နှုတ်သီးကောင်းနေသေးသော ဘဲသေများ
Vol. 75 Ch. 1481
~“ခင်ဗျားတို့က အခုချိန်မှာ နာမည်ခံ တရားဝင် ရှေးဟောင်းသုတေသနအဖွဲ့ ဖြစ်နေပြီပဲ... သက်ဆိုင်ရာဌာနကို တိုင်ကြားခံရမှာ မကြောက်ကြဘူးလား...”
ယဲ့ဖန်သည် သူတို့၏ ဘေးမသီရန်မခဟန် ပေါ်နေသော မျက်နှာပေးများကို ကြည့်ကာ စိတ်ထဲတွင် ဘာတွေးနေသည်ကို အတပ်သိလိုက်လေ၏။
“သိရင်လည်း ပြီးတာပဲ... ငါတို့က အခု တရားဝင် ဂိုဏ်းနော်... မင်းတို့က မတရားတဲ့ နည်းလမ်းတွေ သုံးပြီ ငငါတို့ကို ဖိအားပေးရဲရင် ရဲတိုင်လိုက်မှာ...”
ယဲ့ဖန်အား ခြိမ်းခြောက်စကား ဆိုလိုက်သူမှာ သင်္ချိုင်းဖောက်ဂိုဏ်း ခေါင်းဆောင် ရီအန်းထုံ ပင် ဖြစ်ချေသည်။
“ရဲတိုင်မယ်... ဟားဟား... သူခိုးက လူဟစ်နေတာလားဗျာ... ဝန်ထမ်းရေးရာရုံးက လူတွေရောက်လာပြီး ခင်ဗျားတို့ သင်္ချိုင်းဘယ်နှခု ဖောက်ခဲ့လဲဆိုတာ သိသွားရင်၊ ခင်ဗျားတို့ တစ်ယောက်ချင်းစီကို လက်ထိတ်တစ်စုံစီ လက်ဆောင်ပေးမလား မပေးဘူးလားဆိုတာ စဉ်းစားစရာပဲနော်...”
ယဲ့ဖန်သည် ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်လိုက်ရင်း သက်သောင့်သက်သာပင် ဆိုလိုက်ချေသည်။
“မင်း... ဘာတွေ လာပေါက်ကရ ပြောနေတာလဲ...ငါတို့က တကယ့် ရှေးဟောင်းသုတေသန အဖွဲ့ပဲ... ဘယ်လိုလုပ် သင်္ချိုင်းဖောက်ရမှာလဲ... ငါတို့ကို စွပ်စွဲနေတာပဲ... သတိထားနော်... အသရေဖျက်မှုနဲ့ ပြန်တရားစွဲလိုက်မယ်...”
မျက်နှာတွင် အမာရွတ်နှင့်လူက ဉာဏ်နီဉာဏ်နက်များပြားသူပီပီ၊ ထိုစကားကို ပြောလိုက်သည့်အချိန်၌ မျက်နှာက နီမသွားသည့်အပြင် နှလုံးခုန်သံပင် တစ်ချက်မမြန်ပေ။
သူတို့ ငြင်းကြမည် ဆိုသည်ကို ယဲ့ဖန် ကြိုသိပြီးသား ဖြစ်၏။ သူ ခေါင်းခါလိုက်ပြီး ပြုံးလိုက်မိ၏။
“ခင်ဗျားတို့က ကမ်းကုန်အောင် ခေါင်းမာနေကြတာပဲ... ဒါဆိုလည်း ခင်ဗျားတို့ကို သက်သေ အထောက်အထား တချို့ ပြရတာပေါ့...”
“ပြလေ... မင်းမှာ ဘာသက်သေရှိလဲ ငါတို့ ကြည့်ချင်သေးတယ်...ငါတို့က လိပ်ပြာလုံပြီးသား...ငါတို့ကို ချောက်ချဖို့ စိတ်ကူးမယဉ်နဲ့...”
ရီအန်းထုံက ဆက်လက်၍ စိန်ခေါ်လိုက်၏။
ယဲ့ဖန်က ဟန်ရေးပြနေသည်ဟု သူ ထင်နေခြင်း ဖြစ်၏။ သူတို့ အဖွဲ့သည် အလုပ်လုပ်လျှင် အလွန် သိုသိပ်သူများ ဖြစ်ရာ တစ်ဖက်လူ အနေဖြင့် သက်သေပြနိုင်မည် မဟုတ်ဟု တွက်ဆထားလေ၏။
ယဲ့ဖန်သည် သူတို့၏ မာကျောနေသော ခေါင်းများကို ကြည့်ကာ ခေါင်းကို ယမ်းလိုက်မိ၏။ ထို့နောက် သူ၏ လက်ကို ဘေးနားရှိ ဖူမာကျန်းဝူဘက်သို့ ဆန့်ထုတ်လိုက်သည်။
ဖူမာကျန်းဝူက အလိုက်တသိပင် အိတ်ထဲမှ စာရွက်စာတမ်း အထပ်လိုက်ကို ထုတ်ကာ သခင် ဖြစ်သူ လက်ထဲသို့ ရိုရိုသေသေ အပ်နှင်းလိုက်လေ၏။
ယဲ့ဖန်သည် စာရွက်များကို လှမ်းယူလိုက်ပြီး အပေါ်ဆုံးမှ စာရွက်အနည်းငယ်ကို မြှောက်ပြလိုက်သည်။
“ဒါတွေက လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ခင်ဗျားတို့ ရောင်းခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ... အရှေ့ဟန်ခေတ် ကြေးထည်တွေချည်းပဲ... တစ်ခုချင်းစီက လက်ရာမြောက်တယ်နော်...”
စကားဆုံးသည်နှင့် ယဲ့ဖန်က စာရွက်များကို စားပွဲပေါ်သို့ ပစ်တင်လိုက်လေ၏။
စာရွက် တစ်ရွက်စီတိုင်းတွင် ရောင်းချခဲ့သော ပစ္စည်းပုံများ၊ အခြေခံအချက်အလက်များနှင့် ရောင်းဈေးများပါ အတိအကျ ပါဝင်နေ၏။
ယီအန်းထုံနှင့် အပေါင်းအပါ သုံးဦးတို့၏ မျက်နှာများသည် စာရွက်ပေါ်မှ အချက်အလက်များကို မြင်လိုက်ရသည့်အခါ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားကြလေတော့သည်။
ဒီပစ္စည်းတွေကို သူတို့ လမ်းကြောင်းတစ်ခုကနေ ရောင်းချခဲ့တာ မှန်သည်။ သို့သော် ထိုကိစ္စသည် အလွန်လျှို့ဝှက်လွန်းလှ၏။
သည်လောကထဲက စိတ်ချရသော ဝယ်လက်တွေလောက်သာ သိထားကြခြင်း ဖြစ်၏။
'ဒီကောင်.. ဘယ်လိုလုပ် သိတာလဲ...'
လေးယောက်သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ဆွံ့အကုန်ကြတော့သည်။
ယဲ့ဖန်က နောက်ထပ် စာရွက်အနည်းငယ်ကို ထပ်ထုတ်လိုက်ပြန်၏။
“ဒါကတော့ မနှစ်က မတ်လတုန်းက ခင်ဗျားတို့ ရောင်းခဲ့တဲ့ ကြေးထည် အသုတ်လိုက်ကြီးပဲ... ဒါလည်း အရှေ့ဟန်ခေတ်က ဟာတွေပဲ... ကျွန်တော် မမှားဘူးဆိုရင် ခင်ဗျားတို့တွေ အရှေ့ဟန်ခေတ် သင်္ချိုင်း တစ်ခုလုံးကို ဖောက်ပြီး ပစ္စည်းတွေကို အသုတ်လိုက်ခွဲရောင်းခဲ့တာမလား...”
“မင်း.. လျှောက်ပြောမနေနဲ့...ငါတို့ ဒါတွေကို ရောင်းတောင် မရောင်းခဲ့ဘူး...”
အမာရွတ်နှင့်လူက ကပျာကယာ ငြင်းဆန်လိုက်သော်လည်း သူ၏ အသံမှာ တုန်ရီနေပြီး အပြစ်ရှိသူ၏ ပျာယာခတ်မှုများ စွန်းထင်းနေလေပြီ ဖြစ်၏။
ယဲ့ဖန် ပြုံးလိုက်သည်။ နောက်ထပ် စာရွက်အနည်းငယ်ကို ထပ်ထုတ်လိုက်ပြန်၏။
“ဒါတွေကတော့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ခင်ဗျားတို့ ရောင်းခဲ့တဲ့ အနောက် ကျင်းခေတ် ပစ္စည်းတွေ... ကြွေထည်တွေပါတယ်... မြေထည်တွေပါတယ်... ကြေးထည်တွေတောင် ပါသေးတယ်... ခင်ဗျားတို့က အနောက်ကျင်းခေတ် သင်္ချိုင်းကိုပါ ဖောက်လိုက်ကြတာလား... ခင်ဗျားတို့ အရည်အချင်းက မဆိုးဘူးပဲ...”
ယဲ့ဖန် ပြောလေလေ၊ ရီအန်းထုံနှင့် အပေါင်းအပါတို့၏ မျက်နှာများမှာ ပို၍ အရုပ်ဆိုးအကျည်းတန်လာလေလေ ဖြစ်တော့သည်။
တစ်ဖက်လူက အဆင်သင့် ပြင်ဆင်လာခဲ့ရုံသာမက သူတို့၏ နောက်ကြောင်းရာဇဝင်ကိုပါ ချေးခါး
အူမ မကျန် စုံစမ်းထားခဲ့ပြီးပြီ ဖြစ်ချေသည်။ ထိုအချက်က သူတို့ကို ပို၍ ထိတ်လန့်တုန်လှုပ်စေ၏။
ဒီအရောင်းအဝယ် မှတ်တမ်းတွေက ထိပ်တန်းလျှို့ဝှက်ချက်တွေ ဖြစ်၏။
ဒီကောင် ဘယ်လိုလုပ် သိနေရတာလဲ။
ယဲ့ဖန်သည် ဤအချက်အလက်များကို ချန်းချုံရှန်းထံမှ ရရှိခဲ့ကြောင်း သူတို့အား ထုတ်ပြောမည် မဟုတ်ပေ။ ၎င်းတို့သည် Sotheby's လေလံအိမ်၏ အရေးကြီး လျှို့ဝှက်ချက်များ ဖြစ်ရပေ၏။ ချန်းချုံရှန်းသည် ယဲ့ဖန်အပေါ် ထားရှိသော ယုံကြည်မှုကြောင့်သာ ဤအန္တရာယ်များသော လမ်းကို ရွေးချယ်ကာ သတင်းပေးခဲ့ခြင်း ဖြစ်၏။
["Sotheby's" ("ဆော့သဘီးစ်" )က ဗြိတိန်နိုင်ငံ အခြေစိုက် ကမ္ဘာကျော် လေလံကုမ္ပဏီ နာမည် ဖြစ်ပါတယ်။]
အကယ်၍သာ ဒီကိစ္စ ပေါက်ကြားသွားခဲ့လျှင် ချန်းချုံရှန်း တစ်ယောက် အလုပ်ပြုတ်ရုံသာမက ရှေးဟောင်းပစ္စည်းလောက တစ်ခုလုံး၏ ကဲ့ရဲ့ရှုတ်ချမှုကိုပါ ခံရပေလိမ့်မည်။ ဝယ်ယူသူ၏ အချက်အလက်ကို ပေါက်ကြားစေခြင်းသည် ဤလောကတွင် အောက်တန်းအကျဆုံး လုပ်ရပ်ဖြစ်သောကြောင့်တည်း။
ချန်းချုံရှန်းသည် သူ၏ အနာဂတ် တစ်ခုလုံးကို ယဲ့ဖန်လက်ထဲသို့ ပုံအပ်ခဲ့ခြင်း ဖြစ်လေ၏။ ထိုအချက်က ယဲ့ဖန်၏ စိတ်ကို ထိရှစေခဲ့သည်။
ထို့နောက် ကျန်ရှိနေသေးသော အရောင်းအဝယ် မှတ်တမ်းများကို ရီအန်းထုံတို့ ရှေ့မှောက်သို့ ပစ်ချလိုက်လေ၏။
“ကဲ... အခုရော ခင်ဗျားတို့က အပြစ်ကင်းစင်ပါတယ်လို့ ပြောရဲသေးလား...”
ရီအန်းထုံတို့ လေးယောက်၏ မျက်နှာများမှာ သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်နေကြလေပြီ ဖြစ်၏။
ယဲ့ဖန်သည် သူတို့၏ လျှို့ဝှက်ချက်မှန်သမျှကို နေမင်းကြီးအောက် ဆွဲထုတ်ပြလိုက်ပြီ ဖြစ်၏။ ဒီမှတ်တမ်းတွေ သက်သက်နှင့်ပင် သူတို့အားလုံး ထောင်ထဲ၌ ဘဝဆုံးသွားစေရန် လုံလောက်နေပါ၏။
ကျန်သုံးယောက်က ရီအန်းထုံကို ဝိုင်းကြည့်လိုက်ကြသည်။ သူသည် ဤဂိုဏ်း၏ ခေါင်းဆောင် ဖြစ်ပြီး အရာရာကို သူသာ ဆုံးဖြတ်ရမည် ဖြစ်၏။
ရီအန်းထုံ အံကို တင်းတင်း ကြိတ်လိုက်သည်။ ယဲ့ဖန်ကို မော့ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတု တစ်ခု ချိတ်ဆွဲထားပြီး ဖြစ်နေလေပြီ ဖြစ်၏။
“မစ္စတာယဲ့... ခင်ဗျားရဲ့ နည်းလမ်းတွေကို ကျုပ် မသိခဲ့မိဘူး... ကျုပ် ခင်ဗျားကို ပြစ်မှားမိတာ ခွင့်လွှတ်ပေးပါဗျာ... ကျုပ်ကို သက်ညှာပေးပါနော်...”
သူ့မျက်နှာ အရောင်ပြောင်းလဲသွားမှု မြန်ဆန်လွန်းလှသဖြင့် ယဲ့ဖန် ရယ်ချင်သွားလေ၏။
“ပါမောက္ခရီက ဘာသဘောလဲဗျ... ခုနကပဲ လိပ်ပြာလုံပါတယ်ဆို...”
ရီအန်းထုံက ပျာပျာသလဲ ပြုံးပြလိုက်သည်။
“မစ္စတာယဲ့က ကျုပ်တို့ နောက်ကြောင်းကို ဒီလောက်ထိ စုံစမ်းထားလိမ့်မယ်လို့ ကျုပ် ထင်မထားမိဘူးလေ... ပါရမီရှင် တစ်ယောက်ရဲ့ ရှေ့မှာ ဆရာကြီး လာလုပ်မိသလို ဖြစ်သွားတာပေါ့ဗျာ... ကျုပ် ကိုယ့်ကိုယ်ကို အရူးလုပ်မိသလို ဖြစ်သွားပါတယ်...”
ယဲ့ဖန်က နှာခေါင်းရှုံ့လိုက်ရင်း နေ့လည်စာဘူးကို ကောက်ကိုင်ကာ ထမင်းပြန်စားလိုက်သည်။
“ခင်ဗျားတို့ ဝန်ခံပြီးပြီဆိုတော့လည်း ပြောစရာမရှိတော့ဘူးလေ... ဝန်ထမ်းရေးရာရုံးကိုသွားပြီး အဖမ်းခံလိုက်ကြတော့...”
သူစကားကို ကြားလိုက်ရသောအခါ၊ ရီအန်းထုံ၏ မျက်နှာ အမူအရာက အမျိုးမျိုး ပြောင်းလဲသွားပြီးနောက် အပြုံးတစ်ခုကို အတင်းအဓမ္မ ညှစ်ထုတ်လိုက်ပြန်သည်။
“မစ္စတာယဲ့... ကျုပ်တို့ ဆွေးနွေးလို့ ရပါတယ်ဗျာ... ဒီသင်္ချိုင်းကို ဆင်းချင်တာမလား... ကျုပ်တို့ လေးယောက် ခင်ဗျားရဲ့ နောက်လိုက်လုပ်ပေးပါ့မယ်... လမ်းပြပေးပါ့မယ်ဗျာ...”
ရီအန်းထုံ၏ စကားကို ကြားသောအခါ ကျန်သည့် သုံးယောက်ကလည်း ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံကြလေ၏။
“ကျုပ်တို့ မစ္စတာယဲ့ကို အလုပ်အကျွေး ပြုပါ့မယ်... ကျေးဇူးပြုပြီး သက်ညှာပေးပါဗျာ...”
“ဒီတစ်ခါ သင်္ချိုင်းဖွင့်လို့ ရတဲ့ ပစ္စည်းတွေထဲက တစ်ပြားတစ်ချပ်မှ မယူပါဘူး... ရတနာတွေ အကုန်လုံး မစ္စတာယဲ့ပဲ ယူပါ...”
“ဒီသင်္ချိုင်းထဲမှာ လျှို့ဝှက်ထောင်ချောက်တွေ အများကြီး ရှိမှာ... ကျုပ်တို့က ရှေ့ကနေ လမ်းရှင်းပေးပါ့မယ်...”
ယဲ့ဖန်သည် သူတို့၏ လေသံကို ကြားတော့ အထင်သေးစွာ ပြုံးလိုက်မိ၏။
“မလိုပါဘူး... ကျွန်တော့် ဘာသာ ဝင်တဲ့ နည်းလမ်း ရှိပြီးသား...”
ရီအန်းထုံ အံကြိတ်လိုက်ပြီး နောက်ဆုံးလက်နက်ကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။
“ဒါဆိုရင်ကောဗျာ မစ္စတာယဲ့... ကျုပ်တို့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ငွေတွေ အကုန်ပေးပါ့မယ်... ယွမ် သန်း ၃၀၀၊ ၄၀၀ လောက်တော့ ရှိတယ်... ကျေးဇူးပြုပြီး ကျုပ်တို့ကို လွှတ်ပေးပါ...”
“အစ်ကိုကြီး...”
ကျန် သုံးယောက်က ရီအန်းထုံကို နှမြောတသစွာ လှမ်းကြည့်လိုက်ကြသည်။
ဒါက သူတို့ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော သွေးချွေးငွေတွေ ဖြစ်၏။ အခုလို အကုန်ပုံပေးလိုက်ရမည် ဆိုတော့ သူတို့ ရင်ထဲ နာကျင်ရသည်ပေါ့။
သို့သော် ရီအန်းထုံက သူတို့ကို လှည့်မကြည့်ဘဲ ယဲ့ဖန်ကိုသာ စိုက်ကြည့်နေ၏။
ယခုချိန်မှာ သူတို့၏ အသက်တွေက တစ်ဖက်လူ၏ လက်ထဲမှာ ရောက်နေပြီ မဟုတ်ပါလော။
“ငွေ သန်းရာချီလောက်နဲ့ ကျွန်တော့်ကို လာဘ်ထိုးချင်နေတာလား...”
ယဲ့ဖန်သည် ရီအန်းထုံ၏ အပြုအမူကို ကြည့်ပြီး စိတ်ပျက်သွားမိ၏။
ရှေးဟောင်းသုတေသန ခေါင်းစဉ်တပ်ပြီး သင်္ချိုင်းဖောက်စားနေသော ဒီလူကို ဉာဏ်များသည့် လူဟု သူ ထင်ထားခဲ့မိ၏။ ဒီလောက်ထိ အဆင့်အတန်း နိမ့်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
“သန်းရာချီတောင် မင်း မျက်လုံးထဲ မဝင်ဘူးလား... မင်း... မင်းက ဘယ်သူမို့လို့လဲ...”
ရီအန်းထုံ မျက်လုံးပြူးသွားလေ၏။
သန်းရာချီ ဆိုသည့် ပမာဏကို ကြားလျှင် တစ်ဖက်လူ ဝမ်းသာအားရ ဖြစ်သွားပြီး သူတို့ကို လွှတ်ပေးလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။
ယဲ့ဖန်က ဒီငွေကို ဂရုမစိုက်ဘူးတဲ့လား။
ဒီလောကကြီးမှာ ငွေသန်းရာချီကို မက်မောတဲ့လူမျိုး ရှိသေးလို့လား။
ထိုအချိန်တွင် ဘေးနား၌ တိတ်ဆိတ်စွာ ထိုင်နေခဲ့သော ဖူမာကျန်းဝူက ရုတ်တရက် ဝင်ပြောလိုက်လေ၏။
“ဒီမှာ..ကျွန်မ သခင်ရဲ့ နာမည်အောက်မှာတင် ပိုင်ဆိုင်မှုက ဘီလီယံဆယ်ချီနေတာ... ရှင်တို့ရဲ့ အဲ့ဒီ သန်းရာချီစုတ်ပြတ်သတ်ကို မျက်လုံးထဲ ထည့်မယ်ထင်နေလား…”