မသေမျိုးဘုံဆီသို့
Vol. 50 Ch. 687
လုံအော်ထျန်းမှာ ထိုငါးကြင်းအိုကြီးကို ဘာမှမလုပ်နိုင်တော့သည့်အတွက် ကြောင်တက်တက်စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"ခင်ဗျား အိုမင်းရင့်ရော်နေပြီး နဂါးအချင်းချင်း လေးစားမှုမရှိတဲ့ကောင်ကြီး၊ ခင်ဗျားကို ကျုပ်အဘိုးအဖြစ် တစ်သက်လုံးအသိအမှတ်မပြုဘူး"
"အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ဘေးပတ်လည်မှာ အရည်အချင်းရှိပြီး လိမ္မာသိတတ်တဲ့ သားမြေးတွေ အများကြီး ရှိနေတာပဲ။ မင်းလို ရိုင်းစိုင်းတဲ့၊ လူကြီးသူမကို ရိုက်နှက်တတ်တဲ့ လူဆိုးလူမိုက်ကို အသိအမှတ်ပြုချင်တယ်များ ထင်နေလား"
"ဟုတ်ပြီ ခင်ဗျားကိုယ့်စကားကိုယ်မမေ့နဲ့"
နှစ်ဖက်စလုံးက စိန်ခေါ်စကားများဖြင့် ပစ်ပေါက်နေကြပြီး စကားလုံးများက ပြင်းထန်လှသည်။
ထိုအချိန်တွင် မိုးမခပင်က ယဲ့ကျွင်းလင်ထံ စိတ်ဝိညာဥ်သတင်းစကား ပို့လိုက်သည်။
"ကျွန်းသခင်ယဲ့၊ ရှုပ်ထွေးနတ်ဆိုး ဝိညာဥ်လေးပါးကို ကိုင်တွယ်ဖြေရှင်းပြီးပြီဆိုတော့ နောက်ဘာဆက်လုပ်ဖို့ စီစဉ်ထားပါသလဲ"
မိုးမခပင်မှာ ဘယ်လိုပဲတည်ငြိမ်အေးဆေးပြီး စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူဖြစ်ပါသော်ငြား ထိုလူငယ်လေးမှ ရှုပ်ထွေးနတ်ဆိုးဝိညာဥ်လေးပါးကို နှိမ်နင်းပြီးခဲ့ကြောင်း သိလိုက်ရချိန်တွင်တော့ မထိန်းနိုင်စွာ အံ့သြတုန်လှုပ်ခဲ့ရသေးသည်ပင်။
သူသာဆိုလျှင် နဂိုကျင့်ကြံဆင့်ကို ပြန်လည်ရရှိထားလျှင်ပင် ထိုကိစ္စကိုစွမ်းဆောင်ဖို့က ခက်ခဲပေဦးမည်။
ယဲ့ကျွင်းလင်က ပခုံးတွန့်လိုက်သည်။
"တခြား ဘာအစီအစဉ် ရှိနိုင်ဦးမလဲ။ ဒီလောကမှာ ကျွန်တော့်အတွက် ပြိုင်ဘက်မရှိတော့ဘူး။ အစ်မလျိုသိလား၊ ပြိုင်ဘက်နိုင်ဘက်မရှိတဲ့ ခံစားချက်ကြီးကလည်း တကယ်အထီးကျန်စရာကောင်းလိုက်ပုံများ"
ပြောရင်း လက်နှစ်ဖက်ကိုဖြန့် ပုခုံးတွန့်ကာ ဘာမှမတတ်နိုင်သည့်ဟန်ပင် လုပ်ပြလိုက်သေးသည်။
မိုးမခပင်: "..."
ဒါသက်သက်ကြွားနေတာမဟုတ်ဘူးလား။
ကြွားဖို့အရည်အချင်းပြည့်မီတာကိုတော့ ဝန်ခံပါတယ်လေ။
မည်သို့ပင်ဆိုစေ လက်ရှိ ယဲ့ကျွင်းလင်၏ ကျင့်ကြံဆင့်က ခွင်းလွင်ကမ္ဘာတွင် အမြင့်မားဆုံးဖြစ်ပြီး သူ၏ တိုက်ပွဲခွန်အားမှာလည်း မျက်မှောက်ခေတ်တွင် ပြိုင်ဘက်မရှိကျော်ဇောသည်ကို မည်သူမှငြင်းမရနိုင်။
ထို့ကြောင့် ပြိုင်ဘက်မရှိ အရှုံးမရှိသည့်ခံစားချက်ကို သူမှလွဲ၍ တခြားနားလည်နိုင်မည့်သူ မရှိပါချေ။
"ကံမကောင်းစွာနဲ့ပဲ မသေမျိုးဘုံကိုသွားတဲ့ လမ်းကြောင်းက ပျက်စီးသွားခဲ့ပြီ။ လမ်းကြောင်းသာ ပုံမှန်အတိုင်းရှိနေသေးရင် ရှင်လည်း မသေမျိုးဘုံကိုတက်လှမ်းဖို့ ကြိုးစားနိုင်ပြီး ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ထပ်ရှာဖွေနိုင်ဦးမှာပဲ"
မိုးမခပင်က စိတ်မကောင်းစွာဖြင့် ဆိုသည်။
ယဲ့ကျွင်းလင်က ဘာမှမဖြစ်သလို လက်ကိုဝှေ့ယမ်းလိုက်သည်။
"အရာအားလုံးက ကံကြမ္မာစေရာပါပဲ။ သွားလို့ရရင် သွားမယ်၊ မရရင် ဒီမှာ နေမယ်။ ဘာပဲဖြစ်ဖြစ် ဒီလမ်းကြောင်းအတိုင်း ဆက်သွားရင် ဂြိုဟ်သားမျိုးနွယ်က အင်အားကြီးရန်သူတွေ စောစောစီးစီး ကျူးကျော်လာမှာပဲ၊ အဲဒီအခါကျမှ ပြန်ပျော်ရမှာပေါ့"
မိုးမခပင် တိတ်ဆိတ်သွားသည်။
ဘာကြောင့်မှန်းမသိ၊ ဤမျှလေးနက်ပြီး စိုးရိမ်ဖွယ်ကောင်းသည့်ကိစ္စမှာ ထိုလူငယ်၏ပါးစပ်ဖျားရောက်သွားသည့်အခါတိုင်း အမြဲတမ်း ပေါ့ပေါ့ပါးပါးနှင့် ဂိမ်းကစားနေသလိုမျိုး ဖြစ်နေတတ်သည်။
ဒါက ကောင်းကင်ဘုံရဲ့ ချစ်သားမျက်ရှုတစ်ပါး ကမ္ဘာကြီးကိုရှုမြင်ပုံလား။
သူမ အားကျမိသည်။
"ရှောင်လံဒ၊ ငါနဲ့လိုက်ခဲ့"
ရှေ့မှ တဖြည်းဖြည်း ပြင်းထန်လာသော ရန်ပွဲကိုနားထောင်ရင်း ယဲ့ကျွင်းလင်က စိတ်မရှည်စွာ လုံအော်ထျန်းကို ဆွဲခေါ်ကာ လှည့်ပြန်ဖို့ပြင်လိုက်သည်။
"မြေးအလိမ္မာတုံးလေး၊ အချိန်ရရင် အဘိုးဆီ မကြာခဏ လာလည်ပါဦး၊ အဘိုးမင်းကို ရိုက်လို့မဝသေးဘူးကွာ"
ငါးကြင်းအိုကြီးက နှုတ်သီးတတွတ်တွတ်ဖြင့် ရေနှင့်လှမ်းပက်ရင်းဆိုသည်။
နဂါးမင်း၏အမောက်ကိုတော့ ဘာနဲ့မှချိုးမရနိုင်လောက်။
"ငါ့မျက်စိရှေ့ကထွက်သွား မျိုးမစစ်ကောင်" လုံအော်ထျန်းက ခေါင်းပြန်လှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ခြံဝန်းတံခါးကြီး ဂျိန်းခနဲပိတ်သွားတော့၏။
ထို့နောက်မှသာ တိတ်ဆိတ်သွားသည်။
သူတို့နှစ်ဦးလည်း ယွင်ရှန်းမသေမျိုးကျွန်းမှထွက်ခွာပြီး အိမ်ထဲပြန်ရောက်လာကြသည်။
လုံအော်ထျန်းမှာတော့ တွေးလေလေ ဒေါသထွက်လေလေဖြစ်ပြီး ထိုကိစ္စကို စဉ်းစားလို့မပြီးသေးပေ။
ရုတ်တရက် သူသည် အရေးကြီးဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရပြီး အကြည့်များက ထူးထူးခြားခြား လေးနက်ခိုင်မာနေကာ ယဲ့ကျွင်းလင်ကို လက်သီးဆုပ်အရိုအသေပြုလျက် အသံနက်ကြီးဖြင့်ဆိုသည်။
"မဟာမိတ်ခေါင်းဆောင်ယဲ့၊ ကျွန်တော်တို့ အဲ့ဒီ ငါးကြင်းအိုကြီးကိုဖမ်းပြီး ငါးကင်စားပွဲလုပ်ပစ်ဖို့ တောင်းဆိုပါတယ်။
ထိုစကားများကိုနားထောင်ပြီး ယဲ့ကျွင်းလင်လည်း ကြောင်အသွားသည်။
မင်း အဲ့ဒီလောက်တောင် ရက်စက်ရသလား။
အဲ့ဒါ မင်းအဘိုးအရင်းခေါက်ခေါက်ကြီးလေ။
"မရဘူးလား"
လုံအော်ထျန်းမှာ မျက်နှာထက်မှ စိတ်ပျက်အားငယ်မှုများကို ဖုံးကွယ်မထားနိုင်တော့ချေ။
"အဟမ်း အဟမ်း"
ယဲ့ကျွင်းလင်က တမင်တကာ ချောင်းဟန့်လိုက်သည်။
"ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့။ ငါတို့ အသားကင်ပဲ အရင်သွားစားရအောင်၊ မင်းလည်း စိတ်အေးအေးထားလိုက်တော့"
"ဟုတ်ကဲ့ပါ"
လုံအော်ထျန်းလည်း အလျှော့ပေးလိုက်ရပြီး ထိုကိစ္စကို ရေရှည်စီမံကိန်းအဖြစ် တစ်ဆင့်ချင်းဆောင်ရွက်ရန် စီစဉ်လိုက်သည်။
စုဝေးရာနေရာသို့ ပြန်ရောက်သောအခါ အသားကင်ပွဲတော် စတင်နေပြီဖြစ်ပြီး မွှေးကြိုင်သော အသားရနံ့များက လူကို သွားရည်ကျစေသည်။
လူတိုင်း ခွက်ချင်းတိုက်ကာ အသားကင်စားရင်း ပျော်ရွှင်မြူးထူးနေကြလျက်။
လုံအော်ထျန်း တစ်ယောက်သာ မျက်နှာညိုနေသည်။ ခြံဝန်းထဲက အဖြစ်အပျက်ကို အပြန်ပြန်တွေးတောရင်း သူ့မျက်နှာမှာ တဖြည်းဖြည်းပို၍သာ ဆိုးရွားလာကာ အံတင်းတင်းကြိတ်ပြီး စကားတစ်ခွန်းကို အတင်းညှစ်ထုတ်လိုက်သည်။
"ကျွန်တော် ငါးစားချင်တယ်"
ခြံဝန်းအတွင်းမှ ငါးကြင်းအိုကြီးမှာတော့ အစောကလို မောက်မာမာန်တက်နေသည့်ဟန် မရှိတော့ဘဲ ရေထဲတွင် ခေါင်းမဖော်နိုင်စွာ ငုပ်လျှိုးနေရင်း အချိန်အတော်ကြာ စိတ်ပျက်လက်ပျက်နှင့် တိတ်ဆိတ်နေသည်။
သူ၏ ကွယ်လွန်သွားသောသမီးကို သတိရနေခြင်းပင်။
"မိတ်ဆွေကြီးရယ်၊ ဖြစ်ပြီးတာတွေကို မေ့လိုက်ပါ။ ဘာပဲဖြစ်ဖြစ်၊ ဒီလောကမှာ ရှင့်သွေးသားရင်းမြေးတစ်ယောက် ကျန်ရှိနေသေးတာပဲ။ ဒါက ကံကြမ္မာအလိုအရပါ" ကြက်မအိုကြီးက စိတ်ရင်းဖြင့် ဖျောင်းဖျလာသည်။
"ဟမ့်၊ အဲဒီ ကောင်စုတ်လေးက လူကြီးတွေကို ရိုသေရကောင်းမှန်းကိုမသိတာ။ နောက်တစ်ခါ ဒီခြံထဲထပ်လာရဲရင် ငါကတော့ ထပ်ရိုက်လွှတ်ဦးမှာပဲ" ငါးကြင်းအိုကြီးက ဒေါသတကြီး ပြောလိုက်သည်။
ထိုအချိန်တွင် မိုးမခပင်က ဆိုသည်။
"အားလုံးပဲ၊ ကျွန်မ ခံစားမိသလောက်တော့ ခုနက လူငယ်လေးရဲ့ အရှိန်အဝါနဲ့ခွန်အားမှာ ကြီးမားတဲ့အလားအလာတွေ ပါဝင်နေတယ်။ သူ့ရဲ့ အနာဂတ်အောင်မြင်မှုတွေဟာ ကျွန်မထက်တောင် သာလွန်နိုင်ခြေ ရှိတယ်"
"ဘာရယ်"
ခြံဝန်းထဲရှိ သတ္တဝါများ အားလုံး အံ့အားသင့်သွားကြသည်။
"အစ်မလျို၊ နောက်နေတာလား။ အဲဒီ ကောင်လေးကို အရမ်းအထင်ကြီးနေတာ မဟုတ်ဘူးလား"
မြည်းကလေးက ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် မိုးမခပင်၏ နဂိုမူလ ကျင့်ကြံဆင့်သည် မသေမျိုးသူတော်စင်တစ်ပါးဖြစ်ခဲ့ကြောင်း သူတို့အားလုံးသိထားကြသောကြောင့်ပင်။ ထိုအချိန်က ခွန်အားအဆင့်အတန်းအရ ထိပ်တန်းအဆင့် မသေမျိုးသူတော်စင်ဆယ်ပါးတွင် ပါဝင်ခဲ့သောကြောင့်ဖြစ်သည်။
နောက်ပိုင်းတွင် အကြောင်းတချို့ကြောင့် ဒေါသစိတ် အထိန်းအကွပ်လွတ်ကာ မသေမျိုးသူတော်စင်အဆင့်ရှိ စွမ်းအားရှင်အများအပြားကို အတင်းအကျပ် လိုက်လံသတ်ဖြတ်ခဲ့ရာ ထိပ်တန်းတိုက်ခိုက်သူအမြောက်အများ ဆုံးရှုံးခဲ့ရသောကြောင့် ထိုကိစ္စသည် အတော်လေး ပျံ့ပွားသွားခဲ့ပြီး အငြင်းပွားစရာတစ်ရပ်ဖြစ်လာခဲ့သည်။
ထိုအချိန်က မသေမျိုးသူတော်စင်များစုစည်းကာ သူ့ကို ပူးပေါင်းအရေးယူရန် ပြင်ဆင်နေချိန်တွင် အကြီးအကဲလျိုက ကြားဝင်ညှိနှိုင်းပေးခဲ့သည်။ ဤကျေးဇူးကို ပြန်ဆပ်ရန်အတွက် မိုးမခပင်သည် ခြံဝင်းအတွင်း၌ အစောင့်အရှောက်အဖြစ် ဆန္ဒအလျောက် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့သော်တည်ရှိမှုက လုံအော်ထျန်း၏ အနာဂတ်အောင်မြင်မှုများက သူ့ထက် မြင့်မားလိမ့်မည်ဟုအသံထွက်ပြောဆိုလာသောအခါ မြည်းကလေးတင်မက ကျန်သတ္တဝါများပါ ယုံကြည်ဖို့ခက်ခဲခဲ့ကြလေသည်။