နောက်ကျသွားပြီ
Vol. 28 Ch. 406
~"မင်းက ငါ့ကို လျှော့တွက်လွန်းအားကြီးတယ်။ ငါ့ကို အထင်သေးတဲ့သူ ဘယ်သူမှ အသေလှတာ မရှိဘူး..."
ဖုန်းဝူချန်က 'အထွတ်အထိပ် နဂါးနတ်ဘုရား ဓား' ပေါ်မှာ စိုရွှဲနေသည့် သွေးစက်တွေကို လက်ညှိုးလေးနှင့် ပေါ့ပါးစွာ တောက်ထုတ်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတွေကတော့ အေးစက်စက် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်တက်သွားလေ၏။
ထျန်းယွမ်ဘုံ နဝမအလွှာ အထွတ်အထိပ်။
ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အဆင့်ရှိသည့် ကျင့်ကြံသူတစ်ယောက်ကို ဖုန်းဝူချန်က မျက်တောင်တစ်ခတ်အတွင်းမှာပင် အမှုန့်ကြိတ်ပစ်လိုက်ခြင်း ဖြစ်သည်။
'ကောင်းကင်ကျားသစ်'။
သူသည် လုပ်ကြံသတ်ဖြတ်ခြင်း လောကထဲတွင် ဆယ်စုနှစ်တစ်ခုကျော် ကျင်လည်ခဲ့သူ။ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သေမင်းနှုတ်ခမ်းဝမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ဖူးသည့် ဝါရင့် သတ်ဖြတ်သူတစ်ဦး ဖြစ်သည်။ 'ကောင်းကင်ဘုံ လူသား' အဆင့်အောက်တွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက် ရှားပါးသည်ဟု ကြွေးကြော်နိုင်သူ။
ကံဆိုးချင်တော့... သူ သွားတွေ့လိုက်မိတာက ဖုန်းဝူချန် ဖြစ်နေလေသည်။
"မဖြစ်နိုင်တာ..."
ကောင်းကင်ဝံပုလွေနှင့် ကောင်းကင်ကျားတို့ နှစ်ယောက်သား မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကုန်ကြပြီ။ သူတို့ညီအစ်ကိုရဲ့ စွမ်းရည်ကို သူတို့အသိဆုံးလေ။ ကောင်းကင်ကျားသစ်လောက် စွမ်းအားကြီးတဲ့သူက ဖုန်းဝူချန်ရဲ့ ဓားချက်အောက်မှာ ပြန်တောင်မခုခံနိုင်ဘဲ သေသွားရတယ် ဆိုတာက...။
ဖုန်းဝူချန်က တကယ်ပဲ ဒီလောက်ထိ စွမ်းအားကြီးနေတာလား။
တကယ်တမ်း ပြောရရင် ဖုန်းဝူချန်၏ စွမ်းအားက ကောင်းကင်ကျားသစ်နှင့် သိပ်မကွာခြားလှပေ။ အကယ်၍သာ ခွန်အားချင်း သက်သက် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုပါက ဖုန်းဝူချန်အနေဖြင့် ဤမျှ အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်။
ပြဿနာက ကောင်းကင်ကျားသစ်၏ မောက်မာမှုပင် ဖြစ်သည်။ ရန်သူကို လျှော့တွက်ခြင်းက သူ့ကို မြေပုံ တူးပေးလိုက်ခြင်းပင်။
"ညီလေး... ကျားသစ် ညီလေး"
မှင်သက်နေရာမှ သတိပြန်ဝင်လာကြပြီးနောက် နှစ်ယောက်သား အရူးအမူး ပြေးသွားကြသည်။ သို့သော်... အရာအားလုံးက နောက်ကျသွားခဲ့လေ၏။ ကောင်းကင်ကျားသစ်၏ ခန္ဓာကိုယ်က အေးစက်နေပြီဖြစ်သလို၊ အသက်ရှူသံလည်း မရှိတော့ပေ။
"ငါက သူ့ကို သတ်ချင်တဲ့စိတ် ကနဦးကတည်းက မရှိခဲ့ပါဘူး။ သူကသာ ငါ့ကို အသေလိုချင်နေတာကိုး...။ ကိုယ့်ကို သတ်ချင်နေတဲ့ ရန်သူကို အရှင်ထားပေးရအောင် ငါက ဘုရားလောင်းမှ မဟုတ်တာ..."
ဖုန်းဝူချန်က လေသံအေးအေးလေးဖြင့် ပြောလိုက်သည်။ ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ သနားညှာတာနေခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
"ဖုန်းဝူချန်၊ ငါတို့ မင်းကို လျှော့တွက်မိတာ အမှန်ပဲ။ ဒါပေမဲ့ မင်း ဒီနေရာကနေ အရှင်ထွက်သွားနိုင်မယ်လို့တော့ စိတ်မကူးနဲ့"
ကောင်းကင်ကျားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့မျက်နှာက ဒေါသကြောင့် ရှုံ့တွကာ ကြောက်မက်ဖွယ်ကောင်းအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။ သူ့ခန္ဓာကိုယ်မှ ကြီးမားလှသော သတ်ဖြတ်လိုစိတ် အရှိန်အဝါများက ရိုင်းစိုင်းသော သားရဲကြီး တစ်ကောင်အလား ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"ဖုန်းဝူချန် တောင်ပေါ်မှာ ရှိတယ်ဟေ့ မြန်မြန်လုပ်ကြ၊ လွတ်သွားလို့ မဖြစ်ဘူး"
ရုတ်တရက် တောင်တန်းတွေကြားထဲကနေ အော်ဟစ်သံတွေ ဆူညံစွာ ထွက်ပေါ်လာသည်။ စွမ်းအားမြင့် ကျင့်ကြံသူ တစ်အုပ်စုက လေတိုးသံ တဝေါဝေါဖြင့် အပြင်းအထန် လိုက်ပါလာကြလေပြီ ဖြစ်သည်။
"ရွှစ်... ရွှစ်... ရွှစ်..."
ရှုပ်ထွေးလှသော တောင်တန်းတွေကြားထဲမှာ အရိပ်မည်းတွေက မျောက်ဝံတွေလို လျင်မြန်ဖျတ်လတ်စွာဖြင့် ခုန်ပျံကျော်လွှား လာနေကြသည်။
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်မိသည်။
"ကျစ်.. 'ကောင်းကင်ဘုံ လူသား' အဆင့်တွေပါလား။ မြန်လိုက်တဲ့ဖြစ်ခြင်း..."
ကောင်းကင်ဝံပုလွေနှင့် ကောင်းကင်ကျား နှစ်ယောက်တည်းနှင့်တင် ဖုန်းဝူချန် ခေါင်းကိုက်နေရ၏။ ယခု နောက်ထပ် ပါရမီရှင်တွေ ထပ်ရောက်လာတာက ကောင်းသည့် လက္ခဏာတော့ မဟုတ်။
ဒီအချိန်မှာ ထွက်မပြေးလျှင် ဘယ်အချိန် သွားပြေးမည်နည်း။
'ကောင်းကင်ဘုံ လူသား' အဆင့် တစ်ယောက်နှင့် ယှဉ်တိုက်ရလျှင်တောင် ဖုန်းဝူချန်အတွက် မလွယ်ကူလှပေ။ အခုက တစ်အုပ်ကြီး လာနေကြတာ ဖြစ်သည်။ သွေးရူးသွေးတန်း သွားလုပ်၍ မဖြစ်။
"စိတ်မကောင်းပါဘူးကွာ... မင်းတို့လူတွေ ရောက်လာပြီဆိုတော့ ငါ သွားမှဖြစ်မယ်။ နောက်မှ အခွင့်အရေးရရင် အေးဆေး တွေ့ကြတာပေါ့..."
ဖုန်းဝူချန်က ပြုံးစစမျက်နှာပေးဖြင့် ပြောလိုက်ရင်း ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
"မင်း ထွက်ပြေးလို့ ရမယ်ထင်နေလား... သေလိုက်စမ်း"
ကောင်းကင်ဝံပုလွေက ဒေါသတကြီး အော်ဟစ်လိုက်ရင်း ဖုန်းဝူချန်ဆီသို့ ဒုံးပျံတစ်စင်းလို ပစ်ဝင်လာသည်။ သူ့လက်သည်းကွင်းတွေက အားကုန်ထုတ်ပြီး ရွယ်ထားလေ၏။
"မင်းတို့က အဆင့်မြင့်တာတော့ ဟုတ်ပါရဲ့။ လက်ရှိမှာ ငါ မင်းတို့ကို မယှဉ်နိုင်တာလည်း ဝန်ခံတယ်။ ဒါပေမဲ့ ငါသွားချင်ရင် မင်းတို့ကောင်တွေ တားလို့မရဘူးကွ..."
ဖုန်းဝူချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
ထို့နောက် သူ၏ စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက်...၊
'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း’
"ရွှတ်.."
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖုန်းဝူချန်၏ ပုံရိပ်က လေထဲတွင် ပျောက်ကွယ်သွားတော့သည်။ သူ ရှိနေခဲ့သည့် အရှိန်အဝါ အရှိန်အဝါ တစ်စက်ကလေးမျှပင် ကျန်မနေခဲ့ပေ။ သရဲတစ္ဆေတစ်ကောင်လိုပင် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။
ကောင်းကင်ဝံပုလွေ ရောက်လာပြီး လက်သည်းဖြင့် ကုတ်ခြစ်လိုက်သည့်အချိန်တွင် ဖုန်းဝူချန်က ထိုနေရာ၌ မရှိတော့။
"ဘာ... မဖြစ်နိုင်တာ"
ကောင်းကင်ဝံပုလွေ ခမျာ ကြက်သေသေသွားရှာသည်။ သူ့လက်သည်းချက်က လေထုကိုသာ ကုတ်ခြစ်လိုက်မိပြီး ဟာတာတာ ဖြစ်သွားရ၏။
"မင်း မလွတ်စေရဘူးကွ"
ကောင်းကင်ဝံပုလွေက အရှုံးမပေးဘဲ အရူးတစ်ပိုင်းဖြင့် ဆက်လက် လိုက်ဖမ်းလေသည်။ သူ့အမြန်နှုန်းက ကြောက်စရာကောင်းလောက်အောင် မြန်ဆန်သော်လည်း... ဖုန်းဝူချန်၏ 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း' ကို မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။
ဖုန်းဝူချန်က နေရာတစ်ခုမှ တစ်ခုသို့ မိုင်ပေါင်းများစွာ ခုန်ကျော် ရွှေ့ပြောင်းသွားနိုင်သည် မဟုတ်ပါလား။
နောက်ဆုံးတော့ ဖုန်းဝူချန်၏ အရိပ်အယောင်ကိုပင် မမြင်လိုက်ရဘဲ ကောင်းကင်ဝံပုလွေတစ်ယောက် လက်မှိုင်ချလိုက်ရတော့သည်။
နောက်က ပါရမီရှင်အဖွဲ့ကြီး ရောက်လာသည့် အချိန်မှာတော့ ဖုန်းဝူချန်က ပျောက်ချင်းမလှ ပျောက်သွားခဲ့လေ၏။ ကျန်ခဲ့တာကတော့ ညီဖြစ်သူ၏ အလောင်းကိုပိုက်ပြီး ငိုကြွေးနေသည့် ကောင်းကင်ကျားနှင့် ဖုန်းဝူချန်သတ်သွားသော အလောင်းပုံကြီးသာ။
"ဟင်... ကောင်းကင်ကျားတို့ပါလား။ ဟိုတစ်ယောက်က... ကောင်းကင်ကျားသစ်"
"ကောင်းကင်ကျားသစ် သေသွားပြီဟ ၊ သူတို့လည်း ဖုန်းဝူချန်ကို သတ်ချင်နေတာလား"
"ဒါနဲ့... ဖုန်းဝူချန်ရော... ဘယ်ရောက်သွားတာလဲ"
ရောက်လာသည့် လူအုပ်ကြီးက မျက်လုံးပြုး မျက်ဆန်ပြူးနှင့် ဟိုကြည့်ဒီကြည့် လုပ်နေကြသည်။ မကြာခင်မှာပင်၊ ဖန်ရှောင်ယွင် ရောက်ရှိလာခဲ့သည်။
သူ့အား လက်အောက်ငယ်သား တစ်ယောက်က တရိုတသေ သတင်းပို့လိုက်သည်။
"ဂိုဏ်းချုပ်လေး... ကျွန်တော်တို့ နောက်ကျသွားတယ်။ ဖုန်းဝူချန် ထွက်ပြေးသွားပါပြီ"
ဖန်ရှောင်ယွင်၏ မျက်နှာထားက ရေခဲရိုက်ထားသလို အေးစက်သွားသည်။
"ကောင်းပြီ... ဖုန်းဝူချန် ဒီတောင်တန်းတွေထဲမှာ ရှိနေသေးတယ် ဆိုရင်တော့ သူ ပြေးမလွတ်စေရဘူး။ အမိန့်ပေးလိုက်... တောင်တစ်ခုလုံးကို ပိတ်ဆို့ထားကြစမ်း"
"အမိန့်အတိုင်းပါ"
ကျွမ်းကျင်သူအများအပြား အရပ်မျက်နှာအသီးသီးသို့ ဖြန့်ခွဲထွက်ခွာသွားကြသည်။
ရုတ်တရက် ကောင်းကင်ကျားက ဝမ်းနည်းပူဆွေးနေသည့်ကြားမှ လှမ်းအော်ပြောလိုက်သည်။
"ဖုန်းဝူချန်က 'ဝိညာဉ်ပြတ် တောင်ကြား' ဘက်ကို ထွက်ပြေးသွားတာ”
"ဘယ်လို... ဝိညာဉ်ပြတ် တောင်ကြား ဟုတ်လား။ ခင်ဗျား သေချာလို့လား" ဖန်ရှောင်ယွင် အံ့ဩသွားသည်။
ထိုအခါ၊ ကောင်းကင်ကျားက ဖန်ရှောင်ယွင်ကို ဒေါသတကြီး မော့ကြည့်လိုက်သည်။
"ငါ့ညီလေး ဖုန်းဝူချန်လက်ချက်နဲ့ သေသွားတာ မင်း မမြင်ဘူးလား။ ဒီအချိန်မှာ ငါက မင်းကို လိမ်ပြောစရာလား"
"မင်းစကားကို ဆင်ခြင်စမ်း ဂိုဏ်းချုပ်လေးကို ဘယ်လိုလေသံနဲ့ ပြောနေတာလဲ"
ဘေးနားမှ အကြီးအကဲ တစ်ဦးဖြစ်သူ အိုးယန်က ငေါက်ငမ်းလိုက်သည်။
ဖန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်သော်လည်း ဒေါသကို ထိန်းလိုက်သည်။
"ခင်ဗျားညီ သေသွားလို့.. ခင်ဗျား စိတ်ထိခိုက်နေတာကို ကျုပ် နားလည်ပေးလိုက်မယ်။ ဒါပေမဲ့ ကျုပ်ကို မလေးမစား လုပ်တာတော့ ခွင့်မလွှတ်နိုင်ဘူးနော်"
"ဖန်ရှောင်ယွင်... မင်း စမ်းကြည့်ချင်ရင် လာခဲ့လိုက်လေ..."
ရုတ်တရက် အသံအေးအေးတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ဝံပုလွေက ဖန်ရှောင်ယွင်၏ ရှေ့တွင် ဘွားခနဲ ပေါ်လာသည်။ သူ့မျက်လုံးတွေက လူသတ်ချင်နေသည့် အရိပ်အယောင်များဖြင့် တောက်ပနေ၏။
"ကောင်းကင်ဝံပုလွေ.."
ဘေးနားမှ ကျွမ်းကျင်သူများ အနည်းငယ် လန့်သွားကြသည်။ ဒီညီအစ်ကို သုံးယောက်က လုပ်ကြံသတ်ဖြတ်သူတွေမို့ သူတို့ရဲ့ စွမ်းရည်ကို လျှော့တွက်လို့ မရပေ။
"ဘာလဲ...ခင်ဗျားက ကျုပ်နဲ့ တိုက်ချင်လို့လား" ဖန်ရှောင်ယွင်က မောက်မာစွာ မေးလိုက်သည်။ သူက မူလ စွမ်းအားပိုင်ရှင်ဖြစ်ပြီး 'ကောင်းကင်ဘုံ လူသား' တတိယအလွှာနှင့် ညီမျှသော ခွန်အားရှိသူမို့ မည်သူ့ကိုမျှ မကြောက်ပေ။
"ငါ့ညီကို ထိရဲတဲ့ကောင် ဘယ်ကောင်မဆို ငါ တိုက်မယ်။ မင်းနောက်မှာ 'ထျန်းယွဲ့' ဂိုဏ်း ရှိတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါတို့နောက်မှာ ဘယ်သူရှိလဲဆိုတာ မင်း မမေ့နဲ့..."
ကောင်းကင်ဝံပုလွေက ပြန်ပက်လိုက်သည်။ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်အနေနှင့် သူ့ရာဇဝင်မှာ ကြောက်တယ်ဆိုတာ မရှိခဲ့ဖူးပေ။
"ဟမ့်၊ ဝိညာဉ်ပြတ် တောင်ကြားကို သွားကြမယ်။ အိုးယန်...ခင်ဗျား ပြန်ပြီး လူထပ်ခေါ်ခဲ့ပါ။ ဒီတစ်ခါ ဖုန်းဝူချန်ကို လုံးဝ လွတ်သွားလို့ မဖြစ်ဘူး"
ဖန်ရှောင်ယွင်က ဒေါသတကြီး အမိန့်ပေးလိုက်သည်။ လောလောဆယ် အရေးကြီးတာက ဖုန်းဝူချန်ကို သတ်ဖို့ပင်။ ဒီညီအစ်ကိုတွေကိုတော့ နောက်မှ ရှင်း၍ ရသည်။
ဖန်ရှောင်ယွင်နှင့် လူအုပ်ကြီးမှာ ဝိညာဉ်ပြတ် တောင်ကြားသို့ ဦးတည်သွားကြလေ၏။ ကောင်းကင်ဝံပုလွေတို့ ညီအစ်ကိုကလည်း ကောင်းကင်ကျားသစ်ကို မြှုပ်နှံပြီးသည်နှင့် လက်စားချေရန် လိုက်ပါသွားကြတော့သည်။
လမ်းတွင် လက်အောက်ငယ်သား တစ်ယောက်က "ဂိုဏ်းချုပ်လေး... သူတို့နှစ်ယောက် ပေါင်းရင်တောင် ဂိုဏ်းချုပ်လေးကို မယှဉ်နိုင်ပါဘူး။ ဘာလို့ သူတို့ကို အပြတ်ရှင်းမပစ်လိုက်တာလဲ" ဟု ဖန်ရှောင်ယွင်ကို မေးလာသည်။
ဖန်ရှောင်ယွင် ခေါင်းခါလိုက်သည်။
"ကောင်းကင်ဝံပုလွေတို့ ညီအစ်ကိုတွေ ဒီနေ့ထိ အသက်ရှင်နေတာ သူတို့ တော်လွန်းလို့ မဟုတ်ဘူး။ သူတို့နောက်ကွယ်က ဆရာသခင်ကြောင့်ကွ။ အဲ့ဒီလူအကြောင်း သိတဲ့သူ ရှားတယ်။ ငါတောင် မမြင်ဖူးဘူး။ ငါ့အဖေ ပြောပြချက်အရဆိုရင် အဲ့ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်တယ်။ ငါ့အဖေတောင် သူ့ကို သုံးပုံတစ်ပုံလောက် လေးစားမှု ပေးရတယ်"
"ဗျာ ၊ ဂိုဏ်းချုပ်ကြီးတောင်မှလား..."
အားလုံး မျက်နှာပျက်သွားကြသည်။
"အခု အရေးကြီးတာက ဖုန်းဝူချန်ကို သတ်ဖို့ပဲ..." ဖန်ရှောင်ယွင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ "ဖုန်းဝူချန်က ဝိညာဉ်ပြတ် တောင်ကြားထဲ ဝင်သွားတာ ကျင့်ကြံဖို့ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ်... အဲ့ဒီနေရာက သူ့ရဲ့ သင်္ချိုင်း ဖြစ်လာစေရမယ်"
"ဒါပေမဲ့ ဂိုဏ်းချုပ်လေး... ဝိညာဉ်ပြတ် တောင်ကြားက အရမ်း အန္တရာယ်များတာ။ ကျွန်တော်တို့ ဒီလောက် လူအများကြီး ဝင်သွားရင်..."
"မင်း ကြောက်နေရင် အခုချက်ချင်း လစ်လိုက်တော့"
စကားမဆုံးခင်မှာပင် ဖန်ရှောင်ယွင်က ငေါက်ငမ်းလိုက်ရာ ထိုသူမှာ ကြောက်လန့်တကြား ပါးစပ်ပိတ်သွားရတော့သည်။
ဖန်ရှောင်ယွင်၏ စိတ်ထဲတွင် တစ်ခုသာ ရှိတော့သည်။ ဖုန်းဝူချန် မသေမချင်း သူ အနားယူမည် မဟုတ်ပေ။