ရောက်လာ၏။ ရှမ့်လန်က တစ်စုံတစ်ခု ကွာခြားနေသည်ကို သတိပြုမိ၏။
နန်အိုနိုင်ငံမှ ကျင်းမင်းသားက စေတီတောင်မှ လမ်းကြောင်းမြေပုံကို ရရှိထားသော်လည်း လူများကို ဖယ်ရှားခိုင်းခြင်း မရှိချေ။ သဲကန္တာရလူရိုင်းမျိုးနွယ်များ၏ စစ်တပ်များက သူတို့ကို ဖြတ်ကျော်ပြီး မောက်မာစွာဖြင့် ဆက်လက် ချီတက်နေ၏။ သူတို့၏ ရထားလုံးနှစ်ခုကိုပင် လေ့လာကြည့်ရှုနေကြသေး၏။ သို့ပေမည့် မည်သူကမှ လာရောက် တားစီးခြင်း မရှိကြချေ။ ရထားလုံးနှစ်စီး မရှိသကဲ့သို့ပင် သဘောထားကြ၏။ စေတီတောင်ကလည်း သဲကန္တာရလူရိုင်းမျိုးနွယ် စစ်တပ်ကြီးကို လျစ်လျူရှုထား၏။ နှစ်ဖက်လုံးက ကိုယ့်ကိစ္စကို လုပ်နေကြခြင်းပင်။
အခြားတစ်ဖက်မှာတော့ ရှမ့်လန်က အလွန်အံ့အားသင့်မိ၏။ သူ့အနေနှင့် ကျင်းမင်းသားနှင့် မတိုက်ခိုက်ရသေးခင် ကျင်းမင်းသား၏ နန်အိုနိုင်ငံကို ဖြတ်သန်းရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူ၏ စစ်တပ်ချီတက်နေသည်ကို မြင်တွေ့ရ၏။ ကျင်းမင်းသား၏ တစ်သိန်းခန့်ရှိသည့် စစ်တပ်ကြီးက နန်အိုနိုင်ငံဆီသို့ ဦးတည် ချီတက်နေ၏။
ဤအချိန်မှာတော့ ရှမ့်လန်က ဤစစ်တပ်ကို အနီးကပ် မြင်တွေ့ရ၏။ ထိုသူတို့က အရပ်မရှည်သလို သန်မာသည်ဟုလည်း မဆိုနိုင်ချေ။ သို့ပေမည့် တကယ်ပင် မာကျောလွန်း၏။ လူတိုင်းက သံမဏိကဲ့သို့ မာကျောသည့် ကြွက်သားများ တည်ရှိ၏။ သူတို့က ပိန်လှီနေပုံရသော်လည်း ပေါက်ကွဲလုမတတ် ဖြစ်နေသည့် အင်အားများနှင့် ပြည့်နှက်နေ၏။ လူတိုင်းအား စုတ်ပြတ်သတ်နေသည့် ပစ္စည်းကိရိယာများ တပ်ဆင်ထားပုံပေါ်သော်လည်း လက်တွေ့တိုက်ပွဲမှာတော့ အလွန်ပဲ အစွမ်းထက်မြက်ပုံပေါ်သည်။
သဲကန္တာရလူရိုင်းမျိုးနွယ် အများစုက ကြိမ်ဝါးချပ်ဝတ်နှင့် ကောက်ရိုးဖိနပ်များကို ဝတ်ဆင်၏။ သူတို့၏ လက်ထဲရှိ ဒိုင်းလွှများကလည်း ကြိမ်ဝါးများနှင့် ပြုလုပ်ထားခဲ့ခြင်းဖြစ်၏။ သူတို့၏ ကျောပေါ်ရှိ လေးများက သေသပ်လှပခြင်း မရှိသလို အရမ်းလည်း မကြီးမားချေ။ သူတို့က ကမ္ဘာဦး လူမျိုးစု စစ်တပ်တစ်ခုနှင့် ဆင်တူ၏။
သို့ပေမည့် ရှမ့်လန်က ကြိမ်ဝါးချပ်ဝတ်များက အမှန်တကယ်တွင် အလွန် ခိုင်ခံ့ကြောင်း သိရှိထား၏။ အထူးသဖြင့် ဒိုင်းများက သာမန်မြားများဖြင့် ထိုးဖောက်၍ မရနိုင်ပေ။ ဓားနှင့် ခုတ်လျှင်လည်း နက်ရှိုင်းသည့် အရာတစ်ခုသာ ချန်ထားနိုင်ပေမည်။
သူတို့၏လေးများက အလွန် ကြမ်းတမ်းပုံရသော်လည်း အလွန်သန်မာ၏။ လေးကိုင်းများက ထူထဲလွန်း လှ၏။ သစ်သားတစ်ခုတည်းနှင့် ပြုလုပ်ထားခြင်းဖြစ်၏။ စစ်တပ်ကြီးတစ်ခုလုံးအတွက် ဤလေးများက အလွန် အားကောင်းသည့် လေးများဖြစ်၏။ အနည်းဆုံး ရွှဲ့ပြည်နယ်၏ လေးများထက် ပိုမိုကာ အားကောင်း၏။
သူတို့၏လက်ထဲရှိ ဓားများကလည်း အနည်းငယ် ထူးဆန်း၏။ ဓားကောက်များနှင့် မတူသလို ဓားမော့ များနှင့်လည်း မတူချေ။ သို့ပေမည့် ထိုအရာအားလုံးကို အနောက်ပိုင်းဒေသမှ အရည်အသွေးမြင့် သံမဏိများနှင့် ပြုလုပ်ထား၏။ ထိုအရာက အလွန်မာကျောပြီး ထက်မြက်သည်။
ကိုယ့်ကိုယ်ကိုယ် သိရှိပြီး ရန်သူကို သိရှိပါက စစ်ပွဲတိုင်း၏အောင်မြင်မှုကို ရရှိနိုင်၏။ ရှမ့်လန်က သဲကန္တာရ လူရိုင်းမျိုးနွယ်တို့၏ လက်နက်ကိရိယာများကို သေချာစွာ လေ့လာခဲ့၏။ ပြီးနောက် ကောက်ချက်တစ်ခုကို ချလိုက်၏။ ကြည့်ရှု၍မလှသော်လည်း အလွန်ပင် အသုံးဝင်၏။
ထို့ပြင် ဤ သဲကန္တာရလူရိုင်းမျိုးနွယ်တို့၏ စစ်သည်များ ချီတက်လာသည့်အချိန်တွင် လမ်းအတိုင်း သွားချင်မှ သွား၏။ ဤအစား သူတို့က တောင်များကို ဖြတ်ကျော်ရန် ရွေးချယ်ကြ၏။ သူတို့က မောပန်းခြင်းဆိုသည်ကို မသိကြဘဲ မျောက်များကဲ့သို့ပင် လျင်မြန် ဖျတ်လတ်ကြ၏။ အထူးသဖြင့် ပြေးသွားသည့်အချိန်မျိုးတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည့် အရှိန်အဟုန်ကြောင့် ယုန်များ ပြေးလွှားသွားသကဲ့သို့ပင် ထင်မှားစေသည်။
ဝှစ် ဝှစ်
လမ်းတလျှောက်တွင် သဲကန္တာရလူရိုင်းမျိုးနွယ်မှ အထူးအမဲလိုက်အဖွဲ့တစ်ခု ရှိ၏။ သူတို့က သစ်ပင်များ ပေါ်တွင် အရှိန်ဖြင့် ပြေးလွှားလျက်ရှိ၏။ သစ်တစ်ပင်မှ တစ်ပင်သို့ မျောက်များကဲ့သို့ပင် ခုန်ကူး၏။ လက်ထဲရှိ လေးများက လျှပ်စီးကဲ့သို့ပင် လျှင်မြန်စွာ ပစ်ခတ်၏။ သားကောင်များ၏ အရိပ်အယောင်ကို မမြင်ရခင်မှာဘဲ မြေကြီးပေါ်သို့ သားကောင်များက လဲကျသေဆုံးခဲ့၏။ ဤအမဲလိုက်အဖွဲ့၏ မြားပစ် စွမ်းရည်က တကယ်ပင် ထူးကဲ၏။ ပြေးသွားနေသည့်ယုန်များ၊ တွားသွားနေသည့် မြွေများနှင့် တောထဲတွင်ပျံသန်းနေသည့် ငှက်များကိုပင် ပစ်ခတ်နိုင်ကြ၏။
ဓားဘုရင် လီချင်းချိုးနှင့် ရှမ့်လန်တို့က တစ်ယောက်မျက်နှာကိုတစ်ယောက် မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ သဲကန္တာရလူရိုင်းမျိုးနွယ်၏ ဂုဏ်သတင်းက အမှန်ပင် ထိုက်တန်လှပေ၏။ ရွှဲ့ပြည်နယ်ကတော့ ဒုက္ခကြီးကြီး ရောက်ပေတော့မည်။
ရထားလုံးက နန်အိုနိုင်ငံ၏ အရှေ့ဘက်ဒေသကို လျှင်မြန်စွာ ဖြတ်ကျော်သွားခဲ့၏။ ဤနေရာတွင်တော့ မြင်ကွင်းက တခြားစီ ဖြစ်သွား၏။ ရွှဲ့ပြည်နယ်၏ တစ်သိန်းခွဲသော စစ်တပ်ကြီးက ကျယ်ပြန့်၏။ အားကောင်း၏။ နန်းကုန်းအို၊ မင်းသမီးနင်လော့နှင့် စစ်သူကြီး ကျူးလင်းတို့က စစ်တပ်များကို စုရုံးနေဆဲပင်။
ရေတွက်၍ မရအောင် များပြားသည့် သာမန်ပြည်သူများက ကာကွယ်ရေးစည်းများနှင့် ခံတပ်များကို တည်ဆောက်နေကြ၏။ နန်အိုနိုင်ငံ၏ မြို့ ၃ မြို့ အပြင်ဘက်ရှိ နေရာတိုင်း၌ ထူထဲသော ခံတပ်များနှင့် မြောင်းများ ရှိ၏။ နန်အိုနိုင်ငံ တစ်ခုလုံးက ကြီးမားသည့် စစ်မြေပြင်ကြီးတစ်ခု ဖြစ်လာ၏။
ဤအရာက ရှမ့်လန် ကိုယ်တိုင်တွေ့ကြုံခံစားဖူးသည့် ပထမဦးဆုံး ကြီးမားသည့် စစ်မြေပြင်ကြီး ဖြစ်၏။ သူ စိတ်ကူးထားသည်ထက်ပင် ပိုမိုကာ ကြီးကျယ်ခမ်းနား၏။ ရုပ်ရှင်ကားများ၊ ဇာတ်လမ်းထဲမှ မြင်ကွင်းများထက်ပင် ပိုမိုကာ ကြီးကျယ်၏။ စစ်သည် ၁ သိန်းကျော်၊ ပြည်သူ ၁ သိန်းကျော်နှင့် မိုင်ရာချီ ရှည်လျားသည့် ကာကွယ်ရေးစည်းများ။
ရှမ့်လန် ရှာဖွေရရှိခဲ့သည့် ရွှေဒင်္ဂါးသန်းပေါင်းများစွာတို့၏ အများစုကို ဤကာကွယ်ရေးစည်း တည်ဆောက်ရန် အသုံးပြုခဲ့ရ၏။ ငွေကြေးသုံးစွဲမှုနှင့် ရရှိသည့် ရလဒ်ကို နှိုင်းယှဉ်ရမည်ဆိုရင် အလွန်ပင် မြင့်မားနေပြီ ဖြစ်၏။
စေတီတောင်မှ ရထားလုံးက နန်အိုနိုင်ငံကို မည်သည့် အတားအဆီးမှ မရှိဘဲ ဖြတ်ကျော်ပြီး ရွှဲ့ပြည်နယ်၏ ထျန်းနန်စီရင်စုဆီသို့ ဝင်ရောက်လာ၏။ ပြီးနောက် တောင်ဘက်ကိုကွေ့ပြီး ပင်လယ်ကမ်းစပ်သို့ တဖန် ရောက်ရှိ၏။ ဤနေရာတွင် သင်္ဘောတစ်စီး စောင့်ဆိုင်းနေပြီးသား ဖြစ်၏။ အလံနှစ်ခု ချိတ်ဆွဲ ထား၏။ ပင်မအလံက စေတီတောင်အလံဖြစ်ပြီး အလံငယ်က တောင်ပင်လယ်ဓားဂိုဏ်း၏ အလံဖြစ်၏။ ဤသင်္ဘောက တောင်ပင်လယ်ဓားဂိုဏ်းပိုင်သည့် သင်္ဘောဖြစ်သည်။
ရန်နန်းဖေးနှင့် စေတီတောင်တို့က အမှန်ပင် အလွန်ရင်းနှီးကြသည်။ သို့ပေမည့် ရန်နန်းဖေးက ပေါ်မလာခဲ့ချေ။ သင်္ဘောမောင်းသည့် ရေတပ်သားများပင်လျှင် စေတီတောင်၏ အကြီးအကဲနှစ်ဦးကို အနှောင့်အယှက် မပေးရဲကြချေ။ ကြောက်ရွံ့ကြ၏။
...........