(၆၁၉-၆၂၀)
Vol. 40 Ch. 619-620
အပိုင်း (၆၁၉)
“ဂုဏ်ယူပါတယ် ညီလေး...”
“ဂုဏ်ယူပါတယ် ညီငယ်လေး...”
တခြားသော သဘာဝလွန် အင်အားစုများမှ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ထွက်ခွာသွားခဲ့၏။ ကောင်းကင်ပင်လယ် နန်းဆောင်၊ ကောင်းကင်ကွပ်မျက်စံအိမ်စသဖြင့် စေတီတောင်မှလွဲလျှင် နင်ဟန် အပါအဝင် လူတိုင်းက ရှင်းလင်းစွာ ဆုတ်ခွာသွားခဲ့၏။
စေတီတောင်သခင်က ရှေ့သို့ လှမ်းတက်လာပြီး ရှမ့်လန်အား ပြော၏။ “ရှမ့်လန်.. ဒီနေ့ကစပြီး မင်းက စေတီတောင်ရဲ့ သူရဲကောင်းပဲ။ အကြီးအကဲခုန်း... ပြန်သွားပြီး မှတ်ပုံတင်လိုက်တော့။ ရှမ့်လန်က အကြီးအကဲ ဝူတူကျိရဲ့ တပည့်ဖြစ်ပြီး ပန်းသစ်တောခန်းမရဲ့ တရားဝင် တပည့်ဖြစ်လာပြီ။”
“ကောင်းပါပြီ သခင်။”
အကြီးအကဲခုန်းက ပြောသည်။ “ဒီကောင်လေးက စေတီတောင်ရဲ့ တံဆိပ်ပြားကို အတုလုပ်ခဲ့ဖူးတယ်။ သခင်ကြီး သူ့ကို ဘယ်လို အပြစ်ပေးရမလဲ ဆိုတာ ပြောပါအုံး။”
စေတီတောင် သခင်က ပြောလိုက်၏။ “ကောင်းမှုနဲ့ မကောင်းမှုကို ကြေလိုက်။”
ဝူတူကျိက ပြောလိုက်သည်။ “သခင်.. ကျွန်မ ရှမ့်လန်ကို ကတိပေးထားတယ်။ အကယ်၍ သူ ရှေးဟောင်း အမွေအနှစ် နယ်မြေကို ဖွင့်နိုင်လို့ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေကို ရှာတွေ့ရင် အဲဒါ ရှမ့်လန်ရဲ့ ပိုင်ဆိုင်မှု ဖြစ်ရမယ်လို့။”
စေတီတောင် သခင်က ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ အချက်ပြလိုက်။ စေတီတောင် တပည့်တွေကို ကျွန်းပေါ် တရားဝင် ဝင်ရောက်ဖို့ အမိန့်ပေးလိုက်။”
ဝှစ်
ပြီးနောက် မြားတစ်စင်း ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်၏။ မကြာခင်မှာပဲ ရာပေါင်းများစွာသော စေတီတောင်၏ ပညာရှင်များက ကျောက်မဲကျွန်းသို့ ဝင်ရောက်လာခဲ့၏။ သူတို့က ရှေးဟောင်း အမွေအနှစ် နယ်မြေ ဝင်ပေါက်တွင် ခံတပ်ကို စတင် တည်ဆောက်သည်။
ဝူတူကျိက ရှေးဟောင်းအမွေအနှစ် နယ်မြေ၏သော့ကို စေတီတောင်သခင်ထံ တရားဝင် လွှဲပြောင်း ပေးလိုက်၏။
ခံတပ်ကို တည်ဆောက်ပြီးနောက် စေတီတောင်သခင်က ပြောသည်။ “ပထမအသုတ်အနေနဲ့ ရှေးဟောင်း သုတေသန နယ်မြေထဲကို ဝင်ပြီး လေ့လာမယ်။ မှတ်ထား၊ ဘာကိုမှ မထိနဲ့”
“ကောင်းပါပြီ။” စေတီတောင်၏ ပညာရှင် ၁၃ ဦးက အဆင့်သင့် ဖြစ်နေ၏။ သူတို့က ထူထဲသည့် အကာအကွယ် ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဆက်စပ်ပစ္စည်းမျိုးစုံကို တပ်ဆင်ကာဖြင့် ရှေးဟောင်း အမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်ကြ၏။
“ကျွန်မလည်း လိုက်သွားမယ်။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေကို ကျွန်မ သွားရှာမယ်။” ဝူတူကျိက ပြောလိုက်သည်။
စေတီတောင်သခင်က ထပ်မံကာ ခေါင်းညိတ်၏။ ဝူတူကျိက အကာအကွယ် ဝတ်စုံကို ဝတ်ဆင်ပြီး ရှေးဟောင်း အမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်၏။ ရှမ့်လန်က မဝင်ခဲ့ပေ။ သူက ဝင်ခွင့်ပင် မတောင်းခဲ့ချေ။ သူက ပြင်ပလူတစ်ယောက် ဖြစ်ကြောင်း သူ၏ စိတ်ထဲတွင် သိနေ၏။
ရှေးဟောင်းအမွေအနှစ် နယ်မြေကို ဖွင့်သည့်သူမှာ သူဖြစ်၍ သူရဲကောင်းအဖြစ် သတ်မှတ်ခံရသည် ဖြစ်သော်လည်း ရှေးဟောင်းအမွေအနှစ် နယ်မြေကို စူးစမ်း လေ့လာခြင်းက သူနှင့် မသက်ဆိုင်ချေ။ စေတီတောင်၏ အမာခံ အဖွဲ့အစည်းများကိုသာ လွှဲပေးရမှာ ဖြစ်၏။ ဤအရာက အကန့်အသတ်ချက်ပင် ဖြစ်၏။ ရှမ့်လန်က ဝင်ပေါက်ဝတွင်ပင် ရပ်မနေဘဲ ကျွန်းပတ်လည်တွင် လမ်းလျှောက်နေသည်။
ကျွန်းပေါ်သို့ စေတီတောင်မှလူများ ပိုမို ရောက်ရှိလာခဲ့၏။ ပင်လယ်ပြင်တွင် သင်္ဘောများ ပိုမို များပြားလာ၏။ အားလုံးက တောင်ပင်လယ်ဓားဂိုဏ်းမှ ဖြစ်၏။ ဤရေယာဉ်များက ပတ်ဝန်းကျင် ပင်လယ်ပြင်ကို လှည့်ပတ် ကင်းလှည့်နေ၏။ စေတီတောင်က ကျွန်းတစ်ခုလုံးကို သိမ်းပိုက်ရုံမျှမက ပတ်ဝန်းကျင် ပင်လယ်ပြင်ကိုပါ ရှင်းလင်းထားသည့်ပုံပင်။ ရန်နန်ဖေးများ ရှိနေမည်လား။
မကြာခင်မှာပဲ အမှန်တရား တစ်ခုက သူ့ကို အဖြေပေးလိုက်၏။ ‘ရန်’ ဟူသည့် စာလုံးကို ရေးသားထားသည့် သင်္ဘောကြီး တစ်စင်းက ကျွန်းနားသို့ ကပ်လာပြီး ရပ်တန့်၏။ အလံပေါ်တွင် ‘ရန်’ ဟူသည့် စာလုံးကို ရေးသားထား၏။ ရာပေါင်းများစွာသော တောင်ပင်လယ်ဓားဂိုဏ်း တပည့်များက ကျွန်းပေါ်သို့ တက်ရောက်လာပြီး ခံစစ်စည်းများကို စတင် တည်ဆောက်၏။ သူတို့က ရှမ့်လန်၏ ရှေ့တွင် လူတံတိုင်းကြီး တစ်ခုကို ဖွဲ့စည်းထား၏။
ရန်နန်ဖေးက စေတီတောင်သခင်ကို လာရောက် နှုတ်ဆက်၏။ ရှမ့်လန်က အလွန် ဝေးကွာသောကြောင့် ရန်နန်ဖေးကို မမြင်ရပေ။
နောက်ပိုင်းတွင် တောင်ပင်လယ်ဓားဂိုဏ်း၏ ရေယာဉ်များက ပိုမိုကာ တိုးပွားလာခဲ့၏။ သူတို့က ကျွန်းပတ်လည် ပင်လယ်ပြင်ကို လုံးဝ ဖုံးလွှမ်းထားခဲ့ပြီး ပတ်ဝန်းကျင် ပင်လယ်ပြင်ကို ထိန်းချုပ်လိုက်သည်။
ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ တောင်ပင်လယ်ဓားဂိုဏ်းနှင့် ရွှယ်မျိုးနွယ်တို့က ပင်လယ်ပြင်တွင် ဤမျှ အင်အား ကြီးမားလိမ့်မည်ဟု သူ မထင်ခဲ့ချေ။ စုစုပေါင်း သင်္ဘော အနည်းဆုံး ၁၀၀ ခန့် ရှိ၏။ သင်္ဘောသားနှင့် စစ်သည်များ အပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀၀၀ ခန့် ရှိ၏။
ရွှယ်မျိုးနွယ်နှင့် တောင်ပင်လယ်ဓားဂိုဏ်းတို့က ဤရေယာဉ်များကို ထောက်ပံ့ရန် ဘာကို အမှီပြုထား သနည်း။ ဤမျှ များပြားသည့် လူအင်အားကို ထောက်ပံ့ရန် မည်သည့် နေရာက ရသနည်း။ ရွှယ်မျိုးနွယ်စုက ရေပြင်ကုန်သွယ်ရေး လမ်းကြောင်းတွင် ဝေစုများ ရရှိခြင်း မရှိချေ။ ရွှယ်မျိုးနွယ်စုက တောင်ဘက် ပင်လယ်ပြင်တွင် တခြား ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုကို ဖွင့်လှစ်ထားခြင်းလား။
ရှေးဟောင်း အမွေအနှစ်ကို ကာကွယ်ဖို့နှင့် ပတ်ဝန်းကျင် ပင်လယ်ပြင်ကို ရှင်းလင်းဖို့အတွက် ရွှယ်မျိုးနွယ်စုနှင့် တောင်ပင်လယ်ဓားဂိုဏ်းတို့က ရေယာဉ် အများအပြားကို စေလွှတ်ခဲ့၏။ နှစ်ဖက်ကြား ဆက်ဆံရေးက ထင်မှတ်ထားသည့်ထက် ပိုမိုကာ ရင်းနှီးပုံ ပေါ်နေ၏။ အခြေအနေက အလွန် ရှုပ်ထွေးပုံပင်။
ရွှယ်မျိုးနွယ်စုက ရှမ့်လန်၏ သေမျိုးရန်သူ ဖြစ်၏။ မင်းသားကျင်းနှင့် တိုက်ပွဲပြီးနောက် ရွှယ်မျိုးနွယ်စုကို ဖျက်ဆီးရန် အချိန်နီးကပ်လာပြီ ဖြစ်၏။ ယခု ကြည့်ရသည်မှာ ရွှယ်မျိုးနွယ်စုကို ဖျက်ဆီးခြင်းက စုနန်ကို သတ်ခြင်းထက် ပိုမိုကာ ခက်ခဲနိုင်ဖွယ်ရာ ရှိ၏။
စုနန်က အလွန် ထူးချွန်ပြီး ရည်မှန်းချက် ကြီးမားသည့် သူရဲကောင်း တစ်ဦး ဖြစ်၏။ သို့သော်ငြား သူက သူ၏ အင်အား အားလုံးကို ပုန်ကန်မှုတွင် အသုံးပြုခဲ့၏။ ရှမ့်လန်ကို ကိုင်တွယ်ရန် ကျန်ရှိသည့် အင်အား ပမာဏက တကယ်ပင် နည်းပါးခဲ့သည်။
ရွှယ်မျိုးနွယ်စုမှာမူ ပုန်ကန်ခြင်း မပြုခဲ့ချေ။ ရှမ့်လန်က ရွှယ်မျိုးနွယ်စုကို ဖျက်ဆီးချင်သည်နှင့် တပြိုင်နက် သူက ဧရာမ သတ္တဝါကြီး တစ်ကောင်၏ အစွမ်းကုန် တိုက်ခိုက်မှုကို ရင်ဆိုင်ရမှာ ဖြစ်၏။
တတိယ မင်းသား၊ ကျုံးယောင်၊ ရွှယ်မျိုးနွယ်စုနှင့် ရေနက်တပ်ဖွဲ့တို့က တစ်ဖွဲ့တည်း ဖြစ်၏။ သူတို့ကို ဖျက်ဆီးလိုလျှင် အားလုံးကို ဖျက်ဆီးရမည်။
ရွှယ်မျိုးနွယ်စုက ထင်မှတ်ထားသည်ထက် ပိုမိုကာ အင်အား ကြီးမား၏။ ယခု လူတိုင်း မြင်တွေ့နေရသည့် ရွှယ်မျိုးနွယ်စုက ရေမျက်နှာပြင်ပေါ်ရှိ ရေခဲတောင်ထိပ်ဖျားနှင့် ဆင်တူလှပြီး ကျန်ရှိသည့် ၉၀ ရာခိုင်နှုန်းကတော့ ရေအောက်ထဲတွင် ရှိနေ၏။ ထို့ပြင် ရွှယ်မျိုးနွယ်စု၊ တောင်ပင်လယ်ဓားဂိုဏ်းနှင့် စေတီတောင်၏ ဆက်ဆံရေးက ဘာဖြစ်သနည်း။
ရှမ့်လန်က ဦးနှောက်ကို အလွန် လျင်မြန်စွာ အလုပ်ပေးလိုက်၏။ ရွှယ်မျိုးနွယ်စုကို မည်သို့ ဖျက်ဆီး ရမည်နည်း ဆိုသည်ကို စဉ်းစားနေ၏။ ရွှယ်မျိုးနွယ်စုကို ဖျက်ဆီးရန် တောင်ပင်လယ်ဓားဂိုဏ်းကို အရင် ဖျက်ဆီးရပေမည်။ တောင်ပင်လယ်ဓားဂိုဏ်းက ပင်လယ်ပြင်တွင် တစ်ဦးတည်း ဖြစ်နေ၏။ ထိုသူတို့ကို ဖျက်ဆီးဖို့ရန် တောင်ပင်လယ်ဓားဂိုဏ်း၏ ရေယာဉ်များကို အရင်ဆုံး ဖျက်ဆီးရပေမည်။
မည်သို့ ဖျက်ဆီးရမည်နည်း။
အချိန်အခါနှင့် နေရာဒေသကို မည်သို့ အသုံးချရမည်နည်း။
ရှမ့်လန်က ခေါင်းခြောက်အောင် စဉ်းစားနေ၏။ ပါရမီရှင် ဆိုသည်က မည်သည့်အရာ ဖြစ်သနည်း။ ရက်ပေါင်း ၂၀၀ လောက် ကြိုတင်ပြီး မည်သူ့ကို ဒုက္ခ ပေးရမည်နည်းကို စဉ်းစားနိုင်သူက ပါရမီရှင်ပင် ဖြစ်၏။
ယခု မင်းသားကျင်းကို မဖျက်ဆီးရခင်မှာဘဲ ရှမ့်လန်က ရွှယ်မျိုးနွယ်စုကို မည်သို့ ဖျက်ဆီးရမည်ဖြစ်ကြောင်း စတင် စဉ်းစားနေပြီ ဖြစ်၏။ ရှမ့်လန်က သေချာ လေ့လာကြည့်ရှုပြီး ထိုကျောက်မဲကျွန်းပေါ်တွင် လှမ်းလျှောက်ကာ ရာသီဥတုနှင့် ဒီရေများကို သေချာ ကြည့်ရှု၏။ တစ်ခါတရံတွင် သူက တွားသွားကာဖြင့် ကျောက်မဲ ကျွန်းပေါ်သို့ နားကပ်ကာ နားထောင်တတ်သေးသည်။
ရှမ့်လန်က မျက်လုံးမှိတ်ပြီး ဤပင်လယ်ပြင်၏ မြေပုံကို ပြန်လည် အမှတ်ရရန် စတင် ကြိုးစား၏။ တောင်ပင်လယ်ဓားဂိုဏ်းက ဤကျောက်မဲကျွန်းနှင့် မဝေးပေ။ အနာဂတ်၌ တောင်ပင်လယ်ဓားဂိုဏ်းကို ဖျက်ဆီးချင်လျှင် ဤကျောက်မဲကျွန်း သို့မဟုတ် ရှေးဟောင်း အမွေအနှစ် နယ်မြေက အသုံးဝင်လာမည်လား။ ဟုတ်ပေ၏။ ဤအရာကိုလည်း ထည့်သွင်း စဉ်းစားရန်သင့်၏။
ရန်နန်ဖေးက စေတီတောင်သခင်ကို ဂါရဝပြုလိုက်၏။ ပြီးနောက် သူက ဥပဒေအခြေပြုခန်းမမှ အကြီးအကဲခုန်းနှင့် လျှို့ဝှက်စကား ပြောဆိုသည်။ “အဲဒီ ကောင်စုတ်လေးက စေတီတောင်ကို ဝင်လာခဲ့တယ်။ ဘာလို့ အစ်ကိုတော်က သူ့ကို အရင် မသတ်ခဲ့ရတာလဲ။”
အကြီးအကဲခုန်းက ပြော၏။ “ဝူတူကျိက သူ့ကို အသက်နဲ့လဲပြီး ကာကွယ်ပေးခဲ့တယ်။ ပြီးတော့ ရှေးဟောင်း အမွေအနှစ် နယ်မြေရဲ့ ဝင်ပေါက် လျှို့ဝှက်ချက်ကို ရှမ့်လန် ဖြေရှင်းနိုင်ဖို့ သူက ပန်းသစ်တောခန်းမရဲ့ အကြီးအကဲနေရာနဲ့ လဲလှယ်ဖို့တောင် ဆန္ဒ ရှိခဲ့တယ်။ သူ တကယ် အဲလိုမျိုး ဖြေရှင်းနိုင်မယ်လို့လည်း ကျုပ် မထင်ခဲ့ဘူးလေ။”
ရန်နန်ဖေးက ပြောလိုက်သည်။ “အဲဒီ ကောင်လေးက အခု ကျွန်းပေါ်မှာ တစ်ယောက်တည်း ရှိနေတာ။ သူ့ကို သတ်လို့ ရမလား။”
“မရဘူး။”
အကြီးအကဲခုန်းက ပြောလိုက်၏။ “တောင်သခင်က ပြောခဲ့ပြီးပြီ။ ဒီလူက သေချာပေါက် သင်္ချာ ပါရမီရှင် တစ်ယောက်ပဲ။ ရှေးဟောင်းအမွေအနှစ် နယ်မြေထဲမှာ ဖြေရှင်းရမယ့် နေရာတွေ အများကြီး ရှိနိုင်တယ်။ ဒါကြောင့် အနာဂတ်မှာ အသုံးဝင်လာလိမ့်မယ်။”
ရန်နန်ဖေး၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ထိုမျက်လုံးများဆီမှ အေးစက်သည့် အလင်းရောင် တစ်ချက် လင်းလက်သွားသည်။
အကြီးအကဲခုန်းက ဆက်ပြော၏။ “နင်ယွမ်ရှန်းက ကျုပ်တို့ကို ထပ်တလဲလဲ သတိပေးထားတယ်။ စေတီတောင်အနေနဲ့ ရွှဲ့ပြည်နယ်ရဲ့ ကိစ္စကို ဝင်ပြီး မစွက်ဖက်ဖို့၊ ရှမ့်လန်ကို မထိဖို့။ သခင်ကြီးဆီ စာသုံးစောင် ရေးသား ပေးပို့ခဲ့တယ်။ ဘာပဲပြောပြော စေတီတောင်ရဲ့ နယ်မြေက အနောက်ဘက်မှာ ရှိနေတာ။ သူတို့ နယ်မြေကျော်လာရင် ကောင်းကင်ပင်လယ်နန်းဆောင်က သဘောကျမှာ မဟုတ်ဘူး။ အင်ပါယာကလည်း သဘောကျမှာ မဟုတ်ဘူး။”
ရန်နန်ဖေးက မဲ့ပြုံးလိုက်၏။ “ကျုပ်တို့ရဲ့ ရွှဲ့ဘုရင်က သူ့ကိုယ်သူတောင် မကာကွယ်နိုင်ဘဲနဲ့ ရှမ့်လန်ကို ဂရုစိုက်ဖို့ စိတ်ကူး ရှိနေသေးတာလား။ ဒီနှစ်ယောက်က တကယ်ပဲ လိုက်ဖက်ညီတယ်။”
အကြီးအကဲခုန်းက ပြောလိုက်သည်။ “တောင်သခင် ပြောတာကတော့ နန်းတွင်းကိစ္စကို နန်းတွင်းမှာပဲ ဖြေရှင်းသင့်တယ်တဲ့။ ကျုပ်တို့ သဘာဝလွန်အင်အားစုတွေက တခြားနိုင်ငံတွေရဲ့ နန်းတွင်းရေးရာကိစ္စထဲ ဝင်ပြီး မစွက်ဖက်သင့်ဘူး။ အကယ်၍ ကျုပ်တို့က တော်ဝင်အင်ပါယာကို အမျက်ဒေါသ ထွက်စေမယ် ဆိုရင် ရတာထက်ပိုပြီး ဆုံးရှုံးတာတွေ များလိမ့်မယ်။”
ဤလူက တော်ဝင်အင်ပါယာကို သာမန် ပြည်သူများထက် ပိုမိုကာ လေးစားသလို အမြဲ ယဉ်ကျေးစွာ ပြောဆိုတတ်၏။ ရန်နန်ဖေးက ရှမ့်လန်၏ ကိစ္စကို ဆက်မပြောတော့ချေ။
“အင်း.. အစ်ကိုခုန်း၊ တောင်ပင်လယ်ဓားဂိုဏ်းက စေတီတောင်ပေါ် သစ္စာရှိတယ်။ ဒီတစ်ကြိမ်မှာ ရှေးဟောင်း အမွေအနှစ် နယ်မြေ ပတ်ဝန်းကျင်က ပင်လယ်ပြင်ကို ကာကွယ်ဖို့ ကျုပ်တို့ရဲ့ ရေယာဉ်တွေက အစွမ်းကုန် ကြိုးစားခဲ့တယ်။ စေတီတောင်ရဲ့ ဆန်းကြယ်တဲ့ယဉ်ကျေးမှုဆီက လက်နက်တချို့နဲ့ စာအုပ်တချို့ကို ကျုပ်တို့ဆီ ပေးနိုင်မလား။”
ရန်နန်ဖေးက ပြောလိုက်သည်။ “ကျုပ်တို့ တောင်ပင်လယ်ဓားဂိုဏ်းက ပိုပြီး အားကောင်းလာလေ ၊ စေတီတောင်ရဲ့ အာဏာက ပိုပြီး ကြီးမားလာလေ ဖြစ်မှာပါ။”
အကြီးအကဲခုန်းက ပြောလိုက်၏။ “စိတ်မပူနဲ့။ ကျုပ် တာဝန်ခံကို ပြောခဲ့ပြီးပြီ။ ခန်းမဆောင်ကတောင် စပြီး စီစဉ်နေပြီ။ ရက်အနည်းငယ်အတွင်း စာအုပ်တွေ၊ လက်နက်တွေ အများအပြားကို တောင်ပင်လယ် ဓားဂိုဏ်းဆီ ရောက်လာပါလိမ့်မယ်။ လက်ခံဖို့သာ ပြင်ထားလိုက်တော့။”
ရန်နန်ဖေးက ဆိုသည်။ “ကျေးဇူးတင်ပါတယ် တောင်သခင်”
တောင်ပင်လယ်ဓားဂိုဏ်း၏ ခေါင်းဆောင်၊ ရန်နန်ဖေးက တစ်နာရီခန့် နေထိုင်ပြီး ပြန်လည် ထွက်ခွာသွား၏။
ရှမ့်လန်က ကျောက်မဲကျွန်း တစ်ခုလုံးကို ဆက်လက်ကာ စူးစမ်းလေ့လာ၏။ သူက ပတ်ဝန်းကျင်တွင် မရေတွက်နိုင်သည့် တောင်ပင်လယ်ဓားဂိုဏ်းမှ တပည့်များနှင့် စေတီတောင်တပည့်များ ဝင်ထွက် သွားလာနေသည်ကို မြင်ရ၏။ သူတို့က ခံတပ်နှင့် ခံစစ်စည်းများကို တည်ဆောက်နေကြသည်။ လူတိုင်းက ရှမ့်လန်ကို မမြင်ချင်ယောင် ဆောင်ထားကြသည်။
တစ်ပတ်ပြည့်အောင် လှည့်ပတ် ကြည့်ပြီးနောက် ရှမ့်လန်က ရှေးဟောင်း အမွေအနှစ် နယ်မြေ ဝင်ပေါက်သို့ ပြန်ရောက်လာ၏။ သူက စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေမိ၏။ ရှေးဟောင်း အမွေအနှစ် နယ်မြေထဲတွင် ဘာတွေ ရှိသနည်း။ အကယ်၍ အခြားအချိန်သာ ဆိုပါက ရှမ့်လန်က အကြောင်းအရာ အများအပြားကို သိချင်နေလိမ့်မည်။
သို့သော်ငြား ယခု အချိန်တွင် သူက အရာ တစ်ခုတည်းကိုသာလျှင် ဂရုစိုက်၏။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ ရှိရဲ့လား။ လောကကြီးရှိ ရတနာ အားလုံးကို သူ့ရှေ့ လာပုံပေးလျှင်တောင် ထိုအရာများက မူလန်နှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်ဘုံက သူ့ကို ကောင်းချီးပေးဖို့ မျှော်လင့်မိ၏။ ရှေးဟောင်း အမွေအနှစ် နယ်မြေထဲတွင် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ ရှိပါစေဟု သူက ဆုတောင်းနေမိ၏။
ဝူတူကျိ ပြောဖူးသည်မှာ ရှေးဟောင်း အမွေအနှစ် နယ်မြေတွင် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ ပါနိုင်ချေက ခြောက်ပုံ တစ်ပုံ ဖြစ်၏။ ဆိုလိုသည်က လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ အတွင်း ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ တစ်ခုသာ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင် မူလန်ကို ကယ်တင်နိုင်ပါမည်လား။ ကံတရားအတိုင်းပင်။
အဘယ်ကြောင့် ဝူတူကျိက ထွက်မလာသေးသနည်း။ ရှမ့်လန်က ပိုမိုကာ စိုးရိမ်လာခဲ့၏။ ကောင်းကင်က လည်း ပိုမိုကာ မှောင်လာ၏။ နေမင်းက အနောက်ဘက်သို့ တဖြည်းဖြည်း ဝင်ရောက်သွား၏။ ရှမ့်လန်က ပိုမိုကာ တုန်လှုပ်လာခဲ့၏။ အနည်းငယ်ပင် ကြောက်လန့်လာခဲ့၏။
အကယ်၍ ဝူတူကျိသာ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေကို ရှာမတွေ့ခဲ့သည် ဆိုပါက ရှမ့်လန် ကိုယ်တိုင် ရှေးဟောင်းအမွေအနှစ် နယ်မြေထဲသို့ ဝင်ရပေမည်။ ပြီးနောက် ကိုယ်တိုင် ရှာဖွေရပေမည်။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ မရှိလျှင်တောင် မူလန်ကို ကယ်တင်ရန် တစ်ခုခုတော့ ရှိရပေမည်။
ရှေ့မှနေ၍ ရင်းနှီးသည့် ရနံ့ တစ်ခုက လွင့်ပျံလာ၏။ ဝူတူကျိ ထွက်လာခဲ့၏။ သူမက အကာအကွယ် ဝတ်စုံကို တစ်ခါတည်း ဆွဲဖြဲပြီး သက်ပြင်းရှည်ကြီးကို ချ၏။
“ဂုဏ်ယူပါတယ် ရှမ့်လန်... မင်းရဲ့ မိန်းမကို ကယ်တင်လို့ ရပြီ။ ငါ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေကို တွေ့ခဲ့ပြီ။”
ဝူတူကျိက ရှမ့်လန်ကို ကြည့်လိုက်သည်။ “သူက နိုးလာမယ့်အပြင် ဒုတိယမျိုးဆက်ရဲ့ သွေးမျိုးဆက်ဗီဇ ပြောင်းလဲသူ တစ်ယောက်ပါ ဖြစ်သွားလိမ့်မယ်။”
ပြီးနောက် ဝူတူကျိက ကျောက်စိမ်းပုလင်းတစ်ခုကို ရှမ့်လန်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ရှမ့်လန်က တကယ်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိ၏။ ကောင်းကင်ဘုံက သူ့ကို သနားခဲ့၏။ ကောင်းကင်ဘုံက နောက်ဆုံးတော့ သူ၏ မိန်းမ မူလန်ကို စောင့်ရှောက်ခဲ့၏။
“မူလန်... ငါ့ကို စောင့်နေနော်။ မူလန်... ငါ မင်းကို လာကယ်တော့မယ်”
...........
ရှမ့်လန်က သူ၏ လက်ထဲမှ ကျောက်စိမ်းပုလင်းကို သေချာစွာ ဆုပ်ကိုင်ထား၏။ ထိုအရာက ကြည်လင်လျက် ရှိနေပြီး အထဲတွင် ဆေးသုံးလုံး ပါရှိ၏။ ရှမ့်လန်က အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ ထိုအရာအားလုံးက ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေများ ဖြစ်နေသည်လား။ အဘယ်ကြောင့် ဆေးလုံးပုံစံ ဖြစ်နေရသနည်း။ ရိုးတွင်းခြင်ဆီထဲသို့ ထိုးသွင်းရမည် မဟုတ်ပေဘူးလား။ တိုက်ရိုက် စားသုံးရမည်လား။
ဝူတူကျိက ပြောလိုက်၏။ “ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေက ဆေးလုံးလေးတွေထဲမှာ ရှိနေတာ။ ဒါမှ နှစ်ပေါင်း မရေမတွက်နိုင်အောင် သိုလှောင်ထားလို့ ရမှာပေါ့။ လိုအပ်တဲ့ အချိန်မှာ ဖွင့်ပြီး သုံးလို့ ရမှာလေ။”
ရှမ့်လန်က မေးလိုက်သည်။ “ကျန်တဲ့ အလုံးကရော ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေပဲလား။”
ဝူတူကျိက ပြောလိုက်၏။ “ငါလည်း မသိဘူး။ ဒါပေမယ့် ပုံပန်းသဏ္ဍာန်အရ ဆိုရင်တော့ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ မဟုတ်လောက်ဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “ဆရာ... ဒီ နှစ်ခုကို မလိုချင်ဘူးလာ။”
ဝူတူကျိက ပြောလိုက်၏။ “ငါက ငါ့ရဲ့ သုတေသနတွေကိုပဲ အာရုံစိုက်တယ်။ အကယ်၍ မင်းသာ ဒီနှစ်ခုကို ငါ့ကိုပေးမယ်ဆိုရင် ငါ့ရဲ့ စွမ်းအင်တွေကို ထိခိုက်နိုင်စေလိမ့်မယ်။ ငါ ဒီအရာတွေအတွက် အလုပ်ရှုပ် မခံနိုင်ဘူး။”
ရှမ့်လန်က နားလည်လိုက်၏။ ဝူတူကျိက တကယ့် အထူးသိပ္ပံပညာရှင် တစ်ယောက်ဖြစ်ပြီး ဆန်းကြယ် လွန်းသည့် အရာများကို အလွန်အမင်း စိတ်ဝင်စားတတ်သူ ဖြစ်၏။ သူမ၏ စူးစမ်းလိုစိတ်ကို ထိန်းချုပ်ရန်၊ စိတ်အာရုံမထွေပြားစေရန် ၊ သုတေသနပေါ်တွင်သာ အာရုံစိုက်နိုင်ရန် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးထားသည်။
အပိုင်း (၆၂၀)
သူမက ရှေးဟောင်း အမွေအနှစ် နယ်မြေကို ဂရုမစိုက်ခဲ့ချေ။ ကျောက်စိမ်းပုလင်းထဲမှ တခြား အရာနှစ်ခုကို သူမ ဂရုမစိုက်ချေ။ ထိုအစား သူမက ရှမ့်လန် လက်ထဲသို့သာ ပေးလိုက်ခြင်း ဖြစ်၏။ အကယ်၍သာ သူမ လက်ထဲတွင် ထားသည် ဆိုပါက အဘယ်သို့ ဖြစ်မည်နည်း။
စူးစမ်းလိုစိတ်ကြောင့် ဒုက္ခရောက်ပေလိမ့်မည်။ အထဲတွင် ဘာရှိသည်ဆိုသည်ကို သူမက အမြဲ တွေးတောနေပေလိမ့်မည်။ ဖွင့်ကြည့်ပြီးသည့်နောက် အထဲရှိ ပစ္စည်းက အလွန် ဆန်းကြယ်နေလျှင် ကိစ္စပြတ်၏။ သူမက ထိုအရာများကို ဆက်လက်၍ လေ့လာချင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမ၏ မူလ သုတေသန စီမံကိန်း တစ်ခုလုံးက ကြန့်ကြာသွားမည် မဟုတ်ပါလား။
ရှမ့်လန်က ဥပမာ တစ်ခုပင်။ မူလတုန်းက သူမက အဆင့်မြင့် အထူးဇီဝ ပိုးကောင်များကို မွေးမြူချင်သည့် သုတေသန အပေါ်သာ အာရုံစိုက်ခဲ့၏။
ရှမ့်လန် ရောက်ရှိလာပြီးနောက် ရှမ့်လန်၏သွေးက အဆင့်မြင့် ဇီဝပိုးကောင် အားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။ ခြေရာလက်ရာ မကျန်ဘဲ ပျောက်ကွယ်သွား စေခဲ့၏။ ဤအရာက ဆန်းကြယ်လွန်းနေ၏။ အလွန်အမင်း ထူးဆန်းလွန်း၏။ ထို့ကြောင့် သူမက ရှမ့်လန်ကို လေ့လာရပေတော့မည်။ သူမ၏ သုတေသန ဦးတည်ချက်ကို ပြောင်းလဲလိုက်ရ၏။ အကယ်၍ ဦးတည်ချက် ထပ်ပြောင်းမည်ဆိုလျှင် သူမ၏ သုတေသန လမ်းကြောင်း တစ်ခုလုံးက သွေဖယ်သွားမည်ဟု ခံစားမိ၏။ ထို့ကြောင့် မည်သူမှ သူမကို လာရောက်ကာ မြူစွယ်ရန် မသင့်တော့ချေ။
ရှမ့်လန်က ပုလင်းကို အိတ်ကပ်ထဲ ထည့်၏။ “ဆရာ... ကျုပ် သွားတော့မယ်။”
သူက ဤနေရာ၌ ခဏလေးပင် မနေချင်တော့ပေ။ အိမ်သို့ အမြန်ဆုံး ပြန်ချင်သည်။
ဝူတူကျိက ပြောလိုက်၏။ “ငါလည်း မင်းနဲ့အတူ လိုက်မယ်။”
ရှမ့်လန်က ကြောင်အသွား၏။ ကျုပ်နှင့်အတူ လိုက်မည်ဆိုသည်က မည်သည့် အဓိပ္ပာယ် ဖြစ်သနည်း။ မြောက်ဘက်ကို လမ်းကြုံလိုက်ပြီး စေတီတောင်ကို ပြန်မည်လား။ သို့မဟုတ် ရွှမ်ဝူနယ်စား အိမ်တော်ဆီသို့ လိုက်ခဲ့မည်လား။
ဝူတူကျိက ပြောလိုက်သည်။ “ရွှမ်ဝူနယ်စားအိမ်တော်အထိ မင်း နောက်ကို လိုက်မှာ။”
ဝူတူကျိက ဆက်ပြောလိုက်၏။ “ငါ့ရဲ့ အဖေ ကျရှုံးခဲ့ပေမယ့် မင်းက အောင်မြင်ခဲ့တယ်။ ဒါကြောင့် ငါ စောင့်ကြည့်ချင်တယ်။”
ရှမ့်လန်က နားလည်လိုက်၏။ ဝူတူကျိက လုံးဝ နှလုံးသားမဲ့သူ တစ်ယောက် မဟုတ်ချေ။ အနည်းဆုံး သူမက မိခင်ဖြစ်သူအပေါ် အပြစ်ရှိစိတ်ဖြင့် ပြည့်နှက်နေခဲ့၏။ ပြောရမည်ဆိုလျှင် သူမ၏ မိခင်က သူမကို မွေးဖွားရင်း သေဆုံးခဲ့ရခြင်း ဖြစ်၏။ သူမ၏ ဖခင်က မိခင်ဖြစ်သူ၏ အသက်ကို ကယ်တင်ရန် အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။
ယခု ရှမ့်လန်က ကျင်းမူလန်ကို ကယ်တင်နိုင်ခြင်းက ဝူတူကျိအတွက် စိတ်သက်သာရာ ရစေမည့် အရာတစ်ခုပင် ဖြစ်၏။ ဝူတူကျိက သူမ၏ နှလုံးသားထဲမှ နောင်တများကို ပြန်လည် ကုစားနိုင်ရန် သွေးမျိုးဆက်များကို တစ်ဘဝလုံး သုတေသန ပြုလုပ်နေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပါပြီ။ ဆရာကို ကြိုဆိုပါတယ်။”
ပြီးနောက် သူတို့ နှစ်ယောက် ကျောက်မဲကျွန်းမှ ထွက်ခွာကြ၏။ စေတီတောင်သခင်က စာအုပ်တစ်အုပ်ကို ဖတ်နေ၏။ ဝူတူကျိ ထွက်ခွာသွားမည်ကို မြင်သည့် အချိန်မှာတော့ မနေနိုင်ဘဲ လှမ်းကာ ပြောသည်။ “ယုန်လေး... မင်း သွားတော့မလို့လား။”
ဤတစ်ကြိမ်မှာတော့ ရှမ့်လန်က ရှင်းရှင်းလင်းလင်း ကြားရ၏။ စေတီတောင်သခင်က ဝူတူကျိလို့ မခေါ်ဘဲ ယုန်လေးဟု ခေါ်နေ၏။
“ဟုတ်ပါတယ်။”
စေတီတောင်သခင်က ရှမ့်လန်ကို တစ်ချက် ကြည့်ပြီး မျက်မှောင်ကြုတ်၏။ သူက တစ်စုံတစ်ခု ပြောချင်နေပုံရသော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ချေ။ “ကဲကဲ ... သွားကြတော့။”
ရှမ့်လန်နှင့် ဝူတူကျိတို့က ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာ၏။ သူတို့က လှေငယ်တစ်စင်းပေါ်တွင် ဓားဘုရင် လီချင်းချိုး ရှိနေကြောင်း မြင်ရ၏။ ဝူတူကျိနှင့် ရှမ့်လန်ကို ပို့ဆောင်ပေးခဲ့သည့် သင်္ဘောကြီးက ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။
လီချင်းချိုးက ပြောလိုက်၏။ “အဲဒီသင်္ဘောက တောင်ပင်လယ်ဓားဂိုဏ်း ပိုင်တာ။ သူတို့ ပြန်သိမ်းသွားခဲ့ပြီ။”
ရှမ့်လန်က နားလည်လိုက်၏။ တောင်ပင်လယ်ဓားဂိုဏ်းက ရှမ့်လန်ကို သင်္ဘောဖြင့် အိမ်ပြန်ပို့ရန် ဆန္ဒ မရှိခြင်းပင်။ ရှမ့်လန်က ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေများကို ရရှိထားသည် ဆိုလျှင်တောင် တောင်ပင်လယ်ဓားဂိုဏ်းက သင်္ဘောကို ပေးမည် မဟုတ်ချေ။
အကယ်၍ ရှမ့်လန်သာ အချိန်မီ ပြန်မရောက်နိုင်ပါက ကျင်းမူလန် သေဆုံးရမည် မဟုတ်လား။ ထို့အပြင် ဤကဲ့သို့ သေဆုံးခြင်းက ပိုမို၍ မျှော်လင့်ချက် ကင်းမဲ့စေ၏။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေကို ရရှိခဲ့ပြီးသား ဖြစ်သော်လည်း အချိန်ကြန့်ကြာမှုကြောင့် သေဆုံးခဲ့ရခြင်း။ ရန်နန်းဖေးက ရှမ့်လန်နှင့် မတွေ့ဖူးသော်လည်း တကယ်ပင် ယုတ်မာခဲ့၏။ သူက ကျင်းမူလန်ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် သတ်ဖြတ်လိုခြင်း ဖြစ်၏။
ဝူတူကျိ၏ မျက်နှာထားက ပြောင်းလဲသွား၏။ သူမက သစ်သားပျဉ်ချပ်တချို့ကို နင်းကာဖြင့် ပင်လယ်ထဲသို့ ပြေးဝင်၏။ ပြီးနောက် သင်္ဘောတစ်စင်းဆီသို့ ရေကူးသွား၏။ သင်္ဘောတစ်စင်း၏ ရှေ့သို့ ရောက်သည့် အချိန်မှာတော့ ဝူတူကျိက အေးစက်စက်နှင့် ပြောလိုက်သည်။ “ငါက စေတီတောင်၏ အကြီးအကဲ ဝူတူကျိပဲ။ မင်းတို့ရဲ့ သင်္ဘောကို အသုံးပြုဖို့ ယူရမယ်”
“တောင်းပန်ပါတယ် ဂိုဏ်းချုပ်က အမိန့်ပေးထားလို့ပါ။ သင်္ဘောအားလုံး ပတ်ဝန်းကျင်ရေပြင်ကို စောင့်ကြည့် စစ်ဆေးတဲ့နေရာမှာ ပါဝင်ရမယ်။ ဒီနေရာကနေ ထွက်ခွာခွင့် မရှိပါဘူး။” ဦးဆောင်သည့် လူတစ်ယောက်က ဝူတူကျိကို ချက်ချင်းပင် ငြင်းပယ်၏။
ဝူတူကျိက အေးစက်စက်နှင့် ပြောလိုက်သည်။ “ငါက စေတီတောင်၏ အကြီးအကဲနော်။”
ထိုအချိန်မှာပင် စေတီတောင်၏ ဥပဒေအခြေပြုခန်းမမှ အကြီးအကဲခုန်းက ထွက်လာပြီး တည်တည်ငြိမ်ငြိမ် နှင့် ပြောသည်။ “ဆရာတူညီမလေးဝူ... တောင်ပင်လယ်ဓားဂိုဏ်းက ငါတို့ကို အများကြီး ကူညီပေးခဲ့ပြီးပြီ။ ငါတို့က ဘာလို့ သူ့ကို အခက်တွေ့အောင် လုပ်နေရမှာလဲ။ မင်း ဒီကို ရောက်နေပြီ ဆိုမှတော့ နောက်ထပ် ရက်အနည်းငယ်လောက်နေပြီး ရှေးဟောင်းအမွေအနှစ် နယ်မြေကို လေ့လာဖို့ တောင်သခင်ကို ကူညီပေးလိုက်ပေါ့။”
ဝူတူကျိက အေးစက်စက်နှင့် တုံ့ပြန်၏။ “ရှမ့်လန်က ရှေးဟောင်းအမွေအနှစ် နယ်မြေ၏ ဝင်ပေါက်ကို ဖွင့်ပေးခဲ့တယ်။ သူက ကြီးမားတဲ့ အကျိုးပြုမှုကို လုပ်ခဲ့တယ်။ ငါတို့က သင်္ဘောတစ်စင်းတောင် ယူသုံးခွင့် မရှိဘူးလား။”
အကြီးအကဲခုန်းက ပြောလိုက်သည်။ “သူက အရမ်းကြီးမားတဲ့ အကျိုးပြုမှု လုပ်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ငါတို့ သူ့ကို ဆုချပေးပြီးပြီ။ မင်း သူ့ကို ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ ပေးလိုက်ပြီ မဟုတ်လား။ ပြီးတော့ တောင်သခင်က တံဆိပ်ပြား အတုလုပ်မှုအတွက် သူ့ကို လွတ်ငြိမ်းခွင့် ပေးခဲ့ပြီ။ ဘာလိုချင်သေးတာလဲ။”
မည်သို့ပင်ဆိုဆို ရန်နန်းဖေးနှင့် အကြီးအကဲခုန်းတို့က သင်္ဘောကို ငှားပေးလိမ့်မည် မဟုတ်ချေ။ ဝူတူကျိက ဒေါသထွက်လွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူမက ပင်လယ်ထဲသို့ ခုန်ဆင်းပြီး ကျွန်းပေါ်သို့ ပြန်ကူး၏။
ဝူတူကျိက ရှမ့်လန်ကို ပြောသည်။ “ငါ တောင်သခင်ကို သွားရှာမယ်။”
ရှမ့်လန်က ခေါင်းခါယမ်းလိုက်၏။ “မလိုတော့ပါဘူး ဆရာ... ကျုပ်တို့ လှေငယ်လေးနဲ့ပဲ လှော်ခတ် သွားကြတာပေါ့။”
ဝူတူကျိက ရှမ့်လန်ကို မယုံကြည်နိုင်သလို ကြည့်၏။ “မင်း ရူးသွားပြီလား။ သို့မဟုတ် ငါပဲ ရူးသွားတာလား။ ကုန်းမြေနဲ့ မိုင်ထောင်ချီ ဝေးကွာ၏။ ဒီလှေငယ်လေးနဲ့လား။”
ထို့ပြင် ရေစီးကြောင်းက တောင်ဘက်သို့ စီးဆင်းနေ၏။ လှော်သွားမည်ဆိုလျှင် အိမ်ပြန်ရောက်ဖို့ မည်မျှတောင် ကြာမည်နည်း။ ထိုအချိန်ဆိုလျှင် ကျင်းမူလန်၏ အသက်ကို မှီနိုင်လိမ့်မည်မဟုတ်ချေ။ ထို့ပြင် ဤကဲ့သို့သော လှေငယ်လေးမျိုးက ခရီးဝေးသွား၍ မရချေ။ လှိုင်းကြီး တစ်ချက်လောက် ပုတ်လိုက်သည်နှင့် မှောက်သွားပေမည်။
ရှမ့်လန်က ပြောလိုက်သည်။ “ဆရာ... ကျုပ်ကို ယုံပါ”
ဝူတူကျိက ရှမ့်လန်ကို တစ်ချက် လှမ်းကြည့်ပြီးနောက် လှေပေါ်သို့ တက်၏။ လှေငယ်လေးက အမှန်ပင် သေးငယ်လွန်း၏။ လူသုံးယောက်အတွက်ပင် ကျပ်လို့နေ၏။
ဓားဘုရင် လီချင်းချိုးက လှော်တက်ကို ကိုင်ပြီး အားကုန်သုံးကာ လှော်ခတ်၏။ လှေငယ်လေးက တောင်ဘက်သို့ စီးဆင်းနေသည့် ရေစီးကြောင်းကို ဆန့်ကျင်ကာ မြောက်ဘက်သို့ ခက်ခက်ခဲခဲ ဦးတည် ရွေ့လျားသည်။
ဓားဘုရင်၏ သိုင်းပညာက အလွန် မြင့်မားသည် ဆိုသော်လည်း သူ၏ အတွင်းအားကို လှေငယ်လေးထဲသို့ ထည့်သွင်း မောင်းနှင်၍ မရနိုင်ခဲ့ချေ။ လှော်တက်မှ ရရှိသည့် စွမ်းအင်ကလည်း အကန့်အသတ် ရှိ၏။ သို့ပေမည့် ဓားဘုရင် လီချင်းချိုးက ရှမ့်လန်ကို ယုံကြည်နေဆဲပင် ဖြစ်၏။ ထိုကဲ့သို့ပင် သူတို့ သုံးယောက်က လှေငယ်လေးကို စီးနင်းကာပင် မြောက်ဘက် အပိုင်းသို့ တဖြည်းဖြည်း ဦးတည်လာခဲ့၏။
“ဟား ဟား ဟား ဟား ဟား။”
တောင်ပင်လယ်ဓားဂိုဏ်းမှ တပည့်များက အားရပါးရ လှောင်ရယ်နေကြ၏။ “ရှမ့်လန်... လှေငယ်လေးနဲ့ အိမ်ပြန်မလို့လား။ အိမ်မက် မက်နေတာလား။ လှိုင်းသေးသေးလေး တစ်ချက်လောက်နဲ့ဆိုရင် ဒီလှေက ပျက်စီးသွားမှာပဲ။ လက်နဲ့ယက်ပြီး ပြန်ကြမှာလား။”
“ရှမ့်လန်... ရေကူးပြီး အိမ်ပြန်ရောက်တဲ့ အချိန်ဆို ကျင်းမူလန်က သေတာတောင် ကြာနေလောက်ပြီ။ ပုပ်ပွနေလောက်ပြီပဲ။”
တောင်ပင်လယ်ဓားဂိုဏ်းမှ တပည့်အားလုံးက ရှမ့်လန် ကျင်းမူလန်ကို ကယ်တင်ရန်အတွက် အိမ်ပြန်လောနေခြင်း ဖြစ်ကြောင်း သိရှိကြ၏။ လူတိုင်းက သူတစ်ပါး ဒုက္ခရောက်သည်ကို ကြည့်ပြီး ကျေနပ်သည့် မျက်လုံးများဖြင့် ကြည့်နေ၏။ ပင်လယ်ပြင်တွင် တစ်လက်မမှ ရှေ့ဆက်မတိုးနိုင်ရန်ပင် ဆုတောင်း၏။ ထိုသို့ဆိုလျှင် ကျင်းမူလန် သေဆုံးရပေလိမ့်မည်။
ဝူတူကျိက နှုတ်ဆိတ်နေ၏။ သို့သော်ငြား သူမ၏ ဆိုလိုရင်းက ရိုးရှင်း၏။ ‘တောင်းပန်ပါတယ် ရှမ့်လန်... အကြီးအကဲ တစ်ယောက်အနေနဲ့ ငါ့မှာ ဘာအာဏာမှ မရှိဘူး။ တောင်ပင်လယ်ဓားဂိုဏ်းကိုလည်း ငါ အမိန့်ပေးလို့ မရဘူး။’
ဝူတူကျိက မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို မသိချေ။ သူမ၏ ရာထူးက ကြီးမြင့်သော်လည်း စစ်သည် မရှိသည့် စစ်သူကြီး တစ်ဦးကဲ့သို့ပင် ဖြစ်၏။ သို့သော်ငြား သူမ၏ ဂုဏ်ဒြပ်အရ ဆိုလျှင် တောင်ပင်လယ်ဓားဂိုဏ်းမှ တပည့်များကို သေချာပေါက် အမိန့်ပေးနိုင်ရပေမည်။
သို့ပေမည့် စေတီတောင်၏ ဥပဒေအခြေပြုခန်းမမှ အကြီးအကဲခုန်းနှင့် ရန်နန်းဖေးတို့က လုံးဝ ဆန့်ကျင်ဘက် အမိန့်ကို ထုတ်ပြန်ထား၏။ သူတို့က သင်္ဘောငှားရန် ခွင့်မပြုဘဲ ကျင်းမူလန်ကို သေဖို့သာ ခွင့်ပြုခဲ့၏။ ထို့ကြောင့် ဝူတူကျိ၏ အမိန့်က အရာမထင်တော့ချေ။
ဓားဘုရင် လီချင်းချိုးက ပြောလိုက်၏။ “ရှမ့်လန်.. မင်း သိုင်းပညာ မသင်တာ မှန်တယ်။”
ဤစကားမျိုး လီချင်းချိုး ပြောသည်က ပထမဆုံးအကြိမ် မဟုတ်ချေ။ သူ၏ သိုင်းပညာက အလွန် မြင့်မား၏။ သိပ်ကို မြင့်မား၏။ ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် သူ့ကို ကျော်လွန်နိုင်သူက အနည်းငယ်သာလျှင် ရှိ၏။ သို့ပေမည့် ဘာထူးသနည်း။ သူ့၌ အာဏာ မရှိ။ ဩဇာ မရှိချေ။
သူ့၌ တောင်ပင်လယ်ဓားဂိုဏ်းနှင့် ရန်ငြိုး ရှိ၏။ သို့ပေမည့် ဘာထူးသနည်း။ တောင်ပင်လယ်ဓားဂိုဏ်းထဲသို့ ဝင်ရောက်ပြီး ထန်ယင်နှင့်အတူ အရူးအမူး သတ်ဖြတ်ပစ်နိုင်မည်လား။ လူ ဘယ်နှစ်ယောက်ကို သတ်ဖြတ်နိုင်မည်နည်း။ သူက သေရမည်ကို မကြောက်သော်လည်း သေပြီးလျှင် သူ၏ မိန်းမ ဘာဖြစ်သွားမည်နည်း။
“ငါတို့ သိုင်းပညာတွေ ဘယ်လောက်ပဲ မြင့်မားနေနေ ငါတို့က ဓားတစ်လက်ပဲ။ အဓိက သော့ချက်က ဓားကို ကိုင်ဆွဲတဲ့ လူပဲ။”
လီချင်းချိုးက ပြောလိုက်၏။ “ရှမ့်လန်... မင်းက ဓားကို ကိုင်ဆွဲမယ့် လူပဲ။ ပြီးတော့ ငါဆိုတဲ့ ဓားကို မင်း ပိုင်ဆိုင်တယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ဦးရီးတော် ဓားဘုရင်.. ကျုပ်တို့ ရောက်လုနီးပါး ဖြစ်နေပြီ။ ကျုပ်တို့ သိပ်ကြာကြာ စောင့်စရာ မလိုပါဘူး။ ကျုပ်တို့ ရွှယ်မိသားစု တစ်ခုလုံးနဲ့ တောင်ပင်လယ်ဓားဂိုဏ်း တစ်ခုလုံးကို သုတ်သင် ရှင်းလင်းပစ်မယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က စုမျိုးနွယ်ကို လုပ်ခဲ့သလိုပဲ ကျုပ် လုပ်မယ်။ သူတို့ကို အကုန် သတ်ပစ်မယ်။ တစ်ယောက်မှ အရှင် မထားဘူး။”
ဓားဘုရင် လီချင်းချိုးက တိတ်ဆိတ်စွာ လှေကို လှော်ခတ်ရင်း ထပ်ပြော၏။ “ဒီဓားက မင်း ပိုင်ဆိုင်တဲ့ အရာပါပဲ။”
ထိုကဲ့သို့ပင် လီချင်းချိုးက ရှေ့သို့ ဆက်လက်ကာ လှော်ခတ်၏။ နာရီ အနည်းငယ်ကြာ ကြိုးစားပမ်းစား လှော်ခတ်ပြီးနောက် သူတို့က ကီလိုမီတာ ၅၀ နီးပါးခန့် ခရီးပေါက်သည်။
လမ်းတစ်လျှောက်တွင် တောင်ပင်လယ်ဓားဂိုဏ်းမှ ရေယာဉ်များနှင့် တွေ့ဆုံ၏။ မရေတွက်နိုင်အောင် များပြား၏။ ကြည့်ရသည်မှာ ရွှယ်မျိုးနွယ်စုက ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီးအုပ်ချုပ်မည့် ရှမ့်လန်၏ မဟာဗျူဟာကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာတည်းက ပြီးမြောက်အောင် လုပ်ဆောင်ထားပုံပေါ်၏။ ယခု ရွှယ်မျိုးနွယ်စု၏ အဆင့်အတန်းက ရွှဲ့ပြည်နယ်နန်းတွင်းတွင် အလွန် မြင့်မား၏။ သူတို့၏ လက်အောက်ခံ ဖြစ်သည့် တောင်ပင်လယ်ဓားဂိုဏ်းကလည်း ထူးကဲစွာဖြင့် အင်အားကြီးမားနေ၏။
ဤအချိန်တွင် ပင်လယ်ပြင်၌ လှိုင်းလုံးများ တဖြည်းဖြည်း ကြီးမားလာ၏။ လှေငယ်လေးက ထိန်းချုပ်၍ မရနိုင်တော့ချေ။ လှော်တက်၏အားကို အားကိုးရန် လုံးဝ အသုံးမဝင်တော့ချေ။ လှိုင်းလုံးများက လှေငယ်လေးကို နေရာမှာတင် ချာချာလည်စေသည်။
လီချင်းချိုးက မေးလိုက်၏။ “ရှမ့်လန်... ငါတို့ နောက်ဆက်တွဲ ဘာလုပ်ကြမလဲ။ ငါတို့ မှာ အချိန် သိပ်မရှိဘူး။ မူလန်က အများဆုံး ၅ ရက်၊ ၆ ရက်ပဲ တောင့်ခံနိုင်တော့မှာ။”
ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ သင်္ဘောကြီးတစ်စင်း ကျုပ်တို့ကို လာကြိုနေပါပြီ။”
ရှမ့်လန်၏ ထင်ကြေး မှန်ကန်၏။ ၁၅ မိနစ်ခန့် အကြာမှာတော့ သင်္ဘောကြီးတစ်စင်းက သူတို့၏ ရှေ့တွင် ပေါ်လာ၏။ ထိုအရာက ရှန့်ကုန်းဘုရားကျောင်း၏ သင်္ဘောကြီး ဖြစ်၏။
ဘုန်းကြီးအိုကြီး တစ်ပါးက ပြောလာသည်။ “ကဲ ဒကာတို့.... ခရီးပို့ဆောင်ခွင့်ပြုပါ။”
သူတို့က အလွန်ဝေးကွာသည့် နေရာတွင် ရှိနေပြီး လှိုင်းတံပိုးများက များပြားသော်လည်း ဘုန်းကြီးအို၏ အသံက ရှမ့်လန်၏ နားသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိလာ၏။ အသံက ရှမ့်လန်၏ နားနားတွင် ကပ်ကာပြောနေသည့် အတိုင်းပင်။
ရှန့်ကုန်းဘုရားကျောင်းမှ ဘုန်းကြီးတွေက အားနည်းသည်ဟု မည်သူ ပြောသနည်း။ သိုင်းပညာ မလေ့ကျင့်ဘူး ဟု မည်သူ ပြောသနည်း။ ခဏကြာမှာတော့ ရှမ့်လန်နှင့် လူစုက ရှန့်ကုန်းဘုရားကျောင်း၏ သင်္ဘောကြီးပေါ်သို့ တက်ရောက်လိုက်ကြ၏။
“ဒီဘုန်းကြီးအိုကြီးက ရှန့်ကုန်းဘုရားကျောင်းက ကျိမင် ဖြစ်တယ်။ ဒကာသုံးယောက်လုံးကို နှုတ်ဆက်ပါတယ်။” ဘုန်းကြီးအိုက ရှမ့်လန်နှင့် လူစုကို ဦးညွှတ်သည်။
ရှမ့်လန်တို့အဖွဲ့ကလည်း လေးလေးစားစားပင် ပြန်လည်ကာ နှုတ်ဆက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဂါရဝပြုပါတယ် အရှင်ဘုရား။”
ဘုန်းတော်ကြီး ကျိမင်က ရှန့်ကုန်းဘုရားကျောင်း၏ အကြီးအကဲ ဖြစ်၏။ ရှေးဟောင်း အမွေအနှစ်နယ်မြေ တူးဖော်ရေးအဖွဲ့ကို ဦးဆောင်လာသူက သူဖြစ်၏။ ရှန့်ကုန်းဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော် ကျိခုန်းက လိုက်ပါခဲ့ခြင်း မရှိချေ။
ရှမ့်လန်က လျှောက်တင်၏။ “ကျေးဇူးအများကြီး တင်ပါတယ်။ အကြီးအကဲကျိမင် ဘုရား။”
ကျိမင်က ပြောသည်။ “အသက် တစ်ချောင်း ကယ်ကောင်းတယ်။ အသက် တစ်ချောင်း ကယ်တယ် ဆိုတာ ဘုရားခုနှစ်ဆူ တည်ဆောက်တာထက် ပိုပြီး မြင့်မြတ်တယ်တဲ့။ ကဲ.. သက်သတ်လွတ် စားဖို့ ကြွကြပါအုံး။”
သင်္ဘောခန်းထဲမှာတော့ အမွှေးတိုင်များ ထွန်းထား၏။ အမှန်တကယ်ပင် သက်သတ်လွတ် အစားအစာများ ဖြစ်ပြီး သီးခြားတည်ခင်း ကျွေးမွေး၏။ စားသောက်နေစဉ်အတွင်း သူတို့ လူစုက တိတ်ဆိတ်နေ၏။ စားသောက်ပြီးနောက် ရှန့်ကုန်းဘုရားကျောင်းမှ ရေနွေးကြမ်းနှင့် တည်ခင်း ဧည့်ခံပြန်၏။
“ဒကာကြီးရှမ့်ရဲ့ သင်္ချာပညာကျွမ်းကျင်မှုက ဘုန်းကြီးကို အံ့အားသင့်စေခဲ့တယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “အဲလောက်တော့ မဟုတ်ပါဘူး။”
အကြီးအကဲ ကျိမင်က ပြောလိုက်၏။ “ဒကာကြီးရှမ့်... တကယ်တော့ ဘုန်းကြီးတို့ ကျောင်းတော်က ဒကာကြီးကို ကျေးဇူးကြွေးတင်နေတာပါ။”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်ဘုရားက ယဉ်ကျေးလွန်းနေပြီ။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက ယုတ်မာတယ်။ လူတိုင်းက သူတို့ကို အပြစ်ပေးချင်နေကြတာပါ။”
ရှန့်ကုန်းဘုရားကျောင်းက အမှန်တကယ်ပင် ရှမ့်လန်ကို ကျေးဇူးကြွေး ကြီးကြီးမားမား တင်နေ၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းက ရှန့်ကုန်းဘုရားကျောင်းကို အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်း ပျက်စီးသွားခဲ့ပြီးနောက်မှသာ ရှန့်ကုန်းဘုရားကျောင်းက ပြန်လည် နာလန် ထူနိုင်ခဲ့ခြင်း ဖြစ်၏။
ရှမ့်လန်က စုနန်ကို သတ်ဖြတ်ခဲ့ပြီး တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ အရှေ့ဘက်ကို ချဲ့ထွင်မည့် လမ်းကြောင်းကို ဖြတ်တောက်ခဲ့၏။ တော်ဝင်ကပ်ဘေးနန်းတော်တွင် ရှမ့်လန် ဖန်တီးခဲ့သည့် နှင်းပြိုခြင်းက တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ ဒဏ္ဍာရီကို ဖျက်ဆီးပစ်ခဲ့သည်။