ခွေးတောင်မသွားချင်ဘူး
Vol. 50 Ch. 689
"ရောင်းရင်းတို့ မသေမျိုးဘုံလမ်းပွင့်သွားပြီတဲ့ တက်ချင်တဲ့သူတွေ အခုတက်လို့ရပြီနော်"
"မသေမျိုးဘုံကိုလား။ အေးကွာ အရင်ကတော့ အဲ့ဒီကိုတက်ချင်လွန်းလို့ တောင့်တခဲ့ရတာပေါ့။ အခုတော့ ခွင်းလွင်က သာယာဝပြောနေပြီလေ"
"ဟုတ်တယ်ရောင်းရင်း ကျုပ်လည်းသဘောတူတယ်၊ အခုခွင်းလွင်မှာ မသေမျိုးအဖြစ်နေနိုင်နေတာပဲ။ ဘာကြောင့် တခြားကိုသွားပြီး စွန့်စားနေရဦးမှာလဲ"
"ကျွန်တော်လည်း အဲ့လိုပဲတွေးတယ်"
...
မသေမျိုးဘုံသို့ သွားရာလမ်းကြောင်း ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ခွင်းလွင်ကမ္ဘာ တစ်ခုလုံးရှိ ဒေသကြီးငါးခုတွင် ဆွေးနွေးငြင်းခုန်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာခဲ့သည်။
သိထားရမည့်တစ်ချက်မှာ မသေမျိုးဘုံဟူသည် ခွင်းလွင်ကမ္ဘာမှ ကျင့်ကြံသူတို့ အမြဲတစေ တောင့်တအပ်သော နေရာဖြစ်ခဲ့ဖူးသည်။
ရှေးယခင်က ကျင့်ကြံရေးပတ်ဝန်းကျင် ယိုယွင်းမှုကြောင့် ခွင်းလွင်ကမ္ဘာ၌ စစ်မှန်သော မသေမျိုးတစ်ပါး ပေါ်ထွန်းရန်ပင် အလွန်ခဲယဥ်းကျပ်တည်းခဲ့လေရာ မသေမျိုးဘုံသို့ တက်လှမ်းခြင်းသည် သမိုင်းတစ်လျှောက် ကျင့်ကြံသူတို့၏ အမြင့်ဆုံးရည်မှန်းချက် ဖြစ်ခဲ့ရ၏။
သို့သော် ယခုမူ ခေတ်ကာလ ပြောင်းလဲခဲ့ပြီ။
ခွင်းလွင်ကမ္ဘာသည် ပြန်လည်နာလန်ထူခြင်းအဆင့်သို့ ဝင်ရောက်လာသည်နှင့်အမျှ မသေမျိုးတစ်ပါး ဖြစ်လာရန်မှာ လက်လှမ်းမမီသောအရာ မဟုတ်တော့ပေ။
ထို့ပြင် မသေမျိုးဘုံသို့ တက်လှမ်းခြင်းသည် မရင်းနှီးသော အရပ်ဒေသသစ်သို့ သွားရောက်ရခြင်းပင်။ လူသစ်ပတ်ဝန်းကျင်သစ်ကြားတွင် အားကောင်းသောနောက်ခံမရှိပါက ရုန်းကန်ရပ်တည်ဖို့ အင်မတန်ခက်ခဲသောနေရာ ဖြစ်ချေ၏။
ထို့ကြောင့်ပင် ကျင့်ကြံသူ အများအပြားသည် မသေမျိုးဘုံလမ်းကြောင်း ပြန်လည်ကောင်းမွန်လာသည်ကို သိရှိသွားသော်လည်း အထူးတလည် ဝမ်းမြောက်ခြင်းမရှိကြရုံမက အနည်းငယ် ဆန့်ကျင်ငြင်းပယ်လိုသောစိတ်ကိုပါ ခံစားနေရခြင်းပင်။
အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်တွင် မသေမျိုးဘုံသည် မသေမျိုးကျင့်စဉ်၏ အထွတ်အထိပ်သို့ ရောက်ရှိရန် တစ်ခုတည်းသောလမ်းကြောင်း မဟုတ်တော့သောကြောင့် ဖြစ်သည်။
မသေမျိုးလမ်းသည် သူတို့၏ ခြေထောက်အောက်တွင် အသင့်ရောက်ရှိနေလေပြီ။
အဘယ်ကြောင့် မိမိဇာတိမြေကို စွန့်ခွာ၍ ခရီးဝေးကို သွားရောက်ရပါမည်နည်း။
ဤသည်မှာ ယနေ့ခေတ် ကျင့်ကြံသူအများအပြား၏ ရင်ထဲရှိ အစစ်မှန်ဆုံးအတွေးပင် ဖြစ်ပေသည်။
အထူးသဖြင့် ရှေးခေတ်ကာလမှ ပြန်လည်နိုးထလာသော စွမ်းအားရှင်အစုအဝေးများမှာ မသေမျိုးဘုံလမ်းကြောင်းပွင့်သည့်သတင်းတွင် စိတ်လှုပ်ရှားမှုနည်းနည်းမှပင် မရှိခဲ့ကြပေ။
အကြောင်းရင်းမှာ ရိုးရှင်းပါ၏။ သူတို့သည် ထိုအခွင့်အရေးကို တမင်တကာ လွဲချော်ခံခဲ့ပြီး ခွင်းလွင်တွင် သေတစ်ပန်သက်တစ်ဆုံးနေထိုင်ရန် တစ်ခါဆုံးဖြတ်ခဲ့ကြဖူးပြီးသားသူများ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် မသေမျိုးဘုံ၏ တည်ရှိမှုသည် သူတို့အတွက်တော့ ဆွဲဆောင်မှု လုံးဝမရှိသလောက်ပင် ဖြစ်တော့သည်။
ယခုအခိုက်အတန့်တွင် ဒေသကြီးငါးခုသည် အပြင်ပန်းတွင် အုံးအုံးကျွက်ကျွက်ညံနေသော်ငြား တကယ်တမ်းတော့ မသေမျိုးဘုံသို့ တက်လှမ်းလိုသူ အလွန်ပင် နည်းပါးလှ၏။
လူတိုင်း၏ စိတ်အစဥ်သည် ဒွိဟကင်းစင်စွာ လက်ရှိအခြေအနေကိုသာ အကောင်းဆုံးဟု လက်ခံထားကြသည်။
"အမလေး၊ မသေမျိုးဘုံက ပြိုင်ဆိုင်မှု များလွန်းတယ်။ ဒီအဘိုးကြီးအတွက်တော့ ခွင်းလွင်ကမ္ဘာမှာပဲနေတာ ပိုကောင်းပါတယ်။ စိတ်တောင်မလှုပ်ရှားမိတော့ပါဘူး"
ချင်းလျန်ဓားမသေမျိုးက ဝမ်းနည်းဟန်ဆောင်ကာ သက်ပြင်းချလိုက်သည်။ တကယ်တမ်းမူ သူ မသေမျိုးဘုံသို့ သွားရန် လုံးဝဆန္ဒမရှိချေ။
မသေမျိုးဘုံတွင် အင်အားကြီး ပုဂ္ဂိုလ်တို့နှင့် ပြည့်နှက်နေပြီး ရှေးဟောင်း ခွင်းလွင်ကမ္ဘာမှ အင်အားကြီး ကျင့်ကြံသူတို့ အဓိကစုဝေးရာ နေရာပင်။ ထို့ပြင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် မသေမျိုးဘုံ၏ အုတ်မြစ်သည် ပိုမို ခိုင်မာလာမည်မှာ သေချာသည်။ အဘယ်ကြောင့် သူတို့သည် မသေမျိုးဘုံသို့ ခက်ခက်ခဲခဲသွားရောက်ကာ လူရာဝင်ဖို့ အသည်းအသန်ကြိုးစားနေရဦးမည်နည်း။
ခွင်းလွင်ကမ္ဘာတွင် အစစအရာရာ ပိုကောင်းမည်သာ။
ချင်းလျန်ဓားမသေမျိုး ထိုသို့တွေးမိခြင်းမှာလည်း အဆန်းတော့မဟုတ်။
လက်ရှိ မသေမျိုးမဟာမိတ်အဖွဲ့အစည်း၏ ဒုတိယခေါင်းဆောင်အနေဖြင့် သူ့အထက်တွင် လူတစ်ဦးသာရှိပြီး သူ၏အဆင့်အတန်းသည် လူသန်းပေါင်းများစွာ၏ အထက်တွင်ရှိသည်။ သူသည် ဒေသကြီးငါးခု၌ ဩဇာတိက္ကမတစ်ရပ်ကို ပိုင်ဆိုင်ထားပြီး စစ်ရေးစွမ်းအားအရ ဤခေတ်၏ ထိပ်တန်းအဆင့်များတွင် ပါဝင်သည်။
ဤကမ္ဘာတွင် မည်သည့်နေရာသို့ သွားစေကာမူ ဂုဏ်သရေအပြည့်ဖြင့် လေးစားခံရသ ဖြစ်သည်။
သို့သော် သူသာ မသေမျိုးဘုံသို့ သွားရောက်ခဲ့ပါက သူ့ကို ဖိနှိပ်နိုင်မည့်သူ အလွန်များပြားပေမည်။
စိတ်ပိုင်းဆိုင်ရာ ကွာခြားမှုမှာ မခံနိုင်လောက်အောင် ကြီးမားမည်ဖြစ်၏။
မသေမျိုးဘုံနှင့်နှိုင်းယှဉ်လျှင် ခွင်းလွင်ကမ္ဘာ၏ ကောင်းကင်ဘုံဥပဒေများသည် လက်ရှိတွင် မသေမျိုးဧကရာဇ်အထိသာ ကန့်သတ်ထားသည်။
သို့သော် အလားအလာချင်းယှဥ်ရလျှင် ရှေးဟောင်း ဒဏ္ဍာရီလာကမ္ဘာကြီးသည် လူတို့ဖန်ဆင်းထားသော မသေမျိုးဘုံထက် အဆပေါင်းများစွာ သာလွန်အားကောင်းမည်ပင်။
သွားချင်တဲ့သူ သွားကြပါစေ။
သို့သော် ယဲ့ကျွင်းလင်ကတော့ အတွေးမတူခဲ့ပေ။ မသေမျိုးဘုံလမ်းကြောင်း ပြန်လည်ကောင်းမွန်လာသည်ကို သိရှိရသောအခါ သူ၏စိတ်အားထက်သန်မှုများ ချက်ချင်း နိုးကြားလာတော့သည်။
[တင်၊ ပိုင်ရှင်အတွက် တာဝန်တစ်ခုအသစ်ရရှိလိုက်ပါပြီ။ မသေမျိုးဘုံကို တက်ရောက်နိုင်မယ်ဆိုရင် မသေမျိုးသူတော်စင် ဥပဒေစွမ်းအား သန်းသုံးဆယ်အထိ တိုးမြင့်ရရှိပါမယ်ရှင်]
ထိုအချက်ပေးသံကိုကြားလိုက်စဥ် သူ၏မျက်လုံးများ တောက်ပလာသည်။
မသေမျိုးသူတော်စင်အဆင့်တွင် ဥပဒေစွမ်းအားသန်းသုံးဆယ်ကို ရရှိပါလျှင် စကြဝဠာအရှင်အဖြစ်တက်လှမ်းသည့်အခါ မဟာကောင်းကင်တာအိုသရဖူကို ရရှိမည်ဖြစ်၏။
သူ၏ စမှတ်ကပင် အခြားသူများထက် ကျော်လွန်ထူးကဲနေမည်ဖြစ်သည်။
အကျိုးရလဒ်မှာ အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြားမည်ပင်။
ထို့ပြင် ယဲ့ကျွင်းလင်သည် ဤကာလအတွင်း ခွင်းလွင်ကမ္ဘာ၌ ခြေကုပ်နေရသည်ကို အနည်းငယ် ပျင်းရိငြီးငွေ့နေခဲ့သည်။
သူ စိန်ခေါ်နိုင်သော ပြိုင်ဘက်လည်း မရှိသလို နောက်တစ်ဆင့်တက်စရာလမ်းလည်း မရှိတော့။
နောက်တက်ကလေးများ မကြာခင်အမီလိုက်လာတော့မည်ဆိုသော်ငြား စောင့်ဆိုင်းနေရခြင်းသည်ပင် ပျင်းရိငြီးငွေ့ဖွယ်အတိ။
သို့သော် ယခု မသေမျိုးဘုံလမ်းကြောင်း ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ဤသည်မှာ သူ၏ကျင့်ကြံဆင့်တက်လှမ်းရေးအတွက် အကောင်းဆုံးအခွင့်အရေးကို ချပြပေးလိုက်ခြင်းသာ။
မသေမျိုးဘုံ၌ သူကဲ့သို့ မသေမျိုးသူတော်စင်များ ပေါများနိုင်သလို ထိုထက်ပိုမြင့်သောကျင့်ကြံသူများလည်း ရှိနိုင်သည်။
မဖြစ်မနေ သွားရောက်သင့်ပေသည်။
အတွေးများစွာဖြင့် အချိန်ယူစဥ်းစားပြီးနောက် ယဲ့ကျွင်းလင် ဆုံးဖြတ်ချက်ချပြီး အလေးအနက် ပြောလိုက်သည်။
"အကြီးအကဲချင်း၊ မသေမျိုးမဟာမိတ်အဖွဲ့အစည်းကို ဒီနေ့ကစပြီး ခင်ဗျားကို အပ်ခဲ့လိုက်ပြီ။ ကျွန်တော် နောက်နှစ်ရက်အတွင်း မသေမျိုးဘုံကို တက်လှမ်းဖို့ စီစဉ်ထားတယ်"