နတ်ဆိုးဘုရင်
Vol. 50 Ch. 695
ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးဘုရင်အဆင့်စွမ်းအင်ကို ခံစားလိုက်ရသောအခါ လုကွမ်းသည် ပထမတော့ မှင်တက်သွားပြီးနောက် အလွန်ဝမ်းသာအားရဖြစ်စွာဖြင့် ပြောလိုက်သည်။
"ညီအစ်ကိုတို့၊ ခံတပ်မှူး တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ"
ကလေးအရွယ်ခန့်ရှိသော ပုံရိပ်တစ်ခုသည် ပင်မခန်းမတွင်း၌ ချက်ချင်း ပေါ်လာပြီး ခံတပ်မှူးနေရာ ရာဇပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုခံစားချက်သည် ဒီရေကဲ့သို့ ခန်းလုံးပြည့်ပျံ့နှံ့သွားရာ ကျင့်ကြံသူများမှာ မြေပေါ်တွင် ဒူးထောက်ချလျက် ရိုသေစွာ ပြိုင်တူဆိုလိုက်ကြသည်။
"ကျွန်တော်တို့ ခံတပ်မှူးကို ဂါရဝပြုပါတယ်"
ခံတပ်မှူးဆိုသူသည် ဆံပင်ကျစ်ဆံမြှီးကျစ်ထားသော ကလေးတစ်ဦးဖြစ်ပြီး မျက်နှာတွင် ကလေးရုပ်လေးကမပျောက်နိုင်သေး။ သူက အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူ၏ မျက်ခုံးမွှေးများကြားတွင် မီးလျှံအမှတ်အသားတစ်ခု ရှိနေပြီး သူ၏ မျက်လုံးများတွင် အသက်ငယ်ငယ်နှင့် မလိုက်ဖက်သော ကောက်ကျစ်ယုတ်မာမည့်ဟန် အရိပ်အယောင်တစ်ခု ရှိနေသည်။ နှုတ်ခမ်းထက်တွင် မာန်မာနကြီးသော အပြုံးတစ်ခုဖြင့် ခံတပ်မှူး၏ ရာဇပလ္လင်ပေါ်တွင် ခြေချိတ်ထိုင်ကာ ကျေကျေနပ်နပ်ကြီး အောင်ပွဲခံနေပုံရသည်။
ပထမဆုံး စမြင်လိုက်သည်နှင့် ဆိုးသွမ်းပြီး အကျိုးသင့်အကြောင်းသင့်မတွေးတတ်သော တဇွတ်ထိုးကလေးငယ်တစ်ဦးဖြစ်လောက်မည်ဟု ခံစားရစေသည်။
"အခု ဒီသခင်လေးက မသေမျိုးဘုရင် ဖြစ်သွားပြီဆိုတော့ ဒီဒေသမှာ ငါ့ရန်ဘက်ဖြစ်လာနိုင်သေးတဲ့သူ ရှိပါဦးမလား"
"ငါ သေခိုင်းတဲ့သူတိုင်း သေကိုသေရမယ်"
ကလေးဆန်သော နုငယ်ငယ်အသံသည် မာနနှင့် ရိုင်းစိုင်းမှုများဖြင့် ပြည့်နှက်နေပြီး ကျွီးယန်ခံတပ် တစ်ခုလုံးသို့ ရှင်းလင်းစွာ ပဲ့တင်ထပ်နေသည်။
သူ၏နာမည်မှာ စူးဟောင်လင်ဖြစ်ပြီး အသက်အရွယ်အားဖြင့် ခုနစ်နှစ်သာ ရှိသေးသည်။
ခုနစ်နှစ်အရွယ် မသေမျိုးဘုရင်ဟူသောသတင်း ထွက်ပေါ်လာပါက အေးခဲမသေမျိုးဒေသတစ်ခုလုံး မည်မျှလန့်ဖျပ်ထူးဆန်းကုန်ကြမည်မှန်း စိတ်ကူးမကြည့်နိုင်။
စူးဟောင်လင်၏ ကျင့်ကြံမှုပါရမီ အဘယ်ကြောင့် ဤမျှရင့်သန်နေရသနည်းဆိုသော် အဓိကအကြောင်းရင်းမှာ သူ၏ မွေးသမိခင်သည် သူ့ကိုမမွေးမီ နှစ်ပေါင်းရှစ်ရာကြာ ကိုယ်ဝန်ဆောင်ခဲ့ရသောကြောင့် ဖြစ်၏။
ကမ္ဘာပေါ်တွင် ဤမျှရှားပါးသော မသေမျိုးသန္ဓေသားသည် ကိုယ်ဝန်ဆောင်စဥ်တစ်လျှောက်လုံးတွင်ပင် မွေးသမိခင်၏ သက်ရှိစွမ်းအင်အားလုံးကို စုပ်ယူအားဖြင့်၍ မွေးဖွားလာချိန်တွင် မိခင်ကိုသေဆုံးစေခဲ့သည်မှ ရှင်သန်ခြင်းစခဲ့သည်။
စူးဟောင်လင်သည် မွေးဖွားချိန်၌ပင် ကောင်းကင်မသေမျိုးအဆင့်တွင် ရှိနေခဲ့ပြီး မသေမျိုးအဆင့် မီးဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားရုံသာမက ရှားပါးသော မွေးရာပါ မီးလျှံမသေမျိုးခန္ဓာကိုပါ ပိုင်ဆိုင်ထားသောကြောင့် သူသည် တာအိုလမ်းစဉ်၏ ငြင်းစရာမရှိသော ကောင်းချီးပေးခံကလေးငယ် ဖြစ်ပေသည်။
သူ၏ ထူးခြားသော မွေးဖွားမှုဖြစ်စဥ်နှင့် ခန္ဓာကိုယ်ကြောင့် စူးဟောင်လင်သည် ငယ်စဉ်ကတည်းက ဒေါသကြီးပြီး အနိုင်ယူတတ်သော စရိုက်ကြမ်းရှိခဲ့ကာ ဂိုဏ်းအတွင်းတွင် သူ့ကို 'နတ်ဆိုးဘုရင်' ဟု နာမည်ပြောင် ပေးထားကြသည်။
ငယ်စဉ်ကတည်းက မကြာခဏ ပြဿနာရှာတတ်ပြီး ဂိုဏ်းတစ်ခုလုံးကို မွှေနှောက်မဆုံးနိုင်သော်လည်း ဖခင်ဖြစ်သူက သူ့ကိုအပြစ်ဆိုခြင်းမရှိ။ လျစ်လျူသာရှုထားခဲ့သည်။
နှစ်နှစ်အကြာတွင် စူးဟောင်လင်သည် ရုတ်တရက် စိတ်ကူးပေါက်ကာ ဂိုဏ်းမှ စုံတွဲတစ်တွဲကို ကြိုးတုပ်ပြီး အနက်ရောင်အိုးကြီးထဲသို့ ပစ်ထည့်ကာ ကျက်သည်အထိကင်ခဲ့ပြီး ၎င်းကို 'အချစ်စစ်စွပ်ပြုတ်ရည်' ဟုပင် ခေါ်တွင်ခဲ့သေး၏။
ဤသို့ ရူးသွပ်ပြီး ဆိုးယုတ်သောလုပ်ရပ်ကြီး ပျံ့နှံ့သွားခဲ့သည့်အခါ ဂိုဏ်းအတွင်း ထင်မြင်ချက်များစွာ ပေါ်ပေါက်လာခဲ့ပြီး တပည့်များနှင့် အကြီးအကဲအများအပြားမှာ မကျေနပ်စွာ ဆန္ဒပြလာခဲ့ကြသည်။
ဖိအားပေးမှုများအောက်တွင် စူးဟောင်လင်၏ဖခင်သည် နောက်ဆုံး၌ မျက်နှာပြလာခဲ့ပြီး နတ်ဆိုးဘုရင်လေးကို လပေါင်းများစွာ အချုပ်ကျစေခဲ့သည်။
လွတ်မြောက်လာပြီးနောက် စူးဟောင်လင်သည် ထိုအဖြစ်ကို လွန်စွာအရှက်ရစရာဟု ခံစားခဲ့ရသောကြောင့် ဂိုဏ်းမှ ဒေါသတကြီး ထွက်ခွာခဲ့ပြီး အိမ်နီးချင်း ယွီရှန်းမဟာနယ်ပယ်သို့ ခရီးထွက်ခဲ့သည်။
ဂိုဏ်းမှ လွတ်မြောက်လာသော စူးဟောင်လင်သည် ထိန်းချုပ်မရသော နတ်ဆိုးလေးတစ်ပါးကဲ့သို့ ဖြစ်နေပြီး သူ၏ မွေးရာပါ ဆိုးယုတ်သောသဘောသဘာဝအား အပြီးတိုင်လွှတ်ထုတ်ပေးခဲ့ကာ လမ်းတစ်လျှောက်လုံး မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်း အစရှိသော မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ခဲ့ပြီး သေဆုံးမှုများစွာကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
ဖက်ပြည်နယ်သို့ ရောက်ရှိပြီးနောက် စူးဟောင်လင်သည် အသစ်အဆန်းများကို စမ်းသပ်လိုခဲ့သောကြောင့် ဒေသတွင်း နာမည်ကြီး ဓားပြကျင့်ကြံသူအင်အားစုများထဲမှ တစ်ခုဖြစ်သော ကျွီးယန်ခံတပ်ကို ပစ်မှတ်ထားခဲ့လိုက်သည်။
သူ၏ အစွမ်းအစခွန်အားဖြင့် စူးဟောင်လင်သည် ခံတပ်မှူး၏ ရာဇပလ္လင်ကို အလွယ်တကူ သိမ်းပိုက်ကာ အုပ်စိုးရှင်တစ်ပါးဖြစ်လိုသော သူ၏ရည်မှန်းချက်ကို စတင် အကောင်အထည်ဖော်ခဲ့သည်။
မကြာမီပင် ကျွီးယန်ခံတပ်သည် အခြားခံတပ်များစွာကို သိမ်းပိုက်အောင်နိုင်ခဲ့ပြီး ဖက်ပြည်နယ်ရှိ ဦးဆောင်ဦးပြု ဓားပြကျင့်ကြံသူဂိုဏ်းဖြစ်လာခဲ့ကာ သူတော်ကောင်းလမ်းစဥ်ကျင့်ကြံသူ အမြောက်အမြားကို ကြောက်လန့်တုန်လှုပ်စေခဲ့သည်။
စူးဟောင်လင်လို ထူးဆန်းပြီးဆိုးသွမ်းသော နတ်ဆိုးတစ်ကောင်အတွက်တော့ လူတွေ၏အသက်မှာ ကစားစရာတစ်ခုထက်မပိုပေ။
ယခုအခါ စူးဟောင်လင်၏ ကျင့်ကြံမှုသည် ယခင်ထက်ပင် များစွာတိုးတက်လာခဲ့ပြီး မသေမျိုးဘုရင်အဆင့်ကို ချိုးဖျက်လိုက်နိုင်ခဲ့သော် ပို၍ပင် မာန်မာန ထောင်လွှားလာခဲ့သည်။
ဖခင်ဖြစ်သူ၏ လီဟောင်မသေမျိုးဂိုဏ်းတွင်ပင် မသေမျိုးဘုရင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသည် အတွင်းအကြီးအကဲအဖြစ် နေရာရယူနိုင်ပြီး ကြီးမားသောအခွင့်အာဏာကို ကိုင်စွဲထားနိုင်သည်ပင်။ ထိုအဆင့်ကို ခုနစ်နှစ်အရွယ်တွင် အရယူနိုင်ခဲ့သောကြောင့် မာန်မာနထောင်လွှားနေသည်မှာလည်း အံ့သြစရာမရှိ။
စူးဟောင်လင်သည် ဂိုဏ်းသို့အပြန်တွင် ဖခင်အိုကြီးကို အစားထိုးနေရာလုကာ စိတ်ရှိလက်ရှိ ထိန်းချုပ်နိုင်တော့မည့်အရေးအား အင်မတန်မှမျှော်လင့်နေမိခဲ့သည်။
လက်ရှိအခိုက်အတန့်တွင် စူးဟောင်လင်သည် လေထုက အနည်းငယ်ငြိမ်သက်နေသည်ကို ခံစားမိပြီး ရုတ်တရက် လက်တင်ခုံကို ပြင်းပြင်းရိုက်ချလိုက်ကာ လူကြီးတစ်ယောက်နှယ် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းတို့ ခွေးကောင်တွေ၊ ဒီသခင်လေးကို တစ်ခုခုဖုံးကွယ်ထားကြတာလား။ အမှန်အတိုင်းဝန်ခံ၊ မဟုတ်ရင် ဒီသခင်လေးက မင်းတို့ကို မီးရှို့သတ်ပစ်မယ်"
စကားများသည် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ခံတပ်မှူးကို ပြန်လည်ဖြေကြားပါတယ်၊ ဝမ်ကျန့်မြို့တော်က ကျွန်တော်တို့ ကျွီးယန်ခံတပ်ကို တိုက်ခိုက်ဖို့ အထူးတပ်ဖွဲ့တစ်ခု စေလွှတ်လိုက်ပြီဆိုတဲ့သတင်း ခုနကပဲ ရောက်လာပါတယ်။ ခေါင်းဆောင်ကတော့ ဝမ်ကျန့်မြို့တော် မြို့စားမင်းရဲ့ သမီးဖြစ်ပြီး မသေမျိုးဘုရင်အဆင့်လို့ ပြောကြပါတယ်"
နတ်ဆိုးဘုရင် ဒေါသပေါက်ကွဲတော့မည်ကို ခံစားမိလိုက်သဖြင့် လုကွမ်းအားတင်းကာ အရဲစွန့်ရှင်းပြလိုက်သည်။
"ဘာ ဒီလိုကိစ္စမျိုး ရှိနေတာလား"
ထိုသတင်းကိုကြားလိုက်စဥ် စူးဟောင်လင်၏မျက်နှာမှာ ဒေါသရိပ်များတငွေ့ငွေ့တက်ကာ နဖူးမှမီးလျှံအမှတ်အသားသည် အငွေ့ထွက်သည်အထိ ရဲတက်လာတော့၏။
ဒီဘက်ခေတ်မှာ သူ့ကိုရန်ရှာရဲတဲ့သူ ရှိနေသေးတာလား။
"ဒီမိန်းမပျက်က ဒီလောက်တောင် အတင့်ရဲနေတာလား၊ ဒီသခင်လေးသာ မသေမျိုးဘုရင်မဖြစ်သေးရင် သူ့ဘက်ကနိုင်မဲ့သဘောတောင်ရှိတယ်"
"သေလမ်းရှာနေကြတာပဲ"
စူးဟောင်လင်သည် အလွန်စိတ်လှုပ်ရှားလာဟန်ဖြင့် ကလေးမျက်နှာလေးထက် လူသတ်လိုစိတ်များ ပြည့်နှက်နေသည်။
"ခံတပ်မှူး၊ ဒေါသကိုထိန်းပါ။ အရှင်က အခု မသေမျိုးဘုရင်အဆင့်မှာ ရှိနေပြီဆိုတော့ အဲဒီမိန်းမပျက်လောက်ကို ကြောက်စရာမလိုပါဘူး။ အရှင်အမိန့်ပေးလိုက်ရုံနဲ့ ညီအစ်ကိုတွေ ချက်ချင်းထွက်ပြီး ရန်သူကို ရင်ဆိုင်ကြပါလိမ့်မယ်"
လုကွမ်းက ဦးညွှတ်လျက် လျှောက်တင်လိုက်သည်။
"ဒီသခင်လေးကတော့ လုံးဝမကြောက်ပါဘူး။ အဲဒီမိန်းမပျက် ငါ့လက်ထဲရောက်လာရင်တော့ ကောင်းကောင်းညှဉ်းပန်းနှိပ်စက်ရဦးမယ်။ ငါ့စိတ်ကူးထဲမှာ သူ့ကိုကစားဖို့ နည်းလမ်းအသစ်အဆန်းလေးတွေ တွေးထားပြီးသား.." စူးဟောင်လင်သည် ဆိုးယုတ်သော အပြုံးဖြင့် ပြောလိုက်သည်။
သူသည် အသက်အရွယ်အားဖြင့် ပီဘိကလေး ခုနစ်နှစ်သာရှိသေးသော်လည်း အတွင်းစိတ်ကတော့ လူကြီးတစ်ယောက်ထက် ပိုရက်စက်သည်။
"ခံတပ်မှူးဆော့လို့ဝသွားရင် အဲဒီမိန်းမကို ညီအစ်ကိုတွေအတွက် စွန့်ပေးလို့ရမလား။ ဘာပဲဖြစ်ဖြစ် သူက မသေမျိုးဘုရင်လေ၊ ညီအစ်ကိုတွေက အဲဒီလိုမျိုး တစ်ယောက်မှ မစမ်းကြည့်ဖူးသေးဘူး..."
လုကွမ်းက အတွေးပေါက်သွားဟန်ဖြင့် သတ္တိကိုစုဆောင်းကာ စမ်းသပ်မေးမြန်းလိုက်သည်။
စူးဟောင်လင်၏ မျက်လုံးများမှာ မြူးကြွလာဟန်ရှိ၏။
"မင်းတို့လူကြီးတွေက အမြဲတမ်း ဒီလိုထူးဆန်းတဲ့ အရာတွေကိုလုပ်ဖို့ပဲ စဉ်းစားနေကြတာပဲ"
"စိတ်မပူပါနဲ့၊ ငါသူ့ကို ဆော့လို့ဝသွားရင် မင်းတို့ကိုပေးပါ့မယ်၊ ဒါပေမဲ့ အဲဒီအချိန်ကျရင်တော့ တော်တော်လေးပုံပျက်ပန်းပျက် ဖြစ်နေလောက်မှာပဲ"
အေးစက်စက်အသံနက်ကြီးကြောင့် အောက်ဘက်ရှိငယ်သားများ ကြက်သီးဖြန်းဖြန်းထကုန်ကြသည်။
"ဒါဆို၊ ဒါဆို ကျွန်တော် ခံတပ်မှူးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်"
လုကွမ်းသည် ဦးရေပြားတင်းကျပ်သွားသည်ကို ခံစားမိလိုက်ရပြီး အထစ်ထစ်အငေါ့ငေါ့ စကားဆိုလိုက်ရ၏။
ထိုအမျိုးသမီးသည် နှိပ်စက်ခံရပြီးနောက်ဆုံးတွင် အတော်လေးစက်ဆုပ်ဖွယ်ကျန်ရစ်ခဲ့မည်ကို စဉ်းစားမိသောအခါ စိတ်တွင်းမှကာမလှိုင်းသည်ပင် များစွာလျော့ကျသွားခဲ့သည်။
ထိုအခိုက်တွင် အပြင်ဘက်မှ ကြည်လင်ရှင်းလင်းသော ဥဩငှက်သံကဲ့သို့ မိန်းကလေးအသံတစ်ခု ထွက်ပေါ်လာပြီး ပြင်းပြသောအမိန့်အာဏာစက်ဖြင့် ကျွီယန်းခံတပ်တစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့သည်။
"နားထောင်ကြ ဓားပြတွေ၊ မင်းတို့ သေဆုံးချိန်နီးပြီ"
"ငါ ထန်ယောင်ယောင်က ဒီနေ့ ကောင်းကင်ဘုံကိုယ်စား ကျွီးယန်ခံတပ်ကို ဖယ်ရှားဖို့ စတင်တော့မယ်"