← Chapters

အခန်း (၇၀၀)

Vol. 50 Ch. 700

အခန်း (၇၀၀)

Vol. 50 Ch. 700

"ကောင်းကင်... ကောင်းကင်ခွေးမျိုးနွယ်လား"

ယဲ့ကျွင်းလင်နှင့် စန်းလန်ကျွင်းတို့သည် တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြပြီး အံ့အားသင့်စွာ ဆွံ့အသွားခဲ့ရ၏။

သူတို့၏မိတ်ဆွေကြီး ကောင်းပုလီသည် ကောင်းကင်ခွေးမျိုးနွယ်မှ ဖြစ်သည်ပင်။

သူ၏ မျိုးနွယ်ဝင်များမှာ အမှန်တကယ် ဟင်းပွဲဘဝသို့ ရောက်ရှိနေကြလေပြီလော။

စန်းလန်ကျွင်းမှာ အလွန်အတွေးများနေရသည်။ သူ၏ပါးစပ်ထဲရှိ ဝါးလက်စအသားကို ထွေးထုတ်ချင်သော်လည်း အခုမှထွေးထုတ်လို့ ဘာအဓိပ္ပာယ်မှရှိတော့မည်မဟုတ်။

နောက်ပြီး ဒီ‌ခွေးသားက တကယ်မွှေးတာပါဆို...

ပြင်းထန်သော အတွင်းစိတ်တိုက်ပွဲအပြီးတွင် စန်းလန်ကျွင်းသည် မျက်ရည်များဖြင့် ပါးစပ်ထဲရှိ ခွေးသားကို မျိုချလိုက်သည်။

ဘာမှလာမပြောနဲ့၊ ငါထပ်မစားတော့ပါဘူး။

ယဲ့ကျွင်းလင်လည်း တူကိုအသာချလိုက်ကာ ထူးဆန်းသော အပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။

အဘိုးကြီးကောင်း၊ ငါ တောင်းပန်ပါတယ်။

မင်းအမျိုးတွေကိုစားဖို့ မရည်ရွယ်ခဲ့ပါဘူးကွာ။

ယဲ့ကျွင်းလင် မသေမျိုးဘုံကို တက်လှမ်းတော့မည်အပြုတွင် ကောင်းပုလီက ကောင်းကင်ခွေးမျိုးနွယ်ကို ဂရုစိုက်ပေးဖို့ရန် သူ့ကို တောင်းဆိုအပ်နှင်းခဲ့ပြီး ကောင်းကင်ခွေးမျိုးနွယ်၏ အမိန့်ရတံဆိပ်ကိုပင် လေးလေးနက်နက်ပေးအပ်ခဲ့ကြောင်း သူတို့နှစ်ယောက်လုံးသိသည်ပင်။

ရလဒ်အနေဖြင့် ကောင်းပုလီ၏ မျိုးနွယ်ဝင်များနှင့် ဟင်းပွဲထက်တွင် တွေ့ဆုံခဲ့ရပေ၏။

"ဆိုင်အကူ၊ ငါမေးပါဦးမယ်၊ ကောင်းကင်ခွေးမျိုးနွယ်က အဆင့်အတန်း တော်တော်မြင့်မားတာမဟုတ်ဘူးလား။ သူတို့ရဲ့ ဘိုးဘေးတွေထဲမှာဆို ဧကရီဖူယောင်ရဲ့နောက်လိုက် မဟာပုဂ္ဂိုလ်တစ်ဦးတောင် ရှိခဲ့ဖူးတယ်။ အခုဘာကြောင့် ဒီအခြေအနေကို ရောက်သွားတာလဲ"

ယဲ့ကျွင်းလင်က အမူအရာကို တည်တံ့စေလျက် အလေးအနက်မေးလိုက်သည်။

ဤစကားကို ကြားသောအခါ ဆိုင်အကူသည် တောင့်တင်းသွားပြီး ထူးဆန်းသောအကြည့်ဖြင့် ယဲ့ကျွင်းလင်ကို ကြည့်လိုက်သည်။

"သခင်လေးရဲ့ မေးခွန်းက တကယ်ကို စိတ်ဝင်စားစရာပါလား။ မသေမျိုးဘုံမှာရှိတဲ့လူတိုင်း ကောင်းကင်ခွေးမျိုးနွယ်ဟာ နှစ်ပေါင်းများစွာအကြာကတည်းက ကျဆင်းနေပြီဆိုတာ သိကြပါတယ်။ ဘိုးဘေးတွေထင်ရှားကျော်ကြားခဲ့တော့ရော နောင်မျိုးဆက်နဲ့ ဘာများသက်ဆိုင်ဦးမှာလဲ"

"ကျွန်တော်ကြားတာကတော့ ဧကရီဖူယောင်မရှိတော့တဲ့ အချိန်ကစပြီး ကောင်းကင်ခွေးမျိုးနွယ်ဟာ သူတို့ရဲ့ အားကိုးရာကိုဆုံးရှုံးသွားတယ်။ စစ်ပွဲအကြိမ်ကြိမ် ဖြစ်ပွားပြီးတဲ့နောက် မျိုးနွယ်အတွင်းက ကျွမ်းကျင်သူ အမြောက်အမြားကိုလည်း ဆုံးရှုံးခဲ့ရပြီး အချိန်ကြာလာတာနဲ့အမျှ အင်အားတွေဆုတ်ယုတ်ကုန်ကြတော့တာပဲ"

"လက်ရှိ ကောင်းကင်ခွေးမျိုးနွယ်ဟာ သူတို့ရဲ့ အတိတ်ကဂုဏ်သရေတွေကို လုံးဝဆုံးရှုံးသွားပြီ။ အများဆုံးဆိုမှ သာမန်နတ်ဆိုးမျိုးနွယ်တွေထက် နည်းနည်းမြင့်ရုံလောက်ပဲ။ ဒါပေမဲ့ နဂါးလိုမျိုး မျိုးစိတ်တောင် စားပွဲပေါ်က ဟင်းခါးဖြစ်နိုင်သေးတာပဲ၊ အင်အားကျဆင်းနေတဲ့ ကောင်းကင်ခွေးမျိုးနွယ်လောက်တော့ အံ့သြစရာမကောင်းတော့ပါဘူး"

ဤစကားများက ယဲ့ကျွင်းလင်နှင့် စန်းလန်ကျွင်းတို့ကို တိတ်ဆိတ်သွားစေသည်။

ခွေးများအတွက် ကံကြမ္မာ၏လှည့်ကွက်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လေသနည်း။

ကောင်းပုလီ၏မျိုးနွယ်သည် မသေမျိုးဘုံ၌ ဤမျှဆင်းရဲဒုက္ခရောက်ရှာသော ဘဝကို နေထိုင်နေရမည်ဟု သူမမျှော်လင့်ခဲ့မိ။

"ဒါဆို မင်းတို့ရဲ့ မီးဖိုချောင်မှာ အသက်ရှင်နေတဲ့ ကောင်းကင်ခွေးတွေရှိသေးလား။ ငါ ဈေးကြီးပေးပြီး ဝယ်နိုင်တယ်။"

ကြိမ်ဖန်များစွာ စဉ်းစားပြီးနောက် ယဲ့ကျွင်းလင်သည် သူကယ်တင်နိုင်သမျှကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းသည် သနားကြင်နာခြင်းကြောင့် ဆိုသည်ထက် မိတ်ဆွေရင်းကိုပေးခဲ့သော ကတိကြောင့်သာ။

"ဒါကတော့..."

ဆိုင်အကူသည် စိတ်ရှုပ်ထွေးသွားပုံရ၏။

"အွန်"

ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။

"မင်းကိုမေးနေတယ်လေ" စန်းလန်ကျွင်းသည် ချက်ချင်းဒေါသထွက်လာဟန်ရှိပြီး ဆိုင်အကူ၏ပုခုံးကိုဆုပ်ကိုင်ကာ သူ၏ကျင့်ကြံမှုစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

"မသေမျိုး... မသေမျိုးဘုရင်"

ဆိုင်အကူသည် ခြေထောက်များ အားပျော့ခွေကျသွားသည်အထိ ကြောက်လန့်သွားပြီး ချွေးများ ရွှဲနေအောင်စီးကျလာသည်။

မသေမျိုးအရှင်သခင်များကို အလေးထားဆက်ဆံရသည့် ဤနယ်မြေတွင် မသေမျိုးဘုရင်ဟူသည် မည်သို့အဆင့်အတန်းမျိုးနည်း။

ထို့အပြင် ဤအဘိုးကြီး၏ဟန်ပန်မှာ ထိုင်နေသောလူငယ်လေး၏ လက်အောက်ခံမျှသာရှိသေးသည်ကို သူသတိပြုမိသည်။

နောက်ခံကောင်းကောင်းထဲကဖြစ်ရမည်။

သူသည် စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးမျှသာဖြစ်သည်။ အသိုင်းအဝိုင်းကြီးတို့၏ဒေါသကို သူမခံနိုင်ပါ။

တစ်ချိန်တည်းမှာပင် တည်းခိုခန်း၏ လုံခြုံရေးအတွက် တာဝန်ယူထားသော ကျင့်ကြံသူအချို့သည် အခြေအနေကို မြင်သောအခါ စန်းလန်ကျွင်းကိုတားဆီးရန် အလျင်အမြန် ပြေးထွက်လာတော့မည့်ဆဲဆဲတွင် မသေမျိုးဘုရင်အဆင့် စွမ်းအင်ကို ခံစားမိပြီးနောက် ချက်ချင်းလှည့်ထွက်သွားပြီး မမြင်ချင်ယောင် ဆောင်လိုက်ကြသည်။

ရတဲ့လစာက တစ်လကို အဆင့်နိမ့် မသေမျိုးကျောက်သုံးထောင်၊ ဘာကြောင့် အသက်ကို စွန့်စားနေရမှာလဲ။

"အခု မင်းစကားပြောနိုင်ပြီလား" ယဲ့ကျွင်းလင်က ကြင်ကြင်နာနာ မေးလိုက်သည်။

ဆိုင်အကူမှာ ချွေးအေးများ စီးကျလာပြီး အထစ်ထစ်အငေါ့အငေါ့ဆိုသည်။ "ကျွန်တော် ပြောပါ့မယ်၊ ကျွန်တော်သိတာ အကုန်လုံးကို သေချာပေါက်ပြောပြပါ့မယ်"

"အမြန်ပြော" ထိုအခါမှ စန်းလန်ကျွင်းသည် ဆိုင်အကူကို လွှတ်ပေးလိုက်သည်။

"တကယ်တော့ ကျွန်တော်တို့ ဧည့်ခံလိုက်တဲ့ အသားက နောက်ဆုံးအစိတ်အပိုင်းပါ။ ဒီလိုခွေးသားမျိုးက ရဖို့အရမ်းခက်ခဲလွန်းလို့ ကျွန်တော်တို့လည်း အထူးလမ်းကြောင်းတွေကနေ မှောင်ခိုရခဲ့တာ၊ အေးခဲထားတဲ့အသားကို ဈေးကြီးပေးဝယ်ပြီးမှ အပူပေးခဲ့ရတာ..."

ဆိုင်အကူသည် ဘာမှမဖုံးကွယ်ဝံ့ဘဲ အားနည်းစွာ ထုတ်ပြောပြလိုက်သည်။

ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။

ဒါဆို သူတို့ ရောက်လာကတည်းက သေနေကြတာလား။ ဒါဆိုရင် ဘာကိုသွားပြီး ကယ်တင်နေရဦးမှာလဲ။

"ရပြီ။ ဒါက အစားအသောက်ဖိုး" ယဲ့ကျွင်းလင်သည် အိတ်တစ်လုံးကို ထုတ်ပြီး စားပွဲပေါ် ပစ်တင်လိုက်သည်။

သူသည် ကျင့်ကြံဆင့်ကိုအားကိုး၍ အစားအသောက်အလကား မလိုချင်ပါ။

"ဒါက..." ဆိုင်အကူသည် ဘာလုပ်လို့လုပ်ရမှန်းမသိဟန်ဖြင့် စီမံခန့်ခွဲရေးမှူးကို အကြံဉာဏ်တောင်းရန် လှမ်းကြည့်ချင်သော်လည်း ထိုသူက ကောင်တာပေါ်တွင် မှောက်နေပြီး အိပ်ဟန်ဆောင်နေသည်။

"ပေးရင် ယူလိုက်" စန်းလန်ကျွင်းသည် ပိုက်ဆံအိတ်ကို တွန်းပို့လိုက်ပြီးဆိုသည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဟုတ်ကဲ့"

ဆိုင်အကူသည် ပါးနပ်စွာပင် ပိုက်ဆံအိတ်ကိုယူ၍ ကုပ်ကုပ်လေးထွက်သွားသည်။

တည်းခိုခန်းရှိ ကျင့်ကြံသူများအားလုံးသည်း အလွန်ကြောက်လန့်နေကြပြီး အသက်ပင်ကျယ်ကျယ်မရှူရဲကြ။ ထိုနှစ်ဦးကို အနှောင့်အယှက်ပေးမိမည်စိုးသည့်အလား စကားကိုပင် တိုးတိုးလေးပြောနေကြသည်။

"တကယ်တော့ ဒီခွေးသားကို ငါ့တပည့်လေးရှောင်ရှီးချက်ရင် ပိုအရသာရှိမှာ" ယဲ့ကျွင်းလင်က အတွေးဝင်သွားဟန်ဖြင့် တမ်းတမ်းတတပြောသည်။

"မမလေးပုရဲ့ ချက်ပြုတ်မှုစွမ်းရည်က ယှဉ်စရာမရှိဘူး" စန်းလန်ကျွင်းကလည်း ထောက်ခံသည်။

သို့သော် ဆက်စားရာတွင်တော့ စားပွဲပေါ်မှ ကောင်းကင်ခွေးမျိုးနွယ်ဟင်းပန်ကန်ကို သူတို့‌ရှောင်ရှားဖယ်ချန်ထားခဲ့လိုက်ကြ၏။

လေထုသည် တဖြည်းဖြည်း ပေါ့ပါးအေးဆေးလာသည့်အချိန်တွင် ပုံပန်းသွင်ပြင် ဖရိုဖရဲနှင့် သပ်ရပ်မှုမရှိသော အဖြူရောင်ဂါဝန်ကို ကပိုကရိုဝတ်ဆင်ထားပြီး အနီရောင်သေရည်အိုးကို ကိုင်ဆောင်ထားသော မိန်းမပျိုတစ်ဦးသည် အရက်ရှိန်ကြောင့်ရဲနေသော မျက်နှာလှလှလေးဖြင့် နဂါးဂိတ်တံခါး တည်းခိုခန်းဆီသို့ ဒယိမ်းဒယိုင် လျှောက်ဝင်လာခဲ့သည်။

သူမ၏ နတ်သမီးလေးကဲ့သို့ ကျော့ရှင်းသောပုံရိပ်သည် အလွန်ဆွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်တွင် ထင်ရှားသော အချိုးအကွေ့များ ပြေပြေပြစ်ပြစ်ပါရှိကာ အထူးသဖြင့် သူမ၏ ကျောက်စိမ်းကဲ့သို့ ရှည်လျားဖြောင့်စင်းသော ခြေတံများသည် ကျိုင်းကောင်၏တောင်ပံကဲ့သို့ ပါးလွှာသောဇာခြေအိတ်များဖြင့် တန်ဆာဆင်ထားသည့်အတွက် အလွန်မျက်စိဖမ်းစားနိုင်လှ၏။

တစ်ခဏအတွင်း သူမသည် တည်းခိုခန်းထဲမှ ကာမစိတ်နှောသော အကြည့်အများအပြားကို ဖမ်းစားနိုင်ခဲ့လိုက်သည်။

သူတို့၏ မျက်လုံးများတွင် ပြင်းပြသော လိုအင်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

All Chapters