← Chapters

နေရာတိုင်းမှာ အန္တရာယ်

Vol. 28 Ch. 407

နေရာတိုင်းမှာ အန္တရာယ်

Vol. 28 Ch. 407

~"အစ်ကိုဖုန်း"

အဝေးကနေ ဖုန်းဝူချန်၏ ပုံရိပ်ကို လှမ်းမြင်လိုက်ရသော အခိုက်အတန့်မှာပဲ မြောင်ချင်းချင်း တစ်ယောက် ဝမ်းသာအားရ လက်လှမ်းပြလိုက်မိသည်။ ရင်ထဲက အပူလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်မိလေ၏။

"ဟူး... တော်ပါသေးရဲ့..."

ချီဟွမ်နှင့် ကျန်သည့် လူတွေလည်း သက်ပြင်းကိုယ်စီ ချလိုက်မိကြသည်။ တစ်ဖက်မှာက ကြောက်မက်ဖွယ် ကောင်းလှသည့် ရန်သူ သုံးယောက် ဖြစ်နေတာကြောင့် ဖုန်းဝူချန် အန္တရာယ်ကင်းပါ့မလား ဆိုပြီး သူတို့အားလုံး ရင်တမမ ဖြစ်နေခဲ့ရသည် မဟုတ်ပါလား။

"မြန်မြန်လာကြ... ဝိညာဉ်ပြတ် တောင်ကြားထဲ ဝင်ကြစို့"

ဖုန်းဝူချန်က အချိန်ဆွဲမနေတော့ဘဲ ဦးဆောင်ကာ တောင်ကြားထဲသို့ တိုးဝင်သွားတော့သည်။ ပေတိုယန်နှင့် အဖွဲ့သားတွေလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြလေ၏။

ဝိညာဉ်ပြတ် တောင်ကြား။

ဒါဟာ သာမန်နေရာတစ်ခု မဟုတ်။ ရှေးဟောင်း အရှိန်အဝါတွေ လွှမ်းခြုံနေသော တောင်တန်းကြီးတစ်ခု ဖြစ်သည်။ မတ်စောက်လှသော ကျောက်ကမ်းပါးတွေ၊ နက်ရှိုင်းသည့် ချောက်ကမ်းပါးတွေနှင့် ပြည့်နှက်နေသလို၊ ကြမ်းကြုတ် သားရဲတွေ ပုန်းအောင်းခိုအောင်းရာ နေရာလည်း ဖြစ်သည်။ သားရဲတောင်တန်းလောက် သားရဲတွေ မများပြားသော်လည်း၊ ဒီနေရာမှာရှိသော သတ္တဝါတွေကတော့ တစ်ကောင်ဆို တစ်ကောင် ကြောက်ခမန်းလိလိ စွမ်းအားကြီးကြပေသည်။

သို့ရာတွင်၊ ထိုထက် ပိုကြောက်စရာကောင်းသည်က အပင်တွေ။

လူကို သေစေနိုင်လောက်သည့် အဆိပ်ပြင်း အပင်တွေက နေရာတိုင်းမှာ ရှိနေတတ်ပြီး၊ သတိလွတ်သွားသည်နှင့် အသက်ပါသွားနိုင်သည့် သဘာဝ ထောင်ချောက်များ ဖြစ်ကြသည်။

"ဂါး...."

တောင်ကြားထဲ ခြေချလိုက်သည်နှင့် တပြိုင်နက် သား ရဲတစ်ကောင်၏ ဟိန်းဟောက်သံက မိုးချုန်းသံအလား ဟိန်းထွက်လာခဲ့သည်။ အသံလှိုင်းများက တောင်ကြားတစ်ခုလုံးကို တုန်ခါသွားစေ၏။

"အတွင်းဘက်ကို ဝင်ကြမယ်။ ဒါပေမဲ့ အားလုံး သတိဝီရိယကို အမြင့်ဆုံး ထားကြပါ..."

ဖုန်းဝူချန်က လေးနက်သော မျက်နှာထားဖြင့် သတိပေးလိုက်သည်။

နဂါးသွေးပါသူ တစ်ယောက်အနေနှင့် ဖုန်းဝူချန်က သားရဲတွေကို မမှုပေမဲ့၊ မမြင်နိုင်သော အဆိပ်ငွေ့တွေနှင့် အဆိပ်ပင်တွေကိုတော့ ပေါ့ဆ၍ မရမှန်း သူ ကောင်းကောင်း သိသည်။

ဖုန်းဝူချန်က သူ၏ ကျင့်ကြံခြင်း အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သော်လည်း၊ သွေးကြောထဲက စီးဆင်းနေသည့် နဂါးသွေး အရှိန်အဝါကိုတော့ ဖုံးကွယ်မထားနိုင်ပေ။ သို့ကြောင့်လည်း သူတို့ တောင်ကြားထဲ ဝင်လာသည်နှင့် အာရုံခံမိသော သားရဲအများစုက ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

သို့သော်၊ သူတို့အဖွဲ့က လူတစ်ဒါဇင်ကျော်လောက် ရှိနေတာကြောင့် အားလုံးကို ဂရုစိုက်ဖို့က မလွယ်ကူလှပါ။

ဝိညာဉ်ပြတ် တောင်ကြား ဟူသည်မှာ 'ထျန်း' နယ်မြေ၏ တားမြစ်နယ်မြေ တစ်ခု။ သာမန်လူ ဆိုလျှင် ဒီနေရာကို ခြေချဖို့တောင် စဉ်းစားရဲကြတာ မဟုတ်ပေ။ ဝင်သွားသည့် သူ အများစုက ပြန်လမ်းမဲ့သွားကြတာချည်းပင်။

စွမ်းအားကြီး ကျင့်ကြံသူတွေနှင့် အဆင့်မြင့် ဆေးပညာရှင်တွေလောက်သာ ရတနာတွေ၊ ဆေးမြစ်တွေ ရှာဖွေဖို့အတွက် အသက်နှင့် ရင်းပြီး ဝင်ရောက်လေ့ရှိကြသည်။

ဖုန်းဝူချန်တို့အဖွဲ့ ဝင်သွားပြီး သိပ်မကြာခင်မှာပင်...။

ဖန်ရှောင်ယွင် ဦးဆောင်သည့် လူတစ်ရာကျော် တပ်ဖွဲ့ကြီးက တောင်ကြား အဝကို ရောက်ရှိလာကြပြီ ဖြစ်၏။

"မင်းတို့အဖွဲ့က တောင်ကြား အပြင်ဘက်မှာနေခဲ့။ အိုးယန် ရောက်လာတာနဲ့ ဝိညာဉ်ပြတ် တောင်ကြားရဲ့ ထွက်ပေါက် သုံးခုလုံးကို ပိတ်ဆို့ထားလိုက်။ ဖုန်းဝူချန်ကို မြင်တာနဲ့ ချက်ချင်းသတ် ကျန်တဲ့လူတွေ... ငါနဲ့ လိုက်ခဲ့"

ဖန်ရှောင်ယွင်က အော်ဟစ်အမိန့်ပေးလိုက်ပြီး တောင်ကြားထဲသို့ ရှေ့ဆုံးမှ တိုးဝင်သွားတော့သည်။ သူ့နောက်မှ ကျင့်ကြံသူ အများအပြားလည်း တဝုန်းဝုန်းဖြင့် လိုက်ပါသွားကြလေ၏။

"ဝေါင်း... ဂါး..."

တောင်တန်း၏ နက်ရှိုင်းသည့် နေရာတွေဆီကနေ သားရဲဟိန်းသံတွေ ဆက်တိုက် ထွက်ပေါ်လာသည်။ ပါလာသည့် ကျင့်ကြံသူတချို့ဆိုလျှင် ကြောက်လွန်း၍ ခြေတွေလက်တွေပါ တုန်ရီလာကြသည်။

"ဂိုဏ်းချုပ်လေးကလည်းကွာ... စွရမ်း လုပ်လွန်းတယ်။ ဝိညာဉ်ပြတ် တောင်ကြားက တားမြစ်နယ်မြေဆိုတာ သိရက်သားနဲ့ ဇွတ်ဝင်ခိုင်းနေတယ်။ ဒါ ငါတို့ကို သေတွင်းပို့တာနဲ့ ဘာထူးလို့လဲ..."

"အေးလေကွာ... ဖုန်းဝူချန်တို့ ဝင်သွားပြီဆိုမှတော့ ငါတို့က အထွက်ပေါက်တွေ ပိတ်ထားလိုက်ရင် ပြီးရောပေါ့။ အတွင်းထဲထိ ဝင်လိုက်လို့ သားရဲတွေနဲ့ တွေ့ရင် ငါတို့ အကုန်သေမှာ... ဖုန်းဝူချန်တို့အဖွဲ့ကတော့ သေချာပေါက် အသက်ရှင်မှာ မဟုတ်ဘူး"

"ငါ့အမြင်တော့ကွာ... ငါတို့ လုံခြုံတဲ့ နေရာလေး တစ်နေရာရှာပြီး ပုန်းနေကြရင် မကောင်းဘူးလား။ အချိန်တန်မှ ပြန်ထွက်သွားပြီး ဖုန်းဝူချန်ကို မတွေ့ဘူးလို့ ပြောလိုက်ကြမယ်လေ..."

"ကောင်းတယ်... ကောင်းတယ် အသက်ရှင်ဖို့က အဓိကပဲ"

တောင်ကြားထဲ.. ရောက်သည့်အခါ ဖန်ရှောင်ယွင်၏ အဖွဲ့က အဖွဲ့ခွဲပြီး ဖုန်းဝူချန်ကို လိုက်လံရှာဖွေကြသည်။

"ဂိုဏ်းချုပ်လေး... ဝိညာဉ်ပြတ် တောင်ကြားက အရမ်းကျယ်လွန်းတယ်။ ဘယ်ကနေ စရှာရမလဲဗျ။ ပြီးတော့ အတွင်းပိုင်းထိ အရမ်းမဝင်တာ ကောင်းမယ် ထင်တယ်။ အတွင်းပိုင်းက သားရဲတွေက 'ကောင်းကင်ဘုံ လူသား' အဆင့်ထိ ရှိတတ်ပါတယ်။ ဂိုဏ်းချုပ်လေးတောင် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မှာ..."

ထိုသို့၊ 'ကောင်းကင်ဘုံ လူသား' အဆင့် ကျင့်ကြံသူတစ်ယောက်က စိုးရိမ်တကြီး သတိပေးလိုက်သည်။

"ဖုန်းဝူချန်တို့ အဖွဲ့က အရမ်းကြီး မိုက်မဲပြီး အတွင်းပိုင်းထိ ဝင်သွားရဲမှာ မဟုတ်ဘူး။ ငါတို့ အပြင်စည်းလောက်မှာ ရှာရင် ရလောက်ပါပြီ..."

ဖန်ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။ သူက ဝိညာဉ်ပြတ် တောင်ကြားထဲ ဝင်ရဲသည် ဆိုသော်ငြား ဘာမှ မကြောက်တတ်သည့် အရူးတော့ မဟုတ်ပါ။

ရုတ်တရက် ထျန်းယွဲ့ဂိုဏ်းသား တစ်ယောက်က ထိတ်လန့်တကြား အော်ပြောလိုက်သည်။

"ဂိုဏ်း... ဂိုဏ်းချုပ်လေး.. လေးယောက် ပျောက်နေပြီ ..ခုနလေးတင် တစ်ဆယ့်သုံးယောက် ရှိတာ... အခု ကိုးယောက်ပဲ ကျန်တော့တယ်"

ကြောက်ရွံ့မှု လှိုင်းလုံးကြီးက လူအုပ်ကြီးအပေါ် ချက်ချင်း လွှမ်းခြုံသွားတော့သည်။

"ဟင်... တကယ်ပဲ... တင်းကျိုးတို့ မရှိတော့ဘူး"

"ဘာဖြစ်တာလဲ... ဘာသံမှလည်း မကြားလိုက်ရပါလား"

"ဂိုဏ်းချုပ်လေး... ဘယ်လိုလုပ်ကြမလဲ"

လူအုပ်ကြီးက တုန်လှုပ်ချောက်ချားလာကြသည်။

"အားလုံး သတိထားကြ"

ဖန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်နှာထားက ပိုပြီး လေးနက်သွား၏။ သူ့လို စွမ်းအားမြင့်သည့်သူ ပါနေတာတောင် လေးယောက်တောင် ပျောက်သွားသည်ကို သူ သတိမထားမိလိုက်မိခြင်း ကတော့... ဒါ သာမန်ကိစ္စ မဟုတ်တော့။

"ဒီတောင်ကြားထဲမှာ... လူစားတဲ့ သတ္တဝါ ရှိတယ်လို့ ပြောကြတယ်..."

တစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။

"လူစားတဲ့ သတ္တဝါ"

ထိုစကားကြောင့် အားလုံး၏ ကြောက်စိတ်က ပိုပြီး ထကြွလာသည်။

"ဂိုဏ်းချုပ်လေး... ကျွန်တော်တို့ ဒီမှာ သေရတော့မှာလား။ တစ်စုံတစ်ခုက ကျွန်တော်တို့ကို ချောင်းကြည့်နေသလိုပဲ..."

လေထုက ရုတ်ချည်း အေးစက်ခြောက်ခြားဖွယ် ကောင်းလာသည်။ အန္တရာယ်က ဘယ်နားမှာ ရှိနေမှန်း မသိရခြင်းက အကြောက်တရားကို ပိုမို ကြီးထွားစေသည်။

"အား... ဂိုဏ်းချုပ်လေး... ကယ်ပါဦး ကယ်ပါဦးဗျ"

ရုတ်တရက် ထျန်းယွမ်ဘုံ ဆဌမအလွှာ ကျွမ်းကျင်သူ တစ်ယောက် အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကြီးက မမြင်ရတဲ့ စွမ်းအားတစ်ခု၏ ဆွဲယူခြင်းကို ခံလိုက်ရပြီး တရွတ်တိုက် ပါသွားလေသည်။ သူ ဘယ်လောက်ပဲ ရုန်းရုန်း၊ ထိုမမြင်ရသည့် စွမ်းအားကို ဖြတ်တောက်၍ မရ။

"ဟွန့်"

ဖန်ရှောင်ယွင်က ဒေါသတကြီး နှာမှုတ်လိုက်ပြီး ချက်ချင်း ကယ်တင်ရန် ဟန်ပြင်လိုက်သည်။

"ဂိုဏ်းချုပ်လေး ကယ်ပါဦး မလုပ်ပါနဲ့... အား..."

ဖန်ရှောင်ယွင် လှုပ်ရှားဖို့ ပြင်လိုက်ချိန်မှာပဲ နောက်တစ်ယောက်ကပါ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ ထိုသူလည်းပဲ မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။

တစ်ယောက်ပြီး တစ်ယောက်...

နောက်ထပ် နှစ်ယောက် ထပ်ပြီး ပါသွားပြန်သည်။

ဘာကောင်မှန်း မသိရ၊ ဘယ်က လာမှန်း မသိရ။ ကြိုတင်ခန့်မှန်း၍ မရနိုင်သော မကောင်းဆိုးဝါး စွမ်းအားတစ်ခု။

"အား...."

ပါသွား‌သော လေးယောက်ဆီမှ နာကျင်စွာ အော်ဟစ်သံတွေ သစ်တောနက်ထဲကနေ ထွက်ပေါ်လာသည်။ ထိုအသံတွေက ကြားရသူအပေါင်းကို သွေးပျက်သွားစေလောက်သည်။

ခဏကြာတော့ အသံတွေ တိတ်ဆိတ်သွားသည်။ သူတို့လေးယောက်၏ အရှိန်အဝါတွေလည်း ပျောက်ကွယ်သွားလေပြီ။

မျက်တောင်တစ်ခတ် အတွင်းမှာတင် ရှစ်ယောက် သေဆုံးသွားခဲ့ရသည်။ ဘာကောင် လက်ချက်မှန်းတောင် မသိလိုက်ရပေ။

ဖန်ရှောင်ယွင် ကိုယ်တိုင်တောင် ဘာမှ အာရုံမခံမိလိုက်ပေ။

"ဂိုဏ်း... ဂိုဏ်းချုပ်လေး... ဒါ... ဒါ ဘာကြီးလဲ။ ကြောက်စရာကောင်းတဲ့ သားရဲများလား..."

တစ်ယောက်ဆိုလျှင် ကြောက်လွန်း၍ ဘောင်းဘီထဲတောင် သေးထွက်ကျလုမတတ် ဖြစ်နေရှာသည်။

"မဖြစ်နိုင်ဘူး ၊ သားရဲဆိုရင် ငါတို့ အာရုံခံမိမှာပေါ့..."

နောက်တစ်ယောက်က ခေါင်းခါရင်း ပြောလိုက်သည်။

ဖန်ရှောင်ယွင် ကိုယ်တိုင်လည်း ချွေးစေးတွေ ပြန်လာရသည်။ ဒီလောက် ကြောက်စရာကောင်သည့် အရာမျိုး သူ တစ်ခါမှ မကြုံဖူးပါ။

"ဂိုဏ်းချုပ်လေး... ပြန်ဆုတ်ကြရအောင် ဒီမှာ ဆက်နေရင် ကျွန်တော်တို့ အကုန်သေလိမ့်မယ်"

တစ်ယောက်က ငိုသံပါကြီးဖြင့် တောင်းပန်လိုက်သည်။ သူ ဒီ ဝိညာဉ်ပြတ် တောင်ကြားထဲကနေ အခုချက်ချင်း ထွက်သွားချင်နေတော့၏။

ဖန်ရှောင်ယွင်က မူလ စွမ်းအားကို လှည့်ပတ်လိုက်ပြီး အသင့်အနေအထား ပြင်လိုက်သည်။ သူ ပေါ့ဆရဲတော့ပေ။

"ဂိုဏ်းချုပ်လေး... ပြန်ဆုတ်ကြပါစို့ ဖုန်းဝူချန်တို့အဖွဲ့ကတော့ သေချာပေါက် သေလောက်ပါပြီ။ ကျွန်တော်တို့ အထွက်ပေါက်ကိုပဲ စောင့်နေကြတာ ပိုကောင်းပါတယ် ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်ကလည်း ထျန်းယွဲ့ဂိုဏ်းသား ဘယ်သူမှ ဒီတောင်ကြားထဲ မဝင်ရဘူးလို့ အမိန့်ထုတ်ထားတာ မဟုတ်လား..."

နောက်ဆုံးတော့ ဖန်ရှောင်ယွင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့မှာ 'ကောင်းကင်ဘုံ လူသား' တတိယအလွှာနှင့် ယှဉ်နိုင်သော ခွန်အား ရှိသော်ငြား၊ သူ မစွန့်စားရဲတော့ပါ။

"ပြန်ဆုတ်ကြမယ်"

ဖုန်းဝူချန် တစ်ယောက်တည်းအတွက်နှင့် ဒီလောက်အထိ အရင်းအနှီး မပေးနိုင်ပါ။

ဖန်ရှောင်ယွင်တို့ အဖွဲ့သာ ဒုက္ခရောက်နေတာ မဟုတ်။ တခြား အဖွဲ့ခွဲတွေလည်း ကံဆိုးမိုးမှောင် ကျနေကြသည်။ တချို့က မကောင်းဆိုးဝါး သတ္တဝါနှင့် မတွေ့ပေမဲ့၊ အဆိပ်ပြင်းတွေ မိကုန်ကြသည်။ တချို့ကျတော့လည်း လူသားစားပင်တွေ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

အတိုချုပ်ပြောရရင် အသေအပျောက်က များလွန်းလှသည်။ ဝင်လာသည့် လူတစ်ရာကျော်ထဲမှာ နာရီဝက်တောင် မကြာလိုက်မီ ၊ လူ ဒါဇင်နှင့် ချီပြီး သေဆုံးသွားခဲ့ကြလေသည်။ သေဆုံးသူ အားလုံးက ထျန်းယွမ်ဘုံ အဆင့်တွေချည်း ဖြစ်သည်။

ဝိညာဉ်ပြတ် တောင်ကြားဆိုတာ နာမည်နှင့်

လိုက်အောင် အသက်ဝိညာဉ်တွေကို ဖြတ်တောက်သော နေရာမှန်း လက်တွေ့ သိလိုက်ကြရလေ၏။

ဒီအချိန်မှာ... အတွင်းပိုင်းကို ရောက်နေသော ဖုန်းဝူချန်တို့ အဖွဲ့လည်း အခြေအနေ မကောင်းလှပေ။

ရွှယ်ဖုန်းနှင့် ခွမ်းကျန့် တို့နှစ်ယောက်လည်း ဆန်းကြယ်သည့် သတ္တဝါဆိုး၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။ ဖုန်းဝူချန်၊ ပေတိုယန်နှင့် ကျန်သည့် လူတွေ အသည်းအသန် လိုက်ဖမ်းပေမဲ့၊ ထိုသတ္တဝါက ခြေရာဖျောက်ပြီး လွတ်မြောက်သွားခဲ့သည်။

သူတို့ကို မမီလိုက်တာက တစ်ကဏ္ဍ... အခု ဖုန်းဝူချန်တို့ ကိုယ်တိုင်လည်း အကြပ်အတည်းကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

တောင်ကြား၏ ပိုနက်ရှိုင်းသော နေရာကို ရောက်သွားသည့်အခါ... သူတို့ ရှေ့မှာ ပေါ်လာတာက သဘာဝ လေမုန်တိုင်းကြီး တစ်ခုတည်း။

“ကန်း'ချီ လေမုန်တိုင်း”

ထိုလေမုန်တိုင်းထဲမှာ ပါဝင်နေသော စွမ်းအင်က ကြောက်ခမန်းလိလိပင်။ ထျန်းကျိဘုံ အဆင့်ထိ ရောက်ရှိနေသော စွမ်းအင်လှိုင်းများက မုန်တိုင်းထဲတွင် ဝေါဝေါမြည်ကာ လည်ပတ်နေတော့သည်။

"သေစမ်း... ဒါ ဘာကြီးလဲဟ”

All Chapters