ခွေးတောင်မသွားချင်ဘူး
Vol. 50 Ch. 690
"ဗျာ"
ချင်းလျန်ဓားမသေမျိုး၏ မျက်နှာအိုကြီးတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားတော့၏။
လက်ရှိကမ္ဘာ၏ အင်အားအကြီးဆုံး ကျင့်ကြံသူသူ၊ မသေမျိုးမဟာမိတ်အဖွဲ့အစည်း၏ အဓိကခေါင်းဆောင်၊ ကျင့်ကြံသူ အများအပြား၏ မှီခိုရာကျောရိုးဖြစ်သူသည် ခွင်းလွင်ကို စွန့်ခွာကာ မသေမျိုးဘုံသို့ တက်လှမ်းရန် ရွေးချယ်နေသည်လော။
ဒီလိုဆို...ဒီလိုဆိုရင်
"ခင်ဗျားမျက်နှာက ဘာဖြစ်နေတာလဲ။ ကျွန်တော့်ဆုံးဖြတ်ချက်က မှားနေလို့လား" ယဲ့ကျွင်းလင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
ချင်းလျန်ဓားမသေမျိုးသည် မနှစ်မြို့ဟန်အမူအရာဖြင့် သတ္တိကိုမွေးကာ အကြံပေးလိုက်သည်။
"မဟာမိတ်ခေါင်းဆောင်ယဲ့၊ မသေမျိုးဘုံဆိုတာ ဘာမှလည်းထူးထူးခြားခြား ကောင်းမွန်နေတာမဟုတ်ပါဘူး။ ဘာလို့ အပင်ပန်းခံပြီး သွားချင်နေတာပါလဲ"
"အကြီးအကဲချင်း ကျွန်တော်ဒီနေရာမှာတော့ ခင်ဗျားကိုဆန့်ကျင်ရလိမ့်မယ်"
ယဲ့ကျွင်းလင်က စိတ်အားထက်သန်ခြင်းပြင်းပြစွာဖြင့် ပြောလိုက်သည်။
"မသေမျိုးဘုံက စိန်ခေါ်မှုတွေပိုများတယ်ဆိုရင် ဘာလို့မသွားချင်ရမှာလဲ။ ကျင့်ကြံသူတွေဆိုတာ အကြောက်တရားကြားမှာ ရှေ့ဆက်ရတာပဲမဟုတ်လား"
သူ့စကားများ၏ ရိုက်ခတ်မှုသည်ကား ကြီးမားလှပေသည်။
ထိုစကားတွင် ချင်းလျန်ဓားမသေမျိုးမှာ ရှက်ရွံ့စွာဖြင့် ပါးပြင်များပူလောင်သွားရတော့၏။
ထိုလူငယ်လေးနှင့်နှိုင်းယှဥ်လျှင် မိမိ၏အတွေးအခေါ်မှာ များစွာနောက်ကျကျန်ရစ်လေပြီ။
ထိုသူသည် စိန်ခေါ်မှုများကို မကြောက်ရွံ့ချေ။ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အင်အားကြီးကျင့်ကြံသူတို့နှင့် ပြည့်နေသော မသေမျိုးဘုံပင်လျှင် ထိုသူ၏မျက်လုံးထဲတွင် ဘာမှဟုတ်မနေခဲ့။
"မဟာမိတ်ခေါင်းဆောင်ယဲ့ပြောတာ မှန်ပါတယ်"
ချင်းလျန်ဓားမသေမျိုးသည် ဦးညွှတ်ပြီး လေးစားစွာ ပြောလိုက်သည်။
"ကျွန်တော် ဉာဏ်အလင်းပွင့်သွားသလို ခံစားရပါတယ်"
"ကောင်းတယ်"
ယဲ့ကျွင်းလင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူသည်လည်း သူ့စကားများသူ အတော်လေးသဘောတွေ့လှသည်ပင်။
"ကျွန်တော်မရှိတဲ့အချိန်မှာ မသေမျိုးမဟာမိတ်အဖွဲ့အစည်းကို ကောင်းကောင်း စီမံခန့်ခွဲပါ။ ဘာအမှားမှ မလုပ်မိပါစေနဲ့။ မဟုတ်ရင် အကြီးအကဲပဲ တာဝန်ယူရလိမ့်မယ်"
"ဒီငယ်သား နာခံပါ့မယ်"
ချင်းလျန်ဓားမသေမျိုး၏ မျက်နှာအမူအရာသည် လေးနက်နေပြီး ပုခုံးပေါ်တွင် ကြီးမားသောတာဝန်တစ်ရပ် ထမ်းတင်လိုက်ရသည့်ခံစားချက်ဖြင့် အနည်းငယ်မျှ ပေါ့ဆလိုခြင်းမရှိ။
မကြာမီပင် ယဲ့ကျွင်းလင်က မသေမျိုးဘုံသို့ တက်လှမ်းမည့်အကြောင်း ပတ်ဝန်းကျင်ရှိ လူများကို အသိပေးလိုက်သည့်အခါ လူတိုင်း အံ့အားသင့်သွားကြသည်။
ဤခေတ်ကာလ၌ မသေမျိုးဘုံသို့ တက်လှမ်းရန် လိုအပ်သေးပါသလော။
မည်သူမျှ တက်လှမ်းလိုမည်မဟုတ်ဟု သူတို့ တွေးခဲ့ကြသော်လည်း မထင်မှတ်ဘဲ ပထမဆုံး တက်လှမ်းသူမှာ ဤခေတ်၏ အင်အားအကြီးဆုံးပုဂ္ဂိုလ် ဖြစ်နေခဲ့သည်။
"ဆရာတူညီလေးယဲ့၊ အစ်ကိုကြီး တောင်းပန်ပါတယ်၊ မသွားပါနဲ့၊ မသွားပါနဲ့"
ဓားဝှက်တောင်ထိပ်သခင်မှာ အရှေ့သို့ဝုန်းခနဲခုန်ထွက်လာကာ ယဲ့ကျွင်းလင်၏ခြေထောက်ကိုဖက်ပြီး အလွန်ဝမ်းနည်းနာကျင်နေဟန်ဖြင့် အော်ဟစ်ငိုယိုလိုက်သည်။
သို့သော် မျက်ရည်တစ်စက်မှ ထွက်ကျမလာခဲ့။
ယဲ့ကျွင်းလင်မှာ သူ့ကိုကြည့်ရင်း နဖူးကြောများထောင်ထလာတော့သည်။
"ထတော့။ အစ်ကိုကြီး သရုပ်ဆောင်တာ နည်းနည်းလွန်နေပြီ"
ငိုသံ ရုတ်တရက် ရပ်တန့်သွားသည်။
အကောခံလိုက်ရသဖြင့် ဓားဝှက်တောင်ထိပ်သခင် မသက်မသာရယ်ပြီး ခေါင်းကုတ်ရင်း ပြောလိုက်သည်။
"ဟုတ်လား၊ ငါ့သရုပ်ဆောင်စွမ်းရည် တိုးတက်အောင်လေ့ကျင့်ရဦးမှာပဲ
ဖြန်း
စကားဆုံးသည်နှင့် ဇက်ပိုးကို တစ်ချက်ရိုက်ချခံလိုက်ရသည်။
ထျန်းရှန်းတောင်ထိပ်သခင်မသည် အလွန်ဒေါသထွက်နေဟန်ရှိပြီး မျက်လုံးနှစ်ဖက်ကို ဝိုင်းနေအောင်ပြူးလျက် ဆူပူကြိမ်းမောင်းလိုက်သည်။
"ဒီကျန့်မျိုးရိုးကတော့ ဘာတွေရူးကြောင်ကြောင်လုပ်နေတာလဲ၊ ဒါကို ပျော်စရာကိစ္စများထင်နေလား"
"အေးလေ အေးလေ" တခြားတောင်ထိပ်သခင်များကလည်း ဝိုင်းပြောကြသည်။
ဓားဝှက်တောင်ထိပ်သခင်မှာ အုပ်လိုက်အနိုင်ဝိုင်းကျင့်ခံလိုက်ရပြီး မကျေမလည်မျက်နှာဖြင့် ခေါင်းငုံ့လျက် လူအုပ်ထဲပြန်တိုးဝင်သွားတော့၏။
ငါက သူတို့ပျော်အောင်လုပ်ပေးတာကို ဘာလို့ဝိုင်းဆူကြတာလဲ။
ဟာသဉာဏ်လုံးဝမရှိကြတာပဲ။
"အားလုံးပဲ၊ ဆရာတူညီလေးယဲ့က သာမန်မှမဟုတ်တာ။ ဒီလိုဆုံးဖြတ်ချက်ချတာလည်း နားလည်နိုင်စရာပါပဲ။ ကျွန်တော်တို့ သူ့အတွက် စိတ်ပူနေစရာမလိုပါဘူး၊ နောက်တစ်ကြိမ်ပြန်ရောက်လာရင်း ဘယ်အဆင့်ထိရောက်သွားမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ" ဂိုဏ်းချုပ်ရှယိုနျန်က နောက်ပြောင်သလိုဟန်ဖြင့် ခပ်ပြုံးပြုံးဆိုသည်။
"ဟုတ်ပါ့ဗျာ" ယဲ့ကျွင်းလင် ကျေကျေနပ်နပ်ကြီးပြုံးလိုက်သည်။
တကယ်ကို ဂိုဏ်းချုပ်နေရာရထားတဲ့အကြောင်းရင်းကတော့ ရှိတာပဲ။
"ဆရာသခင် မသေမျိုးဘုံကိုသွားမှာဆိုရင် ကျွန်တော်တို့လည်း အတူလိုက်ခဲ့မယ်လေ" လီဝူကျယ်က ဝင်ပြောလိုက်သည်။
"သဘောတူတယ်" ဟုန်ချန်ယဲ့ကလည်း ခေါင်းညိတ်သည်။
ဆရာသခင်သွားရာနောက် တကောက်ကောက်လိုက်ရသည်မှာ အကျင့်ဖြစ်နေလေပြီ။ ယဲ့ကျွင်းလင်သာ သူတို့ကိုထားခဲ့လျှင် အဖွဲ့လိုက် ယောင်တောင်တောင်ဖြစ်နေကြမည်မလွဲ။
"တာအိုရောင်းရင်းယဲ့၊ ခင်ဗျား မသေမျိုးဘုံကို သွားတော့မယ်ဆို" ချင်းလျန်ဓားမသေမျိုးဆီမှ သတင်းရပြီးနောက် ကောင်းပုလီက အပြေးရောက်လာသည်။
"ဘာလဲ၊ ငါနဲ့အတူ လိုက်မလို့လား" ယဲ့ကျွင်းလင် စိတ်ဝင်စားသွားသည်။
ဤခွေးမျိုးနွယ်သည် ဧကရီဖူယောင်၏ အစောင့်ခွေးဟောင်းဖြစ်ပြီး မသေမျိုးစွမ်းအားရှင် အများအပြားနှင့် အနီးကပ်ဆက်ဆံဖူးသည်။ သူတို့အတူတူ မသေမျိုးဘုံသို့ တက်လှမ်းပါက ထိုကျယ်ပြန့်သောအဆက်အသွယ်များ အသုံးဝင်လာမည်ပင်။
သို့သော် ကောင်းပုလီက ခေါင်းပြုတ်မတတ် ခါယမ်းပြလိုက်သည်။ "မသေမျိုးဘုံကို ခွေးတောင်မသွားဘူး"
"ဟမ်"
ယဲ့ကျွင်းလင်၏မျက်လုံးများ စူးခနဲလက်သွားသည်။
အရိုးထဲထိ ထိုးဖောက်သွားသည့် အေးစက်မှုက ပတ်ဝန်းကျင်သို့ ရုတ်ချည်းပျံ့နှံ့သွားပြီး အပူချိန်သည် ချက်ချင်း အနိမ့်ဆုံးသို့ ကျဆင်းသွားတော့သည်။
လူတိုင်း ထိတ်လန့်တကြားဖြင့် ထိုအဝါရောင်ဆံပင်ဖြင့်အဘိုးကြီးကို ဝိုင်းကြည့်လိုက်ကြကာ ထိုအကြည့်များတွင် အဓိပ္ပာယ်တစ်မျိုးသာပါဝင်သည်။
မင်း ဘယ်လိုတောင် ပြောရဲရတာလဲ။
ချက်ချင်းဆိုသလိုပင် ကောင်းပုလီလည်း ချွေးများဖြင့် ရွှဲနစ်သွားပြီး စိုးရိမ်တကြီး ရှင်းပြလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ နားလည်မှုမလွဲပါနဲ့။ ကျွန်တော်ပြောချင်တဲ့ ခွေးဆိုတာက ကျွန်တော့်ကိုယ်ကျွန်တော်ပြောတာပါ။ ကျွန်တော်မလိုက်ချင်ဘူးလို့ ပြောတာပါ"
ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်ပြီး ပြန်လည်ဆက်စပ်စဥ်းစားလိုက်သည်။
ခွေးကပြောသောစကားဖြစ်သောကြောင့် သိပ်တော့လည်းမှားမနေ။
သူအတွေးလွန်သွားပုံရသည်။
"နောက်တစ်ခါ စကားပြောရင် သတိထား" ယဲ့ကျွင်းလင်က ပြင်းပြင်းထန်ထန် သတိပေးသော လေသံဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ သတိထားပါ့မယ်"
ကိုယ်ပေါ်မှဖိအားကြီး လွင့်ပြယ်သွားမှ ကောင်းပုလီအမောတကောဖြင့် သက်ပြင်းချနိုင်တော့၏။
သူ့မှာ ယခုထိတုန်ယင်နေဆဲသာပင်။
ပုရှောင်ရှီးရဲ့ ဟင်းလျာစာရင်းမှာ ပါသွားတော့မလို့ နည်းနည်းပဲလိုတော့တာပါလား။