← Chapters

အခန်း (၆၉၄)

Vol. 50 Ch. 694

အခန်း (၆၉၄)

Vol. 50 Ch. 694

"ရှောင်စန်း၊ မင်း ဘာတွေသိလိုက်လဲ။ ငါ့ကိုပြောပြပါဦး" ယဲ့ကျွင်းလင်က စိတ်ဝင်တစား မေးလိုက်သည်။

"အကြီးအကဲယဲ့ကို ပြန်လည်ဖြေကြားပါတယ်၊ မသေမျိုးဘုံဟာ မသေမျိုးဒေသကြီး ငါးခုခွဲထားတာကို တွေ့ရပါတယ်။ အဲ့ဒါတွေကတော့ အေးခဲမသေမျိုးဒေသ၊ တောင်ပိုင်းကောင်းကင် မသေမျိုးဒေသ၊ အရှေ့ပိုင်းအောင်မြေ မသေမျိုးဒေသ၊ အနောက်ပိုင်းစိမ့်မြေ မသေမျိုးဒေသနဲ့ ဗဟိုကမ္ဘာ မသေမျိုးဒေသတို့ပဲ ဖြစ်ပါတယ်"

"မသေမျိုးဒေသကြီး တစ်ခုစီမှာ မဟာနယ်ပယ်တွေ အများကြီးပါဝင်ပြီး မဟာနယ်ပယ်တစ်ခုစီကို ပြည်နယ်အမြောက်အမြားအဖြစ် ထပ်မံပိုင်းခြားထားပါတယ်။ အခု ကျွန်တော်တို့ရောက်နေတဲ့ နေရာက အေးခဲမသေမျိုးဒေသရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ယွီရှန်းမဟာနယ်ပယ်မှာရှိတဲ့ ဖက်ပြည်နယ်ဖြစ်ပါတယ်!"

ထိုစကားမှတစ်ဆင့် ယဲ့ကျွင်းလင်လည်း သွားရမည့်မြေပုံနှင့်ပက်သက်၍ ပိုမိုသိရှိလိုက်ရသည်။

ခဏလေး၊ ဖက်ပြည်နယ် ဟုတ်လား။

ဘာနာမည်ကြီးလဲ။ မှတ်ချက်ပေးစရာမရှိတော့လောက်အောင် ကြောင်လွန်းတယ်။

"ခုနက ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တဲ့သူတွေကတော့ အနောက်မြောက်ဘက် မိုင်တစ်သောင်းအကွာမှာရှိတဲ့ ကျွီးယန်ခံတပ်လို့ခေါ်တဲ့ ဓားပြအဖွဲ့အစည်းကပါ။ ဒီခံတပ်ရဲ့ ခံတပ်မှူးက မသေမျိုးအုပ်စိုးသူအဆင့်မှာ ရှိပါတယ်"

စန်းလန်ကျွင်းက အမှန်အတိုင်း ပြန်လည်တင်ပြလိုက်သည်။

"မသေမျိုးအုပ်စိုးသူ အဆင့်တဲ့လား" ယဲ့ကျွင်းလင် တစ်ချက်စဉ်းစားလိုက်သည်။

အကယ်၍ ပုံမှန်အတိုင်းတက်လှမ်းလာသော စစ်မှန်သောမသေမျိုး တစ်ဦးဦးသာဆိုလျှင် မသေမျိုးအုပ်စိုးသူအဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်၏နာမည်ကို ကြားရုံမျှဖြင့် အတော်လေးကြောက်လန့်တောင့်ခဲသွားမည်ပင်။ အဘယ်ကြောင့်ဆိုသော် မသေမျိုးအုပ်စိုးသူတစ်ပါးနှင့်ယှဥ်လျှင် စစ်မှန်သောမသေမျိုးဟူသည် ဖုန်မှုန့်လေးမျှသာတည်း။

ကံမကောင်းစွာဖြင့် ဤနောက်တက်မသေမျိုးလေးမှာ မသေမျိုးသူတော်စင်ဖြစ်နေခဲ့သည်။

"ထားလိုက်ပါတော့၊ ဒီအင်အားစုနာမည်ကိုကြည့်ရတာနဲ့တင် ဓားပြပဲတိုက်နေတဲ့ကောင်တွေမှန်း သိသာပါတယ်။ ငါလည်း အခုမှရောက်တာဆိုတော့ ဖက်ပြည်နယ်ကလူတွေကို ကြိုဆိုလက်ဆောင်ပေးလိုက်ဦးမယ်"

...

အဝေးတစ်နေရာရှိ ခမ်းနားကြီးမားသော တောင်တန်းကြီးပေါ်တွင် ခံ့ညားထည်ဝါသော ခံတပ်ကြီးတစ်ခု တည်ရှိနေသည်။

ဤသည်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသော ကျွီးယန်ခံတပ် ဖြစ်၏။

လက်ရှိတွင် ခံတပ်တစ်ခုလုံးသည် အော်ဟစ်သံများနှင့် တိုက်ပွဲခေါ်သံများဖြင့် ပြည့်နှက်နေသည်။

"ဝမ်ကျန့်မြို့တော်ရဲ့ မြို့စားက အရမ်းဆိုးရွားလွန်းတယ်၊ ငါတို့ ကျွီးယန်ခံတပ်ကို ဖြိုခွင်းဖို့ စစ်တပ်တောင် စေလွှတ်လိုက်တယ်တဲ့"

"သူတို့က ငါတို့ကိုများ သေဖို့သက်သက်ထိုင်စောင့်နေကြလောက်မယ် ထင်နေတာလား"

"တိုက်ကြ၊ အကုန်ပြန်သတ်ပစ်ကြ"

ပတ်ပတ်လည် ပြည့်လျှမ်းနေသော လူအုပ်ကြီးသည် သိပ်သည်းထူထပ်လှပြီး အားလုံးမှာ ဒေါသထွက်နေသော ဓားပြကျင့်ကြံသူများသာဖြစ်ကြသည်။ သူတို့၏ သက်ဆိုင်ရာ မှော်လက်နက်များကို တပြင်ပြင်ကိုင်ဆောင်ထားကြပြီး ကြီးမားသော တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေကြဟန်ရှိ၏။

"မင်းတို့ အားလုံး ပါးစပ်ပိတ်ထား"

အမြင့်ဆုံးနေရာတွင် သံမျှော်စင်ကြီးတစ်ဆောင်ကဲ့သို့ ထွားကြိုင်းသော အမျိုးသားတစ်ဦးသည် နဖူးကြောများ ထောင်ထွက်နေကာ အားကုန်အော်ဟစ်လိုက်သည်။

နေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့၏။

အဘယ်ကြောင့်ဆိုသော် ဤသူသည် ဒုတိယခံတပ်မှူး ဖြစ်ပြီး ခံတပ်မှူးအဆင့်ထက် တစ်ဆင့်သာ နိမ့်ကာ ပုံမှန်အားဖြင့် ကိစ္စကြီးကြီးသေးသေး အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းရသူဖြစ်‌သောကြောင့်။

"မင်းတို့ ဘာတွေ ငြင်းခုံနေကြတာလဲ။ ခံတပ်မှူးက ကျင့်ကြံဆင့်ချိုးဖျက်ဖို့ ကြိုးစားနေတာ။ တစ်ခုခု မှားယွင်းသွားရင် ငါတို့ တာဝန်ယူလို့ရမှာမဟုတ်ဘူး"

ဒုတိယခံတပ်မှူး လုကွမ်း၏ မျက်နှာသည် မှောင်မိုက်နေပြီး အကြည့်က စူးရှပြင်းထန်သည်။

ဤစကားကို ကြားသောအခါမှ မိမိတို့၏ နတ်ဆိုးဘုရင်အကြောင်း သတိရလိုက်ကြပြီး သူတို့အားလုံး ဆောင်းရာသီ၏နှံကောင်များအလား ငြိမ်ကုပ်သွားကြတော့၏။

လုကွမ်းသည် ခံတပ်မှူး၏ ရာဇပလ္လင်ကို မကြာမကြာလှမ်းကြည့်ရင်း စိတ်ထဲ အတွေးများစွာ ရှုပ်ထွေးလျက်ရှိသည်။

အမှန်တကယ်တော့ ဒီမတိုင်ခင်က သူသည် ကျွီးယန်ခံတပ်၏ ခံတပ်မှူးဖြစ်ခဲ့သည်။ ထိုနတ်ဆိုးဘုရင် ပေါ်လာချိန်မှ အရာအားလုံး ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်လူသည် အလွန်ငယ်ရွယ်နုနယ်ပုံရသော်လည်း ကျင့်ကြံဆင့်မှာ သူ့ထက်ပင်မြင့်မားပြီး အလွန်သွေးဆူလွယ်သော စရိုက်ရှိသောကြောင့် ခန့်မှန်းလို့မရနိုင်အောင် ပြောင်းလဲလွယ်ပြီး ထစ်ခနဲရှိ လူသတ်နေတတ်သည်။

ဤသို့ဖြင့် လုကွမ်းမှာ ကျားတစ်ကောင်ကို အမှုတော်ထမ်းပေးနေရသည့်အလား တစ်ကြိမ်မှ စိတ်ချမ်းသာရခြင်းမရှိခဲ့။

သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုနတ်ဆိုးဘုရင်သည် ခွန်အားအရာတွင်တော့ အလွန်သန်မာသည်။ ခံတပ်မှူး၏ ရာဇပလ္လင်ကို သိမ်းပိုက်ပြီး မကြာမီတွင် အခြားခံတပ်များစွာကို အနိုင်ယူ၍ ဖက်ပြည်နယ်ရှိ ဓားပြကျင့်ကြံသူအင်အားစုများကို တစ်စုတည်းပေါင်းစည်းခဲ့သည်။

ဤသို့ဖြင့် ကျွီးယန်ခံတပ်၏ ဂုဏ်သတင်းကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့လေသည်။

ဤကာလအတွင်း လုကွမ်းသည် နာကျင်မှုနှင့်ပျော်ရွှင်မှု နှစ်ခုလုံးကို ခံစားခဲ့ရသည်ဟုဆိုလျှင် မမှားပါပေ။

သူ၏ ကိုယ်ပိုင်ခံတပ်လေး ဤမျှလောက်အထိ ကြီးထွားလာသည်ကို မြင်ရ၍ အလွန်ပျော်ရွှင်သော်လည်း သူ့ကို စိတ်မသက်မသာ ဖြစ်စေသောအရာမှာ ထိုနတ်ဆိုးဘုရင်ကို နေ့စဥ် ဘိုးအေကြီးကို တရိုတသေ ဆက်ဆံအစေခံပေးနေရခြင်းပင်။

ယခုအခါ ဒေသတွင်း ဧရာမအင်အားစုဖြစ်သော ဝမ်ကျန့်မြို့တော်သည် ကျွီးယန်ခံတပ်အင်အား အလွန်လျင်မြန်စွာကြီးထွားလာသည်ဟု ခံစားရပြီး ဘေးအန္တရာယ်တစ်ခုအဖြစ် အလားအလာရှိလာသောကြောင့် ၎င်းကို အမြန်ဖယ်ရှားဖို့ စီစဥ်လာကြသည်။ ထို့ကြောင့် ဤရက်များအတွင်း သူတို့သည် နှိမ်နင်းတိုက်ဖျက်ရေး အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းထားခဲ့ကြ၏။

ခေါင်းဆောင်မှာ ဝမ်ကျန့်မြို့တော် မြို့စားမင်း၏ သမီးတော်ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည်။ သူမသည် ဂိုဏ်းကြီးတစ်ခုမှ ကျင့်ကြံလေ့လာမှုများအပြီး အိမ်ပြန်ချိန်တစ်ခေါက်တွင် ဖခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ပေးရန် ရည်ရွယ်ချက်ဖြင့် ဒေသတွင်းဓားပြ ပြဿနာကို အပြီးတိုင်ဖြေရှင်းလိုလေသည် ဟူ၏။

"သတင်းပို့ပါတယ်"

အပြင်ဘက်မှ အလျင်စလိုအော်သံ ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ။ ပြောစမ်း"

လုကွမ်းက အေးစက်စက် မေးလိုက်သည်။

"ဝမ်ကျန့်မြို့တော်အဖွဲ့ကို ဦးဆောင်နေတဲ့ အမျိုးသမီးက မသေမျိုး... မသေမျိုးဘုရင် ဖြစ်နိုင်တယ်လို့ ကင်းထောက်တစ်ဦးက သတင်းပို့ပါတယ်"

သတင်းပို့ လက်အောက်ငယ်သား၏ မျက်လုံးများတွင် ကြောက်ရွံ့စိတ်များ အထင်းသားပေါ်လွင်လျက်။

"ဘာ"

လုကွမ်းမှာ ရုတ်ချည်းမျက်နှာပျက်ယွင်းကာ နဖူးပေါ်တွင် ချွေးအေးများ စီးကျလာသည်။

မသေမျိုး၊ မသေမျိုးဘုရင်တဲ့လား

ဖက်ပြည်နယ်သည် ယွီရှန်းမဟာနယ်ပယ်ရှိ နေရာငယ်လေးတစ်ခုမျှသာဖြစ်ပြီး မသေမျိုးအုပ်စိုးသူအဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်တစ်ဦးပင် အမြင့်ဆုံးနေရာတွင် အေးဆေးထိုင်အုပ်ချုပ်နိုင်သည်ပင်။

အကယ်၍ မသေမျိုးဘုရင်တစ်ပါးသာ ပေါ်ထွက်လာပါက ရေကန်ငယ်တွင် နဂါးတစ်ကောင်ပေါ်ထွက်လာသည့်အလား ဖြစ်ပေရော့မည်။

ဝမ်ကျန့်မြို့တော် မြို့စားမင်းသမီးသည် မသေမျိုးဘုရင်အဆင့် တိုက်ခိုက်ရေးသမား ဖြစ်နိုင်သည်ဆိုလျှင် ကျွီးယန်ခံတပ်အတွက်လည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်စရာရှိသည်ဟု ဆိုလိုခြင်းပင်။

ချက်ချင်းပင် လူတိုင်း၏မျက်နှာများ ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး တိုက်ခိုက်လိုစိတ်လည်း လုံးဝမထုတ်နိုင်ကြတော့။

"ငါ့ရဲ့ ကျွီးယန်ခံတပ် တကယ်ပဲ ကံဆိုးမိုးမှောင်ကျတော့မှာလား"

လုကွမ်းသည် ကြောင်တောင်တောင်ဖြင့် ရေရွတ်လိုက်သည်။

အုံး

ထိုအချိန်တွင်။

ကျွီးယန်ခံတပ်၏ အနက်ရှိုင်းဆုံး မသေမျိုးဂူတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး နတ်ဆိုးဘုရင်၏ ဆိုးယုတ်သော ရယ်မောသံမှာ တောင်တန်းကြီးပေါ်မှ ပဲ့တင်ထပ်ဆင်းသက်လာတော့၏။

"ဟားဟားဟား၊ ငါသခင်လေး လုပ်နိုင်ခဲ့ပြီကွ"

All Chapters