ပြင်းထန်သော အစွမ်းသတ္တိ
Vol. 28 Ch. 415
~"ဟင်... သူက နန်းတော်သခင်ကိုတောင် စိန်ခေါ်ရဲတယ်ပေါ့... ငါများ နားကြားမှားတာလား..."
"ဒီကောင်လေး ရူးနေလား... သောက်ရမ်း မောက်မာလွန်းနေပြီ"
"ရူးနေပြီ... သေချာတယ်... ဒီကောင် ရူးနေပြီ"
တိမ်ပြာ နန်းတော်မှ ဂိုဏ်းသားများအားလုံး အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ လျိုချင်းယန်က သူတို့၏ နန်းတော်သခင်ကို စိန်ခေါ်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ပေ။
တိမ်ပြာ နန်းတော်၏ အကြီးအကဲကြီး သုံးဦးသည်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်လုံးများ ပြူးကျယ်နေကြ၏။
သို့သော် လျိုချင်းယန်၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်စိုးတစ်စိမျှ မတွေ့ရ။ အကယ်၍ ဟန်ဆောင်နေသည် ဆိုလျှင်တောင်မှ... သူတို့လို ဝါရင့် အကြီးအကဲကြီး သုံးဦး၏ မျက်လုံးများကို လှည့်စားနိုင်သည်အထိ ဟန်ဆောင်ကောင်းလွန်းလှသည်။
ဒါဆို... လျိုချင်းယန်မှာ တကယ်ပဲ အဲ့ဒီလောက် စွမ်းအား ရှိနေလို့လား။
တိမ်ပြာ နန်းတော်သခင် ကိုယ်တိုင်ပင် လျိုချင်းယန်ကို အံ့ဩတကြီး စိုက်ကြည့်နေမိသည်။ နို့နံ့မစင်သေးသည့် လူငယ်လေးတစ်ယောက်က သူ့ကို စိန်ခေါ်ရဲသည့် သတ္တိရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
"လူငယ်လေး... ငါ့ကို စိန်ခေါ်တယ် ဆိုတာ မင်း အသက်နဲ့ရင်းရမယ့် ကိစ္စပဲ... သေချာ စဉ်းစားပါ..."
နန်းတော်သခင်က သတိပေးလိုက်သည်။
"မင်း အခုချက်ချင်း ထွက်သွားပြီး ကျောက်စိမ်းမြို့ကိစ္စကို လက်လျှော့လိုက်မယ်ဆိုရင်... ငါ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်..."
လျိုချင်းယန်၏ ကျင့်ကြံခြင်း အဆင့်ကို အကဲခတ်၍ မရသဖြင့် နန်းတော်သခင် ကိုယ်တိုင်လည်း အနည်းငယ် စိုးရိမ်စိတ် ဝင်နေသည်မှာ အမှန်ပင်။
"တကယ်လို့ ကျွန်တော် နိုင်ခဲ့ရင်... နန်းတော်သခင်က ကျောက်စိမ်းမြို့ မြို့တော်ဝန်ကို ပြန်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ရှုံးခဲ့ရင်တော့... နန်းတော်သခင် သဘောပါပဲ..."
လျိုချင်းယန်က ခိုင်မာပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ... မင်းက သေလမ်းကို ရွေးမှတော့လည်း ငါ ဖြည့်ဆည်းပေးရတာပေါ့"
နန်းတော်သခင်က အေးစက်စွာ ပြောလိုက်သည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ် ကောင်းလှသော သတ်ဖြတ်လိုစိတ် အရှိန်အဝါကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"ဝီ... ဝီ... ဝီ..."
နန်းတော်သခင်သည် လေပေါ်သို့ ဖြည်းညင်းစွာ ပျံတက်သွားပြီး သူ၏ ထျန်းယွမ်ဘုံ သတ္တမအလွှာ စွမ်းအားများကို အကုန်ထုတ်ဖော်လိုက်လေ၏။ စူးရှသော အစိမ်းရောင် အလင်းတန်းများက တိမ်ပြာ နန်းတော် တစ်ခုလုံးကို လင်းထိန်သွားစေသည်။
"လာစမ်း... မင်းမှာ ဘာစွမ်းရည်တွေ ရှိလို့ ငါ့နန်းတော်ကို လာပြီး ရောင့်တက်ရဲတာလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
နန်းတော်သခင်က စိန်ခေါ်လိုက်သည်။
"အစ်ကိုထျန်းယီ... သူ့စွမ်းအားက အရမ်းကြောက်စရာ ကောင်းတယ်... အစ်ကို တကယ်ပဲ နိုင်ပါ့မလား..."
ရွှေရှန်းတစ်ယောက် ကြောက်လွန်းသဖြင့် ခြေထောက်များ တုန်ရီကာ ခွေကျလုမတတ် ဖြစ်နေရှာသည်။
သူက အသွင်ပြောင်းဘုံ တတိယအလွှာ အဆင့်သာ ရှိသေးသူ ဖြစ်ရာ၊ ထျန်းယွမ်ဘုံ သတ္တမအလွှာ၏ အရှိန်အဝါကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါ့မည်နည်း။
ဒါက အားနည်းသူအပေါ် အားကြီးသူ၏ သဘာဝကျသော ဖိနှိပ်မှုပင် ဖြစ်သည်။
"ဟွန့် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတယ်"
"သူ သေချင်နေပြီပဲ နန်းတော်သခင်က သူ့ကို လက်တစ်ဖက်တည်းနဲ့တောင် ဖိသတ်လို့ ရတယ်"
"ဒီကောင်လေး သေသွားရင် ကျောက်စိမ်းမြို့က ဘာတတ်နိုင်သေးလဲ ကြည့်ကြတာပေါ့"
ထိုသို့ တိမ်ပြာ နန်းတော်မှ ဂိုဏ်းသားများက မထီမဲ့မြင် ပြောဆိုနေကြတော့သည်။
လျိုချင်းယန်က ရွှေရှန်းကို တစ်ချက် ပြုံးပြလိုက်သည်။ ထို့နောက် ဒူးကို အနည်းငယ် ကွေးလိုက်ပြီး...
"ဝုန်း"
ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားများနှင့်အတူ ဒုံးပျံတစ်စင်းအလား ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ပြင်းထန်သော လေပွေလှိုင်းကြောင့် မြေပြင်မှ ဖုန်မှုန့်များ ထကြွလာပြီး ရွှေရှန်းပင် နောက်သို့ လွင့်စင်မတတ် ဖြစ်သွားရသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လျိုချင်းယန်သည် နန်းတော်သခင်နှင့် မျက်နှာချင်းဆိုင် အမြင့်သို့ ရောက်ရှိသွားလေပြီ။
"မင်းရဲ့ အစွမ်းကုန်ကို ထုတ်သုံးစမ်း..."
နန်းတော်သခင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူ၏ စူးရှသော မျက်လုံးများက လျိုချင်းယန်ကို စိုက်ကြည့်နေ၏။
နန်းတော်သခင်၏ အမူအရာကို ကြည့်ရသည်မှာ လျိုချင်းယန်ကို တကယ် သတ်ဖြတ်ရန် ရည်ရွယ်ထားပုံရသည်။
"ဝုန်း"
လျိုချင်းယန်သည် စကားများများ ပြောမနေတော့ဘဲ ခန္ဓာကိုယ်ထဲမှ 'အစစ်အမှန်ယွမ်' စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ ကြမ်းတမ်းသော စွမ်းအားလှိုင်းတစ်ခု ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံတစ်ခုလုံး တုန်ခါသွားလေသည်။
"ဟင်... ထျန်းယွမ်ဘုံ ဆဌမအလွှာ"
နန်းတော်သခင်၏ မျက်နှာထား ပြောင်းလဲသွားသည်။ မျက်လုံးများ ပြူးကျယ်သွားပြီး လျိုချင်းယန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
လျိုချင်းယန်က တိမ်ပြာ နန်းတော်ကို တစ်ယောက်တည်း လာပြီး လူလာကယ်ရဲသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ သူ့တွင် တကယ့် စွမ်းရည်အစစ်အမှန် ရှိနေခဲ့ခြင်း ဖြစ်သည်။
"ဆဌမ... ဆဌမအလွှာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဒီကောင်လေးက ထျန်းယွမ်ဘုံ ဆဌမအလွှာတဲ့လား"
"သူက ဘယ်သူလဲ... အသက်က ငါတို့ထက်တောင် ငယ်သေးတယ်... ကြည့်ရတာ နှစ်ဆယ်လောက်ပဲ ရှိဦးမယ်... အဲ့ဒီအရွယ်နဲ့ ဆဌမအလွှာ ရောက်နေပြီတဲ့လား"
လျိုချင်းယန်၏ ကြမ်းတမ်းသော စွမ်းအားများကို ခံစားလိုက်ရသည်နှင့် တိမ်ပြာ နန်းတော် ဂိုဏ်းသားများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ စောစောက လှောင်ပြောင်နေမှုများ ပျောက်ဆုံးသွားပြီး ကြောက်ရွံ့မှုများ ဝင်ရောက်လာကြသည်။
"ဒီကောင်လေးရဲ့ စွမ်းအားက အရမ်း ကြမ်းတမ်းတယ်... သူက သာမန်လူ မဟုတ်ဘူး"
အကြီးအကဲချုပ် မျက်မှောင်ကြုတ်လိုက်သည်။
"ဒီအရွယ်နဲ့ ဒီလောက် ကျင့်ကြံခြင်း အဆင့် ရှိနေတာ... ယုံတောင် မယုံနိုင်စရာပဲ..." ဒုတိယ အကြီးအကဲကလည်း လေးနက်စွာ ပြောလိုက်သည်။
တပ်မှူးကြီးမှာမူ ကြောက်လွန်းသဖြင့် ခြေတွေလက်တွေ အေးစက်နေပြီ ဖြစ်သည်။ ကျောက်စိမ်းမြို့တုန်းက လျိုချင်းယန်သာ သူ့ကို သတ်ချင်ခဲ့လျှင် သူ ယခုချိန်ထိ အသက်ရှင်နေမှာ မဟုတ်မှန်း နားလည်လိုက်ပြီ ဖြစ်သည်။
လျိုချင်းယန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
"တိမ်ပြာ နန်းတော်သခင်... စလိုက်ကြရအောင်..."
သူ အတိတ်မေ့နေသည် မှန်သော်လည်း၊ ကိုယ့်စွမ်းအား ကိုယ် ယုံကြည်မှု ရှိသည်။ နန်းတော်သခင်ကို ရင်ဆိုင်ရန် သူ လုံးဝ မကြောက်ပေ။
"ဝုန်း"
နန်းတော်သခင်သည် တွေဝေမနေဘဲ လေထုကို နင်းကာ ရှေ့သို့ တိုးဝင်လာသည်။ ဆဌမအလွှာလောက်နှင့် သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
လျိုချင်းယန်လည်း အားမခံဘဲ ပြန်လည် တိုးဝင်သွားသည်။ အမြန်နှုန်းချင်း ယှဉ်လျှင် နန်းတော်သခင်ထက် မလျော့နည်းပေ။
"ဘုန်း"
"ဝုန်း... ဝုန်း..."
မျက်တောင်တစ်ခတ် အတွင်းမှာပင် နှစ်ယောက်သား လက်သီးချင်း ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံလိုက်ကြသည်။ ပေါက်ကွဲသံကြီးက မိုးချုန်းသံအလား ဆူညံသွားပြီး စွမ်းအင်ဂယက်များက ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားလေသည်။
အံ့ဩစရာ ကောင်းသည်မှာ... နန်းတော်သခင်၏ သတ္တမအလွှာ စွမ်းအားနှင့် တိုက်ခိုက်တာတောင်မှ လျိုချင်းယန်ကို နောက်ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ခြင်းပင်
'ငါ့ရဲ့ စွမ်းအားကို ဒီအတိုင်းကြီး ခုခံနိုင်တယ် ဟုတ်လား... ဒီကောင်လေးရဲ့ စွမ်းအားက အရမ်း သိပ်သည်းလွန်းတယ် မဟုတ်ဘူး... သူ့ရဲ့ ခန္ဓာကိုယ်က သာမန်ထက်ပိုပြီး သန်မာနေတာ'
နန်းတော်သခင် စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားမိသည်။
လက်သီးတစ်ချက် ယှဉ်ထိုးလိုက်ရုံနှင့်တင် သူ စိုးရိမ်စိတ် ဝင်လာလေမိ၏။
အကြီးအကဲများနှင့် ဂိုဏ်းသားများလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ သတ္တမအလွှာက ဆဌမအလွှာကို အသာစီး မရဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား။
နန်းတော်သခင်က အားနည်းနေလို့လား။
မဟုတ်ပါ။ လျိုချင်းယန်က သန်မာလွန်းနေခြင်း ဖြစ်သည်။
လျိုချင်းယန်သည် လမ်းစဉ် ကိုးသွယ် တာအိုအရှင်၏ အမွေအနှစ်ကို ရရှိထားပြီး အစွမ်းထက်သော ကျင့်စဉ်များကို ကျင့်ကြံထားသူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် 'အထွတ်အထိပ် ခန္ဓာ' ဖြစ်သဖြင့် သာမန်ထက် များစွာ ပိုမို သန်မာမာကျောလှသည်။
လျိုချင်းယန်၏ အစစ်အမှန် တိုက်ခိုက်စွမ်းရည်သည် ထျန်းယွမ်ဘုံ အဋ္ဌမအလွှာနှင့်ပင် ယှဉ်နိုင်စွမ်း ရှိပေသည်။
မူလက လျိုချင်းယန်သည် ပဉ္စမအလွှာသာ ရှိသေးသည်။ သတိမေ့နေစဉ် အတွင်းမှာ မည်သို့မည်ပုံ ဆဌမအလွှာသို့ ရောက်သွားသည်ကို မည်သူမျှ မသိကြသော်လည်း၊ သေချာတာ တစ်ခုကတော့ သူ ပိုမို စွမ်းအားကြီးလာခြင်းပင်။
"နန်းတော်သခင်... အားကုန်ထုတ်သုံးပါ... ကျွန်တော်က ပွဲကို အမြန်ဖြတ်ချင်လို့ပါ..."
လျိုချင်းယန်က တည်ငြိမ်စွာ ပြောလိုက်၏။
ထိုစကားက ပွဲကို အမြန်ဆုံးသတ်ချင်သည်ဟု ဆိုလိုရာ ရောက်သော်လည်း၊ တဖက်လှည့်ဖြင့် နန်းတော်သခင်၏ စွမ်းအားက ပျော့လွန်းသည်ဟု သရော်လိုက်ခြင်းလည်း ဖြစ်သည်။
နန်းတော်သခင်၏ အမြင်တွင်မူ လျိုချင်းယန်က သူ့ကို လုံးဝ အထင်သေးနေခြင်း ဖြစ်သည်။
"မောက်မာလိုက်တာ"
နန်းတော်သခင်၏ မျက်နှာအိုကြီး ရှုံ့တွသွားပြီး ဒေါသများ ငယ်ထိပ်သို့ ဆောင့်တက်သွားသည်။ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာပြီး လျိုချင်းယန်ကို အရှင်လတ်လတ် ဆွဲဖြဲပစ်ချင်စိတ်များ ဖြစ်ပေါ်လာလေသည်။
"ဝီ... ဝီ..."
ဒေါသထွက်နေသော နန်းတော်သခင်သည် ပိုမို ပြင်းထန်သော စွမ်းအားများကို ထုတ်ဖော်လိုက်ပြန်သည်။ လေထုတစ်ခုလုံး တုန်ခါသွားပြီး သတ်ဖြတ်ခြင်း အရှိန်အဝါများက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
"ဘုန်း ဘုန်း ဘုန်း"
"ဝှစ်.. ဝှစ်..."
နန်းတော်သခင်သည် ရုတ်တရက် တရစပ် တိုက်ခိုက်မှုများ ပြုလုပ်လိုက်သည်။ လက်သီးချက်တိုင်း၊ ခြေကန်ချက်တိုင်းတွင် သေစေနိုင်သော စွမ်းအားများ ပါဝင်နေပြီး အလွန် ရက်စက်ကြမ်းကြုတ်လှသည်။
သို့သော်... နန်းတော်သခင်၏ ပြင်းထန်သော တိုက်ခိုက်မှုများကို လျိုချင်းယန်က တည်ငြိမ်စွာဖြင့် တစ်ကွက်ချင်းစီ ခုခံကာကွယ်သွားလေသည်။ ဘယ်လို ပုံစံနှင့် တိုက်တိုက်၊ လျိုချင်းယန်ကို ထိအောင် မလုပ်နိုင်ပေ။
နန်းတော်သခင်၏ တိုက်ခိုက်မှုများ အရာမထင်ဖြစ်နေရသည်။
"မဖြစ်နိုင်ဘူး၊ ငါ့တိုက်ကွက်တွေက ဘာလို့ အရာ မထင်ရတာလဲ"
နန်းတော်သခင် တိုက်လေ ၊ တုန်လှုပ်လေ၊ ဒေါသထွက်လေ ဖြစ်လာရသည်။
အကြီးအကဲချုပ် မျက်လုံးပြူးသွားသည်။
"ဒီကောင်လေးက နန်းတော်သခင်ရဲ့ တိုက်ကွက်တွေကို ကြိုမြင်နေသလိုပဲ"
"သူ... သူက နန်းတော်သခင်ကို ယှဉ်နိုင်တယ်"
တပ်မှူးကြီး တစ်ကိုယ်လုံးလည်း တုန်ရီနေမိသည်။ လျိုချင်းယန်ကို ကြောက်လန့်တကြား ငေးကြည့်နေမိ၏။
တိမ်ပြာ နန်းတော် ဂိုဏ်းသားများအားလုံး ဆွံ့အသွားကြသည်။ လျိုချင်းယန် ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။