← Chapters

စွမ်းအားများ မိုးထိအောင် မြင့်တက်ခြင်း

Vol. 28 Ch. 410

စွမ်းအားများ မိုးထိအောင် မြင့်တက်ခြင်း

Vol. 28 Ch. 410

~ဖုန်းဝူချန်၏ မျက်နှာထားမှာ သွေးဆုတ်ဖြူလျော်နေပြီး အသက်ရှူသံများ မြန်ဆန်နေလေသည်။ ဒဏ်ရာက ပြင်းထန်လွန်းလှ၏။

ဒဏ်ရာအပြင်းအထန် ရထားသည့်ကြားမှ အားကုန်ထုတ်ကာ တိုက်ခိုက်လိုက်ရသဖြင့် သူ၏ အခြေအနေမှာ ပို၍ ဆိုးရွားသွားခဲ့ပြီ ဖြစ်ပေသည်။

"ဆေးဧကရာဇ်... ကျန်တာ ကျွန်တော့်တာဝန်ထားလိုက်ပါ"

ပေတိုယန်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး မီးလုံးကြီးတစ်လုံးအလား နတ်သူငယ်မလေးဆီသို့ အရှိန်ပြင်းပြင်း တိုးဝင်သွားလေသည်။

နတ်သူငယ်မလေးမှာလည်း ဒဏ်ရာအပြင်းအထန် ရထားပြီဖြစ်ရာ၊ 'ကောင်းကင်ဘုံ လူသား' အဆင့်သို့ ခြေတစ်ဖက်လှမ်းနေသော ပေတိုယန်အတွက် သူမကို သတ်ဖြတ်ရန်မှာ လက်ဖဝါးလှန်သကဲ့သို့ လွယ်ကူနေပေသည်။

"သေလိုက်တော့"

ပေတိုယန်သည် မျက်တောင်တစ်ခတ်အတွင်း သူမ၏ ရှေ့သို့ ရောက်ရှိသွားပြီး၊ ကြောက်ရွံ့တုန်လှုပ်နေသော နတ်သူငယ်မလေး၏ ခေါင်းကို ရိုက်ခွဲရန် လက်ဝါးကို မြှောက်လိုက်လေ၏။

"ပေတိုယန်... နေဦး"

ဖုန်းဝူချန်သည် အလျင်အမြန် လှမ်းအော်လိုက်ပြီး 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း' ဖြင့် ပေတိုယန်၏ အနားသို့ ရောက်သွားကာ လက်ကောက်ဝတ်ကို လှမ်းဖမ်းဆွဲထားလိုက်သည်။

"ဘာလို့လဲ ဆရာ... ဒီမိန်းမကို ဘာလို့ အရှင်ထားချင်ရတာလဲ"

ပေတိုယန်က နားမလည်နိုင်စွာ မေးလိုက်သည်။

"သူ့ကို အရှင်ထားလိုက်ပါ... သူ့မှာ အသုံးဝင်မယ့်နေရာ ရှိသေးတယ်"

ဖုန်းဝူချန်က နတ်သူငယ်မလေးကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။

"သူက ဒီဝိညာဉ်ပြတ် တောင်ကြားထဲမှာ ကျင့်ကြံနေတာ နှစ်ချို့နေပြီ... ဒီနေရာအကြောင်း သူ အသိဆုံး ဖြစ်မှာပဲ"

ထိုစကားကို ကြားမှ ပေတိုယန်လည်း သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်လေသည်။ ဟုတ်ပေသားပဲ။ ဒီနေရာက အန္တရာယ်များလွန်းသည်။ လမ်းပြကောင်း တစ်ယောက်တော့ လိုမည် မဟုတ်ပါလော။

"အစ်ကိုဖုန်း... အဆင်ပြေရဲ့လားဟင်"

မြောင်ချင်းချင်းနှင့် ကျန်လူများလည်း အနားသို့ ရောက်လာပြီး စိုးရိမ်တကြီး မေးလိုက်ကြသည်။

"အစ်ကို ဘာမှမဖြစ်ပါဘူး..."

ဖုန်းဝူချန်က ခေါင်းခါလိုက်ရင်း 'ရုန်ရှဲ့ တာဟွမ် ဆေးလုံး' တစ်လုံးကို ထုတ်ယူကာ စားသုံးလိုက်သည်။ ထို့နောက် 'ကိုးထပ် ချန်ခွင်း မျှော်စင်' ကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်လေ၏။

"မင်း နာမည် ဘယ်လို ခေါ်လဲ"

ဖုန်းဝူချန်က နတ်သူငယ်မလေးကို စိုက်ကြည့်ပြီး မေးလိုက်သည်။

"လန်ယွဲ့ပါ... ရေနတ်သူငယ်ပါ..."

"ငါ့အောက်မှာ အမှုထမ်းမလား... သေလမ်းကို ရွေးမလား။ ကြိုက်တာရွေးပါ..."

ဖုန်းဝူချန်၏ အသံက အေးစက်နေသော်လည်း ငြင်းဆန်၍ မရနိုင်သော အာဏာစက်များ ပါဝင်နေလေသည်။

"ကျွန်မ... ကျွန်မ အရှင်သခင်ရဲ့ လက်အောက်ခံ လုပ်ပါ့မယ်"

လန်ယွဲ့က တုန်တုန်ရီရီဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။ သူမ သေရမှာ ကြောက်သည်လေ။

ဖုန်းဝူချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ 'ကောင်းကင်ဘုံ လူသား' အဆင့်ရှိသော လက်အောက်ငယ်သား တစ်ယောက် ရလိုက်ခြင်းက သူတို့အဖွဲ့၏ လုံခြုံရေးကို ပိုပြီး စိတ်ချရစေသည် မဟုတ်ပါလော။

သူသည် 'ရုန်ရှဲ့ တာဟွမ် ဆေးလုံး' တစ်လုံးကို လန်ယွဲ့အား ကမ်းပေးလိုက်သည်။

"ဒါ ဒဏ်ရာကုဆေးပဲ... စားလိုက်ပါ"

"ကျေးဇူးတင်ပါတယ် အရှင်သခင်..."

လန်ယွဲ့သည် ဆေးလုံးကို ယူကာ မျိုချလိုက်လေသည်။

"ဒဏ်ရာပျောက်သွားလို့ ငါတို့ကို ပြန်တိုက်ခိုက်ဖို့တော့ စိတ်မကူးနဲ့နော်။ ငါ မင်းကို တစ်ခါနိုင်ဖူးရင် နောက်တစ်ခါလည်း ထပ်နိုင်တယ်... သတ်ပစ်ဖို့ဆိုတာ ပိုတောင် လွယ်သေးတယ်။ မင်းခန္ဓာကိုယ်ထဲက ချိတ်တံဆိပ် မပွင့်သရွေ့ မင်းရဲ့ ကျင့်ကြံခြင်းက တိုးတက်ဖို့ ခက်လိမ့်မယ်... မင်း ကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ"

ဖုန်းဝူချန်က ခြိမ်းခြောက်သည့် လေသံဖြင့် သတိပေးလိုက်သည်။

"အရှင်သခင် ပြောတာ မှန်ပါတယ်... ကျွန်မ သူတို့ရဲ့ စွမ်းအားကို စုပ်ယူတာက ခန္ဓာကိုယ်ထဲက ချိတ်တံဆိပ်ကို ဖွင့်ချင်လို့ပါ။ ဒါပေမဲ့ ချိတ်တံဆိပ်က အရမ်း အားကောင်းလွန်းတော့... ဒီလောက် စွမ်းအားလေးနဲ့ မလုံလောက်ပါဘူး"

လန်ယွဲ့က ခေါင်းငုံ့ကာ ဖြေရှာသည်။

"မင်း ဒီမှာ ကျင့်ကြံနေတာ ဘယ်လောက် ကြာပြီလဲ" နန်းကုန်းကျန့်က ဝင်မေးလိုက်သည်။

"သုံးနှစ် ရှိပါပြီ... ကျွန်မ ဒဏ်ရာအပြင်းအထန် ရပြီးကတည်းက ဒီဝိညာဉ်ပြတ် တောင်ကြားထဲမှာ ပုန်းနေခဲ့တာပါ..."

ပေတိုယန်ကလည်း မေးလိုက်သည်။

"ဒါဆို မင်း ဒီနေရာအကြောင်း ကောင်းကောင်း သိမှာပေါ့။ ခုနက မုန်တိုင်းတွေက ဘာသဘောလဲ"

လန်ယွဲ့ ခေါင်းခါလိုက်လေ၏။

"အဲ့ဒါကိုတော့ ကျွန်မလည်း သေချာ မသိဘူး။ ဝိညာဉ်ပြတ် တောင်ကြားထဲမှာ အဲ့ဒီ ကြောက်စရာကောင်းတဲ့ မုန်တိုင်းတွေက အချိန်မရွေး ပေါ်လာတတ်တယ်။ တစ်ခါတလေ တစ်ရက်တည်းကို အကြိမ်ကြိမ် ပေါ်လာတတ်သလို... တစ်ခါတလေကျတော့လည်း ရက်အတော်ကြာ ပျောက်နေတတ်တာပါ"

"ဒီတောင်ကြားထဲမှာ တခြား ဘာအန္တရာယ်တွေ ရှိသေးလဲဟင်"

မြောင်ချင်းချင်းက လန်ယွဲ့ကို တွဲထူပေးရင်း မေးလိုက်သည်။

"အတွင်းဘက်ကို ဆက်သွားရင် သွေးကန်ကြီး တစ်ခု ရှိတယ်။ အဲ့ဒီမှာ စွမ်းအားကြီးတဲ့ သားရဲတွေ အများကြီး စုဝေးနေတတ်တယ်။ ပြီးတော့ အဆိပ်ထုတ်တဲ့ အပင်တွေ ရှိတယ်... နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးကြီးလည်း ရှိသေးတယ်... ကျွန်မတောင် သူ့ကို သွားမစရဲဘူး။ ပြီးတော့..."

လန်ယွဲ့သည် တောင်ကြားထဲရှိ အန္တရာယ်များကို တစ်ခုပြီး တစ်ခု ရေရွတ်ပြလေသည်။ ကြားရသူအပေါင်း ကြက်သီးမွေးညှင်းထစရာ ကောင်းလှ၏။

"ကောင်းပြီ... မင်း ဒဏ်ရာ သက်သာအောင် အရင်လုပ်လိုက်ဦး။ ပြီးရင် ငါတို့ကို လမ်းပြပေးနော်... ကျင့်ကြံဖို့အတွက် ရတနာတွေ လိုက်ရှာကြမယ်"

"အမိန့်အတိုင်းပါ အရှင်သခင်..."

လန်ယွဲ့သည် ရိုသေစွာ ခေါင်းညိတ်လိုက်လေသည်။

တစ်ရက်အကြာတွင်...

'ရုန်ရှဲ့ တာဟွမ် ဆေးလုံး' ၏ အစွမ်းထက်မြက်မှုကြောင့် ဖုန်းဝူချန်၏ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။

လန်ယွဲ့၏ လမ်းပြမှုကြောင့် သူတို့သည် အဆိပ်ပင်များကို ရှောင်ကွင်းနိုင်ခဲ့သလို၊ 'ကန်း' လေမုန်တိုင်းနှင့် ကြုံလျှင်လည်း လုံခြုံသော နေရာများတွင် ပုန်းခိုနိုင်ခဲ့ကြသည်။

တစ်ရက်အတွင်းမှာပင် ဖုန်းဝူချန်တို့အဖွဲ့သည် ရတနာအများအပြားနှင့် ဆေးမြစ်ကောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြလေ၏။

နှစ်ရက်လောက်ကြာသည်အထိ နောက်မှ လိုက်လာသူများ၏ အရိပ်အယောင်ကို မတွေ့ရတော့သဖြင့်၊ ဖန်ရှောင်ယွင်တို့အဖွဲ့သည် အတွင်းပိုင်းထိ လိုက်မလာရဲတော့မှန်း ဖုန်းဝူချန် ခန့်မှန်းမိလိုက်သည်။

ထို့ကြောင့် သူတို့အဖွဲ့သည် စိတ်အေးလက်အေးဖြင့် ကျင့်ကြံအားထုတ်နိုင်ကြတော့သည်။

ဝိညာဉ်ပြတ် တောင်ကြားသည် စွမ်းအင်များ ပြည့်ဝလှသဖြင့် ကျင့်ကြံရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပေသည်။ ထို့အပြင် ရှာဖွေတွေ့ရှိထားသော သဘာဝ ရတနာများနှင့် ဆေးလုံးများ၏ အကူအညီကြောင့် ပေတိုယန်တို့သည် 'ကိုးထပ် ချန်ခွင်း မျှော်စင်' ထဲသို့ ဝင်ရောက်ရန်ပင် မလိုအပ်တော့ချေ။

ဖုန်းဝူချန် တစ်ယောက်တည်းသာ မျှော်စင်၏ သတ္တမအလွှာတွင် ကျင့်ကြံနေပြီး၊ ချီဟွမ်နှင့် ကျန်လူများက ပဉ္စမအလွှာတွင် ကျင့်ကြံနေကြသည်။

အချိန်ကာလသည် ရေအလျင်အလား ကုန်ဆုံးသွားခဲ့ချေပြီ။

တစ်လအကြာတွင်...။

"ဟားဟား... ငါ အောင်မြင်ပြီကွ"

ပေတိုယန်၏ ဝမ်းသာအားရ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ သူသည် 'ကောင်းကင်ဘုံ လူသား' ပထမအလွှာသို့ အောင်မြင်စွာ အဆင့် ချိုးဖြတ် ဝင်ရောက်နိုင်ခဲ့လေပြီ။ သူ၏ ပျော်ရွှင်မှုက အတိုင်းအဆ မရှိတော့ပါ။

နန်းကုန်းကျန့်သည်လည်း ထျန်းယွမ်ဘုံ နဝမအလွှာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။

သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်း အမြန်နှုန်းက အံ့မခန်းပင်။ 'အထွတ်အထိပ် ခန္ဓာ' ၏ အလားအလာက ကြောက်ခမန်းလိလိ ကောင်းမွန်မှန်း သူတို့ကိုယ်တိုင် လက်ခံလိုက်ရတော့သည်။

ပေတိုထျန်းယဲ့နှင့် မြောင်ချင်းချင်းတို့သည် ထျန်းယွမ်ဘုံ ဆဌမအလွှာသို့ ရောက်ရှိသွားကြပြီး၊ ချီဟွမ်က ပဉ္စမအလွှာ၊ လိန်မူချန် နှင့် ကျန်လူများက ပို၍ပင် မြန်ဆန်စွာဖြင့် တစ်လအတွင်း အဆင့်နှစ်ဆင့် တက်ကာ ထျန်းယွမ်ဘုံ စတုတ္ထအလွှာသို့ ရောက်ရှိသွားကြလေသည်။

တစ်လအတွင်း သူတို့အားလုံး၏ စွမ်းအားများ မိုးထိအောင် မြင့်တက်သွားခဲ့ကြပြီ ဖြစ်ပါ၏။

ဖုန်းဝူချန်မှာမူ မျှော်စင်၏ သတ္တမအလွှာတွင် ကျင့်ကြံနေခြင်း ဖြစ်ရာ၊ ပြင်ပအချိန် တစ်လသည် သူ့အတွက် နှစ်လနှင့် ညီမျှပေသည်။ သူ၏ စွမ်းအားသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ယခုအခါ ထျန်းယွမ်ဘုံ အဋ္ဌမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်လေ၏။

ဖန်ရှောင်ယွင် ပေါ်ထွက်လာခြင်းက ဖုန်းဝူချန်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။

ထို့ကြောင့် ဖုန်းဝူချန်သည် သူ၏ စွမ်းအားကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်နေလေ၏။

'ကိုးထပ် ချန်ခွင်း မျှော်စင်က တကယ့် ရတနာပဲ... ငါ ကောင်းကင်ဘုံ လူသား အဆင့်ကို ရောက်ဖို့ အခွင့်အရေး ရှာမှ ဖြစ်မယ်...'

ဖုန်းဝူချန်သည် ခန္ဓာကိုယ်ထဲမှ လှည့်ပတ်စီးဆင်းနေသော 'အစစ်အမှန်ယွမ်' စွမ်းအားများကို ခံစားရင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။

အားလုံး စွမ်းအားတိုးတက်သွားကြသော်လည်း၊ လန်ယွဲ့ တစ်ယောက်တည်းသာ တိုးတက်မှု မရှိဘဲ ကျန်ရစ်ခဲ့ရှာသည်။ ချိတ်တံဆိပ်ကြောင့် ဖြစ်ပေမည်။

"လန်ယွဲ့... သွေးကန်ကြီးဆီ သွားကြည့်ရအောင်..."

"အရှင်သခင်... သွေးကန်ကြီးမှာ စွမ်းအားကြီးတဲ့ သားရဲတွေ အများကြီး ရှိတယ်နော်... သူတို့အကုန်လုံးက ကျွန်မထက် စွမ်းအားမြင့်ကြတယ်... အရမ်း အန္တရာယ်များပါတယ်"

လန်ယွဲ့က ကြောက်လန့်တကြား တားမြစ်လိုက်သည်။ သူမ၏ မျက်ဝန်းလှလှလေးများထဲတွင် အကြောက်တရားများ ဖြတ်ပြေးသွား၏။

"ကိစ္စမရှိဘူး... စိတ်မပူပါနဲ့"

ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ သူ့အတွက်တော့ သားရဲဆိုတာ ထမင်းဟင်းလိုပါပင်။

နဂါးသွေး ပါသော သူ့ရှေ့တွင် 'ကောင်းကင်ဘုံ လူသား' အဆင့် သားရဲမကဘဲ ၊ 'ထျန်းကျိဘုံ' အဆင့် သားရဲပဲ လာလာ၊ ခေါင်းငုံ့ ဒူးထောက်ရမည်သာ ဖြစ်သည်။

"အမိန့်အတိုင်းပါ..."

လန်ယွဲ့လည်း မတတ်သာသည့်အဆုံး ခေါင်းညိတ်လိုက်ရတော့သည်။

"သွေးကန်အကြောင်း နည်းနည်းလောက် ပြောပြပါဦး။ ဒီလောက် သားရဲတွေ စုဝေးနေမှတော့... သာမန်နေရာတော့ မဟုတ်လောက်ဘူး"

"အရှင်သခင် ပြောတာ မှန်ပါတယ်... သွေးကန်ကြီးက သာမန် မဟုတ်ပါဘူး။ အဲ့ဒီကန်ထဲမှာ အရမ်းကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့ စွမ်းအင်တွေ ရှိနေတယ်။ သားရဲတွေက အဲ့ဒီစွမ်းအင်ကို သုံးပြီး ကျင့်ကြံကြတာပါ။ အဲ့ဒီစွမ်းအင်ရဲ့ အရင်းအမြစ်က ဘယ်ကလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး..."

"ကြမ်းတမ်းတဲ့ စွမ်းအင် ဟုတ်လား..."

ပေတိုယန် အံ့ဩသွားသည်။

"ကောင်းကင်ဘုံ လူသား အဆင့် သားရဲတွေတောင် အဲ့ဒီစွမ်းအင်နဲ့ ကျင့်ကြံနိုင်တယ် ဆိုတော့... သေချာပေါက် ကြောက်စရာကောင်းတဲ့ စွမ်းအင် ဖြစ်မှာပဲ..."

"ဟုတ်ပါတယ်... ကျွန်မရဲ့ အာရုံခံနိုင်စွမ်းက မဆိုးပါဘူး။ ဝိညာဉ်ပြတ် တောင်ကြားထဲ စရောက်ကတည်းက သွေးကန်ရဲ့ စွမ်းအားကို အာရုံခံမိတယ်။ သွားကျင့်ကြံချင်ပေမဲ့ သားရဲတွေက အရမ်းများလွန်းတော့ မသွားရဲခဲ့ဘူး..."

"ဂိုဏ်းချုပ်... ဒါဆို ကျွန်တော်တို့ ထပ်ပြီး အဆင့်တက်နိုင်တော့မယ် ထင်တယ်"

ဟု ရွှယ်ဖုန်းက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"ဝိညာဉ်ပြတ် တောင်ကြားက မထွက်ခင် ငါ ထျန်းယွမ်ဘုံ ပဉ္စမအလွှာကို ရောက်အောင် လုပ်ရမယ်ကွ"

လိန်မူချန်၏ မျက်နှာမှာလည်း မျှော်လင့်ချက်များဖြင့် တောက်ပနေလေသည်။

သူတို့အဖွဲ့ သွေးကန်ဘက်သို့ ဦးတည်သွားကြသည်။ သို့သော်...

"ထူးဆန်းလိုက်တာ... ဘာလို့ သားရဲ တစ်ကောင်မှ မတွေ့ရတာလဲ"

လန်ယွဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ လမ်းတစ်လျှောက်လုံး သားရဲတွေ ရှိသင့်သည့် နေရာများကို ဖြတ်ကျော်လာခဲ့သော်လည်း၊ တစ်ကောင်တစ်လေမှ အရိပ်အယောင် မတွေ့ရ။

လန်ယွဲ့က ဖုန်းဝူချန်ကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။ ဒီထူးဆန်းပြီး စွမ်းအားကြီးတဲ့ လူငယ်လေးကြောင့်များ သားရဲတွေ ပုန်းကုန်ကြတာလား။

"ဆေးဧကရာဇ်... သွေးကန်ထဲက စွမ်းအားကို ကျွန်တော် အာရုံခံမိပြီ"

ပေတိုယန် ရုတ်တရက် အော်ပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင် တုန်လှုပ်မှုများ အထင်းသား ပေါ်လာ၏။

"ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအား..."

နန်းကုန်းကျန့်နှင့် ကျန်လူများလည်း ကြက်သီးထကုန်ကြသည်။

"ဒါ... ဒါက ရှေးဟောင်း စွမ်းအားပဲ"

ဖုန်းဝူချန်၏ မျက်နှာတွင်လည်း အံ့ဩမှုများ ဖုံးလွှမ်းသွားလေတော့သည်။

All Chapters