တစ်စိတ်ကို သုံးပိုင်းခွဲပြီး သုံးနေတာပဲ
Vol. 75 Ch. 1476
~ကျင်းရှန်းသည် ဒီဂိမ်းအသစ်အကြောင်း ကြားလိုက်ရသည့်အခါ ချက်ချင်းပင် စိတ်ဝင်စားသွားလေ၏။
"ဒါဆို အနိုင်အရှုံးကို ဘယ်လို ဆုံးဖြတ်မလဲ"
"အရမ်း ရှင်းပါတယ်... ခင်ဗျားတို့က တာဝန်နှစ်ခုထဲက တစ်ခုကို ပြီးအောင်လုပ်နိုင်ရင် နိုင်ပြီ။ ကြက်ဥခွံခွာတာ အရင်ပြီးမလား၊ ဒါမှမဟုတ် ကျွန်တော့်ကို အရင် အနိုင်ယူမလား... ကြိုက်တာလုပ်။ ကျွန်တော်ကတော့ နှစ်ခုစလုံးကို ပြီးအောင်လုပ်နိုင်မှ နိုင်မယ်"
ယဲ့ဖန်သည် သူ့ဘက်က အလွန်တရာ နစ်နာသော စည်းမျဉ်းကို ပြောလိုက်ခြင်း ဖြစ်၏။
"ဒါက ခင်ဗျားအတွက် နည်းနည်း မတရားဘူး မထင်ဘူးလား"
ကျင်းရှန်းက သွေးတိုးစမ်းသလို မေးလိုက်သော်လည်း၊ သူ၏ ဦးနှောက်ကမူ လျင်မြန်စွာ အလုပ်လုပ်နေပြီး ဒီအထဲတွင် ထောင်ချောက် ရှိမရှိ စဉ်းစားနေပုံရ၏။
"ကျွန်တော် ပြောလို့ မပြီးသေးဘူး။ ခင်ဗျားတို့က ကြက်ဥပြုတ်ကို ခွာရမယ်၊ ကျွန်တော်က ကြက်ဥစိမ်းကို ခွာမယ်"
ယဲ့ဖန်သည် ပြောရင်းဆိုရင်း ကြက်ဥစိမ်းတစ်လုံးကို ကောက်ယူပြီး လက်ထဲတွင် ချိန်ဆကြည့်လိုက်လေ၏။
ကျင်းရှန်း ပို၍ မျက်မှောင်ကြုတ်သွား၏။
"ခုနက ခင်ဗျား 'ခင်ဗျားတို့' လို့ ပြောလိုက်တာလား။ ခင်ဗျား ဆိုလိုတာက..."
"ဟုတ်တယ်"
ယဲ့ဖန်က ခေါင်းညိတ်လိုက်ပြီး၊ သူ၏ လက်ညှိုးက ခိုးသားဂိုဏ်းသား အားလုံးကို ဝေ့ဝဲညွှန်ပြလိုက်သည်။
"ခင်ဗျားတို့ အားလုံး... တစ်ပြိုင်နက်တည်း ဝင်တိုက်ကြ"
ထိုစကားကို ပြောလိုက်သည်နှင့် အခန်းတစ်ခုလုံး ပေါက်ကွဲသွားတော့သည်။
"မောက်မာလိုက်တာ... သောက်ရမ်း မောက်မာလွန်းမနေဘူးလား။ သူတစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို နိုင်မယ်လို့ ထင်နေတာလား"
"ဒီကောင်လေး ဘာတွေ ပြောနေတာလဲ။ ရူးများသွားပြီလား"
"ငါ့တစ်သက်မှာ ဒီလောက် မောက်မာတဲ့လူ တစ်ခါမှ မမြင်ဖူးဘူး။ ငါတို့ကို လုံးဝ အဖက်မလုပ်တာပဲ"
"ဦးလေးကျင်း... လက်ခံလိုက်ဗျာ။ ဒီကောင်လေး ဘယ်လောက် စွမ်းလို့ ဒီလောက် မောက်မာနေလဲ ကြည့်ရသေးတာပေါ့"
ဆူညံနေသော လူအုပ်ကြားမှ လူတစ်ယောက်က ယဲ့ဖန်ကို မေးခွန်းထုတ်လိုက်သည်။
"ခင်ဗျား ဆိုလိုတာက... ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က ကြက်ဥခွံ အရင်ခွာပြီးသွားတာနဲ့ ကျွန်တော်တို့ နိုင်ပြီပေါ့။ ဟုတ်လား"
"ဟုတ်တယ်"
ယဲ့ဖန်က ပြတ်သားစွာ အဖြေပေးလိုက်လေ၏။
လူအုပ်ကြီးသည် ဆဲဆိုခြင်းကို ရပ်လိုက်ပြီး အချင်းချင်း တိုင်ပင်ဆွေးနွေးကြတော့သည်။
ယွီဖုန်းရှန်းကမူ ယဲ့ဖန်ကို နားမလည်နိုင်စွာ ကြည့်နေမိ၏။
ဒီလူက ဘာကြောင့် သူ့ဘက်က ဒီလောက် နစ်နာသည့် ပြိုင်ပွဲမျိုးကို အကြံပြုရသလဲ ဆိုတာ သူမ တကယ် နားမလည်နိုင်ပေ။
`'သူတစ်ယောက်တည်းနဲ့ ဒီလူတွေအကုန်လုံးကို နိုင်မယ်လို့ ထင်နေတာလား... မောက်မာလွန်းတာလား၊ ဒါမှမဟုတ် တကယ် ယုံကြည်မှု ရှိနေတာလား...'`
ယဲ့ဖန်သည် သူမရှေ့တွင် သူ၏ သိုင်းပညာစွမ်းရည်နှင့် ထူးကဲသော ဉာဏ်ရည်ကို ပြသခဲ့ပြီးဖြစ်သော်လည်း၊ ဒီတစ်ကြိမ်တွင်တော့ နိုင်ရန် အခွင့်အလမ်း သိပ်မရှိဟု ယွီဖုန်းရှန်း ထင်မြင်မိ၏။
အားချန် တစ်ယောက်တည်းသာ ယဲ့ဖန်ကို ယုံကြည်မှု အပြည့်ရှိနေ၏။
သူ့စိတ်ထဲတွင်တော့ ဆရာယဲ့ မလုပ်နိုင်တာ ဘာမှ မရှိချေ။
ခဏကြာသော် ဆွေးနွေးမှု ပြီးဆုံးသွားလေ၏။
ကျင်းရှန်းသည် ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကောင်းပြီ... ကျွန်တော်တို့ သဘောတူတယ်။ ခင်ဗျား သူငယ်ချင်းနဲ့ ပူးပေါင်းပြီး တိုက်ခိုက်လို့ ရတယ်။ ဒါမှ ကျွန်တော်တို့က လူအုပ်နဲ့ အနိုင်ကျင့်တယ်လို့ အပြောမခံရမှာ"
ပြောရင်းဖြင့် သူက အားချန်ကို လက်ညှိုးထိုးပြလိုက်သည်။
"မလိုပါဘူး... ကျွန်တော် တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်"
ယဲ့ဖန်က သူ၏ စေတနာကို ငြင်းပယ်လိုက်သည်။ နိုင်ပြီဟု ယုံကြည်နေကြသော ဒီလူများ၏ မျက်နှာထားကို ကြည့်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။
ဒီအခွင့်အရေးကို သုံးပြီး 'မျှော်လင့်ချက် ကုန်ဆုံးခြင်း'ဆိုတာ ဘာလဲ သူတို့ကို သိစေရမည်။
ဒါမှသာ သူတို့က ရှန်ဘုရင်၏ လျှို့ဝှက်ရတနာကို လိုချင်သော စိတ်ကူးကို လုံးဝ စွန့်လွှတ်နိုင်ပေလိမ့်မည်။
ယွီဖုန်းရှန်းက စားပွဲထိုးကို ကြက်ဥပြုတ် နှစ်ပန်းကန် အမြန်ယူလာခိုင်းပြီး၊ ခိုးသားဂိုဏ်းသား တစ်ယောက်ချင်းစီကို တစ်လုံးစီ ဝေပေးလိုက်သည်။
ယဲ့ဖန်လည်း ပန်းကန်ထဲမှ ကြက်ဥစိမ်း တစ်လုံးကို ယူလိုက်လေ၏။
နှစ်ဖက်စလုံး အသင့်ဖြစ်နေကြလေ၏။
"ဒါဆို စလိုက်ကြစို့"
ယဲ့ဖန်သည် ဘယ်လက်မနှင့် လက်ခလယ်ကြားတွင် ကြက်ဥကို ညှပ်လိုက်ပြီး၊ ညာလက်ဖြင့် ခပ်ဖွဖွ ပွတ်လိုက်ရာ ကြက်ဥက ဂျင်တစ်လုံးလို စတင် လည်ပတ်လာတော့သည်။
ခိုးသားဂိုဏ်းသားများ အချင်းချင်း မျက်ရိပ်ပြလိုက်ကြသည်။
ငါးယောက်က ကျင်းရှန်းနှင့်အတူ ယဲ့ဖန်ဆီသို့ ပြေးဝင်တိုက်ခိုက်ကြသည်။
ကျန်တဲ့ ငါးယောက်ကတော့ အချိန်ကို အလုအယက်သုံးပြီး ကြက်ဥခွံ ခွာကြလေ၏။
သူတို့ အလုပ်ခွဲဝေထားကြခြင်း ဖြစ်၏။ တစ်ဖွဲ့က ယဲ့ဖန်ကို တိုက်ခိုက်ဖို့ တာဝန်ယူမည်။ ကျန်တဲ့လူတွေက ကြက်ဥခွံခွာဖို့ အာရုံစိုက်မည်။
ဒါသည် အကျိုးအကြောင်း အသင့်လျော်ဆုံး အလုပ်ခွဲဝေမှုပင် ဖြစ်၏။
သို့သော် ယဲ့ဖန်ကမူ ပြုံးရုံသာ ပြုံးလိုက်လေ၏။
ဘယ်လက်နှင့် ကြက်ဥခွံကို ခွာနေရင်း၊ ညာလက်ကို လက်သီးဆုပ်ကာ ပထမဆုံး ပြေးဝင်လာသူကို ထိုးချလိုက်သည်။
ဒါက ဘယ်လောက် ခက်ခဲလဲဆိုတာ စဉ်းစားကြည့်လို့ ရ၏။
ဘယ်လက်နှင့် ကြက်ဥစိမ်းခွာဖို့က အင်အားကို သိမ်မွေ့စွာ ထိန်းချုပ်ဖို့ လိုအပ်သော်လည်း၊ ညာလက်နှင့် ရန်သူကို တိုက်ခိုက်ဖို့ကတော့ ပြင်းထန်သော အင်အား လိုအပ်လေ၏။
ဤဆန့်ကျင်ဘက် အင်အားနှစ်ခုကို ထိန်းချုပ်ဖို့ ခက်ခဲတာ အထား၊ တစ်ပြိုင်နက်တည်း သုံးဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ပေ။
ထိုအခက်အခဲ အဆင့်က လူတိုင်း၏ စိတ်ကူးယဉ်မှုကို ကျော်လွန်နေပြီ ဖြစ်၏။
သို့တိုင်၊ ယဲ့ဖန် လုပ်ပြနိုင်ခဲ့သည်။
"ဝုန်း"
သူ ညာလက်သီးကို ပစ်သွင်းလိုက်ရာ၊ တစ်ဖက်လူ၏ ကာကွယ်မှုကို ရှောင်ကွင်းပြီး ရင်ဘတ်တည့်တည့်ကို အကြီးအကျယ် ထိမှန်သွားလေ၏။
ဒီလက်သီး၏ အင်အားက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ပေါင် (၁၅၀) ကျော် လေးသော လူကောင်ကြီးက စက္ကူရုပ်လေးလို လွင့်စင်သွားပြီး စားပွဲဝိုင်းပေါ်သို့ ဘုန်းခနဲ ပြုတ်ကျကာ ဟင်းရည်တွေ ဗလပွ ဖြစ်ကုန်ကြသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ ဘယ်လက်က လှုပ်ရှားမှု မရပ်တန့်ခဲ့ပေ။ ကြက်ဥခွံ အပိုင်းအစလေးတွေ တဖွဲဖွဲ ကျဆင်းနေတုန်းပင်။
အဝေးကနေ ကြည့်နေသော အားချန်ကတော့ ပါးစပ်အဟောင်းသား ဖြစ်နေတော့၏။ သူ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိ၏။
"ဆရာယဲ့က သောက်ရမ်း မိုက်တာပဲ... ဆရာယဲ့က ဂေါ်ဇီလာပဲကွ"
သူ ကြက်ဥစိမ်းခွာရင်း တိုက်ခိုက်တာမျိုး တစ်ခါမှ မစမ်းဖူးပေ။
သို့သော်၊ တွေးကြည့်ရုံနှင့်တင် ဘယ်လောက်ခက်လဲဆိုတာ သိသာနေသည်ပင်။ သူ ကိုယ်တိုင်ဆိုလျှင်တော့ သေချာပေါက် လုပ်နိုင်မှာ မဟုတ်ချေ။
အားချန်တောင် ဒီလောက် အံ့ဩနေလျှင် ယွီဖုန်းရှန်း၏ ခံစားချက်ကို တွေးကြည့်လို့ ရ၏။
ဒီအချိန်မှာ သူမ ရင်ထဲတွင် စကားလုံး သုံးလုံးပဲ ရှိတော့သည်။
`'သူ... လူ မဟုတ်ဘူး'`
ယဲ့ဖန် ပြသလိုက်သော အထွတ်အထိပ် စွမ်းရည်က သူမ၏ စိတ်ကူးယဉ်မှုတွေကို လုံးဝ မှောက်လှန်ပစ်လိုက်ပြီ ဖြစ်၏။
သူသည် စိတ်အာရုံကို နှစ်ပိုင်းခွဲကာ ကြက်ဥစိမ်းတစ်လုံးကို အတိကျဆုံး အင်အားသုံး၍ ခွာနေရင်း၊ တစ်ချိန်တည်းမှာပင် ရန်သူကိုမူ အကြမ်းတမ်းဆုံး အင်အားဖြင့် တိုက်ခိုက်နေလေသည်။ ဤမျှ ကွာခြားသော စွမ်းရည်နှစ်ရပ်ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်သည်ဆိုခြင်းမှာ တကယ့်ကို ယုံနိုင်စရာပင် မရှိလှပေ။
`'မဟုတ်ဘူး... ဒါက Multitasking (အလုပ်နှစ်ခု တစ်ပြိုင်တည်းလုပ်တာ) မဟုတ်ဘူး။ Tri-tasking (အလုပ်သုံးခု တစ်ပြိုင်တည်းလုပ်တာ) ပဲ...'`
ယဲ့ဖန်သည် ပထမရန်သူကို မောင်းထုတ်လိုက်ပြီးသည်နှင့် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ... ကြက်ဥခွာဖို့ တာဝန်ယူထားသည့် လူတစ်ယောက်က ကြက်ဥတစ်ဝက်လောက် ခွာပြီးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ မကြာခင် ပြီးတော့မည့်ပုံပင်။
သူ ဘာမှ မပြောဘဲ စားပွဲပေါ်က တူတစ်ချောင်းကို ကောက်ယူပြီး ပစ်လွှတ်လိုက်လေ၏။
တူသည် လေးညှို့က လွတ်သွားသော မြားတစ်စင်းလိုပင်၊ နောက်တစ်စက္ကန့်မှာ ထိုလူ၏ လက်ကောက်ဝတ်ကို စိုက်ဝင်သွား၏။
"အား..."
အဲဒီလူ နာကျင်စွာ အော်ဟစ်လိုက်ပြီး လက်ထဲက ကြက်ဥက ကြမ်းပြင်ပေါ် ပြုတ်ကျကာ ကွဲကြေသွားတော့သည်။ သူ၏ ကြိုးစားမှုတွေ အလကား ဖြစ်သွားရလေပြီ ဖြစ်၏။
ယဲ့ဖန်သည် ရန်သူများကို ရင်ဆိုင်ရင်း ကြက်ဥခွာသည်... တစ်ချိန်တည်းမှာပင် တခြားလူတွေ ကြက်ဥခွာတာ မပြီးအောင် တားဆီးနေသေးသည်။ ဒါကို "တစ်စိတ်ကို သုံးပိုင်းခွဲပြီး သုံးနေတာ" (Tri-tasking) ဟု ပြော၍ ရပေ၏။
သူ ဒီပြိုင်ပွဲပုံစံကို အကြံပြုတုန်းက တကယ်တော့ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ချင်သည့် ရည်ရွယ်ချက်လည်း ပါသည်။
သူက အခု အတွင်းအား အထွတ်အထိပ် အဆင့်ကို ရောက်နေ၏။ အင်အားထိန်းချုပ်နိုင်မှုကလည်း ပြီးပြည့်စုံသည့် အဆင့်ကို ရောက်နေ၏။
ထို့ကြောင့် သူက လုံးဝ ဆန့်ကျင်ဘက် ဖြစ်သော အင်အားနှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်မလားဆိုတာ စမ်းကြည့်ချင်ခြင်းပင်။
ယခုကြည့်ရတာတော့... တကယ်ပဲ မထင်မှတ်ထားသော ရလဒ်တွေ ရနေပုံ ရ၏။
ကျင်းရှန်းနှင့် တခြားလူတွေလည်း ထပ်တူထပ်မျှ တုန်လှုပ်နေကြသည်။
ယဲ့ဖန်က ဒီပြိုင်ပွဲပုံစံကို ပြောတုန်းက သူတို့ ထင်ခဲ့တာက `'ဒီကောင် ရူးနေပြီ'` လို့လေ။
လူတစ်ယောက်တည်းက ဘယ်လိုလုပ် အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်နိုင်မှာလဲ။
ယခုမှပဲ သူတို့ ဘယ်လို လူထူးလူဆန်းနှင့် ရင်ဆိုင်နေရလဲ ဆိုတာ သဘောပေါက်သွားကြသည်။
ဒီကောင်က အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နိုင်ရုံတင်မက... သူတို့ဘက်က ကြက်ဥခွာတာကိုပါ လှမ်းနှောင့်ယှက်နိုင်သေးသည်။
"အားလုံး အတူတူ ဝိုင်းတိုက်ကြ။ သူ့ကို တစ်မိနစ်လောက် တောင့်ခံထားနိုင်ရင် ငါတို့ အောင်မြင်ပြီ"
ကျင်းရှန်းက သူ့ဘေးနားက လူသုံးယောက်ကို လှမ်းခေါ်လိုက်ပြီး၊ သူကိုယ်တိုင် ဦးဆောင်ကာ ယဲ့ဖန်ဆီသို့ ပြေးဝင်သွားလေ၏။
ယဲ့ဖန်၏ ဘယ်လက်က ကြက်ဥခွာတာ မရပ်တန့်သလို၊ ညာလက်ကလည်း လူလေးယောက်ကို ဆက်လက် တိုက်ခိုက်နေ၏။
သူတို့ထဲမှာ အတော်ဆုံးကတော့ ကျင်းရှန်းကလွဲပြီး တခြားလူ မရှိပေ။
ကျင်းရှန်းကိုသာ နိုင်လိုက်လျှင် ကျန်သည့် လူတွေက ကြောက်စရာ မလိုတော့ပေ။