အခန်း (၆၉၂)
Vol. 50 Ch. 692
ကျယ်ပြောသော ကောင်းကင်ယံထက်တွင် ရွှေရောင် လမ်းပြမသေမျိုးအလင်းတန်းတစ်ခု ဆင်းသက်လာပြီး ယဲ့ကျွင်းလင်တို့တစ်ဖွဲ့လုံးကို ဖုံးလွှမ်းလိုက်သည်။
ချက်ချင်းဆိုသလို မသေမျိုးတေးဂီတသံများ ပျံ့နှံ့လာပြီး ကောင်းကင်ထက်တွင် ပန်းများပွင့်ဝေကာ မြင်ကွင်းသည် နတ်ဘုံနတ်နန်းသို့ ရောက်ရှိနေသည့်အလား ပြီးပြည့်စုံစွာ လှပနေခဲ့သည်။
"ရွှယ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူအားလုံး၊ အကြီးအကဲယဲ့ရဲ့ တက်လှမ်းခြင်းကို ရိုသေစွာ ပို့ဆောင်ပါလိုက်ပါတယ်" ရှယိုနျန်နှင့် ဂိုဏ်းသားအပေါင်းက လက်သီးဆုပ်ဦးညွှတ်လျက် တစ်ပြိုင်တည်းဆိုလိုက်ကြသည်။
"အကြီးအကဲယဲ့ရဲ့ တက်လှမ်းခြင်းကို ရိုသေစွာ ပို့ဆောင်လိုက်ပါတယ်"
ရွှယ်ထျန်းဂိုဏ်းသည် အရှေ့တိုင်းဒေသ၏ နံပါတ်တစ် မသေမျိုးဂိုဏ်း ဖြစ်သောကြောင့် မကြာသေးမီနှစ်များအတွင်း ကျင့်ကြံသူများ ပိုမိုများပြားလာခဲ့ရာ လက်ရှိလိုက်လံပို့ဆောင်သော လူအုပ်ကြီးသည် အလွန်ထူထပ်များပြားလှပြီး တပည့်များနှင့် အကြီးအကဲများ အားလုံးမှာ မျက်ရည်လည်လျက်သားဖြင့် စိတ်ခံစားချက်တို့ လှိုင်းထလျက်ရှိကြလေသည်။
မကြာမီပင်...
အရှေ့တိုင်းဒေသ တစ်ခုလုံးမှလည်း တညီတညွတ်တည်း အော်ဟစ်နှုတ်ဆက်သံများ ထွက်ပေါ်လာပြီး ထိုအသံသည် သမုဒ္ဒရာပြင်မှ လှိုင်းလုံးကဲ့သို့ အားအင်အပြည့်ဖြင့် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသည်။
"အကြီးအကဲယဲ့ရဲ့ တက်လှမ်းခြင်းကို ရိုသေစွာ ပို့ဆောင်လိုက်ပါတယ်"
ကျင့်ကြံသူအဆင့်အတန်း နောက်ခံအထောက်အထား တစ်ခုမှအရေးမပါလေတော့၊ ဤအခိုက်အတန့်တွင် သူတို့အားလုံးသည် ထိုလမ်းပြမသေမျိုးအလင်းတန်းဘက်သို့ ဦးညွှတ်ကာ စိတ်အားထက်သန်စွာဖြင့် အော်ဟစ်နေခဲ့ကြသည်။
ဤဖြစ်စဉ်သည် ဒေသကြီးငါးခုလုံးတွင် တစ်ပြိုင်တည်းဖြစ်ပေါ်နေခြင်းပင်။
အရပ်ရပ်မှလာသော နှုတ်ဆက်အော်ဟစ်သံများကို ကြားရသောအခါ လီဝူကျယ်သည် မနာလိုအားကျဟန်အမူအရာဖြင့် ဆိုသည်။
"ဆရာသခင်ကတော့ မနာလိုချင်စရာပဲ။ မသေမျိုးဘုံတက်လှမ်းတာလောက်ကို ဒီလောက်ခမ်းနားနေတာ"
"မသေမျိုးဘုံကို ငါတော့ အရမ်းစိတ်ဝင်စားတယ်"
ဟုန်ချန်ယဲ့၏ မျက်လုံးများ တောက်ပလာပြီး သူ၏ နှုတ်ခမ်းထောင့်မှာ အဓိပ္ပာယ်ပါပါ ကွေးညွှတ်သွားခဲ့သည်။
အင်အားကြီး ပုဂ္ဂိုလ်များ သစ်တောကြီးတစ်ခုသဖွယ် အပြိုင်အဆိုင်ပေါက်ရောက်တည်ရှိနေသော မသေမျိုးဘုံ၌ ပြဿနာများ ဖန်တီးရန် မစောင့်နိုင်တော့ပါချေ။
"ဝါး၊ ရှုရှုတို့ပျံတာ အမြင့်ကြီးထိရောက်နေပြီပဲ"
ပုရှောင်ရှီး၏ မျက်လုံးလေးများက တလက်လက်တောက်ပနေပြီး သူမ၏ နူးညံ့သောမျက်နှာလေးမှာ အထူးတဆန်းဖြစ်နေဟန်ရ၏။
လမ်းပြ မသေမျိုးအလင်းတန်းသည် သူတို့၏အမြင်အာရုံမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ခွင်းလွင်ကမ္ဘာမှ ကျင့်ကြံသူများအားလုံး စိတ်ဓာတ်ကျဆင်း၍ ဝမ်းနည်းပမ်းနည်း ဖြစ်ကျန်ခဲ့ရသည်။
ဤကမ္ဘာပေါ်ရှိ တစ်လောကလုံး အသိအမှတ်ပြုထားသော အားအကောင်းဆုံး ပုဂ္ဂိုလ်သည် သူတို့ထံမှ ထွက်ခွာသွားခဲ့လေပြီ။
ခြံဝင်းငယ်လေးထဲတွင် ကျွန်းပိုင်ရှင်ယဲ့နှင့် နောက်တစ်ကြိမ် တွေ့ဆုံရချိန်၌ တစ်ဖက်လူသည် မည်သည့်ကျင့်ကြံဆင့်တွင် ရှိနေလောက်မည်နည်းဟု စဥ်းစားရင်း မိုးမခပင် သက်ပြင်းချမိသည်။
ထိုအချိန်တွင် မသေမျိုးဘုံသို့ ဦးတည်သော ကမ္ဘာ့နယ်နိမိတ်လမ်းကြောင်း၌ ယဲ့ကျွင်းလင်တို့အဖွဲ့မှာ အံ့ဩဖွယ်ကောင်းသော အတွေ့အကြုံများကို ခံစားနေကြရသည်။
မီးစမီးတောက်များစွာ ပျံသန်းနေသည့်အလား တောက်ပသော အမှုန်အမွှား အမြောက်အမြားသည် သူတို့ပတ်လည်တွင် စီးဆင်းနေသည်ပင်။
ဤနေရာတွင် အချိန်၏သဘောတရား မရှိသောကြောင့် ခရီးစဥ်မည်မျှကြာသွားမှန်းပင် သူတို့မသိနိုင်။
ရုတ်တရက် ကမ္ဘာ့နယ်နိမိတ်လမ်းကြောင်းသည် ဒုန်းခနဲအသံဖြင့် ပြင်းထန်စွာတုန်ခါသွားပြီး ပြိုလဲလုနီးပါး ဖြစ်သွားသည်။
"ဘုရားရေ၊ ပြောတော့အချိန်အခါကောင်းဆိုပြီး အခု ဘာဖြစ်နေတာလဲ" လီဝူကျယ်မှာ ဦးရေပြားပင်ကျဥ်တက်သွားရသည်။
"လမ်းကြောင်းက ပြန်ကောင်းနေပြီ မဟုတ်ဘူးလား။ ဘာလို့ ဒီလိုဖြစ်နေရတာလဲ" စန်းလန်ကျွင်းလည်း အံ့အားသင့်စွာ ရေရွတ်လာသည်။
လမ်းကြောင်း၏ ရုတ်တရက်ဆန်သော အပြောင်းအလဲကြောင့် အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြပြီး စိုးရိမ်စိတ်လည်းဝင်လာကြသည်။
ဤနေရာတွင် တစ်စုံတစ်ရာ မတော်တဆဖြစ်ခဲ့ပါက သူတို့အနေဖြင့် ဆက်လက်ရှင်သန်နိုင်ဖို့ရာပင် မသေချာတော့။
"စနစ်ရေ ဘာဖြစ်နေတာလဲ" ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်ကာ အကြောင်းရင်းကို စနစ်ဆီသွားမေးလိုက်သည်။
[တင်၊ ပိုင်ရှင်နဲ့ တပည့်မိတ်ဆွေတွေရဲ့ ကျင့်ကြံဆင့်မြင့်မားမှုကြောင့် လမ်းကြောင်းက ဖိအားကိုမခံနိုင်ဘဲ တုန်ခါသွားရခြင်းဖြစ်ပါတယ်]
သူ၏ စိတ်ထဲတွင် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။
"ဆိုလိုတာက လမ်းကြောင်းက ပြိုတော့မယ်ပေါ့"
ယဲ့ကျွင်းလင် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ ကြိုသိခဲ့လျှင် နောက်ထပ် ရက်အနည်းငယ် ထပ်စောင့်လိုက်မည်ပင်။
[တင်၊ မစိုးရိမ်ပါနဲ့ ပိုင်ရှင်၊ ကမ္ဘာ့လမ်းကြောင်းက အဲ့လောက်လွယ်လွယ်နဲ့မပြိုကွဲနိုင်ပါဘူး။ မသကာ လူကွဲသွားရုံလောက်ပါပဲရှင့်]
စကားဆုံးသည်နှင့်၊
လီဝူကျယ်တို့တစ်သိုက်ထံမှ အာမေဋိတ်သံများထွက်လာသည်။
မျက်စိကျိန်းစပ်လောက်အောင် တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုသည် သူတို့၏မျက်လုံးရှေ့တွင် ချက်ချင်းပေါ်လာပြီး လူတိုင်း၏အမြင်အာရုံကို လွှမ်းမိုးလိုက်သည်။ စူးရှသော တဝီဝီမြည်သံသည် သူတို့၏ နားစည်များဆီသို့ ပြင်းပြင်းရိုက်ခတ်လာပြီး ခေတ္တမျှ နားပင်းသွားသည်ဟု ခံစားရမိသည်အထိ။
...
ယဲ့ကျွင်းလင် မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ လှပသော တောင်တန်းများနှင့် ကြည်လင်သော ရေကန်များအလယ်တွင် ရောက်ရှိနေခဲ့သည်။
"ဒါ မသေမျိုးဘုံလား" သူ မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာ စောင့်ကြည့်နေမိ၏။
ဤနေရာ၏ ကောင်းကင်နှင့် မြေကြီးကြားရှိ မသေမျိုးစွမ်းအင်သည် အလွန်သိပ်သည်းပြည့်လျှံပြီး လက်ရှိ ခွင်းလွင်ကမ္ဘာထက် များစွာ ပိုမိုအားကောင်း၏။
အသိသာဆုံးအချက်မှာ ယဲ့ကျွင်းလင်သည် တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးနေလျက် ဖိနှိပ်ခံထားရသောလက္ခဏာမျိုး လုံးဝမရှိတော့ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် မသေမျိုးဘုံ၏ ပတ်ဝန်းကျင်သည် မသေမျိုးသူတော်စင်အဆင့်ရှိသူများနှင့် စကြဝဠာအရှင်များအတွက်ပင် လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်စေဖို့ အဆင်ပြေအောင် စီစဥ်ထားပေးသောကြောင့်။
ဤနေရာတွင် တာအိုလမ်းစဥ်မှာ ပိုမိုပြည့်စုံအားကောင်းသဖြင့် ကျင့်ကြံသူတို့၏ စွမ်းအားအဆင့်များ ပုံမှန်ထက် များစွာပို၍နိမ့်ကျသွားမည်ပင်။
ဥပမာအားဖြင့် မသေမျိုးတက်လှမ်းခြင်းကို အောင်မြင်ပြီးစ စစ်မှန်သောမသေမျိုးတစ်ဦးသည် သူတို့၏ မူလဇာတိကမ္ဘာငယ်၌ လူအများ အံ့သြဘနန်းဖြစ်စေမည့် မြင်ကွင်းများကို အလွယ်တကူ ဖန်တီးနိုင်ပြီး ထွက်သက်လေးတစ်ချက်စာမျှဖြင့် တောင်တန်းထောင်ပေါင်းများစွာကို ချေမွပစ်နိုင်သည်။
သို့သော် မသေမျိုးဘုံသို့ ရောက်ရှိသောအခါ စစ်မှန်သောမသေမျိုးအဆင့် ကျင့်ကြံသူတစ်ဦးသည် အားကုန်ထုတ်သုံးလျှင်ပင် ကျောက်တုံးကြီးတစ်တုံးကိုထုခွဲဖို့ အတော်ရုန်းကန်ရပေဦးမည်။
ကွာခြားချက်က ထိုမျှကြီးမားသည်။
ဤမျှကျယ်ပြန့်သော မသေမျိုးဘုံ၌ စစ်မှန်သော မသေမျိုးတစ်ပါးသည်ပင် သာမန်အရပ်သားတမျှ နိမ့်ကျပေရော့မည်။
မသေမျိုးတမျှ အားကြီးပါသော ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူများဆိုလျှင်မူ အိမ်မွေးတိရိစ္ဆာန်လောက်သာ သတ်မှတ်ခံရပေရော့မည်။
အဆုံးမရှိသော နှစ်ရှည်လများ ကာလကြားတွင် ကမ္ဘာငယ်များမှ မသေမျိုးဘုံဆီသို့ တက်လှမ်းလာသော ပါရမီရှင် အများအပြားသည် မသေမျိုးဘုံ၌ အသစ်မှတစ်ဖန် ပြန်လည်စတင်ခဲ့ရသည်ချည်းသာ။
ကံကောင်းသူများသည် နာမည်ကျော်ကြားလာနိုင်သော်လည်း ကံတရားအားသာချက်မပါလျှင် လူအုပ်ကြားထဲ ပျောက်ကွယ်သွားနိုင်သလို တိုက်ပွဲများကြား အသက်ဆုံးရှုံးသွားရခြင်းလည်း ဖြစ်နိုင်သည်။
ဤသည်မှာ လက်တွေ့ဘဝ၏ ကြမ်းတမ်းမှုပင် ဖြစ်၏။
ဘေးဒုက္ခအပေါင်းကိုကျော်လွှား၍ မသေမျိုးအဖြစ် ကုပ်ကပ်တက်လာရသော ကျင့်ကြံသူတစ်ဦးသည် မသေမျိုးဘုံတွင်တော့ မျောက်မင်းကြီးကိုဝန်းရံသော တပ်သားတစ်သိန်းထဲမှ တစ်ဦးဖြစ်လာရုံမျှသာ။
"အ... အကြီးအကဲယဲ့"
အတွေးများ လှည့်လည်နေစဥ် အဝေးမှ စန်းလန်ကျွင်း၏အသံ ထွက်ပေါ်လာသည်။
ရင်းနှီးသောပုံရိပ်ကို မြင်လိုက်ရသောအခါ အလွန်အံ့သြဝမ်းသာနေဟန်ဖြင့် အပြေးရောက်လာသည်။
မည်သို့ပင် မရင်းနှီးသောနေရာဖြစ်ပေါစေ၊ ကျောထောက်နောက်ခံကောင်းကောင်းရှိထားလျှင် စိတ်ပူနေစရာမလိုပါ။
"တခြားသူတွေရော" ယဲ့ကျွင်းလင် အလျင်အမြန် မေးလိုက်သည်။
"ကျွန်တော် မသိဘူး"
စန်းလန်ကျွင်းမှာ ကူကယ်ရာမဲ့နေဟန်ဖြင့် စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။
"ကျွန်တော်မျက်လုံးဖွင့်လိုက်တာနဲ့ ဒီကိုရောက်နေတာပဲ။ သူတို့အကုန် ဘယ်ရောက်သွားလဲဆိုတာ လုံးဝမသိလိုက်ဘူး"
ယဲ့ကျွင်းလင်လည်း ဗြုန်းစားဖြစ်ပွားသွားသော အခြေအနေကို လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့။
"စနစ်ပြောသလို ငါတို့လူကွဲသွားကြတာပဲဂ
သူ၏ တပည့်လေးများ တကွဲတပြားနေရာများတွင် ဘေးကင်းကြပါစေဟုသာ မျှော်လင့်ရပေတော့မည်။