လျှို့ဝှက်လူသားက ဘယ်သူလဲ
Vol. 75 Ch. 1483
~“ဟေ့ကောင်... ကြားပြီးပြီလား... ရီအန်းထုံတို့အဖွဲ့ကို ဝန်ထမ်းရေးရာရုံးက လူတွေ ဝင်ဆွဲသွားပြီတဲ့... ( ၁၃ ) ယောက်စလုံး တစ်ယောက်မကျန် ပါသွားတာကွ”
“တကယ်လား... သူတို့က အကုန် ဖြူအောင် လျှော်ထားပြီးသားလေ... ရှေးဟောင်းသုတေသနအဖွဲ့ ခေါင်းစဉ် တပ်ထားတာတောင် အဖမ်းခံလိုက်ရသေးတာလား”
“ငါကြားတာတော့ လျှို့ဝှက်လူသား တစ်ယောက်က သင်္ချိုင်းဖောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ ရီအန်းထုံကို ကြိုပြီး သတိပေးခဲ့သေးသတဲ့... ဒါပေမဲ့ ရီအန်းထုံက ငြင်းလိုက်တော့ ဇာတ်သိမ်းမလှ ဖြစ်သွားတာပေါ့ကွာ”
“သေစမ်း... အရင်တစ်ခေါက်က သူခိုးဂိုဏ်းကို လျှို့ဝှက်လူသားက တိုက်ခိုက်လို့ သူတို့ဘာသာ ဆုတ်ခွာသွားကြရတယ်... အခုတော့ သင်္ချိုင်းဖောက်ဂိုဏ်း အလှည့်ရောက်လာတာလား”
“အဲ့ဒီ လျှို့ဝှက်လူသားက ဘယ်သူလဲဟ... ဘယ်သူ့ကိုမဆို နှိမ်နင်းနိုင်နေပါလား”
“အေးလေ... ဖီးနစ်သုံးကောင်ဂိုဏ်းကို အမိန့်ပေးနိုင်ရုံတင်မကဘူး... ဝန်ထမ်းရေးရာရုံးကိုပါ လှုပ်ရှားနိုင်တာလား... ဒီလောက်ထိ ကြောက်စရာကောင်းဖို့ လိုလို့လားကွာ”
“ငါကတော့ ဒီရေရှုပ်ထဲကနေ အကျိုးအမြတ်လေး ဘာလေး ရမလားလို့ စောင့်ကြည့်နေတာ... ဒါပေမဲ့ ဒီအခြေအနေကြီးက ကြောက်စရာ ကောင်းလွန်းတယ်... မဖြစ်တော့ဘူး... ဒီတစ်ခေါက်တော့ လက်ရှောင်မှ ဖြစ်မယ်”
“ငါလည်း လက်ရှောင်တော့မယ်... သင်္ချိုင်းကြီးတွေက နေရာတိုင်းမှာ ရှိပါတယ်ကွာ... ဒီတစ်ခုတည်းနဲ့တော့ အသေခံပြီး မတိုက်ခိုက်နိုင်ပါဘူး... အဲ့ဒီ လျှို့ဝှက်လူသားက ကြောက်စရာ ကောင်းလွန်းတယ်... အဲ့လို လူမျိုးကို သွားပြီး ပြစ်မှားစရာ အကြောင်း မရှိဘူး”
“ငါလည်း လစ်တော့မယ်... ရီအန်းထုံ လမ်းစဉ်ကို လိုက်ပြီး ထောင်နန်းမစံချင်ပါဘူး”
ကျန်းကောမြို့တွင် သောင်တင်နေကြသော သင်္ချိုင်းဖောက်ဂိုဏ်းများအားလုံးသည် တစ်ညတည်းဖြင့် ဆုတ်ခွာကုန်ကြလေတော့သည်။
ဘယ်လိုပဲပြောပြော သူတို့ဆိုတာ သူခိုးတွေပဲ မဟုတ်ပါလော။
အခုဆိုလျှင် ဝန်ထမ်းရေးရာရုံးကပါ ဝင်ပါလာပြီ ဖြစ်ရာ ဘယ်သူကများ ဆက်ပြီး မွှေနှောက်ရဲတော့မည်နည်း။
သူတို့ ငွေမက်ကြသည်မှာ မှန်သော်လည်း ငွေလေး တစ်ပြားတစ်ချပ်အတွက်နှင့် အဖွဲ့လိုက် ဂူပြိုမည့် အန္တရာယ်ကိုတော့ စွန့်စားခံမည် မဟုတ်ပေ။
ထို သင်္ချိုင်းဖောက်သမားများ ကျန်းကောမြို့မှ ထွက်ခွာသွားကြသောအခါ သူတို့၏ စိတ်ထဲတွင် သိချင်စိတ်တစ်ခု စွဲထင်ကျန်ရစ်ခဲ့လေ၏။
'ဒီ လျှို့ဝှက်လူသားက ဘယ်သူလဲ'
သူ့မှာ ရှိနေသည့် အာဏာစက်က ကြီးမားလွန်းလှသည်။
ကျန်းကောမြို့၏ မြေအောက်အရှင်သခင်မ ဖြစ်လာသော ဖီးနစ်သုံးကောင်ဂိုဏ်းကို အမိန့်ပေးနိုင်ရုံသာမက ဝန်ထမ်းရေးရာရုံးကိုပါ စေခိုင်းနိုင်စွမ်း ရှိနေ၏။
ကျန်းကောမြို့၏ သူခိုးဘုရင်ကို အလွယ်တကူ မောင်းထုတ်နိုင်ခဲ့သလို အကြီးဆုံး သင်္ချိုင်းဖောက်ဂိုဏ်းကိုလည်း အလွယ်တကူ ချေမှုန်းပစ်နိုင်ခဲ့သည်။
ဒီလို စွမ်းအင်မျိုး၊ ဒီလို နည်းလမ်းမျိုးက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှပါ၏။
မကြာခင်မှာပင် ဒီသတင်းဆိုးကြီးက လျင်မြန်စွာ ပြန့်နှံ့သွားလေတော့သည်။ သင်္ချိုင်းဖောက်လောက တစ်ခုတည်းသာ မဟုတ်ဘဲ ကျန်းကောမြို့၏ နယ်ပယ်အသီးသီးသို့ပါ ပျံ့နှံ့သွားခဲ့လေ၏။
မြေအောက်လောက တစ်ခုလုံးသည် ဥပဒေတွင်းရော ဥပဒေပကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်သော ဤလျှို့ဝှက်လူသား ရှိနေကြောင်းကို သိရှိသွားကြလေပြီ ဖြစ်၏။
မသိမသာပင် ထိုလျှို့ဝှက်လူသားသည် ကျန်းကောမြို့၏ သရဖူ မဆောင်းသော ဘုရင်တစ်ပါး ဖြစ်လာခဲ့ချေပြီ။
ပါးရည်နပ်ရည် ရှိသူများကတော့ ကျန်းကောမြို့၌ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာတော့မည်ကို ကြိုတင်ရိပ်မိနေကြလေပြီ ဖြစ်၏။
ဒီအချိန်မှာ ကိုယ့်ကိုယ်ကို နှိမ့်ချနေတာက အကောင်းဆုံးပင်။
ထို့ကြောင့် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များသည် သူတို့၏ လက်အောက်ငယ်သားများကို ထိန်းသိမ်းထားလိုက်ကြတော့သည်။
ဒီကာလအတွင်းမှာ ပြဿနာရှာရဲသည့် လူ ရှိလျှင် ထိုသူက အရင်ဆုံး အသတ်ခံရပေလိမ့်မည်။
ယဲ့ဖန်ကတော့ ရှန်ဘုရင်၏ လျှို့ဝှက်ရတနာဆီသို့ သွားရာလမ်းမှ အနှောင့်အယှက်များကို ရှင်းလင်းလိုက်ရုံဖြင့် ကျန်းကောမြို့၏ လုံခြုံရေးကိုပါ တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
အနည်းဆုံးတော့ မကြာခင် ကာလအတွင်းမှာ ကျန်းကောမြို့၏ မှုခင်းဖြစ်ပွားနှုန်းက ထိုးကျသွားပေလိမ့်မည်။
နောက်တစ်နေ့ မနက်ရောက်မှ ချန်းဖေးအယ်၏ ဖုန်းခေါ်ဆိုမှုကြောင့် ယဲ့ဖန် ဒီအကြောင်းကို သိလိုက်ရ၏။
“ကျန်းကောမြို့မှာ ရောက်နေတဲ့ သင်္ချိုင်းဖောက်ဂိုဏ်းတွေ အကုန်လုံး ဆုတ်ခွာသွားကြပြီလို့ သတင်းရတယ်... တခြား ဂိုဏ်းတွေ၊ အဖွဲ့တွေလည်း တော်တော်လေး ငြိမ်ကျသွားကြတယ်... ကျန်းကော ဝန်ထမ်းရေးရာရုံးက လုပ်ချင်ရက်နဲ့ မလုပ်နိုင်ခဲ့တဲ့ ကိစ္စကို ရှင်က မယုံနိုင်လောက်အောင် လုပ်ပြနိုင်ခဲ့လိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး”
ချန်းဖေးအယ်၏ အသံထဲတွင် အံ့သြမှုနှင့်အပြိုင် သရော်လိုသော လေသံတို့ ရောပြွမ်းနေလေ၏။
“မင်းပြောတဲ့ စကားလုံးတွေကို ကိုယ် သိပ်သဘောမကျဘူး... 'ထင်မထားခဲ့ဘူး' ဆိုတာ ဘာအဓိပ္ပာယ်လဲ... 'မယုံနိုင်လောက်အောင်' ဆိုတာကရော ဘာလဲ...ကိုယ်က ဒါမျိုးတွေ လုပ်နိုင်တာ အဆန်းမို့လို့လား”
ယဲ့ဖန်သည် သူမ၏ လေသံထဲတွင် ခွဲခြားဆက်ဆံမှု ပါနေသည်ဟု ခံစားလိုက်ရသဖြင့် မကျေမနပ် ဖြစ်သွားလေ၏။
“ဟုတ်ပါပြီ... ဟုတ်ပါပြီရှင့်... ဒီကိစ္စတွေက ဆရာယဲ့အတွက်တော့ ထမင်းစားရေသောက်လောက်ပဲ မလား... အခုရော ကျေနပ်ပြီလား”
ချန်းဖေးအယ်က ကလေး တစ်ယောက်ကို ချော့မြှူနေသကဲ့သို့ ပြောလိုက်လေ၏။
“ဒါပေါ့”
ယဲ့ဖန် ပါးစပ်ကသာ ပြောလိုက်သော်လည်း ရင်ထဲတွင်တော့ အံ့အားသင့်နေမိဆဲပင်။
သူ့အနေဖြင့် မရည်ရွယ်ဘဲ လုပ်လိုက်မိသော အပြုအမူများက ဒီလောက်ထိ ဂယက်ရိုက်သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ဒါကို မရည်ရွယ်ဘဲ စိုက်လိုက်သော မိုးမခပင်က အရိပ်ရစေသည်ဟု ဆိုရပေမည်။
“ဒီတစ်ခေါက် လုံခြုံရေးအဖွဲ့က အထူးစောင့်ကြည့်နေတဲ့ ဂိုဏ်းတချို့လည်း ဆုတ်ခွာသွားကြပြီ... ကျန်းကောမြို့ကို လာတဲ့ ကျွန်မတို့ရဲ့ တာဝန်လည်း အချိန်မတိုင်ခင် ပြီးသွားလောက်တယ်”
“ဒါဆို မင်းတို့ ပြန်တော့မှာလား”
“ဒါပေါ့... ဘာလဲ... ရှင်က ကျွန်မကို မခွဲနိုင် မခွာရက် ဖြစ်နေတာလား”
“အဲ့လိုတော့ မဟုတ်ပါဘူး... အဓိကက မင်းတို့ ပြန်သွားရင် ကိုယ့်အတွက် အောက်ခြေသိမ်း အလုပ်တွေ လုပ်ပေးမယ့်လူ နည်းသွားမှာစိုးလို့ပါ”
“ဟေ့လူ... ကျွန်မတို့က လုံခြုံရေးအဖွဲ့နော်... ရှင်က တကယ်ပဲ ကျွန်မတို့ကို အောက်ခြေသိမ်းသမားတွေလို့ ထင်နေတာလား... လွန်မလာနဲ့နော်”
“ကိုယ်က အထူးခန့်အပ်ထားတဲ့ ကျွမ်းကျင်ပညာရှင်လေ... ကိုယ့်လူအချင်းချင်းပဲဟာကို”
“သွားသေလိုက်... ဘယ်သူက ရှင့်ရဲ့ ကိုယ့်လူလဲ...”
ချန်းဖေးအယ်နှင့် ဖုန်းပြောပြီးနောက် ယွီဖုန်းရှန်းကလည်း ဂုဏ်ပြုစကား ပြောရန် ဖုန်းဆက်လာပြန်သည်။
ဒီစစ်ဆင်ရေး နှစ်ခုအားဖြင့် ယဲ့ဖန်သည် ကျန်းကောမြို့မှ သူခိုးများနှင့် သင်္ချိုင်းဖောက်သမားများကို အမြစ်ပြတ် သန့်စင်ပစ်လိုက်ပြီး ဒေသခံ ဂိုဏ်းများကိုလည်း ပါးစပ်ပိတ်သွားစေခဲ့သည်။
ဒီနည်းလမ်း တစ်ခုတည်းနှင့်တင် လူတွေကို အံ့သြမှင်သက်သွားစေရန် လုံလောက်နေပါ၏။
“အခုချိန်မှာ သိုင်းလောကသားတွေ အကုန်လုံးက ဒီလျှို့ဝှက်လူသားက ဘယ်သူလဲဆိုပြီး ခေါင်းခဲနေကြတယ်... တချို့က ရှင့်ကို ဒုတိယမျိုးဆက် သူဌေးသားလို့ ပြောကြတယ်... တချို့ကျတော့ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တဲ့... အဆိုးဆုံးကတော့ ရှင်က ခေါင်းသုံးလုံး လက်ခြောက်ဖက်နဲ့ မျက်နှာစိမ်းစိမ်း အစွယ်ငေါငေါ ဘီလူးကြီးတဲ့... ဟားဟား... ဘာပဲဖြစ်ဖြစ် လျှောက်ပြီး မှန်းဆနေကြတာ... တော်တော် ရယ်ရတယ်”
ယွီဖုန်းရှန်း ပြောရင်းနှင့် ရယ်မောလိုက်မိလေ၏။
အခြားလူတွေ ဗြာများပြီး လျှောက်တွေးနေကြချိန်မှာ အဖြေမှန်ကို သူမတစ်ယောက်တည်း သိနေရခြင်းက ပြင်ပလူတွေကို ပြောပြ၍ မရနိုင်သော တိတ်တဆိတ် ပျော်ရွှင်မှု တစ်ခု ဖြစ်နေလေ၏။
ကျန်းကောမြို့ မြေအောက်လောက၏ ဘုရင်မ ဖြစ်နေပြီ ဖြစ်သော ဥက္ကဋ္ဌယွီက ဒီလို နောက်ပြောင်လိုစိတ် ရှိနေသေးတာကို တွေးကြည့်ဖို့ပင် ခက်ခဲလှပါ၏။
သွေးစွန်းသော မုန်တိုင်းတွေကို ဘယ်လောက်ပဲ ဖြတ်သန်းခဲ့ရပါစေ၊ သူမ၏ ရင်ထဲမှာတော့ မိန်းကလေး တစ်ယောက်၏ နှလုံးသား ရှိနေဆဲပင်။
ယဲ့ဖန်လည်း ယွီဖုန်းရှန်းနှင့် ခဏကြာအောင် အပြန်အလှန် စနောက်နေပြီးမှ ရုတ်တရက် တည်ကြည်
လေးနက်သွားလေ၏။
“ဒီဂိုဏ်းတွေ ကျန်းကောကနေ ဆုတ်ခွာသွားကြပြီ ဆိုပေမဲ့... မင်းလူတွေကို လွှတ်ပြီး ဆက်လက် စောင့်ကြည့်ခိုင်းထားဦး... အခွင့်ကောင်း ယူပြီး ပြဿနာရှာမယ့် လူတွေ ရှိမရှိ ကြည့်ထား... ထူးခြားတာရှိရင် ကိုယ့်ကို ချက်ချင်း သတင်းပို့ပါ”
“အဲ့ဒီ လျှို့ဝှက်ဂိုဏ်းက လက်မလျှော့မှာကို စိုးရိမ်နေတာလား... မဖြစ်နိုင်တာ... ချန်းရှောင်ရှုံးလည်း အဖမ်းခံလိုက်ရပြီ... ဒီဂိုဏ်းတွေလည်း ဆုတ်ခွာကုန်ပြီ... သူတို့ ဘာတတ်နိုင်သေးမှာလဲ”
ချန်းရှောင်ရှုံး အဖမ်းခံရသည့်ညက ယွီဖုန်းရှန်းလည်း ရှိနေခဲ့သဖြင့် ထိုလျှို့ဝှက်ဂိုဏ်း ရှိကြောင်းကို ယွီဖုန်းရှန်းလည်း သိထားခဲ့သည်။
နောက်ပိုင်းတွင် ယွီဖုန်းရှန်းက ယဲ့ဖန်ကို မေးမြန်းခဲ့သော်လည်း ယဲ့ဖန်က အသေးစိတ် ရှင်းမပြခဲ့ပေ။
ဒီလျှို့ဝှက်ဂိုဏ်းအကြောင်း ယွီဖုန်းရှန်း နည်းနည်းသိလေ ပိုကောင်းလေပင်။ မဟုတ်လျှင် သူမအတွက် အန္တရာယ် ရှိလာနိုင်သည်။
“ကိုယ့်အတွက် ဆက်ပြီး စောင့်ကြည့်ပေးထားပါ... မတော်တဆ ဖြစ်တာထက်စာရင် ကြိုတင်ကာကွယ်ထားတာ ပိုကောင်းတယ်”
ထိုဂိုဏ်းက ဒီလောက် လွယ်လွယ်ကူကူ လက်လျှော့လိမ့်မည် မဟုတ်ကြောင်း၊ အခြား တစ်ခုခုကို ကြံစည်လာနိုင်ကြောင်း ယဲ့ဖန် အလိုလို ခံစားနေရ၏။
ယဲ့ဖန်က ဇွတ်အတင်း ပြောနေသဖြင့် ယွီဖုန်းရှန်းလည်း လက်ခံလိုက်ရလေ၏။
နောက်ရက် အနည်းငယ်အတွင်း ယဲ့ဖန်သည် သူ့ကိုယ်သူ အနားပေးရန် ဆုံးဖြတ်လိုက်ပြီး ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့ကို အဖော်ပြုကာ ကျန်းကောမြို့ထဲ လျှောက်လည်ခဲ့လေ၏။
ဖူမာကျန်းဝူက အခုမှ အပျော်အပါး မက်မောသည့် အရွယ်ဖြစ်ပြီး၊ ကျူးရှောင်ကျောင်းကလည်း လူအများကြီးရှိလျှင် ရူးသွပ်တတ်သူ ဖြစ်၏။ ကောင်မလေး နှစ်ယောက် ပေါင်းမိသွားသောအခါ ကမ္ဘာပျက်သကဲ့သို့ ဆူညံပွက်လောရိုက် ကုန်ကြတော့သည်။
ဒီနှစ်ရက်အတွင်း သူမတို့ နှစ်ယောက်က ဘာမဆို တိုင်ပင်လို့ ရသည့် အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်သွားကြလေ၏။ အတူတူ စားကြ၊ အတူတူ အိပ်ကြ၊ အိမ်သာတောင် အတူတူ တက်ကြသည် အထိပင်။
ပြောင်းပြန်အနေဖြင့် ယဲ့ဖန်ကတော့ ဘေးလူ ဖြစ်သွားရရှာသည်။ ထိုအချက်က သူ့ကို အလွန်အမင်း စိတ်ပျက်အားငယ်စေသည်။
ကျူးရှောင်ကျောင်း ရောက်လာကတည်းက ဖူမာကျန်းဝူသည် သူ့ကို အထိခံခြင်း မရှိတော့ပေ။
အခုချိန်မှာ ကျူးရှောင်ကျောင်းကို ကြည့်လိုက်တိုင်း ယဲ့ဖန် အနေဖြင့် အချစ်ပြိုင်ဘက် တစ်ယောက်ကို ကြည့်နေရသလို ခံစားနေရ၏။
ညရောက်လျှင် ထိုမိန်းမကို မှောင်မိုက်သည့် ထောင့်တစ်နေရာရာသို့ ဆွဲခေါ်သွားကာ... 'ငါ့တပည့်လေးကို ပြန်ပေး...'ဆိုပြီး ရိုက်ပစ်ချင်စိတ်တွေ အသေအလဲ ပေါ်ပေါက်နေမိတော့သည်။
တတိယမြောက်နေ့တွင် ချန်းဖေးအယ်ထံမှ ယဲ့ဖန် ဖုန်းလက်ခံ ရရှိလိုက်၏။
ကျန်းကောမြို့ တာဝန် ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ဌာနချုပ်သို့ ပြန်ကြတော့မည်ဟု ဆိုသည်။
ချန်းရှောင်ရှုံးကိုလည်း စစ်ဆေးမေးမြန်းရန် ဌာနချုပ်သို့ ခေါ်ဆောင်သွားမည် ဖြစ်၏။
ထို့အပြင် ယွီဖုန်းရှန်းဆီကလည်း သတင်းရောက်လာသည်။
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သိုင်းလောက၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သော်လည်း...၊
သိုင်းလောကသည် ရေအိုင်ပမာ တည်ငြိမ်အေးချမ်းနေပြီး လှိုင်းဂယက် အသေးလေး တစ်ခုပင် ထွက်ပေါ်လာခြင်း မရှိဟု ဆိုလေ၏။