သွေးအမှောင်ကပ်ဘေး
Vol. 50 Ch. 698
"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်၊ ဒါက ဘာဖြစ်လို့...လဲ" အကြီးအကဲတစ်ဦးက သတ္တိကိုစုစည်း၍ သတိထားကာ မေးလိုက်သည်။
ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်သည် တစ်ကိုယ်လုံးအနှံ့ လျှံထွက်နေသော ကြောက်မက်ဖွယ် မီးလျှံများဖြင့် ဖုံးလွှမ်းနေပြီး ဒေါသထွက်နေသော မျက်နှာသည် အလွန်ထိတ်လန့်စရာကောင်းလှ၏။ သူသည် တင်းတင်းကြိတ်ထားသော သွားများကြားမှ ခက်ခက်ခဲခဲ စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်သည်။
"ငါ့သား သေသွားပြီ"
"ခင်ဗျာ"
လူတိုင်း ချက်ချင်းပင် ထိတ်လန့်တကြားဖြစ်သွားကြပြီး ရုတ်တရက်ကြားလိုက်ရသော စကားကိုပင် မယုံနိုင်လှ။
သူတို့၏ ဂိုဏ်းချုပ်သည် သားငယ်စူးဟောင်လင်အား အလွန်ချစ်ခင်မြတ်နိုးကြောင်း၊ အလိုရှိပါက မျက်လုံးကိုပင် ထုတ်ဖောက်ပေးမည့်သူဖြစ်ကြောင်း သူတို့အားလုံး သိထားကြ၏။
စူးဟောင်လင်သည် မမွေးဖွားမီ သန္ဓေသားဘဝကတည်းကပင် ထူးခြားသော အရည်အသွေးများကို ပြသခဲ့ပြီး မွေးဖွားပြီးနောက်တွင် ပို၍ပင် အံ့မခန်းဖြစ်လောက်စရာ အဖိုးတန်သားတစ်ယောက်ဖြစ်သည်။ သူ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် မကြားစဖူးလျှင်မြန်လှသောကြောင့် ဂိုဏ်းရှိကျင့်ကြံသူအမြောက်များ စိတ်ဓာတ်ကျချင်စရာပင် ဖြစ်ခဲ့သေး၏။
ဝမ်းနည်းစရာမှာ ဤ ကလေကချေကလေးသည် စိတ်မြန်လက်မြန်ရှိလှပြီး ဂိုဏ်းချုပ်သားဟူသော အဆင့်အတန်းအားကိုးဖြင့် ဂိုဏ်းအတွင်း ပြဿနာရှာလေ့ရှိကာ အရာအားလုံးကို ဇောက်ထိုးလှန်မွှေနှောက်လေ့ရှိသည်။
သို့သော် သူ၏ပါရမီသည် အလွန်ထင်ရှားပေါ်လွင်ပြီး ဂိုဏ်း၏ရတနာဟုဆိုရလောက်မည့် အနေအထားရှိသည်။ ဤကလေးသာ ဆက်လက်ကြီးထွားလာပါက အနာဂတ်တွင် ဂိုဏ်းချုပ်ကိုပင် ကျော်လွန်ပြီး စကြဝဠာအရှင်အဆင့်ကို ပိုင်ဆိုင်ရရှိနိုင်ကြောင်း လူတိုင်းသိကြသည်။
ဤအကြောင်းကြောင့်ပင် ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်သည် သူ့ကလေးကို အလွန် အလိုလိုက်ခဲ့ပြီး ရိုက်နှက်ဆူပူရန် အလွန်ဝန်လေးတတ်သည်။ ပြစ်မှုကြီးကြီးမားမား ကျူးလွန်လျှင်ပင် ပြစ်ဒဏ်မှာ နံရံကိုမျက်နှာမူ၍ လပေါင်းများစွာ ထိုင်ခိုင်းရုံမျှသာပင်။
ရလဒ်အနေဖြင့် ဤမျှအစွမ်းထက်သော အကာအကွယ် အခြံအရံအောက်တွင် စူးဟောင်လင်၊ ထို ကလေကချေကလေးသည် သေဆုံးသွားခဲ့သည်လော။
ဤဖြစ်ရပ်မှ ဖြစ်ပွားလာမည့် အကျိုးဆက်များကို စဉ်းစားမိသောအခါ အကြီးအကဲများမှာ ချွေးအေးတို့ဒလဟောစီးထွက်ကာ မြေပေါ်တွင် ဒူးထောက်ကျကုန်ကြလျက် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကြရသည်။
လက်ရှိအချိန် ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်၏ ခံစားချက်များကို မည်သည့် စကားလုံးဖြင့်မျှ ဖော်ပြနိုင်မည် မဟုတ်ပေ။
ရင်နှစ်သည်းချာ အဖိုးတန်သား သေဆုံးသွားခြင်းသည် သူ့နှလုံးသားကို ဓားထက်ထက်တစ်လက်ဖြင့် မွှေနှောက်သွားသည့်အလား သွေးစိမ်းရှင်ရှင်ကျနေသလို ခံစားရသည်။
အလွန်အမင်း နာကျင်ခံစားရပါ၏။
အသက်ရှူရန်ပင် ခက်ခဲလှလေပြီ။
ထိုသူသည် စူးမျိုးနွယ်၏ နဂါးအနွယ်တော်တစ်ပါးကဲ့သို့ သတ်မှတ်နိုင်သော ဆက်ခံသူ၊ လီဟောင်မသေမျိုးဂိုဏ်း တစ်ခုလုံး၏ အနာဂတ်မျှော်လင့်ချက်ဖြစ်သည်။
အနာဂတ်တွင် ဖခင်ဖြစ်သူကိုကျော်လွန်ကာ မသေမျိုးတာအိုလမ်း၏ အထွတ်အထိပ်ထိ တက်ရောက်နိုင်ချေရှိသည်။
ယှဉ်ပြိုင်ဘက်မရှိသော ပါရမီရှင်တစ်ဦးသည် ဤကဲ့သို့ အမြစ်မှဖြတ်တောက်ခံလိုက်ရရှာလေပြီ။
ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်သည် သူ၏စိတ်တွင်းမှ ဝမ်းနည်းပူဆွေးမှုကို ဖိနှိပ်လိုက်ပြီး မသေမျိုးဆုံးမီ သက်သေအထောက်အထားအားလုံးကို ပြန်လည်တွက်ဆလိုက်သည်။
ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်သည် စူးဟောင်လင်၏ မကျေချမ်းမှုကို သိရှိထားသလို ဂိုဏ်းမှထွက်ပြေးသွားလိမ့်မည်ကိုလည်း ကြိုတင်ခန့်မှန်းထားသည်။ သူ ချက်ချင်းပြန်ခေါ်မလာရခြင်း၏ အကြောင်းရင်းမှာ သားအဖကြား ပဋိပက္ခ ပိုမိုနက်ရှိုင်းမလာစေဖို့သာ။
ထို့အပြင် စူးဟောင်လင်သွားရောက်ခဲ့သော နေရာတွင် ကျင့်ကြံသူများ၏ အဆင့်အတန်းမှာ ယေဘုယျအားဖြင့် အလွန်နိမ့်ကျသည်။ သူ တံဆိပ်ခတ်ခဲ့သောစွမ်းအားနှင့် စူးဟောင်လင်၏ ပင်ကိုစွမ်းအားပေါင်းစပ်လိုက်လျှင် မသေမျိုးဧကရာဇ်တစ်ပါးလောက်ကို အသေသတ်နိုင်လောက်မည်။
လုံခြုံရေးအရ ပြဿနာ လုံးဝမရှိနိုင်။
ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်သည် စူးဟောင်လင်တစ်ယောက် လှည့်ပတ်ကစားရတာ ငြီးငွေ့သွားချိန်မှ ဂိုဏ်းဆီပြန်ခေါ်လာဖို့ တွေးထားခဲ့သည်။
စူးဟောင်လင်ကြောင့် မပြတ်သေဆုံးနေရသည့် အပြစ်မဲ့ပြည်သူများမှာ သူ့အတွက်တော့ ခြေနင်းပြားအောက်မှ ပုရွက်ဆိတ်ငယ်များထက်မပို။
သူ့သားငယ်၏ စိတ်ကျေနပ်မှုအတွက် သေဆုံးပေးရခြင်းသည်ပင် သူတို့၏ဘဝတွင် အကြီးမားဆုံးသောဂုဏ်အသရေ ဖြစ်ပေသည်။
သို့သော် ပြဿနာမှာ ထိုဝေးလံပြီး ခေတ်နောက်ကျလှသော ချောင်ကြိုချောင်ကြား နေရာငယ်လေးတွင် သူ့ကလေးကိုသတ်နိုင်သောစွမ်းရည် မည်သူ့တွင်ရှိမည်နည်း။
သားငယ်၏ မသေဆုံးမီမှတ်ဉာဏ်များကို ပြန်လည်ဆင်ခြင်သုံးသပ်နေစဥ် သူသည် ဝါးတားတား ပုံရိပ်များစွာကို မြင်တွေ့ခဲ့ရသည်။ ကျွီးယန်ခံတပ်၊ ဝမ်ကျန့်မြို့တော်၏ မြို့စားအိမ်တော်အဖွဲ့၊ နောက်ဆုံးတွင် ကောင်းကင်ကို ဖုံးလွှမ်းထားပြီး ကြီးမားသော ဖိအားကို ထုတ်လွှတ်နေသော ထို ရွှေရောင်ဧရာမလက်ကြီး။
ထိုလက်ကြီး ကျရောက်လာချိန်တွင် အရာအားလုံး မှောင်ပိတ်သွားခဲ့သည်။
ချက်ချင်းပင် ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်သည် သားငယ်၏ ကြောက်ရွံ့အားငယ်နေသော ကယ်ပါယူပါတစာစာအော်သံကို နားဖြင့်ဆတ်ဆတ်ကြားလိုက်ရသည့်အလား တုန်ယင်သွားခဲ့ရ၏။
"ဘယ်သူလဲ၊ အဲ့ဒီလက်ပိုင်ရှင်က ဘယ်သူလဲ"
ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး ပူးပေါင်းကြံစည်မှုတစ်ခုကို ဝိုးတဝါး အနံ့ခံမိလိုက်သည်။
အခြား မသေမျိုးသူတော်စင်တစ်ပါးက တစ်ကိုယ်တော်ထွက်ခွာသွားသော စူးဟောင်လင်ကို လျှို့ဝှက် ပစ်မှတ်ထားပြီး အနာဂတ်ပြဿနာများကို ရှောင်ရှားရန် ကြိုတင်ဖယ်ရှားပစ်ခဲ့ခြင်းများလား။
သို့သော် စူးဟောင်လင်၏ ပါရမီအရည်အသွေးများနှင့် ပတ်သက်၍ သူသည် လီဟောင်မသေမျိုးဂိုဏ်း တစ်ခုလုံးကို အပြင်လောကသို့ မပေါက်ကြားရန် တင်းကျပ်စွာအမိန့်ပေးထားပြီး ဖြစ်သည်။ စူးဟောင်လင်ထွက်ခွာသွားချိန်မှစ၍ သူသည် သားငယ်၏အတွင်းရေးအချက်အလက်များကို သေချာလျှို့ဝှက်ထိန်းသိမ်းထားခဲ့သည်။ မည်မျှထက်မြက်သော စွမ်းအားရှင်ပင်ဖြစ်ပါစေ၊ သားငယ်၏ပါရမီကို ထွင်းဖောင်မြင်ဖို့ခက်ခဲပေမည်။
ဒါဆို ဘယ်ကွင်းဆက်က လွဲချော်သွားတာလဲ။ ဘယ်နေရာမှ လစ်ဟသွားခဲ့လို့ ဒီလိုကြောက်မက်ဖွယ်သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ရတာလဲ။
ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်၏ စိတ်ထဲတွင် ဤကိစ္စသည် မြူခိုးများဖုံးလွှမ်းအုပ်ကာနေသည့်အလား လျှို့ဝှက်ဆန်းကြယ်နေသလို ခံစားမိသည်။
တကယ်တော့ လူတစ်ဦးက လမ်းကြုံဝင်ရိုက်သွားခြင်းမျှသာဖြစ်ကြောင်း သူမသိရှာ။
"ဘာပဲဖြစ်ဖြစ် ငါကိုယ်တိုင် အဲဒီကို သွားမှရမယ်။ ငါလိုချင်တဲ့အဖြေကိုမရရင် အဲ့ဒီမှာရှိတဲ့သက်ရှိသတ္တဝါအားလုံး ငါ့သားနဲ့အတူ မြှုပ်နှံခံရမယ်"
ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်၏ မျက်လုံးများသည် အေးစက်စက်အလင်းတန်းများဖြင့် စူးလက်လာကာ အာကာသလေဟာပြင်ကို ဖောက်ထွက်သွားတော့မည့်အလားရှိ၏။ သူ့တစ်ကိုယ်လုံးတွင် မသေမျိုးသူတော်စင်တစ်ပါး၏ စွမ်းအင်အလင်းများဖြာထွက်လျက်။
နောက်တစ်စက္ကန့်တွင် သူသည် ထိုနေရာမှ ဝှစ်ခနဲပျောက်ကွယ်သွားပြီး မိုင်သောင်းနှင့်ချီသော အကွာအဝေးတွင် ပြန်ပေါ်လာသည်။
ထို့နောက် အိမ်နီးချင်း ယွီရှန်းမဟာနယ်ပယ်ဘက်သို့ တည့်တည့်ဦးတည်သွားသည်။
ပြင်းစွာသောအရှိန်ကြောင့် နေနှင့်လတို့ အရောင်မှိန်ဖျော့ကာ ကောင်းကင်တုန်ခါ၍ မြေပြင်တို့ကွဲအက်ကုန်ကြ၏။
ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်သည် သူ၏ ကြောက်မက်ဖွယ်စွမ်းအင်ကို တမင်တကာ မဖုံးကွယ်ထားသောကြောင့် ကုလော့မဟာနယ်ပယ်မှ အားကောင်းသော ကျင့်ကြံသူများအားလုံး ကြောက်လန့်တုန်လှုပ်နေကြပြီး လီဟောင်မသေမျိုးဂိုဏ်းချုပ်၏ ဒေါသထွက်ရခြင်းအကြောင်းရင်းကို မှန်းဆမရနိုင်ကြ။
ဤသည်မှာ မသေမျိုးသူတော်စင်၏ ဒေါသဖြစ်သည်။
ဤဒေါသမီးကို ကမ္ဘာမြေပင် တောင့်ခံနိုင်ပါ့မလား စိုးရိမ်မိချင်စရာ။
လူအများမှာ ကောင်းကင်မီးတောက် မသေမျိုးသူတော်စင်၏ ဤခရီးတစ်လျှောက်တွင် ဖြစ်ပေါ်လာမည့် ကြောက်မက်ဖွယ်ရမ်းကားသတ်ဖြတ်မှုများကို ကြိုတင်မှန်းဆမြင်ယောင်မိလိုက်သလိုပင် ခံစားကြရသည်။
...
ဝမ်ကျန့်မြို့တော်။
ယဲ့ကျွင်းလင်သည် လက်များကိုနောက်ပစ်ကာ လမ်းမပေါ်၌ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနေပြီး ပတ်ဝန်းကျင်ရှိ ဆန်းသစ်သောအရာများကို စိတ်ဝင်တစား ကြည့်ရှုနေသည်။
စန်းလန်ကျွင်းသည် လက်လေးနှစ်ဖက်ကို ဘေးသို့ကပ်ကပ်လေးချကာ ကုပ်ကုပ်လေးလိုက်ပါလာခဲ့၏။
မသိလျှင် သူကြွယ်စံအိမ်တစ်ခုမှ သခင်လေးတစ်ပါးသည် နောက်လိုက်နောက်ပါ အစေခံတစ်ဦးဖြင့် နယ်လှည့်ခရီးထွက်နေသည့်အလား။
လမ်းမသည် ကျယ်ဝန်းသပ်ရပ်ပြီး ဆိုင်ခန်းများတန်းစီနေကာ လူအများ ပျားပန်းခတ်စည်ကားလှုပ်ရှားလျက်။
အလွန်စည်ပင်ဝပြောသော မြို့တော်ကြီးတစ်ဦးဖြစ်ကြောင်း သိသာပါသည်။
ရုတ်တရတ် အနီးအနားတစ်နေရာတွင် အပြာရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော တဏှာကြီးမည့်ရုပ်ရည်မျိုးနှင့် မျက်လုံးမှေးကျဥ်းကျဥ်း အမျိုးသားတစ်ဦးသည် ဆိုင်ခန်းတစ်ခုတွင်ထိုင်နေပြီး သူ၏မုတ်ဆိတ်ကို ညင်သာစွာ ပွတ်သပ်နေကာ လေးနက်သောအသွင်အပြင်ဖြင့် အာကျယ်အာကျယ် ပြောဆိုနေသည်။
"ကံကြမ္မာဟောခြင်းနှင့် နိမိတ်ဖတ်ခြင်း၊ ကံမကောင်းခြင်းကို ရှောင်ရှား၍ ကံကောင်းခြင်းကို ရှာဖွေခြင်း။ မမှန်ကန်ပါက အခကြေးငွေမယူပါ။ ကျွန်တော်ဟာ ထျန်းကျိဂိုဏ်းရဲ့ တစ်ဦးတည်းသောအမွေခံမျိုးဆက်ဖြစ်ပါတယ်။ ဖြတ်ကျော်သွားပါက အဖိုးတန်အခွင့်အရေးကို ဆုံးရှုံးရပါလိမ့်မယ်။
သို့သော် ဖြတ်သွားသော ကျင့်ကြံသူများသည် သူ့ကိုအာရုံပင်မစိုက်အား။ တစ်ချို့ကတော့ ဘုကြည့်လှည့်ကြည့်သွားကြသည်။
ထျန်းကျိဇီသည် အပြင်ပန်းတွင် ဂရုမစိုက်ဟန် ဟန်ဆောင်နိုင်သေးသော်ငြား စိတ်ထဲတွင်တော့ ကြိတ်ဆဲမိနေလေပြီ။
သေစမ်း၊ ဒီနေ့ကံကိုမကောင်းတာပဲ၊ အရောင်းအဝယ်ကိုမဖြစ်ဘူး။
ထိုအခိုက်တွင် သူသည် လူအုပ်ထဲ၌ အလွန်ထင်ရှားပေါ်လွင်နေသော ငွေရောင်ခေါင်းလေးကို လှမ်းမြင်လိုက်သည်။
ထိုအသွင်အပြင် ထိုအရှိန်အဝါသည် သူတစ်ခါမှ မခံစားခဲ့ဖူးသောအရာပင်။
"သူဌေးသူကြွယ်မျိုးနွယ်မှ သခင်လေးတစ်ယောက် ခရီးထွက်လာတာများလား"
ထိုသို့တွေးမိလိုက်ပြီး ထျန်းကျိဇီသည် ချက်ချင်း ရှေ့သို့တိုးလာကာ နွေးထွေးသောအပြုံးဖြင့် ဆိုလိုက်သည်။
"ကျွန်တော့်နာမည် ထျန်းကျိဇီပါ၊ သခင်လေး နိမိတ်ဖတ်ကြည့်ချင်ပါသလား။ မမှန်ကန်ပါက အခကြေးငွေမယူပါ၊ မှန်ကန်ရင်လည်း သင့်တော်သလောက်သာ ပူဇော်နိုင်ပါတယ်"
စန်းလန်ကျွင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ဤလူလိမ်ကို လမ်းဖယ်ပေးဖို့ ပြောတော့မည့်ဆဲဆဲတွင် မမျှော်လင့်ဘဲ ယဲ့ကျွင်းလင်က အနည်းငယ်စိတ်ဝင်စားဟန်ဖြင့် ပြုံးလိုက်သည်။
"ကောင်းပြီ၊ မင်းက ငါ့ကံကြမ္မာကို ဟောနိုင်တယ်ပေါ့။ ပြောပါဦး ငါဘာတွေဆက်ဖြစ်မလဲ"
"ဟုတ်ပြီဗျာ"
ထျန်းကျိဇီ ဝမ်းသာအားရ ဖြစ်သွားသည်။ လူချမ်းသာသခင်လေးများကား အလွန်ပြောရဆိုရ လွယ်ကူသည်ကော။
ထို့နောက် သူသည် ယဲ့ကျွင်းလင်၏ မွေးသက္ကရာဇ်များကို တောင်းယူပြီးနောက် မျက်လုံးများကို တင်းတင်းမှိတ်ကာ သူ၏လက်ချောင်းများဖြင့် တွက်ချက်မှုစတင်ပြုလုပ်စဥ် ဗေဒင်ဆရာ၏ခန္ဓာကိုယ်မှ မမြင်နိုင်သော နက်ရှိုင်းသည့်စွမ်းအင်များ စိမ့်ထွက်လာသလို ခံစားမိစေ၏။
"ဟင်"
စန်းလန်ကျွင်းသည် မူလက တစ်ဖက်လူကို အလိမ်အညာဟုထင်ခဲ့သော်လည်း ဤမြင်ကွင်းကို မြင်သောအခါ နှလုံးသားသည်ပင် ရုတ်တရတ်တင်းကျပ်သွားခဲ့သည်။
"သူက နည်းနည်းတော့ကျွမ်းပုံရတယ်" ယဲ့ကျွင်းလင်က မေးစေ့ကိုပွတ်သပ်ပြီး သေချာစွာစောင့်ကြည့်နေသည်။
တစ်ဖက်လူသည် သူထင်ထားသလောက် မရိုးရှင်းကြောင်းကို သူဝိုးတဝါး ခံစားနေရသည်။
တဖြည်းဖြည်းနှင့် ပဲစေ့အရွယ် ချွေးလုံးများသည် ထျန်းကျိဇီ၏ နဖူးပေါ်တွင် စီးကျလာပြီး မျက်ခွံများ တုန်ယင်လာကာ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက သူ၏စိတ်အစဥ်တွင် ထပ်ဟပ်လာတော့၏။
"ဝေါ့"
နောက်ဆုံးတွင် ထျန်းကျိဇီသည် ရုတ်တရက် မျက်လုံးများဖွင့်လိုက်ပြီး သွေးတစ်ပွက်ကို ဝေါ့ခနဲအန်ထုတ်လိုက်ကာ ရင်ဘတ်ကို လက်ဖြင့်ဖိကိုင်ထားလျက် လဲကျသွားခဲ့၏။
သူသည် ယဲ့ကျွင်းလင်ကို မယုံနိုင်စွာ မော့ကြည့်လိုက်ပြီး တုန်ယင်နေသောလက်ညှိုးဖြင့် ထိုးညွှန်လိုက်သည်။
"မင်း၊ မင်းမှာ သွေးကပ်ဘေး ရှိနေတယ်..."