အခန်း (၆၉၆)
Vol. 50 Ch. 696
ခံတပ်ရှေ့တွင် ကောင်းမွန်စွာဖွဲ့စည်းချီတက်လာသော မြို့စားအိမ်တော်တပ်ဖွဲ့သည် အသင့်အနေအထားဖြင့်ရှိနေပြီး စစ်ချီအလံများ တဖျပ်ဖျပ်လွင့်နေသည်။
သူတို့ကို ဦးဆောင်နေသူမှာ စိမ်းပြာရောင်ပိုးသားဝတ်စုံနှင့် မိန်းမပျိုတစ်ဦးဖြစ်ပြီး သွယ်လျသော ခန္ဓာကိုယ်၊ ဆီမီးကဲ့သို့ ဝင်းဝါသောအသားအရေရှိကာ သုံးပေအရှည်ခန့်ရှိ စိမ်းမြမြဓားကို ကိုင်ဆောင်ထားပြီး ကျွီးယန်ခံတပ်ဘက်သို့ ထိုးညွှန်ထားလျက်ရှိသည်။ သူမ၏ လှပသောမျက်နှာတွင် ယုံကြည်မှုအပြည့်ဖြင့်။
သူမနှင့်အတူပါလာသော မြို့စားအိမ်တော်မှ ကျင့်ကြံသူများ၏ မျက်နှာထက်တွင် ခေါင်းဆောင်ဖြစ်သူအား လေးစားကြည်ညိုမှုအပြည့်ဖြင့်။
"သခင်မလေးက တကယ်ပဲ ခန့်ညားမှုအပြည့်ပဲ။ သူကိုယ်တိုင် ဦးဆောင်ပြီးလာတာဆိုတော့ ကျွီးယန်ခံတပ်ရဲ့ ဓားပြကျင့်ကြံသူတွေ လွတ်လမ်းလုံးဝရှိတော့မှာ မဟုတ်ဘူး"
"ကျွီးယန်ခံတပ်က ပြီးခဲ့တဲ့တစ်နှစ်လုံး နယ်မြေတွေ အရူးအမူးချဲ့ထွင်ပြီး ဝမ်ကျန့်မြို့တော်ရဲ့ ကုန်သည်ယာဉ်တန်းတွေကို အဆက်မပြတ် နှောင့်ယှက်ခဲ့တာ။ မြို့စားမင်းခမျာ တစ်ချိန်လုံး စိတ်ပူပန်ခဲ့ရပေမယ့် အခုတော့ သခင်မလေးက ဒီဘေးအန္တရာယ်ကို ဖယ်ရှားပေးဖို့ရောက်လာခဲ့ပြီ။ အခုကစပြီး နေရာတိုင်းက ပြည်သူတွေ စိတ်အေးချမ်းသာစွာ နေနိုင်ကြတော့မယ်"
"သခင်မလေးနောက်လိုက်ပြီး ဆိုးယုတ်တဲ့ ဓားပြတွေကိုသတ်ကြ"
လူအုပ်ကြီးသည် စိတ်ဓာတ်တက်ကြွစွာ အော်ဟစ်လိုက်ကြသည်။
ထန်ယောင်ယောင်သည် ခံတပ်ကို တိုက်ခိုက်ရန် အမိန့်ပေးတော့မည့်အချိန်တွင် ကျွီးယန်ခံတပ်ဘက်မှ ကလေးသံမပျောက်သော ရယ်သံတစ်ခုက မာန်ဝင့်ကြွားစွာ ထွက်ပေါ်လာသည်။
ခံတပ်အပေါ်ကောင်းကင်တွင် အနီရောင်ဝတ်ရုံဝတ်ထားသော ကျစ်ဆံမြီးဖြင့် ကလေးငယ်တစ်ဦးသည် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ထွက်ပေါ်လာခဲ့၏။
ရယ်မြူးနေသော မျက်လုံးများက ထန်ယောင်ယောင်ကို အရုပ်တစ်ခုအား စစ်ဆေးသကဲ့သို့ အထက်အောက်ကြည့်ရှုနေသည်။
ထန်ယောင်ယောင် မျက်မှောင်ကြုတ်လိုက်ပြီး ဆိုသည်။ "မကောင်းသူတွေ စုဝေးရာ ကျွီးယန်ခံတပ်မှာ ကလေးတစ်ယောက်က ဘယ်လိုလုပ်ရှိနေရတာလဲ"
"ဟေးမိန်းကလေး၊ မင်း တော်တော်လှတာပဲ။ ဒီသခင်လေးရဲ့ အိပ်ရာနွေးထွေးစေမဲ့ မောင်းမငယ်ဖြစ်ဖို့ စဉ်းစားကြည့်မလား"
ထန်ယောင်ယောင်၏ ရုပ်ရည်သွင်ပြင်သန့်စင်မှုကို မြင်သောအခါ စူးဟောင်လင်သည် စိတ်ပြောင်းသွားပြီး ဆိုးသွမ်းသောအပြုံးဖြင့် ပြောလိုက်သည်။
ထိုစကားအဆုံးတွင် ထန်ယောင်ယောင်၏ လှပသောမျက်နှာလေးထက် ဒေါသနှင့် ရှက်ရွံ့မှုအရိပ်အယောင်တို့ ထင်ပေါ်လာသည်။ သူမသည် အရွယ်မရောက်သေးသော ကလေးတစ်ဦးထံမှ ကာမဆိုင်ရာ ထိပါးနှောင့်ယှက်ခံလိုက်ရခြင်းပင်။
"မင်းဘယ်သူ့ကလေးလဲ၊ ရိုင်းလှချည်လား၊ မင်းမိဘတွေက မင်းကို ကောင်းကောင်းမသင်ပြပေးထားဘူးလား"
စူးဟောင်လင်က လက်နှစ်ဖက်ကို ခါးထောက်ပြီး ပြန်ရန်လုပ်သည်။
"အဖွားကြီး၊ မင်းက ဒီသခင်လေးရဲ့ ခံတပ်ကို လာတိုက်ခိုက်ရဲရုံမက ငါ့ကိုပါ သင်ခန်းစာပေးချင်သေးတာလား"
"ဘာ၊ မင်းက ကျွီးယန်ခံတပ်ရဲ့ ခံတပ်မှူးလား" ထန်ယောင်ယောင်၏ မျက်နှာမှာ အကြီးအကျယ်အံ့အားသင့်သွားဟန်။
ဒီကလေးက ခုနစ်နှစ်၊ ရှစ်နှစ်လောက်ပဲ ရှိသေးတာမလား။
ကျွီးယန်ခံတပ်ရဲ့ ခံတပ်မှူးက ခန့်ထည်တဲ့ သတ်လတ်ပိုင်း အမျိုးသားတစ်ဦးလို့ ကြားထားခဲ့တာ...
အမှန်မှာ ဝမ်ကျန့်မြို့တော်၏ အချက်အလက်များ ခေတ်နောက်ကျနေရုံသက်သက်သာ။
"ဟုတ်တယ်၊ ဒီသခင်လေးက ခံတပ်မှူးပဲ။ မင်းမျက်နှာလေးက ဒီသခင်လေးကိုအဖော်ပြုပေးဖို့ အရည်အချင်းပြည့်မီတယ်။ မင်းဘက်က ကောင်းကောင်းပြုစုနိုင်ရင် မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ ငါစဉ်းစားပေးနိုင်တယ်"
စူးဟောင်လင်က မေးစေ့ကိုပင့်မော့လျက် မာနကြီးစွာ ပြောလိုက်သည်။
လေသံမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကျေးဇူးပင်ပြန်တင်ရဦးမည့်နှယ်။
"ကောင်းတယ်ဗျို့" လုကွမ်းက လက်မထောင်ကာ မြှောက်ပင့်လိုက်သည်။
ဓားပြကျင့်ကြံသူ အမြောက်အမြားသည်လည်း စိတ်အားတက်ကြွလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
"ခံတပ်မှူးကွ၊ စွမ်းအားကြီးတဲ့ခံတပ်မှူး"
"မင်း..."
ထန်ယောင်ယောင်၏ နူးညံ့သွယ်ပျောင်းသော ခန္ဓာကိုယ်မှာ ဒေါသဖြင့်တုန်ယင်လျက်။ ဒါဘယ်မှာကလေးဟုတ်လို့လဲ၊ နတ်ဆိုးပေါက်စလေးပဲ။
"ဒီနေ့ ငါထန်ယောင်ယောင်က ကျွီးယန်ခံတပ်ကို တစ်ယောက်မှအရှင်မထားဘူး"
စကားပြောနေစဉ် ထန်ယောင်ယောင်၏ စွမ်းအင်အဟုန်သည် လှိုင်းထလာပြီး မသေမျိုးဘုရင်အဆင့်စွမ်းအင်များ ပျံ့နှံ့သွားတော့၏။
ချက်ချင်းပင် ဖုန်မှုန့်များပျံဝဲကာ လေပြင်းများ တိုက်ခတ်လာသည်။
"ဒါက မသေမျိုးဘုရင်စွမ်းအင်လား၊ အရမ်း အစွမ်းထက်တာပဲ။"
မြို့စားအိမ်တော်မှ ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ဖက်ပြည်နယ်သည် ယွီရှန်းမဟာနယ်ပယ်ရှိ အရေးမပါသော နေရာငယ်လေးတစ်ခုမျှသာ ဖြစ်ပြီး မသေမျိုးအရှင်သခင်အဆင့် ကျင့်ကြံသူများပင် အလွယ်တကူ လွှမ်းမိုးအုပ်ချုပ်နိုင်သည်ပင်။
သူတို့၏အမြင်တွင်တော့ မသေမျိုးဘုရင်တစ်ပါးသည် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးသာဖြစ်၏။
မြို့စားမင်းသမီး၏ မသေမျိုးဘုရင်အဆင့်အတန်းသည် ဝမ်ကျန့်မြို့တော်၏ အဆင့်အတန်းသာပင်။
"ခံတပ်... ခံတပ်မှူး..." လုကွမ်းက ကြောက်ရွံ့တုန်လှုပ်စွာ လှမ်းတလိုက်သည်။
"ဘာကို ကြောက်နေတာလဲ။ သူက မသေမျိုးဘုရင်ဖြစ်သလို ဒီသခင်လေးကလည်း မသေမျိုးဘုရင်ပဲ"
စူးဟောင်လင်သည် လုံးဝဂရုမစိုက်ဟန်ဖြင့် ခပ်လှောင်လှောင်ပင်ပြုံးလျက်။
အုံး
မီးတောင်ကဲ့သို့ ပေါက်ကွဲထွက်လာသော စွမ်းအင်တစ်ခုသည် ကောင်းကင်သို့တိုင် ထိုးတက်သွားခဲ့ပြီး မိုင်ရာချီပတ်လည်ကို ဝရုန်းသုန်းကား မွှေနှောက်သွားခဲ့သည်။
စူးဟောင်လင်သည် လေဟာနယ်ထက် ခြေချလိုက်ပြီး အနီရောင်လှံတံကို ကိုင်ဆောင်ထားကာ သူ၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုခံစားချက်အား ထုတ်လွှတ်လိုက်တော့၏။
စွမ်းအင်အရဆိုလျှင် သူသည် ထန်ယောင်ယောင်ထက် များစွာ ပိုမိုအားကောင်းသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထန်ယောင်ယောင်၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုဖြင့် ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး မယုံကြည်နိုင်စွာ ကြောင်အနေမိသည်။
ခုနစ်နှစ်၊ ရှစ်နှစ်လောက်သာ ရှိပုံရသော ဤကလေးသည် မသေမျိုးဘုရင်တစ်ပါး ဖြစ်နေခဲ့သည်ပင်။
မိခင်ဝမ်းထဲကတည်းက ကျင့်ကြံလာခဲ့တာများလား။
"ဟဲဟဲ၊ ဒီသခင်လေးရဲ့ ခွန်အားကြောင့် ကြောက်ဒူးတုန်သွားပြီ မဟုတ်လား။ နောက်ဆို မင်းကို ကောင်းကောင်းမြတ်နိုးပေးပါ့မယ်"
စူးဟောင်လင်၏ အပြုံးသည် ပို၍ပင်ဆိုးသွမ်းလာပြီး အလွန်ရွံရှာစက်ဆုပ်စရာ။
သူ၏ မွေးရာပါခွန်အားနှင့် လက်ရှိကျင့်ကြံဆင့်ကို ပေါင်းစပ်သော် သူသည် ထိပ်တန်းမသေမျိုးဘုရင်တစ်ပါးကိုပင် အလွယ်တကူ ကိုင်တွယ်နိုင်လေသည်။
ထန်ယောင်ယောင်လို လူမျိုးကိုတော့ ပြောစရာပင်မလိုတော့။
တိုက်ပွဲ စတင်တော့မည့် အချိန်တွင်...
ကျွီးယန်ခံတပ်အထက်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာပြီး ကောင်းကင်တစ်ခုလုံး ပြိုကျတော့မယောင် တဂျုန်းဂျုန်းမြည်ဟည်းသံများ ဆက်တိုက်ထွက်ပေါ်လာကာ ပတ်ဝန်းကျင်မှာ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလာခဲ့သည်။
ထို့နောက် ကျယ်ပြန့်သော သမုဒ္ဒရာကဲ့သို့ ဖိအားတစ်ခုသည် ထိုတောင်တန်းကို တမုဟုတ်ချင်းဝန်းရံလိုက်ပြီး တိုက်ပွဲအတွက် ဆူညံသွေးကြွနေသော ဓားပြကျင့်ကြံသူ အမြောက်အမြားသည် ရုတ်တရက် ချောက်နက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ကြရ၏။ သူတို့၏ ခန္ဓာကိုယ်များ အေးစက်လာကာ မျက်လုံးများသည် ထိတ်လန့်မှုများဖြင့် ပြူးကျယ်ထွက်ကျတော့မည့်အလား။
"ဘာတွေ ဖြစ်နေတာလဲ"
လုကွမ်း၏ ဦးရေပြားသည် စစ်ခနဲကျဉ်တက်သွားပြီး အထိတ်တလန့်ဖြင့် အပေါ်သို့ မော့ကြည့်လိုက်သောအခါ သူ၏ဘဝတွင် နောက်တစ်ကြိမ် မြင်တွေ့ရတော့မည်မဟုတ်သော ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့၏။
သူတို့၏ ခေါင်းပေါ်တွင် နတ်ဘုရားတစ်ပါး၏ လက်ကဲ့သို့သော ဧရာမလက်တစ်ဖက်သည် ပုံပေါ်ဖွဲ့စည်းလာခဲ့ကာ တောက်ပသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်နေလျက် နေမင်းကိုပင် အရောင်မှိန်ဖျော့စေတော့သည်။
ဤအခိုက်အတန့်တွင် သေးငယ်သော ကျွီးယန်ခံတပ်သည် ကောင်းကင်ကို ဖုံးလွှမ်းထားသော လက်ဝါးကြီးအောက် ပုရွက်ဆိတ်အုံလေးတစ်ခုမျှအလား။
"ဘယ်... ဘယ်သူလဲ..."
စူးဟောင်လင်သည် ထိတ်လန့်မှုဖြင့် လှုပ်ရှားနိုင်ခြင်းမရှိဘဲ ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ယင်လျက် ကြောက်စိတ်က ဒီရေကဲ့သို့ မြင့်တက်လာခဲ့သည်။
ထိုစဥ် ကလေးအတွေးတစ်ခုက သူ့ခေါင်းထဲ ရုတ်တရတ်ဖြတ်ပြေးသွားလေတော့၏။
အဲ့ဒါ ပုံပြင်ထဲက သိကြားမင်းကြီးများလား။