လက်စားချေတာ ဟုတ်လား
Vol. 75 Ch. 1479
~"ယဲ့ဖန်... ငါတို့ သိလို့လား"
"ခင်ဗျား ကျွန်တော့်ကို မသိနိုင်ပါဘူး။ ဒါပေမဲ့ ဒီနေ့ သူခိုးဂိုဏ်း (၁၀) ဖွဲ့ သင်္ချိုင်းကိစ္စကနေ သဘောဆန္ဒအလျောက် နုတ်ထွက်သွားတယ် ဆိုတာတော့ ကြားမိမှာပေါ့"
"အဲဒါ မင်းလက်ချက်လား"
ရီအန်းထုံလည်း ဒီသတင်းကို ကြားထားပုံရ၏။ သူ့အသံတွင် အံ့ဩမှုများ ပါဝင်နေ၏။
"ဟုတ်တယ်... ကျွန်တော် လုပ်လိုက်တာ"
ယဲ့ဖန်က ကွေ့ဝိုက်မနေဘဲ တိုက်ရိုက် ဝန်ခံလိုက်သည်။
တစ်ဖက်လူက ခဏတာ တိတ်ဆိတ်သွားပြီးမှ ဆက်မေးလိုက်သည်။
"ဒါဆို ၊ မင်း ငါ့ကို ဘာကိစ္စနဲ့ ဖုန်းဆက်တာလဲ"
ယဲ့ဖန်သည် ဖုန်းကို တခြားလက်တစ်ဖက်သို့ ပြောင်းကိုင်လိုက်ပြီး၊ ကျူးရှောင်ကျောင်း၏ နယ်မြေထဲသို့ စစ်တုရင်ရုပ် တစ်ခု ရွှေ့လိုက်သည်။
"ကျွန်တော် လိုချင်တာက... ခင်ဗျားတို့အဖွဲ့ ကျန်းကောကနေ ထွက်သွားပေးဖို့ပါပဲ"
ရီအန်းထုံ ယဲ့ဖန်၏ တောင်းဆိုမှုကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် လှောင်ရယ်လိုက်လေ၏။
"မင်း ထွက်သွားခိုင်းတာနဲ့ ငါတို့က ထွက်သွားပေးရမှာလား။ မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ"
ယဲ့ဖန်က စိတ်မဆိုးဘဲ ပြုံးနေဆဲပင်။
"ကျွန်တော်က ကျွန်တော်တို့ကြားက ဆက်ဆံရေးကို မပျက်စီးစေချင်လို့ပါ။ ဒီသင်္ချိုင်းကို ကျွန်တော် ရမှဖြစ်မယ်။ ဘယ်သူနဲ့မှ မယှဉ်ပြိုင်ချင်ဘူး"
"ဟားဟားဟား... ရယ်စရာပဲ။ မင်း ရမှဖြစ်မယ် ဆိုရင် ငါတို့ကရော မရရင် မဖြစ်ဘူးလား။ ဒါဆို တရားမျှတစွာ ယှဉ်ပြိုင်ကြတာပေါ့။ ဘယ်သူ ပိုတော်လဲ ကြည့်ကြတာပေါ့"
ရီအန်းထုံ၏ ရယ်သံတွင် ယုံကြည်မှု အပြည့်ရှိနေ၏။ သူတို့အနေနဲ့ ဒီသင်္ချိုင်းဖောက် စစ်ဆင်ရေးကို အနိုင်ရဖို့ သန္နိဋ္ဌာန်ချထားပုံရ၏။
"ဒါဆို ပါမောက္ခရီက ကျွန်တော့်ကို မျက်နှာသာ မပေးချင်ဘူးပေါ့"
ယဲ့ဖန် သက်ပြင်းချလိုက်မိ၏။
"ဟဲဟဲ... ငါက မင်းကိုတောင် မသိတာ။ ဘာကိစ္စနဲ့ မျက်နှာသာ ပေးရမှာလဲ။ ဟို ကြောင်သူတော် သူခိုးတွေကို ခြောက်ထုတ်နိုင်ရုံလေးနဲ့ ငါ့ကိုပါ လာခြောက်ချင်နေတာလား။ အိပ်မက်မက်နေလိုက်"
ရီအန်းထုံက သူ့ကို လုံးဝ မျက်နှာမပေးသည့်အပြင်၊ စကားလုံးတွေကလည်း အတော် ရိုင်းစိုင်းလှသည်။
ယဲ့ဖန် မနေနိုင်ဘဲ သက်ပြင်းချလိုက်ပြန်သည်။
"ကျွန်တော်က မလွန်ချင်လို့ ကြိုပြီး ဖုန်းဆက်လိုက်တာပါ။ အကယ်၍ ခင်ဗျား ဆက်ပြီး ခေါင်းမာနေဦးမယ် ဆိုရင်တော့... ကျွန်တော် နည်းလမ်းကြမ်းတမ်းတာတွေ သုံးရလိမ့်မယ်။ အဲဒီအချိန်ကျရင် ခင်ဗျားတို့ သင်္ချိုင်းဖောက်ဂိုဏ်း လောကကနေ ပျောက်ကွယ်သွားနိုင်တယ်နော်"
"ဟားဟားဟား... မင်းက ငါ့ကို လာခြောက်နေတာလား။ ငါ ရီအန်းထုံက အခြောက်ခံမယ့် လူလို့ ထင်နေတာလား။ မင်းမှာ ဘာနည်းလမ်း ရှိလဲ ထုတ်သုံးလိုက်စမ်းပါ။ စကားလုံးလေး နှစ်လုံးသုံးလုံးနဲ့ ငါ့ကို မောင်းထုတ်ချင်နေတာလား။ မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ... ချီးပဲ"
ရီအန်းထုံက ဆဲဆိုပြီး ဖုန်းချသွားလေ၏။
ယဲ့ဖန် ခေါင်းခါပြီး ပြုံးလိုက်သည်။ ဖုန်းကို စားပွဲပေါ်တင်လိုက်ပြီး စစ်တုရင် ဆက်ထိုးနေလိုက်သည်။
"ကိုယ် နိုင်ပြီ"
သူ နောက်ဆုံး စစ်တုရင်ရုပ်ကို ကျူးရှောင်ကျောင်း ဘက်ခြမ်းသို့ ရွှေ့လိုက်ပြီး၊ ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ခုနက ကျွန်မ မမြင်လိုက်ဘူး။ ပြန်စမယ်"
ကျူးရှောင်ကျောင်း ချက်ချင်း ဂျီကျတော့၏။
"အခွင့်အရေးဆိုတာ တစ်ခါပဲ ရှိတယ်။ နောင်တရလို့ မရတော့ဘူး"
ယဲ့ဖန် ပြောလိုက်သော စကားသည် ကျူးရှောင်ကျောင်းကို ပြောတာလား၊ ရီအန်းထုံကို ပြောတာလား ဆိုသည်ကိုတော့ ကွဲပြားခြင်း မရှိပေ။
‘ဖျောင်းဖျလို့ မရမှတော့... လျှပ်စီးလို နည်းလမ်းတွေ သုံးရတော့မှာပေါ့။
ပါမောက္ခရီ နောင်တမရပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။’
*
ကျန်းကော ယွီထျန်း ဟိုတယ်၊
ရှေးဟောင်းသုတေသနအဖွဲ့ အယောင်ဆောင်ထားသော သင်္ချိုင်းဖောက်ဂိုဏ်းသားများ ဒီနေရာတွင် စုဝေးနေကြသည်။
"ဘောစ့်... ခုနက ဘောစ့်ပြောလိုက်တာ တော်တော် ပြတ်သားတာပဲ။ အဲဒီကောင်လေး ဒေါသထွက်သွားမလား မသိဘူး"
မျက်နှာပေါ်တွင် ဓားဒဏ်ရာနှင့် လူက ဆိုဖာပေါ်ထိုင်ပြီး လော်ရန်ဂေါ်ပြား (သင်္ချိုင်းတူးရာတွင် သုံးသော ကိရိယာ) ကို သုတ်နေသော ရီအန်းထုံကို စိုးရိမ်တကြီး မေးလိုက်ခြင်း ဖြစ်လေ၏။
ဘေးနားက လူနှစ်ယောက်ကလည်း ဝင်ပြောကြသည်။
"ဟုတ်တယ်... ဒီကောင်လေးက ဟိုသူခိုးတွေကိုတောင် မောင်းထုတ်နိုင်တယ်ဆိုတော့ စွမ်းရည်တော့ ရှိပုံရတယ်။ သူ ပြောတာကို လက်မခံရင်တောင်မှ သူ့ကို စော်ကားစရာတော့ မလိုဘူးလေ"
"အင်း... ကြားတာတော့ ဒီကောင်လေးက ဇာမဏီသုံးကောင် ဂိုဏ်းရဲ့ ခေါင်းဆောင် ယွီဖုန်းရှန်းနဲ့ ဆက်ဆံရေး ကောင်းတယ်တဲ့။ သူ့ကို အရမ်း ရန်စလိုက်ရင် ငါတို့ စစ်ဆင်ရေးအတွက် အနှောင့်အယှက် ဖြစ်လာနိုင်တယ်"
ရီအန်းထုံက သူတို့သုံးယောက် ပြောတာကို ကြားတော့ မထီမဲ့မြင် ရယ်မောလိုက်သည်။
"ဟား..နို့နံ့တောင် မစင်သေးတဲ့ ကောင်စုတ်လေးကများ ငါ့ကို လာခြောက်ရဲတယ်ပေါ့။ ငါ သိုင်းလောကထဲမှာ ဘဝတစ်ဝက်လောက် ကျင်လည်ခဲ့တာ အလကားလို့ ထင်နေလား။ ငါသာ ပြန်မပြောရင် သတင်းပြန့်သွားတဲ့အခါ သိုင်းလောကမှာ ဘယ်လို မျက်နှာပြရတော့မလဲ"
ဓားဒဏ်ရာနှင့်လူက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို ပြောပါဦး... ဒီကောင်လေးက ကျွန်တော်တို့ကို ဘယ်လို လက်စားချေနိုင်မှာမို့လို့လဲ"
ရီအန်းထုံက လော်ရန်ဂေါ်ပြားကို ဝှေ့ယမ်းပြလိုက်သည်။
"လက်စားချေမယ် ဟုတ်လား... ဘယ်လို လက်စားချေမှာလဲ။ ငါတို့က အခု သင်္ချိုင်းဖောက်သမားတွေ မဟုတ်တော့ဘူးလေ။ တရားဝင် ရှေးဟောင်းသုတေသန အဖွဲ့ ဖြစ်နေပြီ။ သူ ငါတို့ကို ဘာလုပ်နိုင်မှာလဲ"
ထိုအခါ ကျမှ ကျန်သည့် လူသုံးယောက် သူတို့၏ လက်ရှိ အဆင့်အတန်းကို သတိရသွားပြီး ရီအန်းထုံကို စတင် မြှောက်ပင့်ကြတော့၏။
"ဟုတ်သားပဲ... မေ့နေလိုက်တာ။ ငါတို့က အခု တရားဝင် ရှေးဟောင်းသုတေသန
အဖွဲ့ ဖြစ်နေပြီပဲ။ ဘာကြောက်စရာ လိုလဲ"
"ဒါကို ပြောရရင်တော့… ငါတို့ ဘောစ့်ကို လေးစားလို့ မဆုံးဘူး။ အမြော်အမြင် ကြီးမားပြီး စေ့စပ် သေချာလိုက်တာ"
"ဟုတ်တယ်... ငွေ သိန်းဂဏန်းလောက် သုံးလိုက်ရုံနဲ့ တက္ကသိုလ် တစ်ခုအောက်က တရားဝင် ရှေးဟောင်း
သုတေသန အဖွဲ့ ဖြစ်သွားပြီ"
"ဒီလို ဘောစ့်မျိုးနောက် လိုက်ရတာ ငါတို့ ကံကောင်းတာပဲ။ သူဌေး မဖြစ်မှာ ပူစရာ မလိုတော့ဘူး"
ရီအန်းထုံက သူတို့၏ မြှောက်ပင့်မှုကြောင့် ပို၍ ကျေနပ်အားရသွား၏။
ထိုစဉ်က သူသည် ထို အဆင့်မမီသော တက္ကသိုလ်၏ ကျောင်းအုပ်ကြီးအား ငွေသိန်းဂဏန်းခန့် ပေးဆောင်ကာ ဤတက္ကသိုလ်အောက်တွင် ဝင်ရောက် ခိုလှုံခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ဂိုဏ်းသားများ အားလုံးသည် ငွေကြေးများကို အလဟဿ ဖြုန်းတီးသည်ဟု ဆိုကာ သူ့အား ကန့်ကွက်ခဲ့ကြလေသည်။
ယခုမှ သူ မည်မျှ ဉာဏ်ကောင်းကြောင်း သိရှိကြပြီ မဟုတ်ပါလော။
တရားဝင် ရှေးဟောင်းသုတေသနအဖွဲ့ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ဥပဒေ၏ အကာအကွယ်ကို ရရှိသွားပြီ ဖြစ်သည်။
ထိုကောင်လေးသာ တရားမဝင်သော နည်းလမ်းများဖြင့် ပြဿနာ လာရောက် ရှာဖွေရဲပါက ရဲတိုင်ကြားလိုက်ရုံသာ ရှိတော့သည်။
ထို့ကြောင့်လည်း သူသည် ယဲ့ဖန်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ခြင်း ဖြစ်သည်။
ကြည့်ရသေးသည်ပေါ့... ဤကောင်လေး သူတို့ကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။
"မိုးချုပ်နေပြီ... ငါးယောက်မြောက်တို့ အဖွဲ့ စုံစမ်းရေး ထွက်သွားတာ ဘယ်လိုနေလဲ မသိဘူး။ အခုထိ ပြန်မရောက်သေးဘူး"
ရီအန်းထုံ အပြင်ဘက် ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ ညဦးပိုင်း ရောက်နေပြီ ဖြစ်၏။
သူတို့ဂိုဏ်းမှာ လူအင်အား တစ်ဒါဇင်ကျော် ရှိသည်။
သူတို့လေးယောက် ဟိုတယ်မှာ စောင့်နေသည်က လွဲလျှင် ကျန်သည့် လူတွေက သင်္ချိုင်းသတင်း စုံစမ်းဖို့ အပြင်ထွက်သွားကြခြင်း ဖြစ်၏။
"ဖုန်းဆက် မေးကြည့်ပါလား။ တစ်ခုခု ဖြစ်နေမလား မသိဘူး"
ဓားဒဏ်ရာနှင့်လူက စိုးရိမ်တကြီး ပြောလိုက်သည်။
"မပူပါနဲ့... ငါးယောက်မြောက်တို့က ပါးပါတယ်။ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး"
ရီအန်းထုံက လော်ရန်ဂေါ်ပြားကို ချလိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။
"ငါ ဗိုက်နည်းနည်း ဆာလာပြီ။ အပြင်ထွက်ပြီး တစ်ခုခု သွားစားရအောင်"
"ပါဆယ်ပဲ မှာစားလိုက်ပါလား။ ကျွန်တော်တို့က တရားဝင်အဖွဲ့ ဆိုပေမဲ့ လူလုံးမပြတာ အကောင်းဆုံးပဲ"
ဓားဒဏ်ရာနှင့်လူက အကြံပြုလိုက်၏။
ရီအန်းထုံ ခဏ စဉ်းစားပြီး ခေါင်းညိတ် သဘောတူလိုက်သည်။
သူတို့လေးယောက် ပါဆယ် မှာစားလိုက်ကြသည်။
သို့သော်... တစ်နာရီနီးပါး ကြာသည်အထိ ပါဆယ် ရောက်မလာသေးပေ။
ရီအန်းထုံ စိတ်မရှည်စွာ မတ်တတ်ထရပ်လိုက်သည်။
"ဘာလို့ ပါဆယ်က အခုထိ မရောက်သေးတာလဲ။ အပြင်ထွက်စားမယ်လို့ ပြောသားပဲ။ မင်းတို့က အတင်း ပါဆယ်မှာစားမယ် ဆိုပြီးတော့။ ချီးပဲ... ဗိုက်ဆာလို့ သေတော့မယ်"
ဓားဒဏ်ရာနှင့်လူ ဖုန်းကို ထုတ်ကြည့်လိုက်သည်။
"မီတာ ရာဂဏန်းလောက်ပဲ ကျန်တော့တာလေ။ ဘာလို့ မရွေ့တော့တာလဲ"
"မရရင် ဖုန်းဆက်ပြီး ဆူလိုက်။ မပို့နိုင်ရင် Review အညံ့ ပေးလိုက်"
ရီအန်းထုံမှာ အကျင့်ဆိုး တစ်ခု ရှိသည်။ ဗိုက်ဆာရင် ဒေါသ အရမ်းကြီးတတ်ခြင်း ဖြစ်လေ၏။
ဓားဒဏ်ရာနှင့်လူက ပို့ဆောင်ရေးသမား (Delivery Man) ကို ဖုန်းဆက်မည် လုပ်လိုက်သည်။
ထိုအချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရ၏။
"ရောက်လာပြီဟေ့... ငါ သူ့ကို ကောင်းကောင်း ဆဲပေးလိုက်မယ်"
ဓားဒဏ်ရာနှင့်လူက တံခါးသွားဖွင့်ပေးလိုက်သည်။
တံခါးပွင့်သွားသောအခါ အပြင်ဘက်တွင် ယောကျ်ားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။
ယောကျ်ားလေးက ရုပ်ရည်ချောမောပြီး၊ နူးညံ့သိမ်မွေ့ကာ၊ မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ရှိနေ၏။
နေပူဒဏ်၊ မိုးဒဏ် ခံထားရသော ပို့ဆောင်ရေးသမား ပုံစံနှင့် မတူဘဲ၊ တက္ကသိုလ်ကျောင်းသားလေး
တစ်ယောက်နှင့် ပိုတူနေ၏။
သူ့ဘေးမှာတော့ လိုလီတာ (Lolita) ဝတ်စုံ ဝတ်ထားသည့် ချစ်စရာ မိန်းကလေး တစ်ယောက် ပါလာသည်။
["လိုလီတာ" (Lolita) ဆိုတာ ဂျပန်နိုင်ငံကနေ စတင်ခေတ်စားလာတဲ့ ဖက်ရှင်ပုံစံတစ်မျိုး ဖြစ်ပါတယ်။ မျက်စိထဲမြင်အောင် ပြောရရင် "ရှေးခေတ် ဥရောပ မင်းသမီးလေးတွေ၊ ဒါမှမဟုတ် ကြွေရုပ်မလေးတွေ ဝတ်တဲ့ ဂါဝန်မျိုး" ပါ။
ဒီဝတ်စုံရဲ့ ထူးခြားချက်တွေကတော့ -
ဒီဇိုင်း - ဇာနားကွပ်တွေ (Lace)၊ ဖဲပြားတွေ (Ribbons)၊ အတွန့်အခေါက်တွေ (Frills) အများကြီး ပါလေ့ရှိပါတယ်။ ဂါဝန်က ဒူးလောက်အထိ ရှည်တတ်ပြီး၊ စကတ်ပိုင်းက ဖောင်းဖောင်းကားကားလေး ဖြစ်နေအောင် အောက်ကနေ စကတ်ခွေ (Petticoat) ခံဝတ်ရပါတယ်။
ဝတ်ဆင်သူကို အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လို၊ မင်းသမီးလေးတစ်ပါးလို၊ သက်ရှိ ကြွေရုပ်မလေးလို ထင်ရစေပါတယ်။]