← Chapters

နတ်သူငယ်မလေး

Vol. 28 Ch. 408

နတ်သူငယ်မလေး

Vol. 28 Ch. 408

~"ဒီ... ဒီမုန်တိုင်းက ကြောက်စရာကြီးပါလား..."

“ဒါ ထျန်းကျိဘုံ အဆင့်ထိ ရောက်နေတဲ့ စွမ်းအားလား။ ဝိညာဉ်ပြတ် တောင်ကြားမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ လေစွမ်းအင်တွေ ရှိနေမယ်လို့ ထင်မထားဘူး…

“

"ဒီလေမုန်တိုင်းက 'ကန်း'ချီ လေမုန်တိုင်း

ဝိညာဉ်ပြတ် တောင်ကြားက တကယ်ပဲ နေရာတိုင်းမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာပဲ။ ဘယ်သူမှ မဝင်ရဲကြတာ မဆန်းပါဘူး..."

ပေတိုယန်နှင့် ကျန်လူတွေအားလုံး မျက်လုံးတွေ ပြူးကျယ်ကာ တစ်ကိုယ်လုံး တုန်ရီနေကြသည်။ ကြောက်လွန်းလို့ အသက်ရှူဖို့တောင် မေ့နေကြသလိုပင်။

ဖုန်းဝူချန် ကိုယ်တိုင်တောင် ဒီအချိန်မှာ ချွေးစေးတွေ ရွှဲနေလေပြီ။

'ကန်း' လေမုန်တိုင်း။

ထျန်းကျိဘုံ အဆင့်ရှိသည့် စွမ်းအင်လှိုင်းတွေက လမ်းမှာ တွေ့သမျှ အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းကြီးက ပတ်ဝန်းကျင်က အရာအားလုံးကို ရက်ရက်စက်စက် ဝါးမျိုးပစ်နေ၏။ မုန်တိုင်းထဲ ပါသွားသမျှ သက်ရှိသက်မဲ့ မှန်သမျှ ပြာဖြစ်သွားရသည်။

ဒီမုန်တိုင်း ဘယ်က စဖြစ်လာတာလဲ ဘယ်သူမှ မသိကြ။ သို့သော်၊ သေချာတာ တစ်ခုကတော့... ဝိညာဉ်ပြတ် တောင်ကြားမှာ ဤ'ကန်း' လေမုန်တိုင်းက အသေအပျောက် အများဆုံး လက်နက်ပင်ဖြစ်၏။

"ပြေးကြ... ဒီနေရာကနေ အမြန်ထွက်မှ ဖြစ်မယ်"

ဖုန်းဝူချန်က အော်ဟစ်လိုက်ပြီး မြောင်ချင်းချင်းကို ဆွဲကာ အနောက်ဘက်သို့ အရှိန်ကုန် ဆုတ်ခွာလိုက်သည်။

"ရွှယ်ဖုန်းနဲ့ ခွမ်းကျန့်ရော..." ချီဟွမ်က ထိတ်လန့်တကြား မေးလိုက်သည်။

"ဒီမုန်တိုင်းကို အရင် ရှောင်လိုက်ကြဦး မြန်မြန်"

ဖုန်းဝူချန် ထပ်ပြီး အော်လိုက်သည်။ သူလည်း ရွှယ်ဖုန်းတို့နှစ်ယောက်အတွက် စိတ်ပူသည်။

သို့ရာတွင် ၊ ယခုချိန်မှာ အရေးကြီးဆုံးက ကိုယ့်အသက်ကိုယ် ဉာဏ်ရှိသလို ကယ်ဖို့ပင်။ကိုယ့်အသက်တောင် မနည်းလုနေရသည့် အချိန်မှာ သူများအသက်ကို ကယ်ဖို့ ပြောနေတာက ရယ်စရာကြီး မဟုတ်ပါလော။

ရွှယ်ဖုန်းနှင့် ခွမ်းကျန့်က ဆန်းကြယ်သည့် အရာတစ်ခု‌၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီး အသက်အန္တရာယ် ကြုံနေရချိန်မှာ... ကျန်တဲ့လူတွေကလည်း ဒီကြောက်စရာကောင်းသော မုန်တိုင်းကြီးနှင့် ရင်ဆိုင်နေရသည်။ ဘယ်သူမှ ဘာမှ မတတ်နိုင်ကြပါ။

ဒီ 'ကန်း' ချီ လေမုန်တိုင်း ၏ စွမ်းအားက 'အထီးကျန် နယ်မြေ' မြေအောက်နန်းတော်ထဲက 'မြိုချ ပိုးကောင်' တွေထက်တောင် ပိုကြောက်စရာ ကောင်းနေသေးသည်။ ပိုးကောင်တွေ ဘယ်လောက်များများ၊ ဒီမုန်တိုင်းနှင့် တွေ့လျှင် အမှုန့်ဖြစ်သွားမှာ သေချာသည်။

ယခု မပြေးလျှင် လမ်းတစ်ခုပင် ရှိသည်။ သေလမ်း…။

မုန်တိုင်း ဖြတ်သွားသည့် နေရာတိုင်း မြေပြင်ညီသွားရသည်။ မိုးထိအောင် မြင့်မားသော တောင်တန်းကြီးတွေပင် တစ်လုံးပြီး တစ်လုံး ပျောက်ကွယ်သွားရရှာသည်။

ဖုန်းဝူချန်နှင့် အပေါင်းပါများ 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း' ကို မနားတမ်း သုံးပြီး ထွက်ပြေးနေကြရသည်။

တော်သေးတာက သူတို့ စောစောစီးစီး သတိထားမိလိုက်၍ပင်။ မဟုတ်လျှင် ပြေးပေါက်တောင် ရှိမှာ မဟုတ်ဘူး။ မုန်တိုင်းထဲသာ ပါသွားလျှင်တော့ အရိုးပင် ရှာမရ ဖြစ်သွားမှာ အသေအချာပါတည်း။

"ပေတိုယန်၊ နန်းကုန်းကျန့်... တောက်ဟွမ်တို့ကို ခေါ်ပြီး အရင်ပြေးကြ မြန်မြန်"

ဖုန်းဝူချန်က နောက်ကို လှည့်ကြည့်လိုက်တော့ မုန်တိုင်းကြီးက တလိမ့်လိမ့်နှင့် လိုက်လာတာကို တွေ့လိုက်ရသည်။ အရှိန်က မြန်လွန်း၍ ကျင့်ကြံခြင်း နိမ့်သော တောက်ဟွမ်တို့၊ နျဲ့ကျုံးတို့က 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း' သုံးလျှင်တောင် လွတ်မှာ မဟုတ်ပေ။

သို့ကြောင့် ဖုန်းဝူချန်က အော်ဟစ် သတိပေးလိုက်ခြင်း ဖြစ်သည်။

မုန်တိုင်းကြီးက နာရီဝက်လောက် ကြာမှ တဖြည်းဖြည်း အရှိန်သေသွားသည်။

ဖုန်းဝူချန် ဦးဆောင်သော ထွက်ပြေးအဖွဲ့ကြီးကတော့ သက်ပြင်းချနိုင်ကြလေပြီ ။ သို့ရာတွင်၊ နားနေ၍ မရသေး။ ရွှယ်ဖုန်းနှင့် ခွမ်းကျန့် ပျောက်သွားသော နေရာကို ချက်ချင်း ပြန်သွားကြရသည်။

မုန်တိုင်း ဖြတ်သွားသော နေရာတွေကတော့ ကန္တာရလို ပြောင်တလင်းခါ သွားခဲ့လေ၏။ ရှေးဟောင်း တောင်တန်းကြီးတွေ နေရာမှာ သဲပြင်ကြီးတွေသာပကျန်တော့သည်။

မြင်ရသူအပေါင်း ကြက်သီးထလောက်သည့် ဖျက်ဆီးစွမ်းအားပါပင်။

"ရွှယ်ဖုန်း ခွမ်းကျန့်"

"ရွှယ်ဖုန်း... ခွမ်းကျန့်..."

ဖုန်းဝူချန်တို့အဖွဲ့ နေရာအနှံ့ လိုက်ရှာရင်း အော်ခေါ်ကြသည်။ သို့ရာတွင်၊ ဘာသံမှ ပြန်မကြားရပါ။ ဖုန်းဝူချန် ကိုယ်တိုင်လည်း သူတို့၏ အရှိန်အဝါကို အာရုံခံ၍ မရ။

အချိန်ကြာလာလေ စိတ်ပူစရာ ကောင်းလာလေပင်။ ဝိညာဉ်ပြတ် တောင်ကြားထဲ ရောက်တာမှ မကြာသေးဘူး၊ ကျင့်ပင် မကျင့်ကြံရသေးဘဲ လူနှစ်ယောက် ပါသွားခဲ့ရ၏။

"အစ်ကိုဖုန်း... ဘယ်လိုလုပ်ကြမလဲဟင်..."

မြောင်ချင်းချင်း မျက်ရည်ဝဲနေရှာသည်။ လျိုချင်းယန် သေသွားတာမှ မကြာသေး၊ ယခု နောက်ထပ် နှစ်ယောက် ထပ်ပျောက်သွားပြန်သည်။ သူတို့၏ ကံကြမ္မာက ဘာဖြစ်မလဲ မသိရသေးပါ။

"ဘုန်း"

ဖုန်းဝူချန်က 'အစစ်အမှန်ယွမ်' စွမ်းအားကို ထုတ်ဖော်လိုက်ပြီး လက်နှစ်ဖက်ကို ပူးကာ ရှုပ်ထွေးသော လက်သင်္ကေတတစ်ခု လုပ်လိုက်သည်။ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာ၏။

"ဝုန်း"

"မိုင်တစ်ထောင် ခြေရာခံခြင်း"

ဖုန်းဝူချန်က မြေကြီးကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။ ဝုန်းခနဲ မြည်သံနှင့်အတူ ရွှေရောင် အစီအရင်တစ်ခု မြေပြင်ပေါ်မှာ ပေါ်လာသည်။

"ဒါက..."

ပေတိုယန်နဲ့ နန်းကုန်းကျန့်တို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"ဒါက လူရှာတဲ့ ပညာရပ်တစ်ခုပဲ..."ဟု ဖုန်းဝူချန်က တိုတိုတုတ်တုတ် ဖြေရင်း မျက်လုံးမှိတ်လိုက်သည်။

ခဏကြာတော့...ဖုန်းဝူချန် မျက်လုံး ပြန်ဖွင့်လိုက်သည်။ ရွှယ်ဖုန်းနှင့်ခွမ်းကျန့်၏ အရှိန်အဝါ ဖျော့ဖျော့လေးကို သူ အာရုံခံမိလိုက်ဧ။်။

"တွေ့ပြီ၊ သူတို့ မြေအောက်ထဲမှာ ရှိနေတယ်"

"ဟိုဘက်မှာ... ဝင်ပေါက် ရှာကြစို့"

ဖုန်းဝူချန်က ဘယ်ဘက်ကို ဦးတည်ပြီး ပျံသန်းသွားသည်။

"ဆေးဧကရာဇ်... အဲ့ဒါ ဘာကောင်လဲဆိုတာ အာရုံခံမိလားဗျ" ပေတိုယန်က မေးလိုက်သည်။

ဖုန်းဝူချန် ခေါင်းခါလိုက်သည်။

"မသိဘူး... ဝိညာဉ်ပြတ် တောင်ကြားက အန္တရာယ်များတယ်။ သတိထားကြပါ..."

သူတို့ ရည်မှန်းထားတဲ့ နေရာကို ရောက်သောအခါ... အားလုံး အံ့ဩသွားကြသည်။ သူတို့ ရှေ့မှာ မြင်နေရတာက မိုးထိအောင် မြင့်မားသည့် တောင်ကြီး တစ်လုံး။ ထူးခြားတာက တောင်ကြီး တစ်ခုလုံးမှာ ဂူပေါက်တွေချည်း ပြည့်နှက်နေခြင်း ဖြစ်၏။

ပျားအုံကြီးလို အပေါက်တွေ ဗရပွနှင့် တောင်ကြီး…။

"တောင်တစ်လုံးလုံး အပေါက်တွေချည်းပါလား... ဒါ ဘာကောင် နေတာလဲ။ စပါးအုံးမြွေကြီးလား..." ပေတိုထျန်းယဲ့က လန့်ဖျပ်ပြီး အော်ပြောလိုက်သည်။

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။

"ရွှယ်ဖုန်းနဲ့ ခွမ်းကျန့်က ဒီတောင်အောက်တည့်တည့်မှာ ရှိနေတာ... ဒီဂူပေါက်တွေက အောက်ကို ဆင်းတဲ့ လမ်းကြောင်းတွေ ဖြစ်လောက်တယ်"

ဖုန်းဝူချန်က တွေဝေမနေဘဲ လေပေါ် ပျံတက်သွားသည်။ ဂူပေါက်တွေထဲမှာ သားရဲ မရှိတာတော့ သေချာ၏။ သို့ရာတွင်၊ တစ်ခုခုတော့ ရှိနေမှာ အမှန်ပင်။

တောင်ခြေကို ရောက်တော့ ဖုန်းဝူချန်၊ ပေတိုယန်နှင့် နန်းကုန်းကျန့် သုံးယောက်သာ ဂူထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ ပေတိုထျန်းယဲ့နှင့် မြောင်ချင်းချင်းတို့ကိုတော့ အပြင်မှာပဲ စောင့်ခိုင်းထားခဲ့သည်။

တောင်အောက်မှာ ဘာအန္တရာယ် ရှိမည်မှန်း မသိရဘူး မဟုတ်ပါလော။ အကုန်လုံး ဝင်သွား၍ တစ်ခုခု ဖြစ်လျှင် ကယ်မယ့်သူ မရှိဘဲ ဖြစ်နေဦးမည်။

ဂူထဲ ဝင်လိုက်သည်နှင့်... သုံးယောက်သား ပြင်းထန်သော အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရသည်။

"ဟင်... 'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာ"

ပေတိုယန် မျက်နှာပျက်သွားသည်။

"ဂူထဲ ဝင်မှ ဒီအရှိန်အဝါကို ခံစားမိတာ.. ဘာသဘောလဲ။ ပြီးတော့ ဒါ သားရဲ အရှိန်အဝါ မဟုတ်ဘူး... လူလည်း မဟုတ်ဘူး" နန်းကုန်းကျန့်က လေးနက်စွာ ပြောလိုက်သည်။

"ဆေးဧကရာဇ်... ဒါ ဘာကောင်လဲဗျ"

ပေတိုယန်က ဖုန်းဝူချန်ဘက် လှည့်မေးလိုက်သည်။ သို့သော်၊ ဖုန်းဝူချန်၏ မျက်နှာက အံ့ဩတုန်လှုပ်နေတာကို တွေ့လိုက်ရတော့ သူပါ လန့်သွားသည်။

"နတ်သူငယ်… ဝိညာဉ်ပြတ် တောင်ကြားထဲမှာ နတ်သူငယ် ရှိနေတာလား" ဖုန်းဝူချန် ရေရွတ်လိုက်မိသည်။

"နတ်သူငယ်…"

ပေတိုယန်နဲ့ နန်းကုန်းကျန့်တို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာ အဆင့်ရှိသည့် နတ်သူငယ် တစ်ပါးဆိုတာ... တော်တော်လေး ကြောက်စရာ ကောင်းသော ကိစ္စပဲ။

နတ်သူငယ်တွေက သားရဲတွေနှင့် မတူပေ။ အဆင့်တူလျှင်တောင် နတ်သူငယ်က သားရဲထက် ပိုကြောက်စရာ ကောင်း၏ ။ထို့အပြင်၊ သူတို့မှာ မူလ စွမ်းရည်တွေ ရှိတတ်ကြသည်။

ကျင့်ကြံခြင်း အဆင့်တစ်ခု ရောက်လျှင် လူယောင်တောင် ဖန်ဆင်းနိုင်ကြသည်။

"မကြောက်ကြနဲ့... သူက ဒုတိယအလွှာ ဆိုပေမဲ့ အခုလောလောဆယ် ပထမအလွှာလောက်ပဲ စွမ်းအား ရှိတော့တယ်။ သူ့ခန္ဓာကိုယ်ထဲမှာ ချိပ် တံဆိပ် တစ်ခု ရှိနေပုံရတယ်..."

ဖုန်းဝူချန်က အခြေအနေကို သုံးသပ်ပြီး ပြောလိုက်သည်။

"သူ ရွှယ်ဖုန်းနဲ့ ခွမ်းကျန့်ဆီက စွမ်းအားတွေကို စုပ်ယူနေတာပဲ..လာ... မြန်မြန်သွားကြစို့"

ဖုန်းဝူချန်က ပြောပြောဆိုဆို ဒုံးပျံလို ပျံသန်းသွားသည်။ ပေတိုယန်တို့ နှစ်ယောက်လည်း နောက်က လိုက်သွားကြသည်။

တောင်အောက်မှာ ဂူလမ်းကြောင်းတွေက ရှုပ်ထွေးပွေလီနေသည်။ အမှောင်ထုထဲမှာ နတ်သူငယ်၏ အရှိန်အဝါကို ခြေရာခံပြီး ဆင်းလာခဲ့ကြရာ... နက်လေ နက်လေ... အရှိန်အဝါက ပိုပြင်းလာလေပင်..။

ဖုန်းဝူချန်က ပထမအလွှာလောက်သာ ရှိမည် ပြောသော်လည်း ပေတိုယန်တို့ကတော့ ကြောက်နေတုန်းပင်။

မိနစ်အနည်းငယ် ကြာတော့... သူတို့ သုံးယောက် အောက်ဆုံးက ဂူကျယ်ကြီး တစ်ခုထဲ ရောက်သွားကြသည်။

ဂူကျယ်ကြီးဧ။် အလယ် လေထဲမှာ... ခရမ်းရောင် အတောင်ပံ တစ်စုံနှင့် ကြည်လင်တောက်ပနေသော ခန္ဓာကိုယ်လေး တစ်ခု ဝဲပျံနေသည်။ ထိုအရာက ရွှယ်ဖုန်းနှင့် ခွမ်းကျန့်ဆီက 'အစစ်အမှန်ယွမ်' စွမ်းအားတွေကို စုပ်ယူနေခြင်း ဖြစ်သည်။

"ငါ့ကို ရှာတွေ့တယ် ဆိုတော့လည်း... နင်တို့ သေချင်နေတာပဲ ဖြစ်မယ်။ ကောင်းတယ်...နင်တို့ စွမ်းအားတွေကိုပါ တစ်ခါတည်း စုပ်ယူပစ်မယ်..."

ဖုန်းဝူချန်တို့ ဝင်လာသည်နှင့် ထိုနတ်သူငယ်က မျက်လုံးဖွင့်ကြည့်ပြီး ပြောလိုက်သည်။

"ဟင်... မိန်းကလေး အသံ"

နန်းကုန်းကျန့် အာမေဍိတ်သံ ထွက်သွားသည်။

အသံက မိန်းကလေး အသံ ဖြစ်နေ၍ပင်။

နတ်သူငယ်က စကားဆုံးသည်နှင့် သူ၏ ကြည်လင်နေသော ခန္ဓာကိုယ်ကနေ လူအသွင် ပြောင်းသွားသည်။ အဖြူရောင် ပါးပါးလျလျ ဝတ်စုံလေး ဝတ်ထားသည့် ဆံပင်အနီရောင်နှင့်၊ အသားအရေက ကျောက်စိမ်းလို ဖြူဝင်းနေသော... အလွန်အမင်း ဆွဲဆောင်မှုရှိသည့် မိန်းမလှလေး တစ်ယောက် ပေါ်လာတော့သည်။

သူမ၏ အလှက မြောင်ချင်းချင်းထက် မလျော့သလို၊ လင်ရှောင်ရှောင်နှင့်တောင် ယှဉ်နိုင်လောက်သည်။

ကျောဘက်က ခရမ်းရောင် အတောင်ပံလေးတွေက သူမကို ကောင်းကင်တမန်လေး တစ်ပါးလို ပိုပြီး လှပသွားစေသည်။

သို့သော်၊...ထိုအလှတရား၏ နောက်ကွယ်မှာ သေမင်းတမန် အရှိန်အဝါများ ဖုံးလွှမ်းနေသည် ဆိုတာကိုတော့ မေ့ထား၍ မရပေ။

All Chapters