← Chapters

အခန်း (၆၁၇-၆၁၈)

Vol. 40 Ch. 617-618

အခန်း (၆၁၇-၆၁၈)

Vol. 40 Ch. 617-618

အပိုင်း (၆၁၇)

သင်္ဘောက တစ်ရက်နှင့် နှစ်ညတိတိ ခုတ်မောင်းခဲ့၏။ သူတို့ ဦးတည်ရာသို့ ရောက်ရှိလာခဲ့၏။ ဤနေရာတွင် တောင်ပင်လယ်ရှိ ရေတွက်၍မရနိုင်သော လူသူကင်းမဲ့သည့် ကျွန်းများထဲမှ တစ်ခုဖြစ်၏။ ဆိပ်ခံတံတားပင် မရှိချေ။ သင်္ဘောကို ခဏရပ်ပြီးနောက် လှေငယ်တစ်စင်းက ဤကျွန်းငယ်ဆီကို ဆိုက်ကပ်လာခဲ့၏။ ရှေ့ဟောင်းအမွေအနှစ်များက ဤလူသူကင်းမဲ့သည့် ကျွန်းပေါ်တွင် ရှိနေသည်လား။

ဤကျွန်းပေါ်တွင် သစ်ပင်ပန်းပင် ဟူ၍ မရှိချေ။ အရာအားလုံးက အနက်ရောင် ကျောက်တုံးများဖြင့် ဖွဲ့စည်းထား၏။ ကျွန်းပတ်လည်တွင် ထူးဆန်းသည့် ကျောက်တုံးများက မားမားမတ်မတ် ရပ်တည်နေပြီး ဆိုးရွားကြမ်းတမ်းကာ ကြောက်မက်ဖွယ်ရာ ကောင်း၏။

ဓားဘုရင်လီချင်းချိုးက ကျွန်းပေါ်သို့ တက်ခွင့်မရဘဲ သင်္ဘောပေါ်မှာ နေခဲ့ရ၏။ ဤအရာက လုံးဝ ခွဲခြား ဆက်ဆံခြင်းပင်။ ညှိနှိုင်းဆွေးနွေးဖို့ နေရာလည်း မရှိချေ။ သေချာသည်က ဝူကျူးကလည်း ကျွန်းပေါ်သို့ တက်ခွင့်မရပေ။ သူ၏ ရာထူးနှင့် အဆင့်အတန်းက မလုံလောက်သောကြောင့်ပင်။

စေတီတောင်၏ အကြီးအကဲခုန်း၊ အကြီးအကဲဝူတူကျိနှင့် ရှမ့်လန်တို့ကသာလျှင် ဤအမဲရောင် ကျွန်းကြီးပေါ်သို့ ဆင်းသက်လာခဲ့၏။ အနီးကပ်ကြည့်လျှင် ဤကျွန်းကြီးက ပင်လယ်ပေါ်တွင် ဝပ်လျက် ရှိနေသည့် ဧရာမ အမဲရောင် သားရဲကြီးတစ်ကောင်နှင့် တူ၏။ သူတို့က အနောက်ဘက်မှာနေ၍ ကျွန်းပေါ်သို့ ဝင်ရောက်ခဲ့သည်။

ကျွန်း၏ အတွင်းပိုင်းသို့ ဝင်ရောက်ပြီးနောက် ရှမ့်လန်က ထူးဆန်းသည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ သို့သော်ငြား ထိုအရာက မည်သည့်အရာ ဖြစ်သနည်းဆိုသည်ကို သူ မပြောတတ်ချေ။ ဖိအားလား။ မဟုတ်ပေ။ အသက်ရှူရ ခက်ခဲသလို ခံစားရစေ၏။ စိုထိုင်းစကြောင့်လည်း မဟုတ်ချေ။ ဖိနှိပ်မှုကြောင့်လည်း မဟုတ်ချေ။

ဟုတ်ပေ၏။ ဤအရာက သံလိုက်စက်ကွင်းပင်။ ကျွန်းပေါ်ရှိ သံလိုက်စက်ကွင်းက အလွန် ထူးဆန်း၏။ ဦးနှောက်ကိုပင် သက်ရောက်မှုရှိပြီး မူးဝေလာစေ၏။ ပုံမှန်အားဖြင့် လူများက အားကောင်းသည့် သံလိုက်စက်ကွင်း ထဲသို့ ဝင်ရောက်သွားလျှင်ပင် မူးဝေခြင်းမျိုး မဖြစ်တတ်ပေ။

AI မှတစ်ဆင့် ရှမ့်လန်က နောက်ထပ် အချက်တစ်ခုကို ထောက်လှမ်း တွေ့ရှိလိုက်ရ၏။ ရေဒီယိုသတ္တိကြွမှု။

မသက်မသာ ဖြစ်ရခြင်း၏ အကြောင်းအရင်းက ရေဒီယိုသတ္တိကြွမှုလည်း ပါဝင်၏။ ရေဒီယံ၊ ပလူတိုနီယမ်၊ ယူရေနီယမ် စသည့် အခြားသော ရေဒီယိုသတ္တိကြွ ဓာတ်သတ္တုများတွင်သာ ရေဒီယိုသတ္တိကြွမှု ရှိသည် မဟုတ်ချေ။ စကျင်ကျောက်များတွင်လည်း ရေဒီယိုသတ္တိကြွမှု ရှိ၏။ ဤကျွန်းပေါ်ရှိ သံလိုက်စက်ကွင်းနှင့် ရေဒီယိုသတ္တိကြွမှုက အခြားသောဒေသများထက် များစွာ သာလွန်လျက်ရှိ၏။ စကျင်ကျောက်များ ပေါများလွန်း၍လား။

ရှမ့်လန်က ရှေ့ဟောင်းအမွေအနှစ် ဝင်ပေါက် မည်သည့်နေရာတွင် ရှိသနည်းဟု မေးချင်ခဲ့၏။ သို့ပေမည့် မေးစရာ မလိုတော့ချေ။ အဘယ်ကြောင့်ဆိုသော် မြင်နေရပြီ ဖြစ်သောကြောင့်ပင်။ ဤအရာက ရှေ့ဟောင်းအမွေအနှစ် ၏ ဝင်ပေါက်ပင်ဖြစ်၏။

...........

ကျွန်း၏ အလယ်တွင် အထပ် ၂၀ ခန့် မြင့်မားသည့် ဧရာမ ကျောက်လူသားကြီး ရှိနေ၏။ ဤဧရာမ ကျောက်လူသားကြီးက ကောင်းကင်ပေါ် မော့ကြည့်နေ၏။ လက်ထဲတွင် ဂြိုဟ်ကြီးတစ်ခုကို ကိုင်ထား၏။ ဂြိုဟ်ပေါ်တွင် ရှုပ်ထွေးနေသည့် မြေပုံတစ်ခုကို ထွင်းထုထား၏။ ကုန်းမြေနှင့် သမုဒ္ဒရာ အပိုင်းအစများ ရှိနေပြီး ထိုအပိုင်းအစများ၏ ထောင့်လေးထောင့်တွင် အနီ၊ အပြာ၊ အဝါ၊ အစိမ်း ဟူသည့် အရောင် ၄ မျိုးကို မှတ်သားထား၏။

နေရောင်ခြည်က ဂြိုဟ်၏မြေပုံပေါ်သို့ ထိုးချပေးသကဲ့သို့ ရှိနေ၏။ ဤဧရာမကျောက်လူသားကြီး၏ လက်ထဲမှ ဂြိုဟ်မြေပုံက ရှေ့ဟောင်းအမွေအနှစ်ဝင်ပေါက်၏ သော့ချက်ပင် ဖြစ်၏။ ဤမြေပုံက ထောင်စုနှစ် သင်္ချာပုစ္ဆာပင် ဖြစ်၏။ ဤပုစ္ဆာကို ဖြေရှင်းနိုင်လျှင် ရှေ့ဟောင်းအမွေအနှစ်က ပွင့်မည်။

ရှမ့်လန်က တစ်ချက် ကြည့်ရှုလိုက်ရုံနှင့် ထိုရာက အရောင် ၄ မျိုး သီအိုရီ၊ သို့မဟုတ် အရောင် ၄ မျိုး ပုစ္ဆာ ဖြစ်ကြောင်းကို သိရှိလိုက်ရသည်။

ဤအရာက ခေတ်သစ်သင်္ချာလောက၏ အဓိက ပုစ္ဆာကြီး ၃ ခုထဲမှ တစ်ခုဖြစ်၏။ အနှစ်သာရအားဖြင့် နှစ်ဖက်ပြင်ညီတစ်ခု၏ မွေးရာပါ ဂုဏ်သတ္တိဖြစ်၏။ ဆိုလိုသည်မှာ ပြင်ညီတစ်ခုတွင် ဘုံအမှတ်တစ်ခုမရှိဘဲ ဖြတ်သန်းသွားသော မျဉ်းနှစ်ကြောင်း မရှိနိုင်ပေ။

လူများစွာတို့က နှစ်ဖက်မြင်ပြင်ညီတစ်ခုနှင့် ဆက်စပ်နေသည့် ဧရိယာ ၅ ခု သို့မဟုတ် ထိုထက်ပို၍ ဧရိယာများကို တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း သက်သေပြခဲ့ပြီးသား ဖြစ်၏။

ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင် မည်သည့်မြေပုံမဆို ဘုံနယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများကို အရောင်ခြယ်ရာတွင် အရောင် ၄ မျိုးကိုသာ အသုံးပြုနိုင်၏။ ရှုပ်ထွေးမှု မရှိစေရန် မြေပုံတစ်ခုကို အရောင် ၄ မျိုးဖြင့် မှတ်သားထားရန် လိုအပ်၏။ ဤပုစ္ဆာက အလွန်ရိုးရှင်းပုံပေါ်၏။

အလယ်တန်းကျောင်းသား တစ်ယောက်ပင်လျှင် ဤပုစ္ဆာကို မြင်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဖြေရှင်းရန် ဘောပင်ကို ကောက်ကိုင်မိပေလိမ့်မည်။ သို့ပေမည့် စတင်လုပ်ဆောင်ပြီးနောက် ဤပုစ္ဆာက တကယ်ပင် အလွန်တရာ ခက်ခဲလာကြောင်း သဘောပေါက်ပေလိမ့်မည်။

ထိုသို့မဟုတ်ပါက ၎င်းကို ဖာမတ်ပုစ္ဆာ၊ ဂူးဖတ်ပုစ္ဆာတို့နှင့် တန်းတူ ခေတ်သစ်ကာလ၏ အဓိက ပုစ္ဆာကြီး ၃ ခုထဲမှ တစ်ခုအဖြစ် သတ်မှတ်နေလိမ့်မည်။ နှစ်ပေါင်း ၁၀၀ ကျော်ကြာအောင် ဘာခေါ့လီနှင့် ဖရန်ကလင်ကဲ့သို့သော သိပ္ပံပညာရှင်များ အပါအဝင် မည်သည့် သိပ္ပံပညာရှင်များမှ ဤပုစ္ဆာကို မဖြေရှင်း နိုင်ခဲ့ကြပေ။ ရေတွက်၍ မရနိုင်သော သင်္ချာပညာရှင်များကလည်း ဤပုစ္ဆာကို ဖြေရှင်းရန် မတတ်နိုင်ခဲ့ကြပေ။ ၁၉၇၆ ခုနှစ် ရောက်မှသာ ကွန်ပြူတာ နှစ်လုံးကို အသုံးပြုပြီး နာရီပေါင်း ၁၂၀၀ နှင့် တွက်ချက်မှုပေါင်း ၁၀ ဘီလီယံကို အသုံးပြုပြီး ဤပုစ္ဆာကို ပြီးမြောက်အောင် ဖြေရှင်းနိုင်ခဲ့၏။ (ကျွန်တော်သိရသလောက် ဒီပုစ္ဆာက ၁၈၅၂ ခုနှစ်တည်းက ပေါ်နေတာတဲ့။ - ဘာသာပြန်သူ)

ဤအချိန်မှာတော့ စေတီတောင်၊ ကောင်းကင်ပင်လယ်နန်းဆောင်၊ ကောင်းကင်ကွပ်မျက်စံအိမ်၊ ရှန့်ကုန်းဘုရားကျောင်းနဲ့ အခြားသော သဘာဝလွန်အင်အားစုများ အားလုံးတို့က ဤနေရာတွင် ရှိနေ၏။ သူတို့က ရှေ့ဟောင်းအမွေအနှစ်ကို ရယူရန် စိတ်ပိုင်းဖြတ်ထား၏။ ဤလူအားလုံးက မဟာဗျူဟာအဆင့် အရေးကြီးသည့် လူများပင်။

ဤအင်အားစုများက ကျွန်းပေါ်တွင် နှစ်ဝက်ကျော်ခန့် အချိန်ကုန်ဆုံးခဲ့၏။ သူတို့က ကြိုးပမ်းအားထုတ်မှု များ ပြုလုပ်ခဲ့ကြသော်လည်း ပုစ္ဆာကို မဖြေရှင်းနိုင်ခဲ့ချေ။ မင်းသမီးနင်ဟန်ကလည်း ဤနေရာတွင် ရှိ၏။ ဤအချိန်မှာတော့ သူမက စာရွက်တစ်ရွက်ပေါ်တွင် ဦးနှောက်ခြောက်မတက် တွက်ချက်နေဆဲဖြစ်၏။

အင်အားစုပေါင်းစုံနှင့် ပါရမီရှင်ပေါင်းများစွာတို့က အချိန်ကိုလုပြီး ရူးသွပ်လုမတတ် တွက်ချက်နေ၏။ သူတို့ မဖြေရှင်းနိုင်သည်မှာ ပုံမှန်ပင် ဖြစ်၏။ နှစ်ဝက်မဆိုနှင့် တစ်နှစ်၊ နှစ်နှစ်အတွင်းတွင်လည်း သူတို့ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ ကမ္ဘာပေါ်ရှိ ထူးခြားသော သိပ္ပံပညာရှင်များပင်လျှင် ဖြေရှင်းရန် နှစ်ပေါင်း ၁၀၀ ကျော် အချိန်ယူခဲ့ရသည် မဟုတ်ပါလား။ တစ်ဖက်လူများအနေနှင့် နှစ်ဝက် သို့မဟုတ် တစ်နှစ်အတွင်း ဖြေရှင်းရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

သို့ပေမည့် ရှမ့်လန်ကတော့ အလွယ်တကူနှင့် လုပ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် သူက ဧရာမလူသားကြီး၏ ပခုံးပေါ်တွင် ရပ်တည်နေသောကြောင့်ပင်။ ထိုလူသားက မှတ်ဉာဏ်တု (AI)ပင် ဖြစ်သည်။

ဤနေရာတွင် ရှိနေကြသည့် လူပေါင်း ဒါဇင်ချီတို့က လောကကြီး၏ ထိပ်ဆုံးနေရာတွင် ရှိနေသည့် လူများ ဖြစ်တန်ရာ၏။ သဘာဝလွန် အင်အားစုများမှ သခင်ကြီးများ၊ ထိုသူတို့၏ ဆက်ခံသူများနှင့် လောကရှိ ဉာဏ်အကောင်းဆုံးသော လူသားများက ဤနေရာတွင် စုဝေးရောက်ရှိနေကြခြင်း ဖြစ်၏။

ရှမ့်လန်က ဤလူများ မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိရှိသလို မည်သူကမှလည်း သူအား မိတ်ဆက်ခြင်း မရှိချေ။ ရှမ့်လန် ရောက်ရှိလာမှုက မင်းသမီး နင်ဟန် အပါအဝင် မည်သူ၏ အာရုံကိုမှ ဖမ်းစားနိုင်ခဲ့ခြင်း မရှိချေ။ မင်းသမီး နင်ဟန်က ခေါင်းကိုပင်လျှင် မော့မကြည့်ခဲ့ချေ။

ရှမ့်လန်က အကြမ်းဖျင်း သတိပြုမိသည်မှာ ကောင်းကင်ပင်လယ်နန်းဆောင်မှ လူ ရှစ်ဦး၊ ကိုးဦးခန့် ရှိနေခြင်းပင်။ ကျန်းယွီယင်းကို မတွေ့ရချေ။ သူမက ဤနေရာသို့ လာရောက်ခွင့်ရရန် အရည်အချင်း မပြည့်မီခြင်းလည်း ဖြစ်နိုင်၏။

“အားလုံး ဒီမှာ စောင့်နေကြအုံး။”

ဥပဒေအခြေပြုခန်းမဆောင်မှ အကြီးအကဲခုန်းက လှမ်းပြော၏။ ပြီးနောက် အကြီးအကဲခုန်းက သွားရောက် သတင်းပို့နေဆဲတွင် ရှမ့်လန်နှင့် ဝူတူကျိတို့က နေရာ၌ ကျန်ရစ်ခဲ့၏။ ဤအရာက စေတီတောင်၏ သခင်လား။ ကြည့်ရတာ အနည်းငယ် ငယ်သေးသည့်ပုံ ပေါ်၏။

အကြီးအကဲခုန်း တင်ပြပြီးနောက် ထိုသူက ရှမ့်လန်အားကြည့်ကာ ခေါင်းညိတ်ပြ၏။ ခဏကြာမှပဲ အကြီးအကဲခုန်းက ပြန်ရောက်လာသည်။ “မင်း ဒီမှာတင် ဖြေရှင်းလို့ ရတယ်၊ စုတ်တံနဲ့ ဘောပင်ကို ယူလိုက်။”

ရှမ့်လန်က စိတ်ထဲတွင် မဲ့ပြုံးမိ၏။ ဤသဘာဝလွန် အင်အားစုမှ လူများမှ သက်ရှိ သတ္တဝါ အားလုံးကို ငုံ့ကာ ကြည့်ရှုတတ်သည့် လူများပင် ဖြစ်၏။ သူတို့က မိုးထိအောင် မြင့်မြတ်နေသည့် လူများဟု ထင်မှတ်နေကြသည်။

သို့ပေမည့် ထိုအရာကလည်း ပုံမှန်ပင် ဖြစ်၏။ သဘာဝလွန် အင်အားစုများ၏ အမြင်တွင် သူတို့က အဆင့်မြင့် ယဉ်ကျေးမှု ကိုယ်စားလှယ်များ ဖြစ်ကြပြီး ရှမ့်လန်ကမူ ဒေသခံ တိုင်းရင်းသား ကိုယ်စားလှယ် တစ်ယောက်မျှသာ ဖြစ်၏။ အကယ်၍ သူတို့က နှိမ့်ချသည့် အမူအရာကို ပြုလုပ်ပါက ဟန်ဆောင်လွန်းရာ ကျပေလိမ့်မည်။

ရှမ့်လန်က အရောင်လေးမျိုး သီအိုရီကို ဖြေရှင်းနိုင်လိမ့်မည်ဟု ဤလူများအား ယုံကြည်စေချင်နေသည်လား။ ထိုသို့ဆိုလျှင် လောက၏ အမြင်ကို ဇောက်ထိုးမိုးမျှော် ပြုလုပ်သကဲ့သို့ ဖြစ်ချေလိမ့်မည်။ ဤနေရာတွင် ရှိနေသည့် လူဒါဇင်ခန့်က သူတို့ကိုယ်သူတို့ လောကတွင် ဉာဏ်အကောင်းဆုံး လူများဟု ခံယူထားကြသည့် သူများ ဖြစ်၏။

ရှမ့်လန်ကဲ့သို့ ဒေသခံလူ တစ်ယောက်ကို မဆိုနှင့်၊ သူတို့ကိုယ်တိုင်ပင်လျှင် ဤမေးခွန်းကို ဖြေဆိုရန် နှစ်ဝက်ကြာမျှ အချိန် ကုန်ဆုံးခဲ့ရပြီ မဟုတ်ပါလား။ သူတို့က ရှမ့်လန် ကဲ့သို့သော ပညာရှင်ပေါင်း များစွာကို မြင်တွေ့ခဲ့ဖူး၏။ သို့ပေမည့် သူတို့က ဤပုစ္ဆာကို ရိုးရှင်းသည်ဟု ထင်မြင်ခဲ့ကြပြီး သူတို့ ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆခဲ့၏။ အပေါ်ယံ ဆန်လွန်းလှချေ၏။ လေးလေးနက်နက် တူးဆွလိုက်သည့်အချိန်မှသာ ဤပုစ္ဆာ မည်မျှ ခက်ခဲကြောင်း သိရှိလာသည်။

ယခု စေတီတောင်သခင်၏ ဆိုလိုရင်းမှာ သူ့ကို စာရွက်တစ်ရွက် ပေး၍ ဖြေရှင်းခိုင်းကာ ဤပုစ္ဆာ၏ ခက်ခဲမှုကို သိရှိနားလည်ပြီး ထွက်သွားစေချင်ခြင်းပင်။ ဤသည်က ဝူတူကျိကို မျက်နှာသာ ပေးထားခြင်း ဖြစ်၏။ ထိုသို့မဟုတ်ပါက ရှမ့်လန်က ဤကျွန်းပေါ်သို့ ခြေချခွင့်ပင် ရရှိလိမ့်မည် မဟုတ်ချေ။ ရှမ့်လန် ဤနှစ်တစ်ထောင် ပုစ္ဆာကို ဖြေရှင်းနိုင်မည်လား။ စေတီတောင် သခင်က ထိုကိစ္စကို တွေးပင် မတွေးခဲ့ချေ။

သို့သော်ငြား ရှမ့်လန်က ဖြုန်းတီးရန် အချိန် မရှိချေ။ မူလန်၏ သက်တမ်းက ကုန်ဆုံးရန် ရက်အနည်းငယ်သာ လိုတော့၏။ သူက ဤပုစ္ဆာကို တစ်နာရီအတွင်း ဖြေရှင်းပြီး ရှေးဟောင်း အမွေအနှစ် နယ်မြေ၏ ဝင်ပေါက်ကို ဖွင့်ရပေလိမ့်မည်။

အခြေအနေကို မြင်သည့် အချိန်မှာတော့ ဝူတူကျိက မေးလိုက်၏။ “ရှမ့်လန် ဒီမြေပုံကို သေချာ မြင်ရလား။”

ရှမ့်လန်က ဖြေလိုက်သည်။ “မြင်ရပါတယ်။”

ဝူတူကျိက ထပ်မေးလိုက်၏။ “မင်းလုပ်နိုင်မယ်ဆိုတာ သေချာလား။”

ရှမ့်လန်က ဖြေလိုက်သည်။ “ဒါပေါ့။ ကျုပ် လုပ်နိုင်ပါတယ်။ နာရီဝက်အတွင်း ဒါကို အပြီးသတ်နိုင်တယ်။ မဟုတ်ရင် ကျုပ်ကို အပိုင်းပိုင်းသာ ခုတ်ဖြတ်လိုက်ပါ။”

ဝူတူကျိက ခေါင်းညိတ်၏။ ပြီးနောက် သူမက အကြီးအကဲခုန်း၏ အကူအညီကို မယူတော့ဘဲ စေတီတောင် သခင်ထံသို့ လျှောက်သွား၏။

အကြီးအကဲခုန်းက သူ့ကို တားရန် ကြိုးစားသည်။

“ဖယ်စမ်း။” ဝူတူကျိက အေးစက်စက်နှင့် ပြော၏။

အကြီးအကဲခုန်း၏ မျက်နှာထားက ပြောင်းလဲသွားသော်လည်း ဤနေရာတွင် လူပေါင်းများစွာတို့ ရှိနေသည့်အတွက် တခြားသောသူများက စေတီတောင်၏ စည်းလုံး ညီညွတ်မှု မရှိခြင်းကို မမြင်စေလို သောကြောင့် ဘေးတစ်ဖက်သို့ အသာဖယ်ပေးလိုက်သည်။

ဝူတူကျိက စေတီတောင်သခင်ထံသို့ ရောက်ရှိသွားခဲ့ပြီးနောက် အသာပင် ပြောဆိုလိုက်၏။ “တောင်သခင်.. ရှမ့်လန်က ဒီပုစ္ဆာကို နာရီဝက်အတွင်း ဖြေရှင်းနိုင်တယ်တဲ့။”

ထိုစကားကို ကြားသည့် အချိန်မှာတော့ စေတီတောင် သခင်က မျက်မှောင်ကြုတ်လိုက်သည်။ “သူ့ဘာသာ ကြိုးစားပါစေ။ ဖြေရှင်းပြီးမှပဲ ကျုပ်တို့ ဆက်ပြောကြတာပေါ့။”

ဝူတူကျိက ပြောလိုက်၏။ “သူက မြေပုံပေါ်က ဂြိုဟ်လုံးပေါ်မှာပဲ စမ်းသပ်ချင်နေတာ။”

ရှမ့်လန်ကို စာရွက်ပေါ်တွင် ပုစ္ဆာ ဖြေရှင်းခိုင်းပြီးမှ စေတီတောင်သခင်၏ လက်ထဲသို့ ထည့်ပေးရမည်လား။ ထိုသို့ လုပ်လိမ့်မည် မဟုတ်ချေ။ ထိုသို့ လုပ်ခြင်းက ကျက်သရေ မရှိ၊ ဟိတ်ဟန် မပါပေ။ ကိုယ့်ကိုယ်ကိုယ် သိက္ခာချနေသလိုပင် ဖြစ်ပေလိမ့်မည်။

ကျောင်းသား တစ်ယောက်ယောက်က အလွန် ထူးခြားသည့် သီအိုရီတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်း ဂျာနယ်တစ်ခုတွင် ဖော်ပြရန် စာတမ်းပြုစုခဲ့သော်လည်း နောက်ဆုံး ကျူရှင်ဆရာ လက်ထဲသို့ အပ်လိုက်ရပြီး ပုံနှိပ်ဖော်ပြသည့်အခါတွင် ကျူရှင်ဆရာ နာမည်နှင့် စာရေးသူ ဖြစ်သွားသကဲ့သို့ပင်။

ဝူတူကျိ၏ စကားကို ကြားချိန်မှာတော့ စေတီတောင် သခင်က ကြောင်အသွားခဲ့၏။ ဤရှမ့်လန်က မိုးမြေ၏ ကြီးမား ကျယ်ပြန့်မှုကို မသိသည်လား။ ‘မင်းက ငါ့ရဲ့ စေတီတောင် ကိုယ်စားပြုအနေနဲ့ လုပ်ဆောင်နေရ တာလေ။ မင်းသာ မအောင်မြင်ခဲ့ရင် ငါ့ရဲ့ စေတီတောင်ရဲ့ ဂုဏ်သိက္ခာကို လွှတ်ပစ်လိုက်သလို မဖြစ်ဘူးလား။’

“မဖြစ်ဘူး။”

စေတီတောင် သခင်က ပြောလိုက်၏။ “ယုန်လေး... မင်း နောက်ဆုံး တပည့်တစ်ယောက် လက်ခံနိုင်တဲ့ အတွက် ငါ ဝမ်းသာတယ်။ သူက ဘယ်လိုနည်းလမ်းတွေသုံးပြီး မင်းကို ကာကွယ်ခိုင်းထားလဲ ဆိုတာ ဂရုမစိုက်ပေမယ့် သူ ဒီလိုသာ ကလေးဆန်နေအုံးမယ်ဆိုရင် သူ့ကို ထွက်သွားခိုင်းလိုက်မယ်။”

စေတီတောင်သခင်က အမှန်တကယ်ပင် ဒေါသ ထွက်နေ၏။ ဤကဲ့သို့သော နေရာမျိုးတွင် ကိုယ့်ကိုယ်ကိုယ် မည်သူဟု ထင်နေသနည်း။ ရွှဲ့ပြည်နယ်တွင် သုံးခဲ့သည့် လှည့်ကွက်မျိုးကို ဤနေရာတွင် သုံးလို့ ရနေသည်လား။ ‘ငါက မင်းကို အလိုလိုက်မယ့် နင်ယွမ်ရှန်း မဟုတ်ဘူး။’

ဝူတူကျိက ပြောလိုက်၏။ “အကယ်၍ ရှမ့်လန်သာ ဒီပုစ္ဆာကို ဖြေရှင်းပြီး နာရီဝက်အတွင်း ဝင်ပေါက်ကို မဖွင့်နိုင်ခဲ့ရင် ကျွန်မက ပန်းသစ်တောခန်းမရဲ့ အကြီးအကဲအဖြစ်ကနေ နုတ်ထွက်ပါ့မယ်။ ကျွန်မက ကတိတည်တဲ့သူပဲ။ ဒါပေမဲ့ တောင်သခင်က သဘောမတူဘူးဆိုရင်လည်း ကျွန်မ ပန်းသစ်တောခန်းမရဲ့ အကြီးအကဲအဖြစ်ကနေ နုတ်ထွက်မှာပါပဲ။”

ထိုစကားကို ြားသည့်အချိန်မှာ စေတီတောင်သခင်က တုန်လှုပ်သွား၏။ ရှမ့်လန် ဆိုသည့် ဤအချောင်သမားက မည်သို့သော နည်းလမ်းများကို သုံးလိုက်သနည်း။ ဝူတူကျိက တစ်ဖက်လူပေါ်တွင် အသည်းခိုက်အောင် စွဲလမ်းလို့ နေခဲ့၏။ မည်သို့များ လုပ်လိုက်သနည်း။

တကယ်တမ်း ကြိုးစားကြည့်လျှင်လည်း ကိစ္စ မရှိချေ။ ကျရှုံးသွားသည်ဆိုလျှင် တောင်သခင်ပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပေ။ မျက်နှာ အနည်းငယ် ပျက်ရုံလောက်သာလျှင် ရှိ၏။ လွန်ခဲ့သည့် လတုန်းက အင်အားစုကြီးများကလည်း အလှည့်ကျ အကြိမ်ကြိမ် ကြိုးစားခဲ့ကြဖူး၏။ သို့ပေမည့် နောက်ပိုင်းတွင် အလွန် ခက်ခဲကြောင်း သဘောပေါက်ကြသဖြင့် အရှက်ကွဲခံပြီး ရောက်ရှိမလာခဲ့ကြခြင်းသာ ဖြစ်၏။ သူတို့က အရင်ဆုံး အဖြေရှာဖို့သာ အာရုံစိုက်ကြတော့၏။ ပြီးမှ သွားရောက်ကာ စမ်းသပ်ကြပေမည်။

စေတီတောင်သခင်က ပြောလိုက်၏။ “ယုန်လေး... ငါ သူ့ကို ကြိုးစားခွင့်ပေးမယ်။ ဒါပေမဲ့ နာရီဝက်အတွင်း မဖြေရှင်းနိုင်ဘူးဆိုရင် မင်း သူ့ကို ခေါင်းထဲကနေ ထုတ်ပယ်ရမယ်။ စေတီတောင်က သူ့လို တပည့်မျိုးကို မလိုချင်ဘူး။”

ဝူတူကျိက ခေါင်းညိတ်လိုက်၏။ ရှမ့်လန်ကို လက်ဝှေ့ယမ်းကာ လှမ်းခေါ်သည်။ “ဒီကို လာလေ။”

ရှမ့်လန်က လျှောက်သွား၏။ ဝူတူကျိက ဤနေရာတွင် မည်သူကိုမှ ဂရုမစိုက်တော့ချေ။ သူမက ရှမ့်လန်၏ ခန္ဓာကိုယ်ကို အသာဆွဲမ၍ ကျောက်ရုပ်ထုကြီးပေါ်သို့ လျင်မြန်စွာ ခုန်တက်သွား၏။ မကြာခင်မှာပဲ သူတို့ နှစ်ဦးက ရုပ်တုကြီး၏ လက်ပေါ်သို့ ရောက်ရှိသွား၏။

“ရှမ့်လန်.. နာရီဝက်အတွင်း မင်း မဖြေရှင်းနိုင်ဘူးဆိုရင် ငါ ပန်းသစ်တောခန်းမ အကြီးအကဲ နေရာကနေ နုတ်ထွက်ပြီး မင်းကိုလည်း ဂိုဏ်းထဲကလည်း ထုတ်ပယ်ရလိမ့်မယ်။”

ဝူတူကျိက မသိနားမလည်စွာဖြင့် ကြောက်ရွံ့ခြင်းကင်းမဲ့နေသည့် လူစားမျိုး ဖြစ်၏။ ဤပုစ္ဆာ မည်မျှ ခက်ခဲကြောင်းကို သူမ နားမလည်။ နားလည်ဖို့လည်း သူမ စိတ်မဝင်စားချေ။ သူမ၏ ဘဝဆောင်ပုဒ်က သရဲဘောကြောင်ခြင်း မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ရန်သာ ဖြစ်သည်။

ရှမ့်လန်က ခေါင်းညိတ်၏။ “ကိစ္စမရှိဘူး။”

စေတီတောင်သခင်က ဘာတစ်ခုမှ မဆိုချေ။ ဘေးတစ်ဖက်တွင် ရှိနေသည့် အကြီးအကဲခုန်းက အမွှေးတိုင် တစ်တိုင်ကို ထွန်းလိုက်၏။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးသည့်အချိန်တွင် နာရီဝက် ကြာမြင့်ပြီး ဖြစ်ပေလိမ့်မည်။

စေတီတောင် သခင်က ပြောလိုက်၏။ “အကြီးအကဲတို့... ဒီရှမ့်လန်က စေတီတောင်ရဲ့ တပည့် ဖြစ်သွားပါပြီ။”

သူက ဘာမှ ဆက်မပြောချေ။ သို့ပေမည့် ရှိနေသည့် လူများက ထိပ်တန်း ပညာရှင်များ ဖြစ်၏။ ဝူတူကျိနှင့် ရှမ့်လန်တို့၏ စကားသံများကို ကြားပြီးနောက် အားလုံး၏တုံ့ပြန်မှုမှာ အတူတူပင် ဖြစ်၏။ မရှက်မကြောက် ဝါကြွားတတ်သည့် ပညာရှင် တစ်ယောက် ထပ်မံ ရောက်ရှိလာပြန်ပြီလား။ စေတီတောင်က တပည့် နောက်တစ်ယောက်ကို လက်ခံလိုက်ပြန်၏။ လွန်ခဲ့သည့် ခြောက်လအတွင်း ဤကဲ့သို့ အကြိမ်ကြိမ် ဖြစ်ပျက်ခဲ့ဖူးသဖြင့် မည်သူကမှ အံ့အားမသင့်နေတော့ချေ။

သဘာဝလွန် အင်အားစု အများအပြားက ဤပုစ္ဆာကို ဖြေရှင်းရန် ပညာရှင်များကို လိုက်လံ ရှာဖွေခဲ့၏။ ဥပမာအားဖြင့် မင်းသမီး နင်ဟန်က ကောင်းကင်ပင်လယ်နန်းဆောင်ကို ကိုယ်စားပြုပြီး ရှမ့်လန်ကို ရှာဖွေခဲ့ဖူး၏။

ဂိုဏ်းအပြင်ဘက်မှလာသည့် ပညာရှင် အများအပြားက ဤပုစ္ဆာကို အလွန် ရိုးရှင်းပြီး အလွန်တကူဖြင့် ဖြေရှင်း၍ ရနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ ရှမ့်လန်က နာရီဝက်ဟု ပြောသည့် အချိန်မှာတော့ ထို့ထက် ပိုမိုကာ မာန်တက်၍ ၁၅ မိနစ်ဟု ပြောခဲ့သည့် တခြား ပညာရှင်များလည်း ရှိခဲ့ဖူး၏။ အရာအားလုံးက ရိုးအီနေကြပြီ ဖြစ်၏။ မိုးမြေ၏ ကြီးမား ကျယ်ပြန့်မှုကို မသိသော ရှမ့်လန်ကဲ့သို့ ဒေသခံ ပညာရှင်များက တွင်းအောင်း နေသည့် ဖားသူငယ်များကဲ့သို့ပင်။

အပိုင်း (၆၁၈)

ဤပညာရှင်များ၏ စွမ်းဆောင်ရည်ပေါ် မူတည်၍ သဘာဝလွန် အင်အားစု အများအပြားက တညီတညွတ် တည်း နားလည်ထားကြ၏။ ဤလောကကြီးတွင် အမှန်တကယ် ဉာဏ်ကောင်းသည့် လူများက သဘာဝလွန် အင်အားစု အနည်းငယ်တွင်သာ ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က ရှေးဟောင်းအဆင့်မြင့် ယဉ်ကျေးမှုများဖြင့် ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသည့်သူများ ဖြစ်သောကြောင့်ပင်။ ဒေသခံများနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ခဲ့ချေ။

ထို့ကြောင့် ရှမ့်လန်အား တစ်ချက် အကဲခတ်ပြီးနောက် ရှိနေသူအားလုံးက အာရုံမစိုက်တော့ဘဲ မိမိ၏ ပုစ္ဆာ ဖြေရှင်းခြင်း၌သာ အာရုံစိုက်ကာ ခေါင်းငုံ့နေကြ၏။ တစ်ဖက်လူကဲ့သို့ တွင်းအောင်း ဖားသူငယ် တစ်ကောင်အတွက် သူတို့က အချိန်မဖြုန်းချင်ပေ။ လူပြက် လုပ်ပြနေသည်ကို ကြည့်ရှုနေစရာ ဘာအကြောင်းမှ မရှိချေ။

မင်းသမီး နင်ဟန် အပါအဝင် ဖြစ်၏။ သူမက ရှမ့်လန်၏ အလွန်လေးနက်သည့် နားလည်မှုလည်း ရှိထား၏။ သူက ကောင်းကင်ပင်လယ်နန်းဆောင်မှ ထုတ်ပြန်လိုက်သည့် အလွန်ခက်ခဲသည့် ပုစ္ဆာများကို ဖြေရှင်းနိုင်ခဲ့သည့် မဟုတ်ပါလား။ သို့ပေမည့် ထိုခက်ခဲသည့် ပုစ္ဆာများက နင်ဟန်အတွက် လုံးဝ ပြဿနာ မဟုတ်ခဲ့ချေ။ ကျွမ်းကျင်စွာဖြင့် အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့ဖူးသည်။

ကောင်းကင်ဘုံ စစ်တုရင် ကစားကွက် ဆိုလျှင် နင်ဟန်နှင့် တခြားသော ကောင်းကင်ပင်လယ် နန်းဆောင်မှ အကြီးအကဲ တစ်ဦးတို့က ဖန်တီးထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဉာဏ်ရည်ဉာဏ်သွေးပိုင်းတွင် သူမက ရှမ့်လန်ကို အထင်သေးနေဆဲ ဖြစ်၏။ ရှမ့်လန် မည်မျှ ဉာဏ်ကောင်းစေကာမူ သူ့၌ အဆင့်မြင့် ယဉ်ကျေးမှု၏ ပညာသင်ကြားခြင်းကို ခံယူထားခြင်း မရှိချေ။ ထို့ကြောင့် လူရိုင်း တစ်ဦးမျှသာ ဖြစ်၏။

ရှေးဟောင်း အမွေအနှစ် ဝင်ပေါက်မှ အရောင်လေးမျိုး ပုစ္ဆာနှင့် ပတ်သက်၍ ထိုအရာက စိတ်ကူးပေါက်ရုံနှင့် ဖြေရှင်းနိုင်သည့် အရာ လုံးဝ မဟုတ်ချေ။ ဉာဏ်ကွန့်မြူး၍ ဖြေရှင်းနိုင်သည့် အရာလည်း မဟုတ်ချေ။ ထိုအရာက တွက်ချက်မှုပေါင်းများစွာနှင့် ပညာရှင်တစ်စု၏ ရူးသွပ်လုမတက် အလုပ်လုပ်မှုပေါင်းများစွာ လိုအပ်သည်။

ထို့ကြောင့် ယခင်က သွေးကျမ်းကို ဖတ်ခွင့်ရလျှင် ရှေးဟောင်း ပုစ္ဆာကို ဖြေရှင်းပေးမည်ဟု ရှမ့်လန် လာရောက် ရှာဖွေခဲ့စဉ်က နင်ဟန်က ငြင်းပယ်ခဲ့ခြင်း ဖြစ်၏။ ပထမ အချက်အားဖြင့် နင်ဟန်၏ မာန်မာနကြောင့်ပင်။ ကောင်းကင်ပင်လယ်နန်းဆောင်က အလျှော့ပေးမည် မဟုတ်ချေ။ သူတို့က ရှမ့်လန်ကို မလိုလားသူ တစ်ယောက်အဖြစ် စာရင်းသွင်းသွားပြီးပြီ ဖြစ်သောကြောင့် မည်သည့် အကျိုးအမြတ်အတွက်မှ သူတို့၏ ရပ်တည်မှုကို ပြောင်းလဲလိမ့်မည် မဟုတ်ချေ။

ဒုတိယ အချက်အားဖြင့် ဉာဏ်ရည် ဉာဏ်သွေးနှင့် ပတ်သက်သော နင်ဟန်၏ မာန်မာနကြောင့်ပင် ဖြစ်၏။ သူမက ရှမ့်လန်ကဲ့သို့ ပညာရှင်များစွာကို မြင်ခဲ့ဖူး၏။ ယခု သူက ဤပုစ္ဆာကို နာရီဝက်အတွင်း ဖြေရှင်းနိုင်မည်ဟု ပြောခြင်းက အပေါ်ယံဆန်မှုကို ပိုမို သက်သေပြလိုက်သည့် အခြင်းအရာပင်။

ထို့ကြောင့် လူတိုင်း၏ မျက်လုံးထဲတွင် ရှမ့်လန်၏ စိန်ခေါ်မှုဆိုသည်က တခြားဒေသခံပညာရှင်များနှင့် အတူတူပင် ဖြစ်၏။ အားလုံးက လူပြက်များသာပင်။ သို့သော်ငြား မည်သူကမှ လှောင်ရယ်ကြလိမ့်မည် မဟုတ်ချေ။ ဤလူစုက ပိရမစ်ကြီး၏ ထိပ်ဆုံးတွင် ရပ်ရှိနေသည့် လူများ ဖြစ်၏။ သူတစ်ပါးကို အဘယ်သို့ ဗြောင်ကျကျ လှောင်ရယ်ကြမည်နည်း။ ထိုအရာက သိပ်ပြီး သဘောထား သေးသိမ်လွန်းရာ ကျပေလိမ့်မည်။ ထို့ကြောင့် သူတို့က အလုံးစုံ လျစ်လျှူရှုထား၏။

...............

ဤနေရာက အလွန်ပင် မြင့်၏။ ရှမ့်လန်က ကျောက်ရုပ်ထုကြီး၏ လက်ပေါ်တွင် ရပ်နေ၏။ ဤလက်ဝါးကြီး တစ်စုံက စတုရန်းမီတာ ဒါဇင်နှင့်ချီ ကျယ်ဝန်း၏။ လက်ဝါးကြီးပေါ်တွင် ဂြိုဟ်လုံး မြေပုံ၏ အချင်းက နှစ်မီတာ ခန့်ရှိ၏။ ရှမ့်လန်က ဂြိုဟ်လုံးကို သေချာ လေ့လာကြည့်ရှု၏။ ဤအရာက ကမ္ဘာမြေပြင် မဟုတ်ချေ။ ဤလောကကြီးလည်း မဟုတ်ပေ။ ဤအရာက အလွန် ထူးဆန်းသည့် ဂြိုဟ်လုံး မြေပုံတစ်ခု ဖြစ်သည်။

နှစ်ကြိမ်တိုင်တိုင် ဆန်းစစ်ပြီးနောက် ရှမ့်လန်က အံ့အားသင့်သွားပြီး လေကိုပင် ခပ်ပြင်းပြင်း ရှူရှိုက်လိုက်၏။ တကယ်ကို ဆန်းကြယ်လွန်း၏။ ဤဂြိုဟ်လုံးပေါ်ရှိ မြေပုံ၏ ပုစ္ဆာက အရောင်လေးမျိုး သီအိုရီ၏ ခက်ခဲမှုကို အစွမ်းကုန် ချဲ့ကားထားခြင်း ဖြစ်၏။

ပုံမှန် မဟုတ်သည့် အကွက်ပေါင်း ရာချီရှိပြီး တချို့မှာ နက်ရှိုင်းစွာဖြင့် ရှုပ်ထွေး လိမ်ယှက်လျက် ရှိ၏။ ပုံမှန် မြေပုံတစ်ခုနှင့် လုံးဝ မတူချေ။ အလွန်ပင် ထူးဆန်းလွန်းလှ၏။ အရောင်လေးမျိုး သီအိုရီကို အလုံးစုံ သက်သေပြခဲ့ပြီးပြီဟု မပြောနိုင်သော်လည်း ၉၉.၉၉၉၉ ရာခိုင်နှုန်းခန့် ပြည့်စုံနေပြီ ဖြစ်သည်။

နောက်ဆုံးအဆင့်တွင် ရှမ့်လန်က ဂြိုဟ်လုံး မြေပုံပေါ်ရှိ အကွက်တစ်ကွက်ချင်းစီကို ဆေးရောင်လေးမျိုး အသုံးပြု၍ ခြယ်သရမှာ ဖြစ်၏။ ပဉ္စမမြောက် အရောင်ကို သုံး၍ မရချေ။ ထို့ပြင် ကပ်လျက် ရှိသည့် အကွက် အားလုံးကလည်း အရောင် မတူရပေ။ ကြည့်ရသည်မှာ အလွန် လွယ်ကူပုံပေါ်၏။ မူလတန်း ကျောင်းသားများပင် လုပ်နိုင်မည့်အလားပင်။

သို့သော်ငြား တကယ်တမ်း စတင် လုပ်လိုက်သည့် အချိန်တွင် မျှော်လင့်ချက် မရှိလောက်အောင်ပင် ခက်ခဲ၏။ အထူးသဖြင့် ရှေ့ရှိ ဂြိုဟ်လုံး မြေပုံက ဤသီအိုရီအတွက် သီးသန့် ဖန်တီးထားခြင်း ဖြစ်၏။ မြေပုံပေါ်တွင် ရှုပ်ထွေးနေသည့် အကွက်ပေါင်း ရာချီရှိ၏။ ဆိုလိုသည်က စုစုပေါင်း ပေါင်းစပ်မှုပုံစံက ဘီလီယံ ၁၀နှင့်ချီ ရှိနေလိမ့်မည် ဖြစ်သော်လည်း ထိုအနက် တစ်ခုတည်းကသာလျှင် မှန်ကန်ပေလိမ့်မည်။

ထို့ကြောင့် သဘာဝလွန် အင်အားစုများအနေဖြင့် အရောင်လေးမျိုး သီအိုရီကို သက်သေပြလိုပါက ၁၀ စုနှစ် အနည်းငယ်ပင် လုံလောက်မည် မဟုတ်ချေ။ သို့သော်ငြား ဂြိုဟ်လုံးကို ဆေးခြယ်သမှု ပြီးမြောက်ရန် အတွက် ရှမ့်လန်က အလျင်အမြန် တွက်ဆကြည့်လိုက်၏။ အကယ်၍ သူက လူပေါင်း ရာဂဏန်းလောက် စုစည်းပြီး ဖယ်ထုတ်ခြင်း နည်းလမ်းကို သုံးမည် ဆိုပါက နှစ်အနည်းငယ်အတွင်း ပြီးဆုံးနိုင်၏။

အကယ်၍ AI မရှိဘဲ ရှမ့်လန် ကိုယ်တိုင် လုပ်ဆောင်ရမည် ဆိုပါက ဘာဖြစ်မည်နည်း။ ၁၀ နှစ် သို့မဟုတ် ထို့ထက် ပို၍ပင် ကြာမြင့်ကောင်း ကြာမြင့်နိုင်၏။ သို့သော်ငြား ၁၉၇၆ ခုနှစ်တွင် ကွန်ပျူတာ နှစ်လုံးက နာရီပေါင်း ၁၂၀၀ ကို အသုံးပြုခဲ့သည်။

ရှမ့်လန်၏ AI တွက်ချက်မှုနှုန်းမှာတော့ ထိုကွန်ပျူတာ နှစ်လုံးထက် အစပေါင်း သန်း ၁၀ ချီ ပိုမိုကာ မြန်ဆန်၏။ ထို့ကြောင့် သူက ဤပုစ္ဆာကို AI ထဲသို့ ထည့်သွင်းလိုက်၏။ စက္ကန့်ပိုင်း အတွင်းမှာပဲ အဖြေ ထွက်လာခဲ့၏။ တွက်ချက်မှုပေါင်း ဘီလီယံ ၁၀ ချီ ဆိုသည်မှာ AI အတွက် ဘာမှ မဟုတ်ချေ။

ထို့နောက် ရှမ့်လန်က စုတ်တံကို ကောက်ကိုင်ပြီး စတင်ကာ ဆေးခြယ်၏။ စုတ်တံ လေးချောင်းက ရုပ်တုကြီး၏ လက်ထဲတွင် ရှိ၏။ အဝါ၊ အပြာ၊ အနီ၊ အစိမ်းတို့ ဖြစ်၏။ ဆေးရည်သုံးစရာ မလိုချေ။ စုတ်တံ၏ နေရာ၌ အရောင် ရှိနေ၏။ ထို့ပြင် စုတ်တံ၏ အရောင်က ဂြိုဟ်လုံး၏ အကွက်ပေါ်တွင် တိုက်ရိုက် ပေါ်၏။ ဤအရာက တကယ်ပင် ထူးဆန်း၏။ သံလိုက်စက်ကွင်း တုံ့ပြန်မှု တစ်ခုနှင့် ဆင်တူ၏။

ရှမ့်လန်က မြေပုံ၏ အကွက်ကို စတင်ကာ ခြယ်သ၏။ အကွက် တစ်ကွက်တည်းသာ ခြယ်ရသေး၏။ ဝူတူကျိက သည်းမခံနိုင်တော့ချေ။ ထိုအရာက စိတ်ပျက်စရာ ကောင်းပြီး နှေးကွေးလွန်း၏။ အကွက်ပေါင်း ရာချီ ရှိနေသည်ကို ရှမ့်လန်၏ နှေးကွေးသည့် အမြန်နှုန်းနှင့် ဆိုလျှင် နာရီဝက်တောင် လောက်မည် မဟုတ်ချေ။

သူမက စုတ်တံကို တန်းခနဲ လှမ်းဆွဲယူလိုက်သည်။ “ဘာအရောင်လဲ ပြော...”

“အဝါရောင်၊ အပြာရောင်၊ အစိမ်း၊ အပြာ။” ရှမ့်လန်က မှန်တစ်ချပ်ကို ထုတ်ယူပြီး နေရောင်ခြည်ကို ဂြိုဟ်လုံး၏ သတ်မှတ်ထားသော အကွက်ပေါ်သို့ တိုက်ရိုက် ထင်ဟပ်စေ၏။ ပြီးနောက် ခြယ်သရမည့် အရောင်ကို သူမအား ပြောပြ၏။

ဝူတူကျိ၏ သိုင်းပညာက မြင့်မားပြီး လှုပ်ရှားမှုများက မြန်ဆန်၏။ သူမက အကွက် တစ်ကွက်ကို ခြယ်သရန် တစ်စက္ကန့်ပင် မလိုချေ။ ထို့ပြင် သူမ၏ လှုပ်ရှားမှု အမြန်နှုန်းက သရဲတစ္ဆေ ကဲ့သို့ပင်။ ၃ မိနစ်ခန့် ကြာမှတော့ သူမက မြေပုံ၏ တစ်ဝက်ခန့်ကို ခြယ်သပြီး ဖြစ်နေသည်။

ထိုအချိန်မှာတော့ ရှိနေသည့် လူများ၏ ထက်ဝက်လောက်က ခေါင်းမော့ လာကြ၏။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံး ယခု အချိန်ထိ ရှမ့်လန်၏ အဖြေအားလုံးက မှန်ကန်နေကြောင်း သူတို့ တွေ့ရှိရသောကြောင့်ပင်။ အမှားအမှန် ဆုံးဖြတ်ရန် အလွန် လွယ်ကူ၏။ ကပ်လျက် ရှိနေသည့် အကွက်များတွင် အရောင်မတူဘဲ စုစုပေါင်း အရောင် လေးမျိုးထက် မပိုသည်ကို ကြည့်လိုက်ရုံသာပင်။

ကြည့်ရှုနေသူများ ရှိသည့်အတွက် ကောင်း၏။ တိတ်ဆိတ်စွာဖြင့် တစ်ယောက်တည်း ထူးချွန်နေရသည်မှာ ပျင်းစရာ ကောင်း၏။ ရှမ့်လန်၏ ပြိုင်ဘက်ကင်း ခန့်ညားလွန်းသည့် မျက်နှာက ပိုမို၍ အေးစက်လာ၏။ သူက နိမ့်ကျသည့် လူမျိုးနွယ်များကို မည်သို့ ပြုမူ နေထိုင်ရမည်ကို သင်ကြားလျက် ရှိနေသည့် အထက်တန်းစား မသေမျိုးပညာရှင်ကြီး တစ်ဦးကဲ့သို့ပင်။ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရုပ်တုကြီး၏ လက်ပေါ်တွင် ရပ်နေ၏။

သူ၏ ဟန်ဆောင်ကောင်းမှုက စင်အောက်ရှိ လူများအားလုံးကို အတွေးတစ်ခု ဝင်လာစေသည်။ “ငါ ဒီကောင်ကို သတ်ချင်လာပြီ။”

ရှမ့်လန်က ဆက်ပြောသွား၏။ ဝူတူကျိက တစ်ချက်မှပင် မရပ်တန့်ခဲ့ချေ။

ရှမ့်လန်က ပြော၏။ ဝူတူကျိက လှုပ်ရှား၏။ နောက်ထပ် ၃ မိနစ် အကြာမှာတော့ ဂြိုဟ်လုံး မြေပုံ တစ်ခုလုံးကို ဆေးခြယ်သ ပြီးသွားပြီ ဖြစ်၏။ အကွက် တစ်ကွက်သာ ကျန်တော့၏။ ရှမ့်လန်က ဘာတစ်ခုမှ မပြောချေ။ အဘယ်ကြောင့်ဆိုသော် ဝက်တစ်ကောင်ပင် ထိုအကွက်က အဝါရောင်ဖြစ်ကြောင်း မြင်နိုင်သောကြောင့်ပင်။

နောက်ဆုံး အကွက်ကို ဆရာကြီး ရှမ့်လန် ဘာမှမပြောလျှင် ကွက်လပ်အတိုင်း ကျန်နေပေလိမ့်မည်။ ရှမ့်လန် ရပ်တန့်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ဝူတူကျိက မျက်မှောင် ကျုံလိုက်၏။ “ပြောလေ။ ဘာအရောင်လဲ။”

‘ချီးတဲ့မှ... ငါ အထာကျကျ လုပ်နေတာတောင် သွားပါပြီ။ ငါ့ရဲ့ ဆရာမ... ဦးနှောက်လေး နည်းနည်းပါးပါးလောက် သုံးလို့ မရဘူးလား။ နောက်ဆုံး အကွက်ရဲ့ ဘေးပတ်လည်မှာ အရောင် သုံးမျိုး ရှိနေတာ။ အဝါရောင် တစ်မျိုးပဲ ကျန်တော့တယ်လေ။’

“အဝါရောင်” ရှမ့်လန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

ဝူတူကျိက ဝက်တစ်ကောင်ပေလား။ မဟုတ်ပေ။ သူမက တကယ်တမ်း သိပ္ပံပညာရှင် တစ်ယောက် ဖြစ်ပြီး သူမ၏ EQ (စိတ်ခံစားမှုစွမ်းရည်) က ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် နိမ့်ပါးသော်လည်း IQ (ဉာဏ်ရည်) ကတော့ ကြောက်ခမန်းလိလိ မြင့်မား၏။ သို့သော်ငြား သူမက သူမနှင့် ဘာမှ မသက်ဆိုင်ခြင်း မရှိသည့် ပုစ္ဆာအတွက် ဦးနှောက်ကို အသုံးမပြုလိုခြင်းသာ ဖြစ်သည်။

ဝူတူကျိက ပန်းချီ၏ နောက်ဆုံး အစိတ်အပိုင်းကို ခြယ်သ၏။ ချက်ချင်းပဲ ဂြိုဟ်ကြီး၏ အရောင်အားလုံး ကွယ်ပျောက်သွားခဲ့၏။ တာဝန် ပြီးမြောက်ပြီ။ အကွက်ပေါင်း ရာနှင့်ချီ ရှိသော်လည်း ကပ်လျက်ရှိသည့် အကွက်တိုင်းက အရောင် မတူချေ။ စုစုပေါင်း အရောင် လေးရောင် ထက်လည်း မပိုပေ။

ထူးဆန်းသည့် မြေပုံက လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာ၏။ ထိုအရာက မြေပုံ အကွက်များနှင့် မတူဘဲ ဗန်ဂိုး၏ အထင်ကရ ပန်းချီကား တစ်ချပ်နှင့် ဆင်တူ၏။ ပေါင်းစပ်မှုပုံစံ ဘီလီယံ ဆယ်ချီ ရှိသော်လည်း ဤတစ်ခုတည်းက မှန်ကန်၏။ ဤအရာက ရှမ့်လန် သူတို့ကို ပေးခဲ့သည့် အဖြေပင်။

လူတိုင်းက စတင် စစ်ဆေး၏။ ပြီးနောက် အားလုံးက လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိ၏။ ထိုအရာက မှန်၏။ တကယ်ကို မှန်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင်။ အချိန် မည်မျှ ကြာသွားသနည်း။ ရှမ့်လန်က နာရီဝက်ဟု ပြောခဲ့ပေမယ့် ယခု နာရီဝက်ပင် မပြည့်သေးချေ။ နှစ်တစ်ထောင် သက်တမ်းရှိသည့် ပုစ္ဆာကြီးက ဖြေရှင်းပြီးသွားပြီ ဖြစ်၏။

လောကကြီးက ထူးဆန်း၏။ မရေတွက်နိုင်သည့် ပညာရှင်များက နှစ်ဝက်ကျော် အချိန်ဖြုန်းခဲ့သည်တောင် မဖြေရှင်းနိုင်ခဲ့ချေ။ ထိုအရာကို ရှမ့်လန်က ဖြေရှင်းနိုင်ခဲ့၏။ ဤအရာက ရှေးဟောင်း အဆင့်မြင့် ယဉ်ကျေးမှု၏ လွှမ်းမိုးမှု ဘာတစ်ခုမှ မရှိထားသည့် ဒေသခံ တစ်ယောက်သာ ဖြစ်သည်။

ပရိသတ်အားလုံးက တိတ်ဆိတ် ငြိမ်သက်သွား၏။

ဖြောင်း ဖြောင်း ဖြောင်း

ရုတ်တရက် တစ်စုံတစ်ယောက်က ပါးရိုက်နေသံကို ကြားရ၏။ ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ပေ။ တကယ် အစစ်အမှန်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က သူ့ဘာသာသူ ရိုက်နေခြင်းပင်။ “အားနာပါတယ်ဗျ။ ဒီနေရာမှာ ခြင်တွေ ရှိနေလို့ပါ။ တောင်းပန်ပါတယ်။”

ဤကျွန်း၏ ပတ်ဝန်းကျင်က အလွန် ထူးခြား၏။ ခြင်မဆိုနှင့် တခြား သက်ရှိသတ္တဝါဟူ၍ မည်သည့်အကောင်မှ မရှိချေ။ ရှမ့်လန်က လူတိုင်း၏ ရှေ့မှောက်တွင် လူတိုင်း၏ မျက်နှာကို ဖြတ်ရိုက်နေခြင်း ဖြစ်၏။ ဟန်ထုတ်ချင်သည်လား။ သူ ဆရာကြီး ရှမ့်လန်က မည်သူ့ကို ကြောက်ရမည်နည်း။

‘ခင်ဗျားတို့ အားလုံးက အဆင့်မြင့် ယဉ်ကျေးမှုရဲ့ ကိုယ်စားလှယ်တွေလို ဟန်ဆောင်ပြီး တခြား လောကသားတွေကို အထင်သေးနေကြတယ်။ တခြားနယ်ပယ်မှာ ကျုပ် ခင်ဗျားတို့လောက် မတော်တာ ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမဲ့ ဒီအရောင်လေးမျိုး သီအိုရီမှာတော့ ကျုပ်က ခင်ဗျားတို့ အားလုံးထက် ပိုပြီးတော့ ကြီးမားတဲ့ ဦးနှောက် တစ်ခုကို ပိုင်ဆိုင်ထားတဲ့ လူပဲ။’

ပြီးနောက် ရှမ့်လန်က မင်းသမီး နင်ဟန်၏ မျက်နှာကို စူးစိုက်ကြည့်လိုက်၏။ ‘မိန်းမယုတ်.. မင်းရဲ့ မျက်နှာကော နာနေသေးလား။ မင်းတို့ အားလုံး ဖြေရှင်းဖို့အတွက် နှစ်ဝက်လောက် အချိန်ကုန်ခဲ့ပေမယ့် ငါ နာရီဝက်တောင် မပြည့်ဘဲ ဖြေရှင်းလိုက်ပြီ။ ငါ မင်းကို လာရှာတုန်းက မင်း မောက်မာခဲ့တယ်လေ။ အခုကော။ ဟား ဟား ဟား’

ရှမ့်လန်၏ ယုတ်မာလွန်းသည့် မျက်နှာထားကို မြင်ရချိန်မှာတော့ နင်ဟန်၏ မျက်နှာက ဖြူလျော်သွားခဲ့၏။ ရှမ့်လန် ဤမျှလောက် အချိန်တိုအတွင်း ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ မထင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမက ဤပုစ္ဆာကို နက်နက်နဲနဲ နားလည်ထားပြီး တွက်ချက်မှုပေါင်း မရေမတွက်နိုင်အောင် လိုအပ်ကြောင်း သိထားသောကြောင့်ပင်။ သို့သော်ငြား ယခု အမှန်တရားက သူမ၏ ရှေ့မှောက်တွင် ရှိနေ၏။ ရှမ့်လန်က အမှန်တကယ် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့၏။ ဤအရာက သူမအား ပထမဦးဆုံး အကြိမ် ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ခြင်းပင်။

ဖြောင်း ဖြောင်း ဖြောင်း

ရှမ့်လန်က ရုပ်တုကြီး၏ လက်ပေါ်တွင် ရပ်လျက် လေထဲမှ ခြင်များကို တစ်ဖတ်ဖတ် ရိုက်ပြလျက် ရှိနေ၏။ ဤလူက တကယ်ပင် ယုတ်မာလွန်း၏။ ဤအရာက နင်ဟန်၏ မျက်နှာကို ပါးရိုက်နေသကဲ့သို့ပင်။ ဟုတ်ပေ၏။ သူမ၏ မျက်နှာ အမူအရာက အလွန်ပင် ပျက်ယွင်းသွားခဲ့၏။

ဤနေရာတွင် အပျော်ရွှင်ဆုံးသော လူက စေတီတောင်သခင်ပင် ဖြစ်၏။ မယုံနိုင်စရာပင်။ ဤကဲ့သို့ ပြီးစီးသွားခဲ့သည်လား။ ရှမ့်လန် ဆိုသည့် ချောမောသည့် ကောင်လေးက တကယ်ကို အံ့မခန်းပင်။ သင်္ချာပိုင်းတွင် ဤမျှလောက် ပါရမီ ပါနေသည်လား။ ပုစ္ဆာက ဖြေရှင်းပြီးသွား၏။ ရှေးဟောင်း အမွေအနှစ် နယ်မြေ၏ ဝင်ပေါက်က ပွင့်သွားသည်နှင့် တပြိုင်နက် အထဲတွင်ရှိနေသည့် လုပ်ပိုင်ခွင့်အားလုံးက စေတီတောင်၏ ပိုင်ဆိုင်မှု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် လူတိုင်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။ ရှမ့်လန်က အနည်းငယ် စိုးရိမ်ပူပန်နေ၏။ ဤပုစ္ဆာကို လုံးဝ ဖြေရှင်းပြီး သွားပြီ။ အဘယ်ကြောင့် ရှေးဟောင်း အမွေအနှစ် နယ်မြေ၏ ဝင်ပေါက်က မပွင့်သေးသနည်း။ ဤအရာက တစ်ခုတည်းသော အဖြေဆိုတာ ရှမ့်လန် သေချာ၏။ ရာနှုန်းပြည့်လည်း မှန်ကန်၏။ သို့သော်ငြား ရှေးဟောင်း အမွေအနှစ် နယ်မြေတစ်ခုလုံး မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။

ရှမ့်လန်က X-Ray အမြင်ကို အသုံးပြု၍ လေ့လာကြည့်၏။ နောက်ဆုံးမှာတော့ သူ ဘာတစ်ခုမှ ရှာမတွေ့ခဲ့ချေ။ ဤရှေးဟောင်း အမွေအနှစ် နယ်မြေက X-Rayကို ကာကွယ်ထားသည်လား။ သို့မဟုတ် အပြင်ခွံက ထူလွန်းသောကြောင့် ရှမ့်လန်၏ X-Ray မျက်လုံးဖြင့် ဖောက်ထွင်း မမြင်နိုင်သည်လား။

ကျောက်ရုပ်ထုကြီး လက်ပေါ်မှ ဂြိုဟ်လုံးပေါ်သို့ နေရောင်ခြည် ကျရောက်လာ၏။ ပြီးနောက် ဂြိုဟ်လုံးက တဖြည်းဖြည်း လင်းလက်လာ၏။ မျက်စိ ကျိန်းမတတ် အလင်းရောင်က ရောင်ပြန်ဟပ်နေ၏။ ပိုမို၍ လင်းလာ၏။

ဝူတူကျိက ရှမ့်လန်ကို အသာဆွဲယူ၍ မြေပြင်ပေါ်သို့ ငြင်သာစွာ ခုန်ဆင်း၏။ ရုပ်တုကြီး၏ လက်ထဲမှ ဂြိုဟ်လုံးက အလွန်အမင်း တောက်ပလာခဲ့သည်။

ဂျီး ဂျီး ဂျီး

ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်၏။ ရုပ်တုကြီး၏ လက်ပေါ်ရှိ ဂြိုဟ်လုံးက ရုတ်တရက် ကွဲကြေသွားခဲ့ပြီး ထောင့်ပေါင်းစုံသော အရာတစ်ခု ပေါ်လာ၏။ ဒါ သော့လား။ ဤမျှ ရှုပ်ထွေးပြီး ထူးဆန်းသည့် သော့လား။

ဘာတစ်ခုမှ မပြောဘဲ ဝူတူကျိက ရုပ်တုကြီး၏ လက်ပေါ်သို့ တစ်ဖန် ပြန်တက်ကာ ထူးဆန်းသည့်သော့ကို ကောက်ယူ၏။ ကျွန်း၏ မြေပြင်ပေါ်သို့ ပြန်ခုန်ဆင်းလာခဲ့၏။

ဝုန်း ဝုန်း

ထို့နောက် ရုပ်တုကြီး၏ ရှေ့မျက်နှာပြင်ရှိ မာကျောလွန်းသော ကျောက်မဲ မျက်နှာပြင် တစ်ခုလုံးက စတင်ကာ အက်ကွဲလာ၏။ ဤကျောက်မဲ မျက်နှာပြင်က မူလက အလွန် မာကျော၏။ အမာဆုံးသော လက်နက်နှင့်ပင် ထွင်းဖောက်၍ မရနိုင်ခဲ့ချေ။ ကြောက်မက်ဖွယ်ရာ အပူချိန် မြင့်မားသည့် မီးတောက်ဖြင့် ကျွမ်းလောင်အောင် ပြုလုပ်သော်လည်း မရခဲ့ချေ။ သို့သော်ငြား ယခု အချိန်မှာတော့ တိုက်ရိုက်ပင် အမှုန့်အဖြစ်သို့ ပြောင်းလဲအောင် ချေမှုန်း ခံလိုက်ရသည်။

လေပြင်း တစ်ချက် တိုက်ခတ်သွားခဲ့၏။ အမှုန့်များက လေထဲတွင် လွင့်မျောသွား၏။ ကျယ်လောင်သည့် အသံများက ဆက်တိုက် ထွက်ပေါ်လာ၏။ နာရီဝက်အကြာမှတော့ ကျောက်ရုပ်ထုကြီး တစ်ခုလုံးက မြေအောက်သို့ လုံးဝ နစ်မြုပ်သွားခဲ့၏။ ထိုအစား ကျောက်မဲရောင် အိမ်တစ်လုံးက တဖြည်းဖြည်းနှင့် မြင့်တက်လာ၏။

ဤအိမ်က မကြီးမားချေ။ စတုရန်းမီတာ ဒါဇင် အနည်းငယ်နှင့် သုံး၊ လေးမီတာခန့်သာ မြင့်သော်လည်း ဖျက်ဆီး၍ မရနိုင်လောက်အောင် မာကျော၏။ ကျောက်မဲအိမ်တွင် တံခါး တစ်ခုပါရှိပြီး ထိုအရာ၌ ထောင့်စုံသော အပေါက်တစ်ခု ရှိ၏။ အကယ်၍ မည်သည့်အမှားအယွင်းမျှ မရှိပါက ဤတံခါးကို အရောင်ပေါင်းစုံပါသော သော့ဖြင့် ဖွင့်ရမှာ ဖြစ်သည်။

ဝူတူကျိက ဘာမှ မပြောဘဲ သော့ကို ယူကာ အပေါက်ထဲသို့ ထိုးထည့်၏။

“ကလစ် ကလစ်...” ညင်သာစွာ လှည့်လိုက်သည်။

ထူထဲစွာ ပြုလုပ်ထားခဲ့သည့် တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်လာ၏။ အောက်ခြေကိုပင် မမြင်ရလောက်သည့် ဝင်ပေါက်တစ်ခုက ပေါ်လာ၏။ ဝင်ပေါက်မှတဆင့် ရှေးဟောင်း အမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက် နိုင်ပေလိမ့်မည်။

ဤအခိုက်တန့်မှာတော့ ရှေးဟောင်း အမွေအနှစ် နယ်မြေကို တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်၏။ ရှာဖွေ တွေ့ရှိချိန်မှ ဖွင့်လှစ်ချိန်ထိ စုစုပေါင်း ၂၃၅ ရက် ကြာမြင့်ခဲ့၏။

စေတီတောင် သခင်က ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အကြီးအကဲတို့... ကျေးဇူးတင်ပါတယ်။”

ဤရှေးဟောင်း အမွေအနှစ် နယ်မြေက စေတီတောင်၏ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့၏။

All Chapters