သန်းရာချီလောက်နဲ့ ကျွန်တော့်ကို လာဘ်ထိုးချင်နေတာလား
Vol. 75 Ch. 1482
“ဘီလီယံ ဆယ်ချီ...”
ရီအန်းထုံနှင့် သူ၏ လက်ပါးစေ သုံးဦးတို့၏ မျက်လုံးများ ပြူးကျယ်သွားကြကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။ သူတို့၏ စိတ်ထဲတွင် 'ဒါ သက်သက်မဲ့ လေလုံးထွားနေတာပဲ' ဟု အော်ဟစ်လိုက်ချင်သော်လည်း အခြေအနေအရ ပါးစပ်မှ အသံထွက်ရဲခြင်း မရှိကြပေ။
ဒီလောက် ငယ်ရွယ်သော လူငယ်လေး တစ်ယောက်က ဘီလီယံ ဆယ်ချီသော ကြွယ်ဝမှုကို ပိုင်ဆိုင်ထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဒါ ဘာပြက်လုံးလဲ...။
“ဒါတင်မကသေးဘူး... ကျွန်မ သခင်မှာ နောက်ထပ် အထောက်အထား တစ်ခု ရှိသေးတယ်... အဲ့ဒါကတော့...”
ဖူမာကျန်းဝူသည် သူမ၏ သေးသွယ်လှပသော မျက်နှာလေးကို မော့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် စကားလုံးတစ်လုံးချင်းစီကို ပီပီသသ ရွတ်ဆိုလိုက်လေ၏။
“လုံ ခြုံ ရေး အဖွဲ့ရဲ့ အထူး ကျွမ်းကျင်
ပ ညာ ရှင်...”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရီအန်းထုံတို့ လေးယောက်၏ မျက်နှာများသည် သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြတော့၏။
'အထူးကျွမ်းကျင်ပညာရှင်' ဆိုတာ ဘာလဲဆိုတာ သူတို့ သိပ်နားမလည်ကြသော်လည်း 'လုံခြုံရေးအဖွဲ့' ဆိုသည့် စကားလုံးကမူ သူတို့ကို သေမတတ် ကြောက်ရွံ့သွားစေရန် လုံလောက်ရပေ၏။
သူတို့သည် သင်္ချိုင်းဖောက်သည့် လောကတွင် ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ၊ နိုင်ငံတော်အဆင့် အထူးဂိုဏ်းဖြစ်သည့် လုံခြုံရေးအဖွဲ့ အကြောင်းကို မကြားဖူးဘဲ နေမည်လော။
“ပြေးဟေ့...”
ရီအန်းထုံသည် စကား တစ်လုံးတည်းကို အော်ဟစ်လိုက်ပြီး တံခါးပေါက်ဆီသို့ ဦးဆောင်ကာ ဒရောသောပါး ပြေးလွှား လေတော့သည်။
ကျန်သုံးယောက်ကလည်း အချိန်ဆွဲမနေရဲကြဘဲ ကပျာကယာပင် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။
သူတို့ ကောင်းကောင်းကြီး သိထားကြသည်မှာ ယခုချက်ချင်း မပြေးလျှင် နောင်ဘယ်တော့မှ ပြေးခွင့်ရတော့မည် မဟုတ်ဟူ၍ပင်။
သို့သော် သူတို့လေးယောက် တံခါးနားသို့ အရောက်တွင်မူ မျှော်လင့်ချက်များ ရိုက်ချိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားကြရ၏။ အကြောင်းမူကား တံခါးကြီးက လော့ခ်ကျနေပြီ ဖြစ်သောကြောင့်တည်း။
“ကျစ်... သောက်ကျိုးနည်း...”
အမာရွတ်နှင့်လူက ဒေါသတကြီး ကျိန်ဆဲလိုက်မိ၏။ စောစောက ဖူမာကျန်းဝူကို တွေ့စဉ်က ရမ္မက်ဇောတက်ပြီး တံခါးကို လော့ခ်ချခဲ့သူမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလော။ ခုမှတော့ ကိုယ့်ရှူးကိုယ်ပတ်ပြီပေါ့။
သူတို့လေးယောက် တံခါးလော့ခ်ကို ဖွင့်ရန် ပျာယာခတ်နေကြစဉ်မှာပင် ဖူမာကျန်းဝူက သူတို့နောက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့လေပြီ ဖြစ်၏။
“ငါ ကူညီပေးရမလား...”
“သေစမ်း... မင်းတို့သုံးကောင်... သွား... အဲ့ဒီ ကောင်မလေးကို သွားဆွဲထားစမ်း...”
ရီအန်းထုံသည် အခြေအနေမဟန်တော့မှန်း သိလိုက်သဖြင့် ကျန် သုံးယောက်ကို အမိန့်ပေးလိုက်ပြီး သူကတော့ တံခါးလော့ခ်ကို ဆက်လက် ဖွင့်ရန် ကြိုးစားနေလေ၏။
အမာရွတ်နှင့်လူ အပါအဝင် သုံးယောက်သားသည် အံကို တင်းတင်းကြိတ်လိုက်ကြပြီး ဖူမာကျန်းဝူဆီသို့ သားရဲများပမာ ခုန်အုပ်လိုက်ကြတော့သည်။
ဖူမာကျန်းဝူသည် ထိုလူကြမ်းကြီး သုံးယောက် ပြေးဝင်လာသည်ကို မြင်သောအခါ ကြောက်ရွံ့ခြင်း အလျဉ်းမရှိသည့်အပြင် မျက်လုံးများပင် အရောင်တောက်လာလေ၏။ သူမသည် တိုက်ခိုက်ရမည်ဆိုလျှင် ပျော်ရွှင်နေတတ်သူ ဖြစ်ချေသည်။
ထိုလူသုံးယောက် သူမအနားသို့ မကပ်နိုင်ခင်မှာပင် ဖူမာကျန်းဝူသည် နင်ဂျာတို့၏ 'သရဲတစ္ဆေ ခြေလှမ်း' ကို ထုတ်သုံးလိုက်လေ၏။ သူမ၏ ခန္ဓာကိုယ်သည် လေထဲတွင် ရုတ်ချည်း ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုလူသုံးယောက်၏ အရှေ့သို့ ရောက်ရှိသွားလေတော့သည်။
“အား...”
သူမ၏ လှုပ်ရှားမှုက ထူးဆန်းလွန်းလှသဖြင့် လူကြမ်းကြီး သုံးယောက်မှာ ကြက်သီးမွေးညင်း ထသွားကြရ၏။
သူတို့ ဘာမှ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ဖူမာကျန်းဝူ၏ တိုက်ခိုက်မှုများက မိုးကြိုးပစ်ချလိုက်သကဲ့သို့ လျင်မြန်စွာ ကျရောက်လာလေပြီ ဖြစ်၏။
“ဘုန်း... ဘုန်း... ဘုန်း...”
သူမ၏ အမြန်နှုန်းမှာ မျက်စိဖြင့်ပင် လိုက်မမီနိုင်အောင် မြန်ဆန်လွန်းလှပါ၏။
ထိုလူသုံးယောက်မှာ သူတို့ ဘယ်လို အထိုးခံလိုက်ရမှန်းပင် မသိလိုက်ကြပေ။ ရင်ဘတ်ထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် သူတို့၏ ခန္ဓာကိုယ်များသည် စက္ကူရုပ်များပမာ နောက်သို့ လွင့်စဉ်သွားကြလေတော့သည်။
ဒီသင်္ချိုင်းဖောက်သမားတွေက ရက်စက်ကြမ်းကြုတ်သော်လည်း ခွန်အားပိုင်းမှာတော့ သိပ်မရှိလှရှာပေ။
အတွင်းအား အခြေခံအဆင့် ရှိထားသော ဖူမာကျန်းဝူ၏ ရှေ့တွင်တော့ သူတို့သည် တိုက်ခိုက်ခြင်းငှာ မစွမ်းသာသော ကလေးကစားစရာများ သဖွယ်ပင် ဖြစ်နေလေ၏။
သို့သော်ငြားလည်း သူတို့၏ ပေးဆပ်မှုက ရီအန်းထုံအတွက် တံခါးဖွင့်ရန် အချိန်အနည်းငယ် ရလိုက်လေ၏။
ရီအန်းထုံ ဆိုသည့်ကောင်က သစ္စာဖောက်ရုံသာမက အတ္တလည်း ကြီးမားလှသည်။ သူသည် သူ၏ အပေါင်းအပါ သုံးယောက်၏ အသက်ကို လုံးဝ ဂရုမစိုက်ဘဲ တံခါးပွင့်သည်နှင့် တော်ရာသို့ လွတ်အောင်ပြေးရန် ပြင်လေတော့သည်။
ဖူမာကျန်းဝူက လှမ်းဖမ်းရန် ပြင်လိုက်စဉ်မှာပင် အမာရွတ်နှင့်လူက ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထကာ ရုပ်ရည် ခက်ထန်ကြမ်းတမ်းသော မျက်နှာပေးဖြင့် သူမဆီသို့ ထပ်မံ ခုန်အုပ်လာပြန်သည်။
သူကတော့ ရီအန်းထုံ ထွက်ပြေးနိုင်ဖို့အတွက် အသက်ပေးပြီး အချိန်ဆွဲပေးနေခြင်း ဖြစ်၏။
ဒါကို သစ္စာရှိသည်ဟု ခေါ်ရမလား၊ မိုက်မဲသည်ဟု ခေါ်ရမည်လား။
ဖူမာကျန်းဝူသည် ညှာတာမနေတော့ဘဲ သူ့မျက်နှာတည့်တည့်ကို ခြေထောက်ဖြင့် ကန်ထည့်လိုက်လေ၏။
“ဝုန်း...”
အမာရွတ်နှင့်လူသည် ဝေဒနာကို မအောင့်နိုင်တော့ဘဲ သွေးများ ဝေါ့ခနဲ အန်ချကာ ကြမ်းပြင်ပေါ်သို့ ခန္ဓာကိုယ် ပျော့ခွေ၍ လဲကျသွားရှာလေ၏။
သို့သော် ထိုအချိန်တွင် ရီအန်းထုံသည် အခန်းပြင်သို့ ခြေတစ်လှမ်း ရောက်နေပြီ ဖြစ်၏။
အရေးကြီးသော ထိုအချိန်တွင်ပင် ဆိုဖာပေါ်တွင် ထိုင်နေသော ယဲ့ဖန် လှုပ်ရှားလိုက်လေ၏။
ထမင်းဘူးထဲမှ နောက်ဆုံး ထမင်းလုပ်ကို မျိုချလိုက်ပြီးနောက် သူ့လက်ထဲမှ တူတစ်စုံကို ရုတ်တရက် ပစ်လွှတ်လိုက်လေ၏။
တူနှစ်ချောင်းသည် လေကိုခွင်းလျက် မြှားများပမာ တဟုန်ထိုး ပြေးထွက်သွားကြသည်။
“ရွှစ်...”
နောက်တစ်စက္ကန့်တွင် ထို တူနှစ်ချောင်းသည် ရီအန်းထုံ၏ ခြေသလုံး ကြွက်သားများကို ဖောက်ထွင်းသွားလေပြီ ဖြစ်၏။
“အား...”
လွတ်မြောက်တော့မည်ဟု မျှော်လင့်ချက်ရောင်ခြည် သန်းနေသော ရီအန်းထုံသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားပြီး ဝက်တစ်ကောင် လည်လှီးခံရသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်လေတော့သည်။
ယဲ့ဖန်သည် သူတို့ကို ဆက်ကြည့်မနေတော့ဘဲ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ သက်ဆိုင်ရာ ရုံးခန်းသို့ ဖုန်းဆက်လိုက်သည်။
“ဟယ်လို... ကျွန်တော် သင်္ချိုင်းဖောက်ဂိုဏ်း တစ်ဖွဲ့ကို ဖမ်းမိထားတယ်... နေရာက ယွီထျန်းဟိုတယ် အခန်းနံပါတ် ( ၇၀၆ ) ပါ...”
ရုံးခန်းမှ ဝန်ထမ်းများသည် အလွန် လျင်မြန်စွာ ရောက်ရှိလာကြသည်။ ၁၀ မိနစ်ခန့် အကြာတွင် ယူနီဖောင်းဝတ် အရာရှိ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် အခန်းထဲသို့ ဝင်ရောက်လာကြလေ၏။
အဖွဲ့ကို ဦးဆောင်လာသော သက်လတ်ပိုင်း အရာရှိကြီးသည် ကြမ်းပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေသော လူကောင်ကြီး လေးယောက်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားလေ၏။
အထူးသဖြင့် တစ်ယောက်၏ ခြေထောက်တွင် တူနှစ်ချောင်း စိုက်ဝင်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။
အခန်းထဲတွင် ဆိုဖာပေါ်၌ အေးဆေးစွာ ထိုင်ရင်း ဖုန်းကလိနေသော ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့ကို မြင်လိုက်ရသောအခါ သူ့မျက်မှောင်က ပို၍ တွန့်ချိုးသွားလေ၏။
“ဒီလေးယောက်ကို မင်းတို့နှစ်ယောက်တည်းက မှောက်လိုက်တာလား...”
သက်လတ်ပိုင်း အရာရှိကြီးက မယုံကြည်နိုင်စွာ မေးလိုက်သည်။
သင်္ချိုင်းဖောက်သမားတွေဆိုတာ ရက်စက်ကြမ်းကြုတ်ပြီး အသက်ကို ပဓာနမထားဘဲ ခုခံတတ်မှန်း သူ ကောင်းကောင်း သိထားသည်။
ထိုမျှမက၊ ဒီလူလေးယောက်က ဗလတွေကလည်း တောင့်တင်းခိုင်မာသေးသည်။ လေ့ကျင့်ထားသော သူတို့ ရဲတပ်ဖွဲ့ဝင်များပင် လွယ်လွယ်ကူကူ ဖမ်းဆီးနိုင်ရန် ခဲယဉ်းသော အနေအထား ဖြစ်၏။
သို့တိုင်၊ အခန်းထဲမှာ ကျောင်းသားအရွယ် လူငယ်လေး နှစ်ယောက်က လွဲပြီး ဘယ်သူမှ ရှိမနေပေ။
“နှစ်ယောက် ပေါင်းပြီး မှောက်လိုက်တာ မဟုတ်ပါဘူး... ကျွန်မ တစ်ယောက်တည်း လုပ်လိုက်တာပါ...”
ဖူမာကျန်းဝူက ချက်ချင်းပင် ဝင်ရောက် ဖြေရှင်းချက် ပေးလိုက်လေ၏။
သူမ ပြောတာက အမှန်တရားပင် ဖြစ်၏။ သခင်ဖြစ်သူ ပစ်လွှတ်လိုက်သော နောက်ဆုံး တူနှစ်ချောင်းမှလွဲ၍ ကျန်သည့် သုံးယောက်ကို သူမ တစ်ယောက်တည်း ဆုံးမလိုက်ခြင်း ဖြစ်သည်လေ။
“မင်းတစ်ယောက်တည်း..”
သက်လတ်ပိုင်း အရာရှိကြီးသည် သူမကို သေချာ စုန်ချည်ဆန်ချည် ကြည့်လိုက်မိ၏။
ဒီကောင်မလေးက ရုပ်ကလေးကဖြင့် ဂျပန်ရုပ်ကလေးလိုလို ဘာလိုလိုနဲ့ နုနုနယ်နယ်လေး... ဒီလို မိန်းကလေးက ဒီလောက် လူကောင်ကြီးတွေကို မှောက်လိုက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါ ဘာပြက်လုံးလဲ...။
“ဘယ်သူပဲ မှောက်မှောက်ကွာ... မင်းတို့နှစ်ယောက်စလုံး ဝန်ထမ်းရေးရာရုံးကို လိုက်ခဲ့ပြီး ထွက်ဆိုချက် ပေးရမယ်...”
အရာရှိကြီးက ထိုကိစ္စကို ဆက်ပြီး ခေါင်းစားမနေတော့ဘဲ ပြတ်ပြတ်သားသားပင် ပြောဆိုလိုက်သည်။
“စိတ်မကောင်းပါဘူးဗျာ... ကျွန်တော့်မှာ အရေးကြီး ကိစ္စလေး ရှိနေလို့ ခင်ဗျားတို့နဲ့ လိုက်မလာနိုင်လောက်ဘူး...”
ယဲ့ဖန်သည် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး အရာရှိကြီးကို ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
“အဲ့ဒါက မင်းသဘောအတိုင်း လုပ်လို့ရမယ် ထင်နေလား...”
အရာရှိကြီး၏ မျက်နှာထား တင်းမာသွားလေ၏။ ဒီကောင်လေးက နည်းနည်းတော့ ဘဝင်မြင့်လွန်းနေပြီဟု သူ ထင်မြင်မိ၏။ ကြည့်ရတာ ဒီကောင်လေး အခြေအနေမှန်ကို သဘောပေါက်သွားအောင် နည်းနည်းလောက် ပညာပေးမှ ရမည်ထင်သည်။
“မင်္ဂလာပါ... ကျွန်တော်က လုံခြုံရေးအဖွဲ့ရဲ့ အထူးကျွမ်းကျင်ပညာရှင်ပါ...”
ယဲ့ဖန်သည် အိတ်ကပ်ထဲမှ သက်သေခံကတ်ပြားတစ်ခုကို ထုတ်လိုက်ပြီး အရာရှိကြီး၏ မျက်နှာရှေ့သို့ ထိုးပြလိုက်လေ၏။
ဒီကတ်ပြားကို ချန်းဖေးအယ်က သူ့အတွက် ယူလာပေးထားခြင်း ဖြစ်၏။
နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်နှင့် လုံခြုံရေးအဖွဲ့ စာသားများအပြင် ကျန်တာကတော့ သူ့ဓာတ်ပုံနှင့် အခြေခံ အချက်အလက်များသာ ဖြစ်၏။
သို့သော် 'အထူးကျွမ်းကျင်ပညာရှင်' ဆိုသော စာလုံးကြီးများကတော့ အလွန် ထင်ရှားပေါ်လွင်နေလေ၏။
သက်လတ်ပိုင်း အရာရှိကြီးသည် ထိုကတ်ပြားကို မြင်လိုက်ရသောအခါ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး တည်ကြည်လေးနက်စွာဖြင့် ယဲ့ဖန်အား အလေးပြုလိုက်လေ၏။
“မင်္ဂလာပါ... ရဲဘော်ယဲ့...”
ယဲ့ဖန်သည် စကားအများကြီး ပြောမနေတော့ဘဲ စားပွဲပေါ်မှ စာရွက်စာတမ်း အထပ်လိုက်ကို သူ့လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
“ဒီဂိုဏ်းမှာ စုစုပေါင်း ၁၃ ယောက် ရှိတယ်... ဒီလေးယောက်အပြင် ကျန်တဲ့ ၉ ယောက်က သတင်းသွားစုံစမ်းနေကြတယ်... ကျန်တဲ့လူတွေကို ဖမ်းဖို့က ခင်ဗျားတို့ တာဝန်ပဲ... ဒီအဖွဲ့က အရင်တုန်းက သင်္ချိုင်းကြီး တော်တော်များများကို ဖောက်ခဲ့ပြီးပြီ... သူတို့ ရှာဖွေရရှိခဲ့တဲ့ ငွေပမာဏက သန်း ၄၀၀ လောက်တောင် ရှိတယ်... ဒါက အမှုကြီးပဲ... ဒီမှာ သူတို့ရဲ့ အရောင်းအဝယ် မှတ်တမ်းတွေပါ...”
ယဲ့ဖန်သည် အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်သည်။
“ကျန်တာတော့ ခင်ဗျားတို့ဘာသာ ဆက်စစ်ဆေးကြတော့ဗျာ... ကျွန်တော့်မှာ ကိစ္စရှိသေးလို့ သွားလိုက်ဦးမယ်...”
“ဟုတ်ကဲ့ပါ...”
အရာရှိကြီးက နောက်တစ်ကြိမ် လေးစားစွာ အလေးပြုလိုက်ပြီး သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို ငေးကြည့်နေမိလေ၏။
နောက်ပါးမှ ရဲအရာရှိ လူငယ်လေးများသည်လည်း ယဲ့ဖန်ကို အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
'ငါတို့နဲ့ ရွယ်တူပဲ ရှိသေးတယ်... သောက်ရမ်း မိုက်တာပဲကွာ...'
လုံခြုံရေးအဖွဲ့က ဘာလုပ်သည့် အဖွဲ့လဲ ဆိုတာ သူတို့ သေချာ မသိကြသော်လည်း သူတို့ ခေါင်းဆောင်က ဒီလောက် လေးလေးစားစား ဆက်ဆံရသည် ဆိုတော့ သာမန်လူတော့ မဟုတ်တန်ရာ။
အထူးတာဝန် ရှိသည့် ဌာန တစ်ခုခုက ဖြစ်လောက်သည်။
သူတို့အားလုံး စိတ်လှုပ်ရှားသွားကြ၏။
ဒီနေ့လို နေ့မျိုးမှာ ဒီလို ထူးခြားသည့် ဌာနက လူမျိုးနှင့် ဆုံတွေ့ခွင့်ရလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ တကယ့်ကို မျက်စိပွင့် နားပွင့် ဖြစ်ရပါ၏။
ယဲ့ဖန်ကတော့ ထိုအရာရှိလေးများ ဘာတွေးနေလဲ ဆိုတာကို မသိသလို၊ စိတ်လည်း မဝင်စားပေ။ သို့သော် ဒီသတင်းက ကျန်းကောမြို့၏ သင်္ချိုင်းဖောက် လောက တစ်ခုလုံးကို ဘယ်လောက်ထိ ဂယက်ရိုက်သွားမလဲ ဆိုတာကိုတော့ သူ တွေးကြည့်၍ ရနေ၏။
အမှန်တရားကလည်း သူ တွေးထားသည့် အတိုင်းပင် ဖြစ်လာခဲ့သည်။
'ဖီးနစ်သုံးကောင်ဂိုဏ်း' ၏ တမင်သက်သက် သတင်းဖြန့်မှုကြောင့် တစ်နာရီ မပြည့်ခင်မှာပင် ထိုသတင်းသည် ကျန်းကောမြို့ အုတ်ဂူဖောက် လောက တစ်ခုလုံးကို မုန်တိုင်းထန်သကဲ့သို့ မွှေနှောက်ချောက်ခြား သွားစေခဲ့လေတော့သည်။