← Chapters

အခန်း (၆၈၈)

Vol. 50 Ch. 688

အခန်း (၆၈၈)

Vol. 50 Ch. 688

"ဒီလိုကိစ္စတွေမှာ ကျွန်မ ဘယ်တုန်းက နောက်ပြောင်ခဲ့ဖူးလို့လဲ" မိုးမခပင်က တည်တည်တံ့တံ့ဆိုသည်။

ထိုအဖြေတွင် သူတို့အားလုံး အသက်ရှူမှားကုန်ကြသည်။

အထူးသဖြင့် ငါးကြင်းအိုကြီးမှာ ကြောက်ရွံ့မှုကြောင့် မျက်ဖြူပင်ဆိုက်မတတ်ဖြစ်သွားရ၏။

သူသာ ဤအကြောင်းကို စောစောသိခဲ့ပါလျှင် ဘယ်လောက်ဒေါသထွက်ထွက် မျိုချပေးခဲ့မည်သာပင်။

ယခုတော့ သူသည် အနာဂတ်တွင် အစ်မလျိုထက်ပိုပြီးအင်အားကြီးမည့် စွမ်းအားရှင်တစ်ပါးကို ကိုယ်ထိလက်ရောက်စော်ကားမိခဲ့လေပြီ။ ရွှေနဂါးမျိုးနွယ် ဘိုးဘေးကြီးပင်ဖြစ်နေပါစေ ဤကိစ္စတွင်တော့ ဒူးထောက်တောင်းပန်ရပေတော့မည်။

"အဆင်ပြေပါတယ်၊ ဒီခြံဝင်းထဲမှာ နေနေသရွေ့တော့ ကျွန်းသခင်ယဲ့ကလွဲပြီး ဘယ်သူမှ ငါတို့ကို ဘာမှ လုပ်လို့ မရဘူး"

ခြံဝင်း၏ ထူးခြားသောစည်းမျဥ်းများအကြောင်း တွေးမိလိုက်သဖြင့် မြည်းကလေးက ပြန်လည်ရဲဝံ့လာဟန်ရှိ၏။

"အဲဒါနင်တို့ကိစ္စ၊ ငါတို့နဲ့မဆိုင်ဘူး။ ငါကသူ့ကိုမစော်ကားခဲ့ဘူး" ကြက်မအိုကြီးက လှောင်ပြောင်လိုက်သည်။

"ငါနဲ့လည်းမဆိုင်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါက သူ့ရဲ့အဘိုးအရင်း၊ သွေးသားရင်းချာ ဆက်ဆံရေးပါ" ငါးကြင်းအိုကြီးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

မြည်းကလေးက တောင့်ခနဲဖြစ်သွားပြီး သူ့ကိုမျက်လုံးမှေးလျက်သားကြည့်လာသည်။ "ဟေး ဟေး၊ မင်း ခုနကကျ ဒီလို မဟုတ်ဘူးနော်။ စိတ်သဘောထားပြောင်းတာ အရမ်းမြန်တယ်မထင်ဘူးလား"

"ဟမ့်၊ မင်း ဘာသိလို့လဲ။ မြေးအဘိုးကြား နားလည်မှုလွဲတာလောက်က မကြာခင်ပြန်ပြေလည်သွားမှာပဲ။ မင်းမှတ်ထားဖို့ လိုတာက ငါ့မြေးက မသေမျိုးဧကရာဇ်၊ အိုး မဟုတ်ဘူး ဒဏ္ဍာရီလာသူတော်စင်ဖြစ်လာမဲ့အလားအလာရှိတယ်"

အိုမင်းသောအသံကြီးက ခြံဝင်းအတွင်း မာန်အပြည့်ဖြင့် ပဲ့တင်ထပ်သွားခဲ့သည်၊

ငါးကြင်းအိုကြီးမှာ ထိုသတင်းကြောင့် အလွန်စိတ်လှုပ်ရှားသွားသည်ပင်။ ဘိုးဘွားသင်္ချိုင်းကြီးတစ်ခုလုံးကို ပြန်တူးဖော်ပြီးတောင် ကြွားလိုက်ချင်သေးသည်။

ခဏတာအတွင်း သူသည် သူ့မြေးလေးသူ အလွန်ပင်နှစ်ခြိုက်သဘောကျသွားတော့၏။

မိုးမခပင်မှာ ‌ပြောစရာစကားပျောက်ဆုံးလျက်။

မလိုအပ်တာတွေ ပြောလိုက်မိတာပဲ။

နည်းနည်းတော့ နောင်တရမိတယ်။

ဤသို့ဖြင့် ရက်များစွာ ကုန်လွန်သွားသည်။

ရှုပ်ထွေးနတ်ဆိုးလေးပါး သေဆုံးပြီးနောက် သောင်းချီမသေမျိုးတောင်ဝန်းကျင်တွင် မည်သည့်ခြိမ်းခြောက်မှုမှ မရှိတော့ဘဲ တစ်ချိန်က တားမြစ်နယ်မြေမှာ ကျင့်ကြံသူများအတွက် ရှာဖွေစူးစမ်းရန် နေရာတစ်ခု ဖြစ်လာသည်။

အကာအကွယ်ကို ဆုံးရှုံးသွားသော ဝိညာဥ်မျက်လုံးမျိုးနွယ်စုမှ အင်အားကြီးကျင့်ကြံသူများထံမှ လျင်မြန်စွာပင် ဖျက်ဆီးခံလိုက်ရသည်။ သောင်းချီမသေမျိုးတောင်တန်း၏ နက်ရှိုင်းသော နေရာများထံ ဆုတ်ခွာပုန်းအောင်းသွားခဲ့သော ရာမဲသဲမျိုးနွယ်မှာတော့ အသက်ချမ်းသာရာရခဲ့လေသည်။

သို့သော် အဓိကအကြောင်းရင်းမှာတော့ ထိုမျိုးနွယ်စုသည် မဟာမိတ်ခေါင်းဆောင်ယဲ့ကျွင်းလင်၏ အသက်ချမ်းသာပေးခြင်းကိုခံရသော မျိုးနွယ်ဖြစ်သောကြောင့်ပင်။ မည်သူက ထိပါးရဲပါမည်နည်း။

လုံအော်ထျန်းသည် သူ၏ ခန္ဓာကိုယ်အတွင်း လျော့နည်းသွားသော မူလချီစွမ်းအင်ကို ပြန်လည်ရရှိရန် ရွယ်ထျန်းဂိုဏ်းတွင် အနားယူခဲ့သည်။ ဤကာလအတွင်း သူသည် ငါးကြင်းအိုကြီးကို လက်စားချေရန် ရည်ရွယ်၍ ခြံဝန်းဆီသို့ သွားရောက်ခဲ့သေး၏။ သို့သော် ငါးကြင်းအိုကြီးက သူ့ကို ကြိုဆိုကမ်းလင့်စွာ ပြုံးပြလာခဲ့ပြီး ပိုမိုနက်နဲသော နဂါးမျိုးနွယ်ကျင့်စဥ်များအား ကိုယ်တိုင်ကိုယ်က သင်ကြားပေရန် စကားစလာခဲ့မည်ဟု မည်သူထင်ထားမည်နည်း။

လုံအော်ထျန်းသည် အစပိုင်းတွင်တော့ သံသယဝင်ခဲ့သေးသော်လည်း ထိုသင်ကြားမှုမှ အဆုံးမဲ့အံ့ဖွယ်စွမ်းအားများကို ခံစားရပြီးနောက် သူ၏ ဆန့်ကျင်လိုစိတ်သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ပြုံးနေသောသူ၏မျက်နှာကို ဘယ်သူမှအကြောင်းမဲ့မရိုက်နှက်နိုင်ပါ။ ထို့ပြင် တစ်ဖက်လူက သူ့ကို ထိုသို့အခွင့်အလမ်းများ ကူညီပေးကမ်းလာသဖြင့် လုံအော်ထျန်းသည် အဘိုးဟုမခေါ်နိုင်သေးပေသည့် ရန်လိုစိတ်တော့ မထားရှိတော့ပါချေ။

နှစ်ဖက်စလုံး၏ သဘောထားများသည် အပြန်အလှန် နားလည်မှုဖြင့် လျော့ပါးလာခဲ့တော့၏။

ယနေ့တွင် နေရောင်သည် ထူးထူးခြားခြား တောက်ပနေခဲ့သည်။

မြူခိုးတောင်ထိပ်တွင် ချင်းလျန်ဓားမသေမျိုးက လာရောက်အရိုအသေပေးရင်း မကြာသေးမီက အခြေအနေများကို တင်ပြလာသည်။

"မဟာမိတ်ခေါင်းဆောင်ယဲ့၊ ဒီနယ်မြေချဲ့ထွင်မှု ကာလအတွင်း ကျန်ဒေသသုံးခုမှာ ဌာနခွဲရုံးများကို အခြေစိုက်တည်ထောင်ပြီးပါပြီ။ ရွေးချယ်ထားတဲ့ ဌာနခွဲ ခေါင်းဆောင်များတွေဟာလည်း ဒေသတွင်း အင်အားအကြီးဆုံး ကျင့်ကြံသူများဖြစ်ကြပြီး မသေမျိုးမဟာမိတ်အဖွဲ့အစည်းကို သစ္စာခံဖို့ ဆန္ဒရှိကြပါတယ်"

"ဒါ့အပြင်၊ ကျွန်တော်တို့ ပုန်းခိုနေတဲ့ ဂြိုဟ်သားမျိုးနွယ်အဖွဲ့ဝင် အတော်များများကို ဖမ်းဆီးရမိပြီး ကျန်ရှိနေတဲ့ ပူးပေါင်းကြံစည်သူများရဲ့ အချက်အလက်တွေကိုပါ ထုတ်ယူဖို့အတွက် ပြင်းထန်စွာ စစ်ဆေးမေးမြန်းနေပါတယ်"

သူ၏ရှေ့တွင် ယဲ့ကျွင်းလင်သည် ထိုင်ခုံရှည်ပေါ်တွင် နောက်မှီထိုင်နေပြီး တိတ်ဆိတ်စွာ နားထောင်နေကာ နှုတ်ခမ်းထောင့်တွင် အပြုံးသဲ့သဲ့ထင်ဟပ်နေသည်။

အရာအားလုံးကို ထိန်းချုပ်ထားရတဲ့ ဒီခံစားချက်ဟာ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ်ဆိုတာတော့ ဝန်ခံပါတယ်။

လက်ရှိ မသေမျိုးမဟာမိတ်အဖွဲ့အစည်း၏ ခွင်းလွင်ကမ္ဘာတွင် အုပ်စိုးသက်ရောက်နိုင်သော အတိုင်းအတာက သမိုင်းကြောင်းတစ်လျှောက် မကြုံစဖူး ကြီးမားသည်။ ထောက်လှမ်းရေးသမား အများအပြားရှိပြီး ဝေးဝေးလံလံ သတင်းများအထိ စုံလင်စွာလက်လှမ်းမီနိုင်ကြသည်။ လူတစ်ယောက် လေတစ်ချက်လည်လိုက်သည့်သတင်းပင် သူတို့လက်မှ ပြေးမလွတ်စေရ။

ထိုသို့သော အင်အားကြီးမားလှသည့် အဖွဲ့အစည်းအောက်တွင် ခွင်းလွင်ကမ္ဘာ၌ ပုန်းအောင်းကြံစည်ရန် ကြိုးစားနေသည့် ဂြိုဟ်သားမျိုးနွယ် အဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ဖော်ထုတ်ခံနေရပြီး မသေမျိုးမဟာမိတ်တပ်ဖွဲ့၏ စွမ်းအားရှင်များက ပြင်းထန်သောနည်းအမျိုးမျိုးဖြင့် စုံစမ်းစစ်ဆေးကုန်ကြသည်။

သက်ရောက်မှုအားမှာ အတော်လေးသိသာနေလေပြီ။

"မဆိုးဘူး၊ ဆက်ကြိုးစားလိုက်ပါဦး" ယဲ့ကျွင်းလင်က ခေါင်းညိတ်ပြီး ချီးကျူးလိုက်သည်။

ရုတ်တရက်။

သူ၏ နှလုံးသားထဲတွင် ထူးခြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

"ဟင် ဘာတွေ ဖြစ်နေတာလဲ"

ယဲ့ကျွင်းလင်သည် မသိစိတ်ဖြင့် ခေါင်းကိုမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။

"ဒါ၊ ဒါက အမြင့်တစ်နေရာဆီ တက်လှမ်းနိုင်လိုက်တဲ့ခံစားချက်ပဲ"

ချင်းလျန်ဓားမသေမျိုးလည်း အတူလိုက်မော့ကြည့်ပြီး သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ထင်ပေါ်လာသည်။

"မသေမျိုးဘုံဆီတက်တဲ့လမ်းကြောင်း ပုံမှန်ပြန်ဖြစ်သွားပြီလား"

ဟုတ်ပေသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် အတိတ်က ပျက်စီးကျိုးပဲ့သွားခဲ့သော မသေမျိုးဘုံ လမ်းကြောင်းသည် ယနေ့တွင် တရားဝင် ပြန်လည်ပြင်ဆင်ပြီးခဲ့ပြီဖြစ်၏။

All Chapters