← Chapters

ကျောက်စိမ်းမြို့ကနေ ထွက်သွားကြ

Vol. 28 Ch. 413

ကျောက်စိမ်းမြို့ကနေ ထွက်သွားကြ

Vol. 28 Ch. 413

~"အင်... ဘာမှ မမှတ်မိဘူး ဟုတ်လား။ နာမည်တောင် မမှတ်မိဘူးလား"

ဇီချင်း မျက်လုံးပြူးသွားသည်။ လျိုချင်းယန်ကို ငေးကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။

လျိုချင်းယန်က ဇီချင်း၏ အံ့ဩနေသော မျက်နှာကို ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်လေသည်။

အတိတ်က အရာရာတိုင်းက ဝိုးတဝါး ပုံရိပ်တွေလို ဖြစ်နေပြီး ဘာဆိုဘာမှ တိတိကျကျ မမှတ်မိတော့ချေ။

"ကျင့်ကြံခြင်း နည်းလမ်းတွေတော့ မှတ်မိတယ်။ ဒါပေမဲ့ လူတွေကိုတော့ တစ်ယောက်မှ မမှတ်မိတော့ဘူး..."

လျိုချင်းယန်က ခေါင်းခါလိုက်ပြန်သည်။ ဘယ်လောက်ပဲ ကြိုးစား စဉ်းစားပါစေ၊ ဘာမှ ပေါ်မလာ။

"ဒဏ်ရာက ပြင်းထန်လွန်းလို့... ပြီးတော့ အပြည့်အဝ ပြန်မကောင်းသေးတာကြောင့် အတိတ်မေ့သွားတာ ဖြစ်မယ်..."

ဦးလေးချင်းက မျက်မှောင်ကြုတ်ရင်း သုံးသပ်လိုက်သည်။

"အတိတ်မေ့သွားတာလား..."

လျိုချင်းယန် ခဏတာ ကြောင်အမ်းသွားပြီးမှ ပခုံးတွန့်လိုက်သည်။

"ကိစ္စမရှိပါဘူး... အတိတ်မှာ ကောင်းတာတွေ ရှိခဲ့သလား၊ ဆိုးတာတွေ ရှိခဲ့သလား ဘယ်သူသိမှာလဲ။ တကယ်လို့ ဝမ်းနည်းစရာတွေ ရှိခဲ့ရင်တောင်... မမှတ်မိတာက ပိုမကောင်းဘူးလား..."

"အစ်ကို... တကယ် စိတ်မပူဘူးလားဟင်..."

ဇီချင်းက အံ့ဩတကြီး မေးလိုက်သည်။

"ဖြစ်သမျှ အကြောင်း အကောင်းပေါ့..."

လျိုချင်းယန်က ပခုံးထပ်တွန့်ပြလိုက်သည်။ အတိတ်မေ့တာက ကုရလွယ်သော ရောဂါမဟုတ်မှန်း သူ သိသည်။ ပြန်မှတ်မိချင်ရင်တောင် မလွယ်ကူလှပေ။

"မင်းက အကောင်းမြင်တတ်သားပဲ... မင်း သတိရလာပြီ ဆိုတာသိရင် ရွာသားတွေ အကုန်လုံး ဝမ်းသာကြမှာကွ..." ဦးလေးချင်းက ပြုံးပြလိုက်သည်။

"ရွာသားတွေ အကုန်လုံး"

"ဟုတ်တယ် အစ်ကို... အဖေက အစ်ကိုကို ကယ်လာပြီးတဲ့နောက်... ကျောက်စိမ်းမြို့က လူတိုင်း လာကြည့်ကြတယ်။ အားလုံးက အစ်ကိုကို ကယ်တင်ဖို့ ဝိုင်းစဉ်းစားပေးကြတယ်။ အစ်ကိုရွှေရှန်းဆိုရင် ရက်တိုင်းလိုလို တောင်ပေါ်တက်ပြီး ဆေးမြစ်တွေ သွားရှာပေးတာ..."

ဇီချင်းက ဝမ်းသာအားရ ရှင်းပြလေသည်။

"ကျေးဇူးတင်ပါတယ်ဗျာ... ခင်ဗျားတို့ ကျေးဇူးကို ဘယ်လို ဆပ်ရမလဲတောင် မသိတော့ပါဘူး..."

လျိုချင်းယန်သည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်။

"တကယ်တော့ ကျေးဇူးတင်စရာ မလိုပါဘူးကွ... မင်းရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ ဒီမြို့လေးမှာ ဆေးဆရာလည်း မရှိဘူး။ မင်း ပြန်ကောင်းလာတာ မင်းရဲ့ ခန္ဓာကိုယ် သန်မာလွန်းလို့ပါ..."

"ကျွန်တော့် ခန္ဓာကိုယ်ကြောင့်"

"ဟုတ်တယ်... မှန်မှန်ပြောရရင် မင်းဒဏ်ရာတွေနဲ့ဆို တခြားလူသာဆို တစ်လနေနေသာသာ၊ တစ်နှစ်လောက်တောင် ပြန်ကောင်းဖို့ မလွယ်ဘူး။ မင်းက တစ်လတည်းနဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြန်ကောင်းလာတာ... ဒီလောက် သန်မာတဲ့ ခန္ဓာကိုယ်မျိုး ဦးလေး တစ်ခါမှ မမြင်ဖူးဘူး..."

ဦးလေးချင်းက လေးနက်စွာ ပြောလိုက်သည်။

လျိုချင်းယန် လှုပ်ရှားကြည့်လိုက်သောအခါ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းနေသည်ကို ခံစားလိုက်ရသည်။ တစ်လလုံး သတိမေ့နေခဲ့သည် မဟုတ်ပါလော။

"အစ်ကို... လမ်းလျှောက်ရအောင် ညီမ..လိုက်ပို့ပေးမယ်..."

ဇီချင်းက လျိုချင်းယန်ကို တွဲထူပေးလိုက်သည်။

အိမ်အပြင်ဘက် ရောက်မှပဲ ကျောက်စိမ်းမြို့ဆိုတာ ဆင်းရဲနွမ်းပါးသော မြို့ငယ်လေးမှန်း လျိုချင်းယန် သိလိုက်ရသည်။ လူဦးရေ ရာဂဏန်းလောက်သာ ရှိမည်။

သို့သော် ပတ်ဝန်းကျင် ရှုခင်းများကတော့ အလွန် လှပလေသည်။ မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးများ၊ ရောင်စုံပန်းများ၊ သန့်ရှင်းလတ်ဆတ်သော လေထုနှင့် ကြည်လင်သော မြစ်ချောင်းလေးများ…။

လျိုချင်းယန် ထွက်လာသည်ကို မြင်သောအခါ ရွာသားများက ဝိုင်းအုံလာပြီး နှုတ်ဆက်လာကြသည်။

ကျောက်စိမ်းမြို့သူ မြို့သားများသည် အလွန် ရိုးသားဖြူစင်ကြသည်။ သူတို့ကြားတွင် မနာလိုခြင်း၊ တိုက်ခိုက်ခြင်းများ မရှိ။ မိသားစုကြီး တစ်ခုလို စည်းလုံးညီညွတ်စွာ နေထိုင်ကြလေသည်။

"အစ်ကိုက... နာမည် မမှတ်မိတော့ဘူးဆိုတော့... ညီမ နာမည်ပေးမယ်လေ... 'ထျန်းယီ' ဆိုရင်ရော... ကောင်းကင်ဘုံက ကျောက်စိမ်းမြို့လေးကို လက်ဆောင်ပေးလိုက်တဲ့ အစ်ကို ဆိုတဲ့ သဘောပေါ့..."

ဇီချင်းက ပြုံးစစဖြင့် မေးလိုက်သည်။

"ထျန်းယီ..."

လျိုချင်းယန် ခဏတာ စဉ်းစားလိုက်ပြီး ပြုံးလိုက်သည်။

"နားထောင်လို့ ကောင်းသားပဲ... ကျေးဇူးပါ ညီမလေး ဇီချင်း..."

"ရပါတယ်..."

ဇီချင်းက ချိုသာစွာ ပြုံးလိုက်ပြီး မေးလိုက်သည်။

"ဒါနဲ့... အစ်ကိုထျန်းယီရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်အဆင့်လဲဟင်... ညီမ အဆင့်က နိမ့်လွန်းတော့ အာရုံမခံနိုင်ဘူး..."

"ကျင့်ကြံခြင်း အဆင့်..."

လျိုချင်းယန် ခဏတာ ငြိမ်သက်သွားပြီး၊ သူ့ခန္ဓာကိုယ်ထဲမှ 'အစစ်အမှန်ယွမ်' စွမ်းအားများကို ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်လိုက်သည်။

"ဝါး... စွမ်းအားကြီးလိုက်တာ"

ဇီချင်း မျက်လုံးပြူးသွားသည်။

'ထျန်းယွမ်ဘုံ ဆဌမအလွှာ'

လျိုချင်းယန် ကိုယ်တိုင်လည်း အံ့ဩသွားမိသည်။ သူ့စွမ်းအားက ဒီလောက် မြင့်မားနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

"အစ်ကိုထျန်းယီ... ဒါ ထျန်းယွမ်ဘုံ အဆင့် မလား..."

လျိုချင်းယန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ထျန်းယွမ်ဘုံ ဆဌမအလွှာပါ"

"ဟယ်… ဆဌမအလွှာ ပါရမီရှင်ပဲ"

ဇီချင်း အံ့ဩလွန်း၍ တုန်ရီသွားသည်။

လျိုချင်းယန်က ပြုံးရုံသာ ပြုံးနေလိုက်သည်။ သို့သော် သူ့ရင်ထဲတွင်တော့ မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်နေလေ၏။

'ဒီလောက် စွမ်းအားမြင့်တဲ့ ငါက... ဘယ်သူလဲ... ဘယ်က လာတာလဲ...'

"ပြေးကြ၊ ပြေးကြ တိမ်ပြာ နန်းတော်က လူတွေ လာနေပြီ"

ရုတ်တရက် ရွာအဝင်ဝမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခြင်းပါ။

ဇီချင်း မျက်နှာပျက်သွားသည်။

"အစ်ကိုရွှေရှန်း... ဘာဖြစ်တာလဲ"

"မြို့တော်ဝန်ကို သူတို့ ရိုက်နှက်လိုက်ပြီ ၊ အခု ငါတို့မြို့ကို ဖျက်ဆီးဖို့ လူတွေ လွှတ်လိုက်ပြီတဲ့ အားလုံး ပြေးကြတော့"

ရွှေရှန်းက အသည်းအသန် အော်ဟစ် သတိပေးလိုက်သည်။

"ဘာ... မြို့ကို ဖျက်ဆီးမယ် ဟုတ်လား"

"လွန်လွန်းတယ်ကွာ"

"တိမ်ပြာ နန်းတော်က သောက်ရမ်း မိုက်ရိုင်းတာပဲ"

ရွာသားများ ဒေါသထွက်သွားကြသလို၊ ကြောက်လည်း ကြောက်ရွံ့နေကြသည်။

"ဇီချင်း... ဒီအစ်ကိုကို ခေါ်ပြီး မြန်မြန်ပြေးတော့"

ဟု ရွှေရှန်းက လှမ်းအော်လိုက်သည်။

"ဟွန့် မင်းတို့က ပြေးလို့ လွတ်မယ် ထင်နေတာလား... ငါတို့က အခွင့်အရေး ပေးခဲ့သားပဲ... မင်းတို့က လက်မခံတာလေ... မင်းတို့ အဆင့်နိမ့်ကောင်တွေကို ငါတို့က အစကတည်းက မျိုးဖြုတ်ပစ်လိုက်သင့်တာ"

အေးစက်ပြီး မောက်မာသော အသံ တစ်ခု မိုးပေါ်မှ ကျရောက်လာသည်။

"သေစမ်း... ရောက်လာကြပြီ"

ရွှေရှန်း မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။

"ရွှစ်.. ရွှစ်.. ရွှစ်.."

ကောင်းကင်ယံမှ လူရိပ်သုံးခု ပျံသန်း ဆင်းသက်လာသည်။ သူတို့၏ အရှိန်အဝါက ထျန်းယွမ်ဘုံ အဆင့်များ ဖြစ်ကြောင်း ပြသနေ၏။

"တိမ်ပြာ နန်းတော်ရဲ့ တပ်မှူးကြီး"

ရွာသားများ သွေးပျက်ကုန်ကြသည်။

ထို့နောက် မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွမ်တန်ဘုံ အဆင့်ရှိသော ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ထပ်မံ ရောက်ရှိလာပြီး ရွာကို ဝိုင်းရံလိုက်ကြသည်။

"ပြီးပြီ... ပြေးပေါက် မရှိတော့ဘူး"

ရွှေရှန်း မျက်နှာတွင် မျှော်လင့်ချက်မဲ့ခြင်းများ အထင်းသား ပေါ်နေသည်။

"တိုက်ခိုက်ကြ ၊ တစ်ကောင်မကျန် သတ်"

တပ်မှူးကြီးက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" သေရမယ် "

ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် သတ်ဖြတ်လိုစိတ် ပြင်းပြစွာဖြင့် ရွာသားများဆီသို့ တိုးဝင်လာကြသည်။

"အစ်ကိုထျန်းယီ"

ဇီချင်း ကြောက်လန့်တကြားဖြင့် လျိုချင်းယန်၏ လက်မောင်းကို ဆွဲကိုင်လိုက်မိ၏။

"ရွှစ်.. ရွှစ်.. ရွှစ်.."

"ဘုန်း ဘုန်း ဘုန်း"

"အဟွတ် အဟွတ် အဟွတ်"

ရုတ်တရက် လျိုချင်းယန် လှုပ်ရှားလိုက်သည်။ သူ့အမြန်နှုန်းက မျက်စိဖြင့်ပင် မလိုက်နိုင်အောင် မြန်ဆန်လွန်းလှသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝင်လာသမျှ ယွမ်တန်ဘုံ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် သွေးအန်ကာ နောက်သို့ လွင့်စင်သွားကြကုန်သည်။

တစ်ခဏအတွင်းမှာပင်... အားလုံး ဒဏ်ရာအပြင်းအထန် ရသွားကြလေ၏။

ကြောက်လန့်နေသော ရွာသားများအားလုံး ပါးစပ်အဟောင်းသားဖြင့် ငြိမ်သက်သွားကြသည်။

လေပေါ်မှ ထျန်းယွမ်ဘုံ အဆင့် သုံးယောက်လည်း မျက်လုံးပြူးသွားကြသည်။

"ရွှစ်.."

နောက်တစ်စက္ကန့်တွင် လျိုချင်းယန်သည် တပ်မှူးကြီး၏ ရှေ့တည့်တည့်တွင် သရဲတစ္ဆေတစ်ကောင်အလား ဘွားခနဲ ပေါ်လာလေသည်။

"ကျောက်စိမ်းမြို့ကနေ အခုချက်ချင်း ထွက်သွားကြ"

လျိုချင်းယန်၏ အသံသည် ရေခဲတမျှ အေးစက်နေပြီး၊ သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ပါဝင်နေလေတော့သည်။

All Chapters