← Chapters

ရေဝိညာဉ် အတားအဆီး

Vol. 28 Ch. 418

ရေဝိညာဉ် အတားအဆီး

Vol. 28 Ch. 418

~အကယ်၍ ဖန်ရှောင်ယွင်သာ ထိုလူသည် လျိုချင်းယန်ဖြစ်ကြောင်း သေချာသွားခဲ့လျှင်၊ လျိုချင်းယန်တစ်ယောက် သေမင်းလက်မှ လွတ်ကင်းနိုင်ဖို့ ခဲယဉ်းပေလိမ့်မည်။

ဖန်ရှောင်ယွင်သည် 'ထျန်း' နယ်မြေ အရှေ့ပိုင်းရှိ အင်အားစု အကြီးအငယ်မရွေး စုစည်းကာ ဖုန်းဝူချန်တို့ကို လိုက်လံသတ်ဖြတ်နေခြင်းကို ကြည့်ရုံနှင့် သူ မည်မျှ အမုန်းကြီးကြောင်း ခန့်မှန်းနိုင်ပေသည်။ ဖုန်းဝူချန်ကိုသာမက ဖုန်းဝူချန်နှင့် ပတ်သက်သမျှ လူတိုင်းကိုပါ အပိုင်းပိုင်း အတစ်တစ် ဆွဲဖြဲပစ်ချင်နေသည်မှာ အသေအချာ။

သို့ကြောင့် လျိုချင်းယန်အတွက် အန္တရာယ်က ကြီးမားလှသည်။

သို့ဖြစ်စေကာမူ... အရာအားလုံးက မသေချာသေးပါ။

ယခု... ဝိညာဉ်ပြတ် တောင်ကြားကို ပြန်ကြည့်ကြပါစို့...။

ဖုန်းဝူချန်တို့ အဖွဲ့သည် သွေးကန်ထဲတွင် ကျင့်ကြံနေကြသည်မှာ နှစ်ရက်ပင် ရှိခဲ့ပြီ။ သူတို့၏ စွမ်းအားများသည်လည်း သိသိသာသာ တိုးတက်လာကြသည်။

ရှေးဟောင်း စွမ်းအား၏ ကြမ်းတမ်းမှုနှင့် ပြည့်ဝမှုသည် သာမန် စွမ်းအင်များ၊ ဆေးလုံးများ၊ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' ထက်ပင် သာလွန်နေလေသည်။

ထိုအချိန်တွင်... အမှောင်ထုထဲ၌ ပုန်းအောင်းနေသော ကောင်းကင်ဝံပုလွေနှင့် ကောင်းကင်ကျားတို့ ညီအစ်ကိုသည် ဖုန်းဝူချန်တို့အတွက် "လက်ဆောင်ကြီး" တစ်ခု ပြင်ဆင်ထားကြ၏။

" 'နှစ်တစ်ရာ သက်တမ်းရှိ ဝိညာဉ်စမ်းရေ'က စွမ်းအားကြီးတဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ပေးနိုင်တယ်ကွ... ဖုန်းဝူချန်က ဆေးပညာရှင် ဖြစ်နေရင်တောင် ရိပ်မိမှာ မဟုတ်ဘူး..."

ကောင်းကင်ဝံပုလွေသည် ရက်စက်သော အပြုံးတစ်ခုနှင့် ရေရွတ်လိုက်သည်။

"အစ်ကိုက တကယ့် ဉာဏ်ကြီးရှင်ပဲ... ဒီလို ရတနာမျိုး ဘယ်က ရလာတာလဲ..." ကောင်းကင်ကျားက ဝမ်းသာအားရ ပြောလိုက်သည်။

ကောင်းကင်ဝံပုလွေက "ငါတို့နှစ်ယောက်ရဲ့ စွမ်းအားရယ်... ပြီးတော့ 'ရွှမ်းမင် စွမ်းအားမြှင့် ဆေးလုံး' ရဲ့ အကူအညီနဲ့ဆိုရင်... ခဏလေးအတွင်းမှာ 'ကောင်းကင်ဘုံ လူသား' အဆင့် နှစ်ယောက်ကိုတောင် ဒဏ်ရာ အပြင်းအထန် ရသွားစေနိုင်တယ်..."

ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။

"အဲ့ဒီအချိန်ကျရင် ဖုန်းဝူချန်ကို သတ်ဖို့က လက်ဖဝါးလှန်သလို လွယ်သွားပြီပေါ့ အကုန် သတ်ပစ်မယ်" ကောင်းကင်ကျားကလည်း အံကြိတ်ကာ ပြောလိုက်သည်။

ကောင်းကင်ဝံပုလွေသည် 'နှစ်တစ်ရာ ဝိညာဉ်စမ်းရေ' ကို ထုတ်ယူလိုက်ရာ ထူးခြားသော အဖြူရောင် မြူခိုးများ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေ၏။

ထို့နောက် ညီအစ်ကိုနှစ်ယောက်သည် 'ရွှမ်းမင် ဆေးလုံး' ကို မျိုချလိုက်ကြသည်။ သူတို့၏ စွမ်းအားများ ချက်ချင်း မြင့်တက်လာသည်။ သူတို့သည် စွမ်းအားများကို သတိထားပြီး ထိန်းချုပ်ကာ မြေကြီးအောက်သို့ ဖြည်းဖြည်းချင်း ထိုးသွင်းလိုက်ကြ၏။

မြေကြီးအောက်တွင်... သွေးကန်နှင့် မီတာအနည်းငယ် အကွာ၌ ကြောက်မက်ဖွယ် စွမ်းအင်များ လျင်မြန်စွာ စုစည်းနေပြီ ဖြစ်၏။ သို့သော် အပေါ်မှ လူများကမူ မည်သည့် အရှိန်အဝါကိုမျှ အာရုံမခံမိကြချေ။ အဖြူရောင် မြူခိုးများက လုံးဝ ဖုံးကွယ်ပေးထားသည် မဟုတ်ပါလော။

သေမင်းတမန် အန္တရာယ်သည် ဖုန်းဝူချန်တို့အဖွဲ့ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာနေလေပြီ ဖြစ်သည်။

"စမယ်"

မြေအောက်သို့ ပို့လွှတ်လိုက်သော စွမ်းအားများ အကန့်အသတ် ရောက်သည်နှင့် ကောင်းကင်ဝံပုလွေ အော်ဟစ်လိုက်သည်။

မြေအောက်တွင် ပုန်းကွယ်နေသော ကြောက်မက်ဖွယ် စွမ်းအင်ဗုံးကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ဖုန်းဝူချန်တို့ ရှိရာသို့ အရှိန်ပြင်းပြင်း တိုးဝင်သွားတော့၏။

ဖုန်းဝူချန် တစ်ခုခု မှားနေမှန်း ရိပ်မိလိုက်သည်။ မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွား၏။

"အားလုံး သတိထား"

ဟု ဖုန်းဝူချန် ထိတ်လန့်တကြား သတိပေးလိုက်သည်။

"ကောင်းကင်ဘုံ လူသား တတိယအလွှာရဲ့ စွမ်းအား"

လန်ယွဲ့နှင့် ပေတိုယန်တို့ ချက်ချင်း သိလိုက်ကြသည်။ ထိုမျှ ကြီးမားသော စွမ်းအားကို သူတို့နှစ်ယောက်လုံး ရင်ထိတ်သွားကြသည်။

ချီဟွမ်နှင့် ကျန်လူများမှာမူ ဘာမှ ပြန်မတုံ့ပြန်နိုင်လိုက်ကြပေ။

"ဘုန်း"

"ဝေါ... ဝေါ..."

မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးကန်ကြီး ပေါက်ကွဲသွားတော့သည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများအားလုံး အမှုန့်ဖြစ်သွားကြသည်။

"အစ်ကို ငါတို့ လုပ်နိုင်ပြီ ၊ ဟားဟားဟား"

ကောင်းကင်ကျား ဝမ်းသာအားရ အော်ဟစ်ရယ်မောလိုက်၏။

"ကောင်းတယ် အသက်ရှင်တဲ့ကောင် ကျန်ခဲ့ရင်တောင် မသေရုံတမယ် ဖြစ်နေမှာ သေချာတယ်"

ကောင်းကင်ဝံပုလွေလည်း ရက်စက်စွာ ပြုံးလိုက်ပြီး နှစ်ယောက်သား အပြေးထွက်လာကြသည်။

သွေးကန် နေရာတွင် ကြောက်မက်ဖွယ် စွမ်းအင်ဂယက်များ လှိုင်းလုံးများအလား ဘေးပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။

ပေ (၇၀) ပတ်လည်အတွင်းရှိ သစ်ပင်ကြီးများ၊ ကျောက်တုံးများ၊ ပန်းမန်များ အားလုံး ပြာကျသွားပြီး သဲကန္တာရအလား ဖြစ်သွားခဲ့ရသည်။

ဖျက်ဆီးစွမ်းအားက တကယ်ကို ကြောက်ခမန်းလိလိပင်။

"အစ်ကို... သူတို့ကို သတ်ပြီးရင် ငါတို့ ဒီမှာ ဆက်ကျင့်ကြံလို့ ရပြီ၊ ငါတို့ စွမ်းအားတွေ အများကြီး တက်လာတော့မယ် ဟားဟား"

"ဟုတ် လို့ လား..."

ရုတ်တရက် ထက်ရှပြီး လေးနက်သော အသံ တစ်သံ ထွက်ပေါ်လာခြင်းပါ။

"ဟမ့်၊ ဖုန်းဝူချန်... မင်း မသေသေးဘူးပေါ့..."

ကောင်းကင်ဝံပုလွေက မအံ့ဩဘဲ ပြောလိုက်သည်။ ဒါကို သူ မျှော်လင့်ထားပြီးသားပင်။

"ကောင်းတယ် ၊ ငါ့ညီလေးအတွက် ငါကိုယ်တိုင် လက်စားချေလို့ ရတာပေါ့"

ကောင်းကင်ကျားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ တဖြည်းဖြည်း ကွယ်ပျောက်သွားသောအခါ... ဖုန်းဝူချန်တို့အဖွဲ့ ပေါ်လာကြသည်။

သူတို့အားလုံး အသက်ရှင်နေကြသည်ကို မြင်လိုက်ရသောအခါ ကောင်းကင်ဝံပုလွေနှင့် ကောင်းကင်ကျားတို့၏ မျက်နှာများ တင်းမာသွားကြ၏။

ထျန်းယွမ်ဘုံ အဆင့်သာ ရှိသော ချီဟွမ်တို့ပင် အသက်ရှင်နေကြသေးသည်။

'ကောင်းကင်ဘုံ လူသား' တတိယအလွှာ အဆင့်ရှိသော ပေါက်ကွဲမှုကြီးက တစ်ယောက်ကိုမှ မသတ်နိုင်ခဲ့ဘူးတဲ့လား

ဖုန်းဝူချန်တို့ တစ်ဖွဲ့လုံး၏ ဘေးပတ်လည်တွင် ရေစွမ်းအင် အကာအကွယ် အလွှာပါးလေး တစ်ခု စီးဆင်းနေသည်။ ၎င်းသည် စွမ်းအင်ဒိုင်းတစ်ခုအလား သူတို့ကို ကာကွယ်ပေးထားခြင်း ဖြစ်သည်။

"အဟွတ်"

ရုတ်တရက် လန်ယွဲ့ ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ သူမ၏ မျက်နှာလေး ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး ခွေကျလုမတတ် ဖြစ်သွားရှာသည်။

"လန်ယွဲ့"

မြောင်ချင်းချင်းက သူမကို အမြန် တွဲထူပေးလိုက်ပြီး ဒဏ်ရာကုဆေး တစ်လုံး တိုက်လိုက်သည်။

ဖုန်းဝူချန်နှင့် ပေတိုယန်မှလွဲ၍ ကျန်လူများအားလုံး ဒဏ်ရာ အနည်းနှင့်အများ ရရှိထားကြသည်။

လန်ယွဲ့ကတော့ ဒဏ်ရာ အပြင်းထန်ဆုံးပင်။ ဒီရေစွမ်းအင် အကာအကွယ်ကို သူမ ဖန်တီးပေးခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။

ဒါက ရေနတ်သူငယ်တွေ၏ သီးသန့် စွမ်းရည် တစ်ခု ဖြစ်ပြီး၊ ကာကွယ်ရေး စွမ်းအား အလွန် ကောင်းမွန်လေသည်။

'ကောင်းကင်ဘုံ လူသား' တတိယအလွှာ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသည် ဆိုကတည်းက ဒီ 'ရေဝိညာဉ် အတားအဆီး'က မည်မျှ စွမ်းအားကြီးသည်လဲ ရှင်းနေလေ၏။

ပေတိုယန်ကတော့ ကိုယ်တိုင်က 'ကောင်းကင်ဘုံ လူသား' အဆင့်မို့ ထိခိုက်မှု မရှိသလောက်ပင်။

ဖုန်းဝူချန်ကလည်း ချီလင် ချပ်ဝတ်ကြောင့် ဒဏ်ရာ မရခဲ့ပေ။

"မဖြစ်နိုင်ဘူး"

ကောင်းကင်ဝံပုလွေတို့ ညီအစ်ကို အော်ဟစ်လိုက်ကြသည်။ မျက်နှာများတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်နေ၏။

သည်လောက် ပြင်းထန်သော ပေါက်ကွဲမှုကြီးက တစ်ယောက်မှ မသေဘူး ဆိုသည်က ဘယ်လိုမှ မဖြစ်နိုင်ပေ။

"မင်းတို့တွေ ဖြစ်နေတာကိုး..."

ဖုန်းဝူချန်၏ အသံသည် ရေခဲတမျှ အေးစက်နေသည်။ သူ၏ မျက်လုံးများက လူသေကောင်များကို ကြည့်နေသကဲ့သို့ ခံစားမှု ကင်းမဲ့နေ၏။

နန်းကုန်းကျန့်က "လန်ယွဲ့သာ အချိန်မီ မကာကွယ်ပေးနိုင်ခဲ့ရင်... ငါတို့ အကုန် သေကုန်ကြမှာ..."

ဟု အံကြိတ်ကာ ပြောလိုက်သည်။ သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရန်သူများကို စိုက်ကြည့်နေသည်။

ပေတိုယန်၏ လေသံတွင်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလျက်၊

"ကောင်းကင်ဘုံက ပေးတဲ့ လမ်းကို မလျှောက်ဘဲ... ငရဲတံခါးကိုမှ အတင်း ဝင်တိုးချင်ကြတယ်ပေါ့..."

"ပေတိုယန်... ကောင်းကင်ကျားကို သတ် ငါ ကောင်းကင်ဝံပုလွေကို ရှင်းမယ်"

ဖုန်းဝူချန်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ 'အထွတ်အထိပ် နဂါးနတ်ဘုရား ဓား' ကို ဆင့်ခေါ်လိုက်ပြီး ကောင်းကင်ဝံပုလွေဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

"ကောင်းကင်ဘုံ လူသား အဆင့်ကို ရောက်ပြီးကတည်းက ငါ့စွမ်းအား ဘယ်လောက်တိုးတက်လာလဲ စမ်းကြည့်ချင်နေတာ... အတော်ပဲ"

ပေတိုယန်က ရက်စက်စွာ ပြုံးလိုက်ပြီး ကောင်းကင်ကျားကို သားကောင်တစ်ကောင်အလား စိုက်ကြည့်လိုက်သည်။

"ဟင်... ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ"

ဖုန်းဝူချန်၏ အရှိန်အဝါကို ခံစားမိလိုက်သည်နှင့် ညီအစ်ကိုနှစ်ယောက် မျက်နှာပျက်သွားကြသည်။

‘တစ်လအတွင်းမှာ ဆဌမအလွှာကနေ အဋ္ဌမအလွှာကို ရောက်သွားတယ်တဲ့လား။

ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်း အမြန်နှုန်းလဲ..’

သူတို့… စဉ်းစား၍ပင် မရနိုင်တော့ပါ။

ရုတ်တရက် ဖုန်းဝူချန်၏ အရှိန်အဝါက ထပ်မံ မြင့်တက်လာပြန်သည်။ အဋ္ဌမအလွှာမှသည် ဆန်းကြယ်သော အဆင့်တစ်ခုသို့ ရောက်ရှိသွား၏။ 'ကောင်းကင်ဘုံ လူသား' အဆင့်တော့ မဟုတ်၊ သို့သော် ထျန်းယွမ်ဘုံ နဝမအလွှာထက်တော့ သာလွန်နေသည်။

ပေတိုယန်ကလည်း သူ့စွမ်းအားများကို အကုန် ထုတ်ဖော်လိုက်သည်။ မြေကြီးများ တုန်ခါသွားပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

"ဟင်... ဒုတိယအလွှာ"

ပေတိုယန် ကိုယ်တိုင် အံ့ဩသွားသည်။ သူ ပထမအလွှာကို အဆင့် ချိုးဖြတ် ဝင်ရောက်ခဲ့ရုံ ရှိသေးသည်။ အခု တိုက်ခိုက်မှု စွမ်းအားက ဒုတိယအလွှာထိ ရောက်နေလေ၏။

"ဝှစ်"

ဖုန်းဝူချန်သည် မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ဝံပုလွေ ရှေ့သို့ ရောက်လာပြီး ဓားကို ဝှေ့ယမ်းကာ ခုတ်ပိုင်းလိုက်သည်။

"ဒင်"

"ဝီ..."

ကောင်းကင်ဝံပုလွေသည် အားကုန်ထုတ်ကာ လက်သည်းဖြင့် ခုခံလိုက်သည်။ သတ္တုချင်း ရိုက်ခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး...

နောက်တစ်စက္ကန့်တွင် ကောင်းကင်ဝံပုလွေ၏ ခန္ဓာကိုယ်သည် အမည်းရောင် မျဉ်းတန်းတစ်ခုအလား နောက်သို့ လွင့်စင်ထွက်သွားတော့သည်။

ဓားတစ်ချက်တည်းနှင့်... ကောင်းကင်ဝံပုလွေ လွင့်ထွက်သွားခဲ့ရလေသတည်း။

All Chapters