← Chapters

မသေမျိုးဘုံသို့ တက်လှမ်းခြင်း

Vol. 50 Ch. 691

မသေမျိုးဘုံသို့ တက်လှမ်းခြင်း

Vol. 50 Ch. 691

စကားမှားယွင်းမှု ပြေလည်သွားပြီးနောက် သူတို့စကားစမြည်ဆက်ပြောဖြစ်ကြသည်။

ကောင်းပုလီအား မသေမျိုးဘုံသို့ အဘယ်ကြောင့် မသွားချင်ကြောင်း မေးကြသော် သူလည်း အကြောင်းပြချက်များကို ထုတ်ပြလာ၏။

သူသည် ရှေးယခင်က အဆင့်မြင့် အင်အားကြီးပုဂ္ဂိုလ်များစွာကို သိကျွမ်းခဲ့သော်လည်း အချိန်များစွာ ကုန်လွန်သွားခဲ့ပြီး ကမ္ဘာကြီးလည်း ပြောင်းလဲသွားခဲ့ရာ အခြေအနေများမှာ အရင်ကနှင့် မတူတော့ပေ။

သူသည် ရှေးခေတ်က ဧကရီဖူယောင်၏နောက်တော်ပါ ဖြစ်ခဲ့သည့်တိုင် မသေမျိုးဘုံတွင် မည်သူက ထိုအဆင့်အတန်းကိုထောက်ဆ၍ မျက်နှာသာပေးချင်ကြမည်နည်း။

မရေရာသောအားကိုးမှုဖြင့် ဒုက္ခကိုရှာဖွေခြင်းသက်သက်သာ ဖြစ်ပေမည်။

ထို့အပြင် ကောင်းပုလီသည် မသေမျိုးဘုံကို တောင့်တမက်မောခြင်း လုံးဝမရှိ။ သူ၏အမြင်တွင် ခွင်းလွင်ကမ္ဘာသည်သာ သူ၏ဇာတိမြေ ဖြစ်သည်။

"တာအိုရောင်းရင်းယဲ့၊ ခင်ဗျား မသေမျိုးဘုံကို တကယ်တက်လှမ်းမယ်ဆိုရင် ကျွန်တော့်ရဲ့ မျိုးနွယ်စုဝင်တွေကို သင့်တော်သလို ဂရုစိုက်ပေးပါဦး။ ဘာပဲဖြစ်ဖြစ် နှစ်တွေအများကြီး ကြာသွားပြီဆိုတော့ မသေမျိုးဘုံမှာ ကောင်းကင်ခွေးမျိုးနွယ်ရဲ့အခြေအနေ ဘယ်လိုရှိနေမလဲဆိုတာ ကျွန်တော်လည်းမခန့်မှန်းတတ်ဘူး"

"ဒီတံဆိပ်ပြားကို ယူသွားပါ။ ဒါကိုပြလိုက်တာနဲ့ ကောင်းကင်ခွေးမျိုးနွယ်တစ်ခုလုံးက ခင်ဗျားလက်အောက် နာခံလာကြပါလိမ့်မယ်"

ကောင်းပုလီသည် ဝတ်ရုံလက်စအတွင်းမှ အဖိုးတန် ရွှေရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုတံဆိပ်ပြားတွင် အလွန်အသက်ဝင်သော ခွေးခေါင်းပုံတစ်ခု ရှိနေပြီး လက်ရာမြောက်လှပါသော်ငြား ဘာကြောင့်မှန်းမသိ ရယ်ချင်စရာနည်းနည်းကောင်းသည်။

"ဒါက ခွေးတံဆိပ်ပြားလား"

ယဲ့ကျွင်းလင်သည် ထိုခွေးခေါင်းတံဆိပ်ပြားကို လှမ်းယူလိုက်ပြီး နည်းနည်းထူးဆန်းနေဟန်ဖြင့် လက်ထဲတွင် လှည့်ပတ်ဆော့ကစားနေသည်။

မိတ်ဆွေတစ်ဦး၏ တောင်းဆိုချက်ဖြစ်သောကြောင့် သူလည်း အဆင်ပြေသလို ဆောင်ရွက်ပေးမည်သာပင်။

"အကြီးအကဲယဲ့၊ ကျွန်တော်လည်း ခင်ဗျားနဲ့အတူ မသေမျိုးဘုံကို သွားချင်ပါတယ်" ထိုအချိန်တွင် သူတို့နှင့်အတူ တတွဲတွဲပါလာတတ်သော စန်းလန်ကျွင်းက ပြောလာသည်။

"ဟင်"

ယဲ့ကျွင်းလင် အနည်းငယ် အံ့အားသင့်သွားသည်။

"မင်းလို ကျားဖြန့်ဈေးသည်က ဟိုရောက်ရင် အမဲလိုက်ခံရမှာ မကြောက်ဘူးလား" လီဝူကျယ်က နောက်ပြောင်လိုက်သည်။

စန်းလန်ကျွင်း၏ မျက်နှာအမူအရာမှာ အတော်လေးမသက်မသာဖြစ်သွားပြီး ပြန်ပြောသည်။

"မိတ်ဆွေလေးလီရယ် အဲ့လိုမပြောပါနဲ့။ အချိန်တွေ ဒီလောက်ကြာခဲ့ပြီ၊ မသေမျိုးဘုံမှာ ငါ ဘာတွေ လုပ်ခဲ့လဲဆိုတာ ဘယ်သူက မှတ်မိနေဦးမှာလဲ"

"နောက်ပြီးတော့ ကျွန်တော် မသေမျိုးဘုံကို သွားချင်ရတဲ့ အဓိကအကြောင်းရင်းက ကျွန်တော့်ရင်ထဲကအပူကို ဖြေရှင်းချင်လို့ပါ"

"ဘာကိုဆိုလိုတာလဲ" ယဲ့ကျွင်းလင် စိတ်ဝင်တစား မေးလိုက်သည်။

"အိုင်း... အဲဒီတုန်းက ကျွန်တော် လိမ်လည်လှည့်ဖြားခဲ့ရတာတွေကလည်း တကယ်တော့ ကျွန်တော့် ချစ်မြေးမလေး ‌ငွေရေးကြေးရေးစိတ်ပူစရာမလိုဘဲ ကျင့်ကြံနိုင်အောင်လို့ မသေမျိုးသလင်းကျောက်တွေ ပိုများများ ရချင်ခဲ့ရုံပါ"

"နောက်ပိုင်းမှာ ကျွန်တော့်ဂုဏ်သတင်းက အရမ်းဆိုးရွားလာတော့ ဆွေမျိုးသားချင်းတွေ အထိနာမှာကို ကြောက်တာကြောင့် အများနည်းတူ မသေမျိုးဘုံကိုမလိုက်ခဲ့ဘဲ ဒီမှာပဲချန်နေရစ်ခဲ့တာပါ"

"ဒါပေမဲ့ ဒီလောက် နှစ်တွေအကြာကြီးရှိခဲ့ပြီလေ။ ကျွန်တော့်မိသားစုဝင်တွေရော ရှိနေသေးလား၊ ကျွန်တော့် မြေးမလေး ထုံထုံ အသက်ရှင်နေသေးလား သေများသွားပြီလားဆိုတာ သိချင်သေးတယ်..."

စန်းလန်ကျွင်းက စိတ်ဓာတ်ကျနေဟန် လေသံပျော့လေးဖြင့် သူ၏ ခံစားချက်များကို ထုတ်ဖော်ပြောပြလာခဲ့သည်။

ယခုပင်လျှင် လှုပ်ရှားတက်ကြွပြီး အပြစ်ကင်းစင်သော ကလေးမလေး၏ ဖိုးဖိုးဟူသော ချစ်စဖွယ်ခေါ်သံလေးကို ပြန်ကြားယောင်မိနေသေး၏။

ထိုစဥ်က သူ့မြေးမလေး၏ ပါရမီသည် အသင့်အတင့်ကောင်းမွန်လှကာ မသေမျိုးသလင်းကျောက်နှင့် ဆေးလုံးအများအပြားဖြင့် ဖြည့်ဆည်းထောက်ပံ့ပေးနိုင်လျှင် အနာဂတ်တွင် မသေမျိုးဘုရင် ဖြစ်လာရန်မှာ လုံးဝသေချာနေခဲ့သည်ပင်။

ဒါပေမဲ့ ပြဿနာတစ်ခု ပေါ်လာခဲ့သည်။

ခွင်းလွင် ပြန်လည်နာလန်ထူမည့်ခေတ်သစ်အထိ အသက်ရှင်ကျန်ရန်ဆိုပါက မသေမျိုးဘုရင်တစ်ပါး၏ သက်တမ်းသက်သက်ဖြင့် တောင့်ခံနိုင်မည်မဟုတ်။ မိမိကိုယ်ကို ချိတ်ချပိတ်လှောင်ကာ အကြာကြီးအိပ်စက်စောင့်ဆိုင်းခြင်းမှလွဲ၍ တခြားနည်းလမ်း မရှိခဲ့ပါချေ။

မသေမျိုးဧကရာဇ်အဆင့်ထိရောက်ရှိပြီး ယခုတိုင် နှစ်ရှည်ကာလများစွာကို စောင့်ဆိုင်းတောင့်ခံဖို့ လုံလောက်သောသက်တမ်း ရှိခဲ့လျှင်ပင် သူတို့၏ဝိညာဉ်သည် တိုက်ခိုက်ရုန်းကန်ရင်း အချိန်ကြာလာသည်နှင့်အမျှ တိုက်စားခံရကာ နောက်ဆုံးတွင် ယိုယွင်းပျက်စီးပြီး ပိုင်ရှင်မဲ့ ခန္ဓာအခွံတစ်ခုသာ ကျန်ရှိနိုင်ချေရှိနေသည်။

မသေမျိုးသူတော်စင်အဆင့်သို့ ရောက်ရှိမှသာ အာမခံနိုင်လောက်အောင် အရည်အချင်းပြည့်မီသည်။

သို့သော် မသေမျိုးသူတော်စင်အဆင့် ဆိုသည်မှာ လွယ်ကူပါလေသလော။

သာယာဝပြောသော ရှေးဟောင်းခွင်းလွင်တွင်ပင် မသေမျိုးသူတော်စင်အရေအတွက်မှာ အလွန်ရှားပါးလှ၏။ ရှိသမျှသော တစ်ပါးစီတိုင်းသည် မသေမျိုးလမ်းစဉ်၏ ဦးဆောင်ဦးရွက်ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ကြီးမားသော စွမ်းအားတစ်ရပ်နှင့် နောက်ခံကောင်းကောင်းကို ပိုင်ဆိုင်ထားကြသည်သာ။

ထိုစဉ်က သူ၏ လီမိသားစုမှ မသေမျိုးဘုရင် အနည်းငယ်သာ ထွက်ပေါ်ခဲ့ပြီး မသေမျိုးဧကရာဇ်သည်ပင် တစ်ပါးမျှမရှိခဲ့။

(စန်းလန်ကျွင်းက သူ့ရဲ့ လူအများခေါ်တွင်တဲ့ ဘွဲ့နာမည်ပါ။ မိသားစုမျိုးရိုးကတော့ လီပါ။)

မသေမျိုးသူတော်စင်အဆင့် ဆိုသည်မှာ သူတို့အတွက် စိတ်ကူးယဥ်စရာပင် မဟုတ်လေခဲ့။

ထို့အပြင် ကြားထဲတွင် အကြောင်းအရာများစွာ ဖြစ်ပျက်ပြောင်းလဲသွားနိုင်ချေ အလွန်များသည်။ စန်းလန်ကျွင်းသည် မြေးမလေး အသက်ရှင်ကျန်နိုင် မကျန်နိုင်ကို သူ့စိတ်ထဲ သေချာလှခြင်းမရှိ။

အမှန်တော့ အထီးကျန်အဘိုးအိုကြီးတစ်ဦး၏ စိတ်စွဲလမ်းမှုသက်သက်သာ ဖြစ်ပါသည်။

မိမိ၏ မိသားစုအခြေအနေလောက်ကိုတော့ ရှင်းရှင်းသိထားချင်သေးသည်။

စန်းလန်ကျွင်းသည် စိတ်ပြင်ဆင်သည့်အနေဖြင့် အဆိုးဆုံးအခြေအနေကိုပင် ယူဆထားပြီးသားဖြစ်၏။ လီမိသားစုသည် သမိုင်းမြစ်ထဲတွင် အစအနမကျန် ကြွေလွင့်ပျောက်ကွယ်သွားခဲ့ပြီးလည်း ဖြစ်နိုင်သည်။

အခြေအနေက ဘာကိုမှ အတည်တကျတွက်ဆလို့မရသေး။

"မင်းလို လူတကာပတ်လိမ်နေတဲ့ အဘိုးကြီးမှာလည်း ဒီလို မိသားစုခံစားချက် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး" ယဲ့ကျွင်းလင် သက်ပြင်းချလိုက်သည်။

"အကြီးအကဲယဲ့၊ ခင်ဗျား ကျွန်တော့်အကျင့်စရိုက်ကို မေးခွန်းထုတ်လို့ရပါတယ်၊ ဒါပေမဲ့ မိသားစုကိစ္စနဲ့ပတ်သက်ရင်တော့ ကျွန်‌တော်ကအလေးအနက်ထားပါတယ်ဗျာ" စန်းလန်ကျွင်းက မသက်မသာ ပြုံးပြီး ပြောလိုက်သည်။

"ကောင်းပြီ၊ မင်း ငါနဲ့အတူ လိုက်ခဲ့လို့ရတယ်" ယဲ့ကျွင်းလင်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ဆရာသခင်၊ ကျွန်တော်လည်းလိုက်မယ်၊ ကျွန်တော်လည်းလိုက်မယ်"

ထိုအချိန်တွင် ဆံပင်အလယ်ခွဲဖြင့် အပေါ်အောက်အနက်ရောင်ဝတ်စုံဝတ်ထားသော လူငယ်လေးကတစ်ဦးက လက်ကိုဝှေ့ယမ်းရင်း‌ ပြေးလာလေသည်။

ထိုခေတ်မီသော အနက်ရောင်အဝတ်အစားသည် စနစ်ပေးသော ဆိုင်းအင်ဆုလာဘ်များထဲမှတစ်ခုဖြစ်၏။

ယဲ့ကျွင်းလင်ကတော့ ထိုအဝတ်အစားသည် အားခွင်းနှင့်အလွန်လိုက်ဖက်သည်ဟု ခံစားမိ၍ ဝတ်စေလိုက်ခြင်းပင်။

သူ၏အရင်ဘဝက သူငယ်ချင်းဟောင်းများ ဝတ်စားသည့်ပုံစံနှင့် အတော်တူပေသည်။

သတိရလိုက်ပါဘိ။

အားခွင်းသည် ယဲ့ကျွင်းလင်၏ရှေ့သို့ လျှောက်လာပြီး စိတ်ပူပန်စွာပြောလိုက်သည်။ "ဆရာသခင်၊ ကျွန်တော်လည်း အတူလိုက်ချင်တယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မထားခဲ့ပါနဲ့"

ယဲ့ကျွင်းလင် လူငယ်လေး၏ဦးခေါင်းကိုပုတ်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ မင်းကိုခေါ်သွားမှာပေါ့"

"ဟဲဟဲ၊ တော်သေးတယ်"

ဤသို့ဖြင့် အဖွဲ့ဝင်အရေအတွက် အတည်ပြုပြီးခဲ့ကြသည်။

ယဲ့ကျွင်းလင်သည် မသေမျိုးဘုံသို့ တက်လှမ်းရန်အတွက် အချိန်အခါကောင်းကို ရွေးချယ်ရန် ပြင်ဆင်နေလေပြီ။

ဤသတင်း ပျံ့နှံ့သွားသောအခါ အပြင်လောကတွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဘာ၊ မဟာမိတ်ခေါင်းဆောင်ယဲ့က မသေမျိုးဘုံကို တက်လှမ်းတော့မယ် ဟုတ်လား"

"မဖြစ်နိုင်တာ၊ မသေမျိုးဘုံရဲ့ ဆွဲဆောင်မှုက ဘယ်လောက်တောင်ကြီးမားလွန်းလို့ မဟာမိတ်ခေါင်းဆောင်ယဲ့က သူပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်လွှတ်ပြီး တက်လှမ်းဖို့ ရွေးချယ်ရတာလဲ"

"အားလုံးပဲ၊ မဆိုင်တာ မပြောကြနဲ့။ မဟာမိတ်ခေါင်းဆောင်ယဲ့က ဘယ်လို ပုဂ္ဂိုလ်မျိုးမလို့လဲ။ သူ့ရဲ့ အတွေးအခေါ်ပုံစံက ငါတို့လိုသာမန်လူတွေနဲ့ တူနိုင်ပါ့မလား။ သူက ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရှာဖွေဖို့ မသေမျိုးဘုံကို သွားချင်တာ"

"မိတ်ဆွေပြောတာ မှန်တယ်။ အဲဒီပုဂ္ဂိုလ်က မရှုံးနိမ့်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေတာ။ ခွင်းလွင်ကမ္ဘာမှာ ပြိုင်ဘက်မရှိတော့ သူ့ရဲ့ ပန်းတိုင်က မသေမျိုးဘုံဆီကို ပြောင်းသွားတာ ဖြစ်သင့်တာပဲလေ"

"ဒီလိုအတွေးအခေါ်မျိုးကိုတော့ တကယ်ပဲ လေးစားမိတယ်"

...

နေရာတိုင်းတွင် အပြင်းအထန် ဆွေးနွေးမှုများ ပွက်လောရိုက်နေပြီး ဤပြိုင်ဘက်ကင်းသော အင်အားကြီးပုဂ္ဂိုလ်မှ မသေမျိုးဘုံသို့ တက်လှမ်းတော့မည်ဟူသော သတင်းကြောင့် အားလုံး အံ့အားသင့်ကုန်ကြသည်။

ယဲ့ကျွင်းလင်အား ဘုရားသခင်တစ်ပါးကဲ့သို့ သ‌ဘောထားကာ ရူးရူးသွပ်သွပ် ကိုးကွယ်တတ်သော ပရိတ်သတ်များလည်း ရှိနေသေးသည်ပင်။

ယခု သူတို့၏ ဘုရားသခင်လိုဖြစ်တည်မှုက ဤကမ္ဘာကို စွန့်ခွာတော့လေမည်ဖြစ်ရာ အသည်းနာကုန်ကြမည်မှာမဆန်း။

မကြာမီပင် တက်လှမ်းမည့် အချိန်အခါကောင်းသို့ ရောက်ရှိလာသည်။ ဤသည်မှာ ကောင်းပုလီတွက်ချက်ရွေးချယ်ပေးထားသော အခါကောင်းဖြစ်ပြီး လမ်းခရီးတစ်လျှောက် လုံးဝအဆင်ပြေချောမွေ့စေမည်ဟု ဆိုသည်။

တောင်ထိပ်တစ်ခုပေါ်တွင် ပုံရိပ်အချို့ ရပ်နေကြသည်။

ခေါင်းဆောင်နေရာမှ အနက်ရောင်ဝတ်စုံဝတ်ထားသူသည် လက်များကို နောက်ပစ်ထားပြီး ကြယ်တံခွန်ကဲ့သို့ ဖြူဖွေးသော ငွေရောင်ဆံပင်သည်ကား ခါးလယ်ထိ ဖြန့်ကျနေလျက် ခန့်ညားသော မျက်နှာသည် ကြယ်များကဲ့သို့ တောက်ပသော မျက်လုံးများနှင့် ကျက်သရေအဖြာဖြာဖြင့် ပြည့်စုံ၏။

"အားလုံးပဲ၊ အဆင်သင့် ဖြစ်ကြပြီလား"

ယဲ့ကျွင်းလင်က အလေးအနက် ပြောလိုက်သည်။

"အဆင်သင့်ဖြစ်ပါပြီ"

စိတ်အားတက်ကြွနေသော အသံများ တပြိုင်တည်းထွက်ပေါ်လာကြသည်။

"ဒါဆို သွားကြစို့"

ချက်ချင်းပင် ယဲ့ကျွင်းလင်ဦးဆောင်သော အဖွဲ့သည် တည်ငြိမ်အေးချမ်းသောစိတ်အစဥ်ကို ထိန်းသိမ်းထားလျက် စတင်ထွက်ခွာကြတော့၏။

All Chapters