← Chapters

သေခြင်းတရား

Vol. 50 Ch. 697

သေခြင်းတရား

Vol. 50 Ch. 697

"ဘုရားရေ"

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် ထန်ယောင်ယောင်သည် နေရာ၌ပင် တောင့်ခဲသွားပြီး မျက်လုံးများက အံ့အားသင့်စွာ ပြူးကျယ်ဝိုင်းစက်လျက်။

အဲ့ဒီ ကြောက်စရာဧရာမလက်ကြီးက ဘယ်ကနေ ရောက်လာတာလဲ?

ကမ္ဘာပေါ်ရှိ အရာအားလုံးကို အလွယ်တကူ ဖျက်ဆီးနိုင်သော ကောင်းကင်ဘုံထက်မှ နတ်ဘုရား၏လက်ကဲ့သို့ ခံစားချက်။

ဤအခိုက်အတန့်တွင် ကျင့်ကြံသူအမြောက်အမြားသည် လေထဲမှ အကျိုးအကြောင်းမသိစွာ ရုတ်ချည်းပေါ်လာသော ရွှေရောင်ဧရာမလက်ကြီးကို ကြည့်ကာ မျက်လုံးများတွင် ကြောက်ရွံ့မှုများ အလုံးအရင်းကိန်းအောင်းလျက်။

ဒုန်း...

ချက်ချင်းဆိုသလိုပင် ကျယ်ပြန့်သော ရွှေရောင်ဧရာမလက်ကြီးသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ယှဉ်ပြိုင်နိုင်စရာမရှိသော ကြောက်မက်ဖွယ် မသေမျိုးစွမ်းအင်ဖြင့် ဖိချလိုက်သည်။

"မဖြစ်ဘူး" လုကွမ်းနှင့် ဓားပြကျင့်ကြံသူများ စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်ကြသည်။

သေခြင်းတရား၏ အန္တရာယ်သည် နှလုံးသားကို အမှောင်ဖုံးလွှမ်းမိုးသွားရာ၌ စူးဟောင်လင်သည် ထိန်းချုပ်မရနိုင်စွာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"အရှင်နတ်မင်းကြီး၊ ကျွန်တော်နောက်တစ်ခါ ဘယ်တော့မှ မဆိုးသွမ်းတော့ပါဘူးလို့ ကျိန်ဆိုပါတယ်"

နတ်ဆိုးဘုရင်ငယ်သည် သူ မကောင်းမှုများ အလွန်အမင်း ကျူးလွန်ခဲ့သောကြောင့် ကောင်းကင်ဘုံပင် ဆက်သည်းမခံနိုင်တော့ဘဲ သူ့ကို ကိုယ်တိုင်ကိုယ်ကျနှိမ်နင်းရန် ရောက်လာသည်ဟု မသိစိတ်က ယုံကြည်လိုက်မိသည်။

အစွမ်းထက်သော ခြိမ်းခြောက်မှုကို ခံစားမိလိုက်ချိန်တွင် စူးဟောင်လင်၏ နဖူးအလယ်တစ်နေရာသည် မီးစဖြင့်ထိုးသကဲ့သို့ စတင်ပူလောင်လာပြီး နဖူးပေါ်ရှိ ထူးဆန်းသော မီးလျှံအမှတ်အသားသည် သွေးနီရောင်အလင်းတန်းဖြင့် ထူးထူးကဲကဲတောက်ပလာတော့၏။

ဝေါင်း

ကောင်းကင်ပြင်ထက်မှ နဂါးဟိန်းသံတစ်ချက် ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။

အမှတ်အသားအတွင်း ခတ်နှိပ်ထားသော တံဆိပ်တစ်ခု ပြေလျော့လွတ်မြောက်သွားခဲ့ပြီး မီးလျှံအငြီးငြီးဖြင့် လောင်ကျွမ်းနေသည့် ဒေါသကုမ္မာရ မီးနဂါးအဖြစ် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ် မသေမျိုးစွမ်းအင်များကို အလုံးအရင်းထုတ်လွှတ်လာသည်။ ထိုနဂါးသည် အစွယ်ကိုဖြဲ ခြေသည်းများဝင့်ကာ အပေါ်စီးမှ ရိုက်ချတော့မည့် ရွှေရောင်ဧရာမလက်ကြီးဆီသို့ ပြေးထွက်သွားသည်။

"ဒါက ဖေဖေ ငါ့အတွက်ထားခဲ့တဲ့ ကာကွယ်ရေးအဆောင်ပဲ..." စူးဟောင်လင် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

မှန်ပေသည်။

စူးဟောင်လင်၏ဖခင်သည် သားဖြစ်သူ အသက်အန္တရာယ်ကျရောက်မှသာ ချိတ်ပွင့်အသက်ဝင်မည့်၊ ထိပ်တန်း မသေမျိုးဧကရာဇ်တစ်ပါးကိုပင် သတ်နိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို သူ၏နဖူးပေါ်ရှိ မီးလျှံအမှတ်အသားအတွင်း တံဆိပ်ထိုးခတ်ထားခဲ့ခြင်းပင်။

ဤအရာက လီဟောင်မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဆိုးသွမ်းသောနတ်ဆိုးသားငယ်ကို မည်မျှချစ်မြတ်နိုးလှကြောင်း ဖော်ပြနေသကဲ့သို့။

မည်သို့ပင်ဖြစ်စေ သားငယ်သည် မလှမ်းတော့သောအနာဂတ်တွင် မသေမျိုးသူတော်စင်တစ်ပါးဖြစ်လာနိုင်ပြီး စကြဝဠာအရှင်နေရာကို ယှဥ်ပြိုင်တက်ရောက်နိုင်မည့် ကောင်းကင်ဘုံကို စိန်ခေါ်ဆန့်ကျင်နေသော ပါရမီရှင်တစ်ဦးဖြစ်၏။

သို့သော် ကြောက်မက်ဖွယ်ကောင်းသော ဧရာမမီးနဂါးသည် ထိုကျယ်ပြန့်သော ရွှေရောင်ဧရာမလက်ကြီး၏ အဝှေ့တစ်ချက်တွင် ငြှိမ်းသတ်ခံလိုက်ရမည်ဟု မည်သူမှစိတ်မကူးမိခဲ့။

အနည်းငယ်မျှပင် ခုခံနိုင်ခြင်း မရှိခဲ့ပေ။

ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ စူးဟောင်လင်သည် အဆုံးတိုင် စိတ်ပျက်အားငယ်သွားပြီး နှလုံးသားထက်မှ ကြီးစွာသောကြောက်ရွံ့မှုဖြင့် မျက်ရည်နှင့်နှာရည်များ မျက်နှာပေါ် စီးကျလာကာ ရှိုက်ကြီးတငင်ငိုယိုသည်။

"အရှင်နတ်မင်းကြီး၊ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ၊ ကျွန်တော် နောက်ဆို လိမ်လိမ်မာမာနေပါ့မယ်"

လူ့အသက်များကို ကြက်ကလေးငှက်ကလေးအလား သဘောထားရှိသော ဤနတ်ဆိုးဘုရင်သည် ကိုယ်တိုင် အသက်ဘေးနီးကပ်လာချိန်တွင်မတော့ ကြောက်လန့်တကြား ငိုယိုပြိုလဲကာ ခွင့်လွှတ်ပေးရန် တောင်းပန်နေပြီး အတိတ်ကလုပ်ရပ်များကို နောင်တရနေသည်မှာ ရယ်စရာကောင်းလွန်းလှ၏။

အုံး

နတ်ဘုရားတစ်ပါးကဲ့သို့ ရွှေရောင်ဧရာမလက်ကြီး ကျွီးယန်ခံတပ်တည်ရှိရာ တောင်တန်းပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်ကျရောက်သောအခါ ငလျင်အကြမ်းစားတစ်ခုလှုပ်ခါသွားသည့်အလား ပေါက်ကွဲမှုများ ချက်ချင်းဖြစ်ပေါ်လာပြီး မိုင်တစ်သောင်းပတ်လည်ရှိ မြေပြင်တစ်ကြောလုံး လှုပ်ယမ်းသွားရလေသည်။

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများသည် မုန်တိုင်းတစ်ခုအလား အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

"အား"

မြို့စားအိမ်တော်မှ ကျင့်ကြံသူများလည်း ရိုက်ခတ်မှုဒဏ်ကြောင့် လွင့်စင်သွားကြပြီး သွေးများအန်ကာ သတိလစ်သွားကြသည်။

မသေမျိုးဘုရင်တစ်ပါးဖြစ်သော ထန်ယောင်ယောင်ပင်လျှင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ အားနည်းတုန်ချိကာ မြေပေါ်သို့ လဲကျသွားလျက် ပါးစပ်မှာ ငှက်ကုလားအုတ်ဥတစ်လုံးဝင်နိုင်လောက်သည်အထိ ပွင့်ဟနေခဲ့သည်။

သူမ၏ဘဝတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ပေ။

ကမ္ဘာပြိုမတတ် မြည်ဟည်းသံများ တဖြည်းဖြည်း ငြိမ်သက်သွားသောအခါ ထူထပ်သောဖုန်မှုန့်များ တဖြည်းဖြည်းအနည်ထိုင်လာသည်။

ကျွီးယန်ခံတပ်သည်ကား ဘယ်ဆီဘယ်ဝယ်မသိ။

ခံတပ်တစ်ခုလုံး မဆိုထားနှင့်၊ မူလက ခန့်ညားထည်ဝါလှပါသည်ဆိုသော ကျွီးယန်စခန်းတည်ရာ တောင်တန်းကြီဂသည်ပင် ဤကပ်ဘေးအောက်တွင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။

ဤအခိုက်တွင် ကောင်းကင်ထက်အပေါ်စီးမှ တစ်ချက်ငုံ့ကြည့်မိပါက မြေပြင်ထက် နက်ရှိုင်းစွာချိုင့်ဝင်နေသော အလွန်ကြီးမားသော လက်ဝါးရာတစ်ခုကို ထိတ်လန့်ဖွယ်တွေ့ရှိရမည်ပင်။

ထန်ယောင်ယောင်မှာ ကြောက်စိတ်ဖြင့် လက်ဖျားခြေဖျားများပင် ထုံကျင်သွားသည်။

ကောင်းကင်ကို စိန်ခေါ်ဆန့်ကျင်သော စွမ်းအား။

လက်ဝါးတစ်ချက်၏ တန်ခိုးသည် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းနိုင်သည်လော။

"ဒီလက်ဖဝါးက ကောင်းကင်ပေါ်ကကျလာတာဆိုတော့ တကယ်ပဲ ကောင်းကင်ဘုံရဲ့စီရင်ချက်များလား"

ထန်ယောင်ယောင်သည် စိတ်ခံစားချက်များကို အနိုင်နိုင်ထိန်းချုပ်ရင်း ခက်ခက်ခဲခဲ ထုတ်ပြောလိုက်မိ၏။

ရုတ်တရတ် သူမသည် တစ်ခုခုကို ခံစားမိပုံရပြီး ခေါင်းငုံ့ကြည့်လိုက်ရာ လှပပြီးသိမ်မွေ့သော မျက်နှာလေးမှာ ချက်ချင်းနီရဲတွတ်သွားခဲ့သည်။

သူမ၏ စကတ်အောက်တွင် စိုစွတ်နေသော အစွန်းအထင်းကြီးတစ်ခုကား သိသိသာသာ ပေါ်လွင်နေသည်လေ။

မှန်သည်။ မိန်းမပျိုလေးမှာ အကြောက်လွန်၍ သေးပေါက်ချခဲ့မိခြင်း။

ထန်ယောင်ယောင်သည် ပတ်ပတ်လည်ကို အလျင်အမြန် ပတ်ကြည့်လိုက်ပြီး သူမ၏ ရှက်စရာအခြေအနေကို မည်သူမျှမမြင်ကြောင်း အတည်ပြုနိုင်လိုက်သောအခါမှ သက်ပြင်းချလိုက်သည်။

တော်လေးလို့ မြို့စားမင်းသမီး၏သိက္ခာကို ဆက်ထိန်းသိမ်းထားနိုင်ဦးမည်။

"ငါချက်ချင်း ပြန်သွားပြီး ဆရာသခင်ကို အကြောင်းစုံသတင်းပို့ရမယ်"

ထန်ယောင်ယောင်သည် ရှက်ရဲရဲမျက်နှာလေးဖြင့် ကပျာကယာထရပ်ပြီး အဝတ်အစားများကို သပ်ရပ်အောင်ပြုပြင်ကာ ကောင်းကင်သို့ ပျံတက်သွားလိုက်သည်။ အစိမ်းရောင်အလင်းတန်းလေးတစ်ခုက ဝမ်ကျန့်မြို့တော်ဘက်သို့ လှစ်ခနဲပျံသန်းသွားလျက်။

ခဏအကြာတွင် သတိလစ်နေသော ကျင့်ကြံသူများလည်း ဖြည်းဖြည်းချင်း နိုးထလာကြပြီး သူတို့၏ရှေ့မှ ပြောင်ရှင်းနေသောမြင်ကွင်းကို မြင်သောအခါ အံ့သြခြင်းကြီးစွာဖြင့် အာမေဋိတ်ပြုသံမှလွဲ၍ ဘာစကားမှထွက်မလာနိုင်ခဲ့ကြ။

လက်ရှိခံစားချက်ကို တစ်လုံးတည်းဖော်ပြရပါက "ဘုရား ဘုရား" ဟုသာ ဖြစ်ပေမည်။

"သခင်မလေးရော ဘယ်မှာလဲ၊ ဘယ်မှာလဲ" အမျိုးသား ကျင့်ကြံသူတစ်ဦးသည် ပတ်ပတ်လည်ကို လှည့်ကြည့်ကာ ကမန်းကတန်းမေးလိုက်သည်။

"သခင်မလေးက စောစောပြန်သွားလောက်ပြီ၊ ငါတို့အားလုံး အဆင်ပြေနေတာဆိုတော့ သခင်မလေးလည်း အဆင်ပြေမှာပါ" နောက်တစ်ယောက်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"မှန်တယ်၊ ငါတို့လည်း မြန်မြန်ပြန်ပြီး ဒီနေ့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆန်းတွေကို မြို့တော်တစ်ခုလုံးမှာ ဖြန့်ဝေလိုက်ကြရအောင်"

"အဲဒီ ရွှေရောင်ဧရာမလက်ကြီးရဲ့ ပိုင်ရှင်က ဘယ်သူများလဲ။ တကယ်ပဲ ကောင်းကင်ဘုံစီရင်ချက်များလား"

"ဘယ်သူသိနိုင်မလဲ၊ ဒါပေမဲ့ ကျွီးယန်ခံတပ်ရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေကြောင့် ကောင်းကင်ဘုံကအပြစ်ပေးတာလည်း မဆန်းတော့ပါဘူး"

"ဟုတ်တယ်၊ အဲဒီ လူယုတ်မာတွေ သေကိုသေသင့်တာ"

ထို့နောက် မြို့စားအိမ်တော်မှ ကျင့်ကြံသူအဖွဲ့သည် လာရာလမ်းအတိုင်း ပြန်လှည့်သွားကြတော့၏။

တစ်ချိန်တည်းမှာပင် ဝမ်ကျန့်မြို့တော်အနီးတွင် အဖိုးအိုနှင့်လူငယ်လေး၏ ပုံရိပ်နှစ်ခု ပေါ်လာသည်။

"အဲဒါက ဒီနေရာတဝိုက် အနီးဆုံးရှေးဟောင်းမြို့ဖြစ်ပြီး ဖက်ပြည်နယ်ရဲ့ အကြီးဆုံး ကျင့်ကြံမှုမြို့တော်လည်း ဖြစ်ပါတယ်" အနောက်မှ ခြေတစ်လှမ်းစာမျှကပ်လိုက်လာသော စန်းလန်ကျွင်းက ရိုသေစွာ ပြောလိုက်သည်။

"ဝမ်ကျန့်မြို့တော်တဲ့လား၊ နာမည်ကောင်းပဲ" ယဲ့ကျွင်းလင်သည် မြို့တံခါးရှိ စာလုံးကြီးသုံးလုံးကိုကြည့်ပြီး ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

ကျွီးယန်ခံတပ်ကို မှုန့်မှုန့်ညက်ညက်ကြေအောင် ရိုက်ချခဲ့သူမှာ သူကိုယ်တိုင်ဖြစ်သည်။

စူးဟောင်လင်၏ သေဆုံးခြင်းကိုတော့ ယဲ့ကျွင်းလင် စိတ်ထဲပင်မရှိလိုက်။ သူ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်ထက် ဘာမှမခြားသောလူဆိုးလေးသာ ဖြစ်၏။

"အကြီးအကဲယဲ့၊ ကျွန်တော်တို့ အထဲကိုဝင်ကြည့်ရအောင်လား"

"သွားရအောင်၊ ဝင်ကြည့်ကြတာပေါ့"

ချက်ချင်းပင် သူတို့နှစ်ဦးသည် ဝမ်ကျန့်မြို့တော်ထဲသို့ တိတ်ဆိတ်စွာ ရောနှောဝင်ရောက်သွားပြီး ခရီးသွားလာခွင့် စစ်ဆေးသော မြို့စောင့်များကို မသိမသာရှောင်ကွင်းသွားကြလိုက်ကြသည်။ ချီစွမ်းအင်စစ်ဆေးသော အစီအရင်သည်ပင် ဘာတုံ့ပြန်မှုမှမရှိလိုက်။

သူတို့၏ ကျင့်ကြံဆင့်ဖြင့် ခိုးဝင်ရန် အလွန်လွယ်ကူသည်။

ဝေးလံသော ကုလော့မဟာနယ်ပယ်တွင်။

လီဟောင်မသေမျိုးဂိုဏ်း၏ အစည်းအဝေးခန်းမအတွင်း၌ စွန်ပလွန်သီးကဲ့သို့ နီရဲသောမျက်နှာ၊ ဆံပင်နီနှင့် မုတ်ဆိတ်နီရှိသော သတ်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ချီလင်မီးဝတ်ရုံကို ဝတ်ဆင်ထားပြီး အမြင့်ဆုံးသောနေရာ၌ လက်များကိုနောက်ပစ်ကာ ရပ်နေခဲ့သည်။ အောက်ဘက်တွင် အကြီးအကဲအမြောက်အများရှိပြီး သူတို့သည် လက်ရှိတွင် အရေးကြီးကိစ္စများကို ဆွေးနွေးစီစဥ်နေကြခြင်းပင်။

ဤ ထူးခြားသော ပုံပန်းသဏ္ဌာန်ရှိသော အမျိုးသားသည် ပြင်ပကမ္ဘာတွင် ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်ဟု လူသိများပြီး လီဟောင်မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

အကြောင်းရင်းကိုရှင်းပြဖို့ စကားတစ်ခွန်းသာလိုသည်။ ထိုသူသည် မသေမျိုးသူတော်စင်ပင်။

ကောင်းကင်မီးတောက် မသေမျိုးသူတော်စင် ရှိနေခြင်းကြောင့် လီဟောင်မသေမျိုးဂိုဏ်းသည် ကုလော့မဟာနယ်ပယ်တွင် ကြီးမားသောအာဏာကို ကိုင်စွဲထားနိုင်ပြီး အမြင့်ဆုံး အဆင့်အတန်းရှိသော ထိပ်တန်းအင်အားစုလည်း ဖြစ်သည်။

မသေမျိုးသူတော်စင်ဟူသည် ဤနယ်တကြောတွင် မည်မျှရှားပါးလိုက်လေသနည်း။ ကျယ်ပြန့်သော မသေမျိုးဘုံတလွှား ကူးသန်းပြေးလွှားကြည့်လိုက်မည်ဆိုလျှင် သူတို့သည် အလွန်သေးငယ်သော အင်အားစုလေးတစ်ခုမျှသာ ဖြစ်ပါသော်ငြား ပါဝင်သူတိုင်းမှာ အကောင်ကြီးကြီး တာအိုဆရာကြီးများသာဖြစ်ကြ၏။

ထို့ကြောင့် လီဟောင်မသေမျိုးဂိုဏ်း၏ ထူးကဲသာလွန်မှုကို များများစားစားရှင်းပြနေစရာ မလိုခဲ့ပါ။

အေးခဲမသေမျိုးဒေသ တစ်ခုလုံးတွင်ပင်လျှင် ထိပ်တန်းအဆင့်တွင် ရှိနေသည်။

ရုတ်တရတ် ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်သည် တစ်ခုခုကို ခံစားမိလိုက်ပုံရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်မယှက် တောင့်တင်းသွားခဲ့သည်မှာ မတ်တပ်ကြီးလေဖြတ်သွားသည့်အလား။

သူ၏ မျက်လုံးများတွင် ပထမတော့ မယုံကြည်နိုင်ဟန်များ ပေါ်လွင်လာပြီးနောက် နဖူးကြောများ ထောင်ထွက်လာကာ ဆံပင်နီကြောင်ကြောင်များသည် မီးကျွမ်းလောင်နေသကဲ့သို့ အငွေ့တဆစ်ဆစ်ထိုးထွက်လာသည်။ ထို့နောက် သူသည် ကောင်းကင်ထက်မော့ကြည့်ကာ အားကုန်အော်ဟစ်လိုက်တော့၏။

"အား"

ထိုအော်ဟစ်သံတွင် အဆုံးမရှိသော ဝမ်းနည်းကြေကွဲမှုနှင့် ပြင်းထန်သော သတ်ဖြတ်လိုစိတ် အငြှိုးအတေးများ ပါဝင်နေပြီး လီဟောင်မသေမျိုးဂိုဏ်းတစ်ခုလုံးကို တုန်ခါယိမ်းထိုးစေခဲ့သည်။

တပည့်များနှင့် အကြီးအကဲအမြောက်အမြားသည် ကြောက်ရွံ့ထိတ်လန့်စွာ မြေပြင်ပေါ်တွင် ဒူးထောက်သွားကြပြီး ကောင်းကင်ကြီးပြိုကျတော့မယောင် ထင်မှတ်မှားကုန်ကြရသည်။

ကုလော့မဟာနယ်ပယ်တွင် ထိုသူသည် ကောင်းကင်တမျှဟု ပြောလျှင်ပင် ချဲ့ကားခြင်းမမည်။

ယခု ကောင်းကင်ဘုံ ဒေါသထွက်နေလေပြီ။

ဘာတွေများ ဖြစ်ပျက်ခဲ့လို့လဲ။

All Chapters