စိန်ခေါ်မှု
Vol. 28 Ch. 414
~"ဂလု..."
တိမ်ပြာ နန်းတော်မှ ထျန်းယွမ်ဘုံ အဆင့်ရှိ ကျင့်ကြံသူ သုံးဦးသည် ကြောက်လွန်းသဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ သူတို့၏ မျက်နှာများတွင် ချွေးစေးများ ရွှဲနစ်နေပြီး တစ်ချက်ကလေးမျှပင် မလှုပ်ရဲကြချေ။
"ကျောက်စိမ်းမြို့ကနေ အခုချက်ချင်း ထွက်သွားကြ ငါပြောတာ မကြားဘူးလား"
လျိုချင်းယန်၏ အသံသည် ဒုတိယအကြိမ် ထပ်မံ ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင် သတ်ဖြတ်လိုစိတ်များက ပို၍ပင် ပြင်းထန်လာလေ၏။
"ဟုတ်... ဟုတ်ကဲ့ပါ"
သူတို့သုံးဦးသည် ကြောက်လန့်တကြား ခေါင်းညိတ်လိုက်ကြသည်။
လျိုချင်းယန်၏ အမြန်နှုန်းက ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ တိမ်ပြာ နန်းတော်၏ တပ်မှူးကြီး ကိုယ်တိုင်က ထျန်းယွမ်ဘုံ တတိယအလွှာ ဖြစ်ပါလျက်နှင့် လျိုချင်းယန် မည်သည့်အချိန်က လှုပ်ရှားလိုက်သည်ကိုပင် မမြင်လိုက်ရပေ။
ဒါတစ်ခုတည်းနှင့်တင် လျိုချင်းယန်က သူတို့ထက် များစွာ အစွမ်းထက်ကြောင်း သက်သေပြနေသည် မဟုတ်ပါလော။
သူတို့သည် တစ်စက္ကန့်မျှပင် ဆက်မနေရဲကြတော့ဘဲ ချက်ချင်း လှည့်ပြန်ကာ ပျံသန်း ထွက်ပြေးကြတော့သည်။ ကျန်ရှိနေသော ယွမ်တန်ဘုံ အဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည်လည်း သရဲစီးသကဲ့သို့ အသက်လုကာ ထွက်ပြေးကြလေ၏။
အတိတ်မေ့နေသော လျိုချင်းယန်သည် ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှု မရှိတော့သဖြင့်သာ သူတို့ အသက်ရှင်ခွင့် ရသွားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ယနေ့ ကျောက်စိမ်းမြို့သည် သူတို့၏ သင်္ချိုင်းဖြစ်သွားမည်မှာ အသေအချာ။
ကျောက်စိမ်းမြို့သူ မြို့သားများမှာမူ အံ့ဩမှင်သက်နေကြဆဲပင်။
လျိုချင်းယန်၏ ရုတ်တရက် လှုပ်ရှားမှုနှင့် ကြောက်မက်ဖွယ် စွမ်းအားများက သူတို့ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
"စွမ်း... စွမ်းအားကြီးလိုက်တာ..."
ရွှေရှန်းသည် ပါးစပ်အဟောင်းသားဖြင့် ရေရွတ်လိုက်မိသည်။ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်နေ၏။
"သူ... သူက ပျံနိုင်တယ်... သူက ထျန်းယွမ်ဘုံ အဆင့် ကျင့်ကြံသူပဲ"
"ဦးလေးချင်း ကယ်ခဲ့တဲ့ လူငယ်လေးက ထျန်းယွမ်ဘုံ အဆင့်တဲ့လား"
"သူက... တိမ်ပြာ နန်းတော်ရဲ့ တပ်မှူးကြီးကိုတောင် မောင်းထုတ်ပစ်လိုက်တာ"
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် တိမ်ပြာ နန်းတော်မှ လူများ ထွက်ပြေးသွားသည်ကို မြင်သောအခါ ရွာသားများအားလုံး ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြတော့သည်။
"အစ်ကိုထျန်းယီက အရမ်းတော်တာပဲ"
ဇီချင်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးကာ အားပေးလိုက်သည်။
လျိုချင်းယန် မြေပြင်ပေါ်သို့ ပြန်ဆင်းလာသောအခါ ဦးလေးချင်းနှင့် ရွာသားများက ဝိုင်းဝန်း ကျေးဇူးတင်ကြလေသည်။
"အစ်ကိုထျန်းယီ..."
ရွှေရှန်းက ပထမတော့ ကြောင်သွားသော်လည်း ချက်ချင်းပင် အပြေးလေး ရောက်လာပြီး ပြောလိုက်သည်။
"အစ်ကိုထျန်းယီ... ကျွန်တော်တို့ မြို့တော်ဝန်ကို သွားကယ်ပေးပါဗျာ... သူ့ကို တိမ်ပြာ နန်းတော်က ဖမ်းသွားပြီ"
ပြောပြီးသည်နှင့် ရွှေရှန်း၏ မျက်နှာတွင် စိုးရိမ်စိတ်များ ပြည့်နှက်သွားပြန်သည်။
လျိုချင်းယန်က စွမ်းအားကြီးသည် မှန်သော်လည်း၊ တိမ်ပြာ နန်းတော်၏ အင်အားက ပို၍ ကြောက်စရာ ကောင်းသည် မဟုတ်ပါလော။ နန်းတော်သခင် ကိုယ်တိုင်က ထျန်းယွမ်ဘုံ သတ္တမအလွှာသို့ ရောက်ရှိနေသူ ဖြစ်ပြီး၊ နန်းတော်ထဲတွင် အစောင့်အရှောက် ထောင်ချီ ရှိလေသည်။
ကျောက်စိမ်းမြို့လေးအတွက်တော့ တိမ်ပြာ နန်းတော်ဆိုသည်မှာ မည်သို့မျှ ယှဉ်နိုင်စွမ်း မရှိသော ဧရာမ အင်အားကြီး တစ်ခုပင်။
"အစ်ကိုရွှေရှန်း... တိမ်ပြာ နန်းတော်က အရမ်း အင်အားကြီးတယ်... အစ်ကိုထျန်းယီ တစ်ယောက်တည်း ယှဉ်နိုင်ပါ့မလား..."
ဇီချင်းက စိုးရိမ်တကြီး ပြောလိုက်သည်။
"မဖြစ်ဘူး... အစ်ကိုထျန်းယီကို ဒီလောက် အန္တရာယ်များတဲ့ ကိစ္စမျိုး သွားမလုပ်ခိုင်းသင့်ဘူး။ သူက အခု ငါတို့ကို ကယ်လိုက်လို့ တိမ်ပြာ နန်းတော်နဲ့ ရန်ငြိုးဖွဲ့မိသွားပြီ... ငါတို့ အခုပဲ ကျောက်စိမ်းမြို့ကနေ ထွက်သွားပြီး တခြားနည်းလမ်း စဉ်းစားကြတာ ပိုကောင်းမယ်..."
အသက်ကြီးကြီး ရွာသားတစ်ဦးက အကြံပြုလိုက်သည်။
ဦးလေးချင်းလည်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... တိမ်ပြာ နန်းတော်က အရမ်း စွမ်းအားကြီးလွန်းတယ်။ ထျန်းယီကို ဒုက္ခမပေးချင်ဘူး။ အားလုံးပဲ ကျောက်စိမ်းမြို့ကနေ အရင် ထွက်ခွာကြတာ ပိုကောင်းမယ်..."
အားလုံးက မြို့တော်ဝန် အသက်ရှင်ဖို့ လမ်းမမြင်တော့ပေ။
"တိမ်ပြာ နန်းတော်က ဘယ်နားမှာလဲ..."
လျိုချင်းယန်က တည်ငြိမ်စွာ မေးလိုက်သည်။
"အစ်ကိုထျန်းယီ... မသွားပါနဲ့။ တကယ်လို့ အစ်ကို ပြန်မလာနိုင်ရင် ညီမတို့က အစ်ကို့ကို ဒုက္ခပေးသလို ဖြစ်သွားမှာပေါ့... မသွားပါနဲ့နော်..."
ဇီချင်းက မျက်ရည်ဝဲကာ တားလိုက်သည်။
"တိမ်ပြာ နန်းတော်သခင်က ထျန်းယွမ်ဘုံ သတ္တမအလွှာ အဆင့် ရှိတယ်ကွ... အရမ်း ကြောက်စရာ ကောင်းတယ်။ မင်း မသွားတာ ပိုကောင်းမယ်..."
အဘိုးအိုက ထပ်မံ သတိပေးလိုက်သည်။
"ကိစ္စမရှိပါဘူး..."
လျိုချင်းယန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ဘယ်လိုမှ တားမရသည့်အဆုံး ရွှေရှန်းက လျိုချင်းယန်ကို တိမ်ပြာ နန်းတော်သို့ လိုက်ပို့ပေးရတော့သည်။
ကျောက်စိမ်းမြို့နှင့် တိမ်ပြာ နန်းတော်သည် သိပ်မဝေးလှပေ။ လျိုချင်းယန်၏ အမြန်နှုန်းနှင့်ဆိုလျှင် မိနစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်လေသည်။
"နန်းတော်သခင်ကို သတင်းပို့ပါတယ် တကယ်ပါဗျ... ကျောက်စိမ်းမြို့မှာ ဘယ်ကမှန်းမသိတဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက် ရောက်နေပါတယ်။ သူ့ရဲ့ စွမ်းအားက အရမ်း ကြောက်စရာ ကောင်းပါတယ်..."
တိမ်ပြာ နန်းတော်၏ ခမ်းနားထည်ဝါသော ခန်းမကြီးအတွင်း၌ တပ်မှူးကြီးက ထိတ်လန့်တကြား သတင်းပို့နေသည်။
"အဲ့ဒီလူက ဘယ်အဆင့်လဲ"
ပလ္လင်ပေါ်တွင် ထိုင်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက မေးလိုက်သည်။
"ကျွန်တော်... ကျွန်တော် မသိပါဘူး။ သူက ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားတယ်။ ပြီးတော့ သူ တိုက်ခိုက်တုန်းက 'အစစ်အမှန်ယွမ်' ကိုတောင် ထုတ်မသုံးသွားဘူး အဲ့ဒီလူက အသက် နှစ်ဆယ့်တစ်နှစ်လောက်ပဲ ရှိဦးမယ်... မျက်နှာစိမ်းပါ... ကျောက်စိမ်းမြို့က လူတော့ မဟုတ်လောက်ဘူး..."
"ကျင့်ကြံခြင်း အဆင့်ကို မမြင်ရဘူး ဟုတ်လား..."
နန်းတော်သခင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွား၏။
"နန်းတော်သခင်... အဲ့ဒီလူရဲ့ အမြန်နှုန်းက အရမ်း မြန်လွန်းတယ်။ သူ ဘယ်လို ကိုယ်ဖော့ပညာ သုံးသွားမှန်းတောင် ကျွန်တော်တို့ မမြင်လိုက်ရပါဘူး..."
နောက်ထပ် ထျန်းယွမ်ဘုံ ဒုတိယအလွှာ အဆင့်ရှိသူ တစ်ဦးက ဝင်ပြောလိုက်သည်။
"ဟေ... မင်းတို့အဆင့်နဲ့တောင် သူ့လှုပ်ရှားမှုကို မမြင်ရဘူး ဟုတ်လား"
နန်းတော်သခင် အနည်းငယ် အံ့ဩသွားသည်။
"အသက်အရွယ် ငယ်ငယ်လေးနဲ့ ဒီလောက် စွမ်းအားကြီးနေမှတော့... သူ့နောက်ကွယ်မှာ အင်အားကြီးတဲ့ နောက်ခံ ရှိလောက်တယ်..."
အကြီးအကဲတစ်ဦးက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဒါဆို သူ့နောက်ခံကို အရင် စုံစမ်းကြည့်ပြီးမှ လှုပ်ရှားရင် မကောင်းဘူးလား"
နောက်ထပ် အကြီးအကဲတစ်ဦးက အကြံပြုလိုက်သည်။
နန်းတော်သခင် ခေါင်းညိတ်လိုက်သည်။ အသက်ငယ်ငယ်လေးနှင့် ဤမျှ စွမ်းအားကြီးနေခြင်းမှာ သာမန် မဟုတ်တန်ရာ။ အကယ်၍ အင်အားကြီး ဂိုဏ်းတစ်ခုခုမှ ပါရမီရှင် ဖြစ်နေလျှင် တိမ်ပြာ နန်းတော်အတွက် ပြဿနာကြီးပေလိမ့်မည်။
သတိထားတာက မမှားဘူးလေ။
"အဲ့ဒီလူရဲ့ နောက်ခံကို အခုချက်ချင်း သွားစုံစမ်းကြ" နန်းတော်သခင်က အမိန့်ပေးလိုက်သည်။
"နန်းတော်သခင် ပြဿနာ တက်ပါပြီ… တိမ်ပြာ နန်းတော်ထဲကို လူတစ်ယောက် အတင်း ဝင်လာနေတယ် ကျောက်စိမ်းမြို့ မြို့တော်ဝန်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်ခင်ဗျာ"
ထိုအချိန်တွင် အစောင့်တစ်ဦး အပြေးဝင်လာပြီး သတင်းပို့လေသည်။
"ဟား…ဘယ်ကောင်ကများ ငါ့နန်းတော်ထဲထိ လာပြီး ရောင့်တက်ရဲတာလဲ"
နန်းတော်သခင်၏ မျက်နှာထား မည်းမှောင်သွားသည်။
ထိုစဉ်၊
"နန်းတော်သခင်... သေချာတယ်... အဲ့ဒါ ဟိုကောင်လေးပဲ ဖြစ်မယ်"
ဟု တပ်မှူးကြီးက ထိတ်လန့်စွာ အော်ပြောလိုက်သည်။
"ဟွန့် ၊ဘယ်သူလဲဆိုတာ သွားကြည့်ကြတာပေါ့"
နန်းတော်သခင်က အေးစက်စွာ ပြောလိုက်ပြီး ခန်းမထဲမှ ပျံသန်း ထွက်ခွာသွားလေသည်။
တိမ်ပြာ နန်းတော်၏ အထက်ပိုင်း ခေါင်းဆောင်များလည်း နောက်မှ လိုက်ပါသွားကြသည်။
နန်းတော်ကွင်းပြင်ကျယ်ကြီး၏ အလယ်တွင်...၊
လျိုချင်းယန်နှင့် ရွှေရှန်းတို့အား တိမ်ပြာ နန်းတော် အစောင့်များက ဝိုင်းရံထားကြသည်။
"အစ်ကိုထျန်းယီ... သေချာရဲ့လားဗျာ..."
ရွှေရှန်းမှာ ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေရှာသည်။
"စိတ်မပူပါနဲ့..."
လျိုချင်းယန်က ပြုံးပြီး ပြောလိုက်သည်။
"နန်းတော်သခင် ၊ ဟိုမှာ... အဲ့ဒီကောင်လေးပဲ"
တပ်မှူးကြီးက လျိုချင်းယန်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဟုတ်တယ် သူပဲ" ကျန်နှစ်ယောက်ကလည်း အတည်ပြုလိုက်ကြသည်။
'သူ့ရဲ့ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားနိုင်တယ်... ဒီကောင်လေး မရိုးရှင်းဘူး...'
နန်းတော်သခင်သည် လျိုချင်းယန်ကို အကဲခတ်ကြည့်လိုက်သော်လည်း ကျင့်ကြံခြင်း အဆင့်ကို မမြင်ရသဖြင့် မျက်နှာထား လေးနက်သွားသည်။
"လူငယ်လေး... မင်း ဘယ်သူလဲ"
ဟု နန်းတော်သခင်က အသံနက်ကြီးဖြင့် မေးလိုက်သည်။
"ကျွန်တော် ဘယ်သူလဲ ဆိုတာ အရေးမကြီးပါဘူး။ ဒါပေမဲ့ နန်းတော်သခင် အနေနဲ့ ကျောက်စိမ်းမြို့ မြို့တော်ဝန်ကို ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီကိုလာတာ ရန်ဖြစ်ဖို့ မဟုတ်ပါဘူး..."
လျိုချင်းယန်က ယဉ်ကျေးစွာ ပြောလိုက်သည်။ သူ၏ လေသံသည် ယခင်ကနှင့် လုံးဝ ကွဲပြားနေလေ၏။
"မောက်မာလိုက်တဲ့ ကောင်လေး ၊ မင်းကများ ငါတို့နဲ့ လာပြီး အပေးအယူ လုပ်ချင်နေသေးတယ်"
တပ်မှူးကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါတို့ နန်းတော်က မြို့တော်ဝန်ကို စဉ်းစားဖို့ အချိန် အလုံအလောက် ပေးခဲ့ပြီးပြီ။ သူကသာ ခေါင်းမာပြီး လက်မခံတာ... သူ့အပြစ်နဲ့သူပဲ"
အစောင့်ခေါင်းဆောင် တစ်ယောက်က ဝင်ပြောလိုက်သည်။
"ကျောက်စိမ်းမြို့က တိမ်ပြာ နန်းတော်ပိုင် မဟုတ်ပါဘူး... မြို့သူမြို့သားတွေကလည်း ပြောင်းမသွားချင်ကြဘူး။ အင်အားသုံးပြီး အတင်းအကျပ် ဖိအားပေးတာက မလွန်လွန်းဘူးလား..."
လျိုချင်းယန်က မာန်မပါသော်လည်း ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
ထိုအခါ၊ ရွှေရှန်းကလည်း သတ္တိမွေးပြီး အော်ပြောလိုက်သည်။
"ဟုတ်တယ် ၊ ကျောက်စိမ်းမြို့က ကျွန်တော်တို့ ပိုင်တာ ၊ ဘယ်သူမှ ကျွန်တော်တို့ကို မောင်းထုတ်ခွင့် မရှိဘူး"
တပ်မှူးကြီးက လှောင်ရယ်ကာ၊
"အင်အားရှိတဲ့သူက အမှန်တရားပဲ ၊ ကျောက်စိမ်းမြို့ကသာ အားမနည်းရင် ငါတို့က အစကတည်းက မြေလှန်ပစ်လိုက်ပြီးပြီ"
လျိုချင်းယန်သည် တပ်မှူးကြီးကို လျစ်လျူရှုလိုက်ပြီး နန်းတော်သခင်ကိုသာ စိုက်ကြည့်ကာ မေးလိုက်သည်။
"နန်းတော်သခင်ကရော ဘယ်လို သဘောရလဲ..."
နန်းတော်သခင်က အေးစက်စွာဖြင့်၊
"မင်းရဲ့ စွမ်းရည်ပေါ်မှာ မူတည်တယ်"
"ဒါဆိုရင်လည်း... နန်းတော်သခင်... ကျေးဇူးပြုပြီး သင်ပြပေးပါဦး..."
လျိုချင်းယန်သည် ကြောက်ရွံ့မှု မရှိဘဲ နန်းတော်သခင်ကို တိုက်ရိုက် စိန်ခေါ်လိုက်လေသည်။
"အစ်ကိုထျန်းယီ... တကယ်ကြီးလား ၊ အစ်ကို နိုင်ပါ့မလား..."
ရွှေရှန်း မျက်လုံးပြူးသွားသည်။
တိမ်ပြာ နန်းတော်မှ လူများလည်း အံ့ဩကုန်ကြသည်။
‘ဒီကောင်လေးက နန်းတော်သခင်ကိုတောင် စိန်ခေါ်ရဲတယ်ပေါ့။’