ငါ မသိတဲ့ မိန်းမတွေ မင်းဆီမှာ ဘယ်နှစ်ယောက်တောင် ရှိနေသေးတာလဲ
Vol. 75 Ch. 1485
~“သူ့အရည်အချင်းကတော့ ပြောစရာ မလိုပါဘူး... ဒါပေမဲ့ သူလိုက်ချင်ပါ့မလားလို့ စိုးရိမ်နေတာ... ရတနာသိုက်ထဲ ဝင်တယ် ဆိုတာက အသက်နဲ့ရင်းရမယ့် ကိစ္စလေ”
“မစမ်းကြည့်ဘဲ ဘယ်လိုသိမလဲ... သူက စိတ်ဝင်စားရင်ရော...”
“ဒါပေမဲ့ သူက...”
သူမတို့ နှစ်ယောက် စကားဝှက်တွေနှင့် ပြောနေကြသည်ကို ကျူးရှောင်ကျောင်း နားထောင်ရင်း စိတ်မရှည်နိုင် ဖြစ်လာတော့သည်။
“ဒီတစ်ယောက်က မိန်းမလား...”
ဖူမာကျန်းဝူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
“မိန်းမ...”
“ဘာ... နောက်ထပ် မိန်းမ တစ်ယောက် ဟုတ်လား...”
ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြည့်လိုက်သည်။
“ယဲ့ဖန်... ရှင် ပြောစမ်း...ကျွန်မ မသိတဲ့ မိန်းမတွေ ရှင့်ဆီမှာ ဘယ်နှယောက်တောင် ရှိနေသေးတာလဲ... ဟမ်...”
“ဟီးဟီး... ဟိုမှာကြည့်... ဂြိုလ်သား...”
ယဲ့ဖန်က ရုတ်တရက် အဝေးတစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။ ကျူးရှောင်ကျောင်း လှမ်းကြည့်လိုက်သည့် အခိုက်အတန့်တွင် သူသည် ချက်ချင်းပင် နေရာမှ ထကာ ထွက်ပြေးလေတော့သည်။
ဒီနေရာကနေ အမြန်မပြေးရင် ဒီမိန်းမရဲ့ သဝန်တိုမီးတောက်လောင်ပြီး ပြာကျသွားနိုင်သည် မဟုတ်ပါလော။
“ယဲ့ဖန်... လူလိမ်... ဘယ်မှာလဲ ဂြိုလ်သား...”
ကျူးရှောင်ကျောင်း၏ ဆဲဆိုသံက သူ့နောက်ကျောဘက်မှ ပျံ့လွင့်လာခဲ့သည်။
ယဲ့ဖန် လမ်းလျှောက်ရင်း စဉ်းစားနေမိ၏။
ဖူမာကျန်းဝူ ပြောတာ မှန်သည်။
လန်ရှင်းယွဲ့ လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ သူမကို ဖိတ်ခေါ်ကြည့်သင့်သည်။
လန်ရှင်းယွဲ့၏ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကတော့ သံသယဖြစ်စရာ မလိုပေ။ အဓိကက သူမ လိုက်ချင်မလား ဆိုတာပဲ။
လန်ရှင်းယွဲ့အိမ်သို့ သွားနေရင်း သူ လူစာရင်းကို တွက်ချက်ကြည့်လိုက်သည်။
သူ့အပြင် အားချန်၊ ကျူးရှောင်ကျောင်း၊ ဖူမာကျန်းဝူ၊ ရွှီကျင်းရှင်း... ငါးယောက် ရှိနေပြီ။
လန်ရှင်းယွဲ့ပါ ပါလာလျှင် ခြောက်ယောက် ဖြစ်သွားမည်။
ရှာဖွေရေးအဖွဲ့၏ ပုံကြမ်းတော့ ထွက်လာပါသည်။
သို့သော်၊ ဒီအဖွဲ့က နည်းနည်းတော့ အားနည်းနေသလိုပဲ။ ယောကျာ်းလေး နှစ်ယောက်တည်းဆိုတော့ အင်အားမမျှသလို ခံစားနေရ၏။
ခွန်အားသုံးရမည့် အလုပ်တွေ ကြုံလာလျှင် ဒီမိန်းကလေး လေးယောက်က အသုံးဝင်ချင်မှ ဝင်မည်။
ထို့ကြောင့် ၊ စိတ်ချရသည့် ယောကျာ်းလေး အနည်းငယ်လောက် ထပ်ရှာမှ ဖြစ်မည်။
ဖီးနစ်သုံးကောင်ဂိုဏ်းက လူတွေကို ခေါ်ဖို့က သိပ်အဆင်မပြေ။
အဲ့ဒီအချိန်ကျမှ လျူမိသားစုကို အကူအညီတောင်းရင်လည်း မခက်ခဲလောက်ပါလေ။
အခုတော့ လိုအပ်နေတာက ဘူမိဗေဒ ပညာရှင်တစ်ယောက်ပါ။
လန်ရှင်းယွဲ့ကို တွေ့ရင် ဘယ်လိုပြောရမလဲဟု စဉ်းစားနေစဉ်မှာပင် စနစ်၏ အသံက ယဲ့ဖန် နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာလေ၏။
“လမ်းကြောင်းပြစနစ် အသစ်ကို တွေ့ရှိပါပြီ... ရှေ့ကို မီတာ ၅၀ တည့်တည့်မောင်းပြီး ညာဘက်ချိုးပါ...”
ယဲ့ဖန် သက်ပြင်းချလိုက်မိ၏။
ဒီစနစ်ကလည်း အချိန်မရွေး နေရာမရွေး ပေါ်ချင်တိုင်း ပေါ်လာတတ်တာပါလား။
ငြီးတွားနေမိသော်လည်း ဒီအခွင့်အရေးက လက်လွှတ်ခံ၍ မရ။
သူ ချက်ချင်းပင် လမ်းကြောင်းပြောင်းပြီး စနစ် ညွှန်ပြရာသို့ မောင်းနှင်လိုက်လေ၏။
ဆယ်မိနစ်ခန့် ကြာသောအခါ ကားသည် ဟောင်းနွမ်းနေသော ရပ်ကွက်တစ်ခုထဲသို့ ဝင်ရောက်သွားလေ၏။
ဒီရပ်ကွက်က အိမ်တွေက အနည်းဆုံး နှစ် ၄၀၊ ၅၀ လောက် သက်တမ်းရှိပုံ ရပြီး ပြတင်းပေါက် သံတိုင်တွေတောင် သံချေးတက်နေပြီ ဖြစ်၏။
ယဲ့ဖန်သည် လူနေတိုက်ခန်း တစ်ခုရှေ့တွင် ကားရပ်လိုက်ပြီး၊ ကားပေါ်မှ ဆင်းကာ စနစ်ညွှန်ပြရာ လှေကားထစ်များအတိုင်း တက်သွားလိုက်သည်။
ဒီတိုက်မှာ ဓာတ်လှေကား မရှိသလို၊ စင်္ကြံလမ်းကလည်း မှောင်မည်းနေ၏။ တော်သေးတာက သူ့မျက်လုံးတွေ ကောင်းနေ၍သာ။
တတိယထပ်သို့ ရောက်ခါနီးတွင် ဆူညံသံများကို ကြားလိုက်ရလေ၏။
“ကျန်းရှောင်ယန်... နင့်မှာ လူစိတ်ရှိသေးရဲ့လား... နင့်အစ်ကို သေမလို ဖြစ်နေတာတောင် နင် ဂရုမစိုက်ဘူးလား...”
ယဲ့ဖန် တတိယထပ်သို့ ရောက်သွားသောအခါ လူအုပ်ကြီး စုဝေးနေသည်ကို တွေ့လိုက်ရ၏။
ထိုလူအုပ်ထဲတွင် အရက်မူးနေသော လူတစ်ယောက်က တံခါးကို ထုရိုက်ရင်း ဆဲဆို ကြိမ်းမောင်းနေ၏။
ထိုလူ၏ နောက်တွင်တော့ ကြမ်းတမ်းသော မျက်နှာထားနှင့် လူမိုက်အချို့ ရပ်နေကြသည်။ သူတို့ တစ်ယောက်ချင်းစီက ဗလတောင့်တောင့်နှင့် ကြောက်စရာ ကောင်းလှသည်။
အိမ်နီးနားချင်းများကတော့ အဝေးကနေသာ လှမ်းကြည့်ရဲကြသည်။ ဘယ်သူမှ ဝင်မပါရဲကြပေ။
“ဒုန်း... ဒုန်း... ဒုန်း...”
“ကျန်းရှောင်ယန်... ငါ နောက်ဆုံးအကြိမ် မေးမယ်... နင် တံခါးဖွင့်မှာလား မဖွင့်ဘူးလား... မဖွင့်ရင် ငါ ရိုက်ချိုးလိုက်တော့မယ်...”
အရက်သမားက ဟောင်းနွမ်းနေသော သံတံခါးကို တဒုန်းဒုန်း ထုရိုက်နေ၏။
ထိုအချိန်တွင် အထဲမှ မိန်းကလေးတစ်ယောက်၏ အားငယ်သော အသံလေး ထွက်ပေါ်လာသည်။
“အစ်ကို... ညီမလေးမှာ တကယ် ပိုက်ဆံ မရှိတော့လို့ပါ... ပြီးခဲ့တဲ့ တစ်ခေါက် အစ်ကို့ကို ပေးဖို့ သူငယ်ချင်းဆီက ယွမ် ၂ သောင်း ချေးထားရတာတောင် မကျေသေးဘူးလေ...”
“ဟားဟား... နင် ငါ့ကို နောက်နေတာလား... ဒီလောက် ကောင်းတဲ့ အိမ်ကြီးကို အလကား ရထားတာတောင် ပိုက်ဆံမရှိဘူး ပြောရဲသေးတယ်ပေါ့... အိမ်ကို ရောင်းလိုက်ရင် ပိုက်ဆံရပြီ မဟုတ်ဘူးလား... တံခါးဖွင့်စမ်း...”
အရက်သမားက ထပ်မံ အော်ဟစ်လိုက်သော်လည်း အထဲက မိန်းကလေးက တံခါးဖွင့်မပေးပေ။
သူ့နောက်က ထိပ်ပြောင်နှင့်လူက စိတ်မရှည်တော့ပေ။
“ကျန်းရှောင်ချောင်... မင်း လုပ်နိုင်မှာလား ..မလုပ်နိုင်ဘူးလား... ဒီနေ့ ပိုက်ဆံမရရင် မင်းခြေထောက်ကို အရင် ရိုက်ချိုးပစ်မယ်နော်...”
“အစ်ကိုပြောင်... စိတ်မပူပါနဲ့... ဒီနေ့ အကြွေးကျေစေရပါမယ်...”
အရက်သမားက ထိပ်ပြောင်ကို ဖားယားသော အပြုံးဖြင့် ပြုံးပြလိုက်ပြီး သံတံခါးကို ခြေထောက်ဖြင့် ကန်ကျောက်လေတော့သည်။
“ကျန်းရှောင်ယန်... ငါ ဝင်လာလို့ရတာနဲ့ မင်း သေပြီသာမှတ်... ကောင်မစုတ်...”
ထိုသူက ထိပ်ပြောင်ရှေ့မှာတော့ ခွေးတစ်ကောင်လို ဝပ်တွားနေပြီး၊ ညီမဖြစ်သူကျတော့ ရက်ရက်စက်စက် နိုင်စားနေ၏။ တကယ့်ကို အံ့ချီးဖွယ် ကောင်းပါပေ၏။
ယဲ့ဖန် နားမလည်နိုင် ဖြစ်နေသဖြင့် ဘေးနားမှ အဒေါ်ကြီးတစ်ယောက်ကို မေးလိုက်သည်။
“အဒေါ်ကြီး... ဘာတွေ ဖြစ်နေကြတာလဲဗျ...”
အသက် ( ၅၀ ) အရွယ်ခန့် ရှိသော ထိုအဒေါ်ကြီးက သဘောကောင်းပုံ ရ၏။ ယဲ့ဖန် မေးသည်ကို ကြားသောအခါ ချက်ချင်းပင် ရှင်းပြလေတော့သည်။
“အို... ပြောမနေပါနဲ့တော့ကွယ်... ဒီအရက်သမားက ကျန်းရှောင်ချောင်တဲ့... အထဲက ကောင်မလေးက ကျန်းရှောင်ယန်... သူတို့က မောင်နှမအရင်းတွေ... ငယ်ငယ်တုန်းက မိဘတွေ ကွဲသွားကြတော့ ကျန်းရှောင်ချောင်က အဖေနဲ့ လိုက်သွားပြီး၊ ကျန်းရှောင်ယန်က အမေနဲ့ နေရစ်ခဲ့တာ...”
“မောင်နှမအရင်းတွေ ဖြစ်ပြီးတော့ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ...”
“ကျန်းရှောင်ချောင်က သူ့အဖေ လောင်းကစားသမားဆီကနေ ဘာကောင်းတာ အတုခူးရမှာလဲ... လောင်းကစားပဲ တတ်လာတာပေါ့... မိဘပိုင်ဆိုင်သမျှကို ဖြုန်းတီးပစ်လိုက်ပြီး အခု သူ့ညီမ ကျန်းရှောင်ယန်ကို လာဒုက္ခပေးနေတာ... ရှောင်ယန်လေးက လိမ္မာရှာပါတယ်... သူ့ကြောင့် ဒီလို ဖြစ်နေရတာ...”
အဒေါ်ကြီးက ပြောရင်းနှင့် ဒေါသထွက်လာကာ ဆက်မပြောနိုင်တော့ပေ။
ဘေးနားမှ အမျိုးသမီးကြီး တစ်ယောက်က ဝင်ပြောသည်။
“မနှစ်က ရှောင်ယန်ရဲ့အမေ ဆုံးသွားတော့ ဒီအိမ်လေး ကျန်ခဲ့တယ်လေ... အဲ့ဒါကို ကျန်းရှောင်ချောင်က တစ်ဝက်ပေးရမယ်ဆိုပြီး လာတောင်းတာ... သုံးရက်တစ်ခါ ငါးရက်တစ်ခါ လာပြီး ပိုက်ဆံတောင်းနေတာ... အနည်းဆုံး ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိပဲ... သူက ရှောင်ယန်ကို ATM စက်လို သဘောထားနေတာ...”
တခြား အိမ်နီးချင်းများကလည်း ဝိုင်းဝန်း ပြစ်တင်ရှုတ်ချကြသည်။
“ရှောင်ယန်က တက္ကသိုလ် တက်နေတုန်း ရှိသေးတာ... အချိန်ပိုင်းအလုပ် လုပ်ပြီး ရသမျှ ပိုက်ဆံအကုန်လုံး ဒီကောင့်ကို ပေးနေရတာ... နေ့တိုင်း မုန်လာဥချဉ်နဲ့ ပေါက်စီပဲ စားနေရရှာတယ်...”
“ဒါတင် ဘယ်ကမလဲ... ကျန်းရှောင်ချောင်က သူ့ညီမကို သူများဆီက ပိုက်ဆံလိုက်ချေးခိုင်းတာ... အခု ရှောင်ယန်ခမျာ သူ့ကြောင့် အကြွေးတွေ ပတ်လည်ဝိုင်းနေပြီ...”
“ပြီးခဲ့တဲ့တစ်ခေါက် ငါ သူတို့အခန်းရှေ့က ဖြတ်သွားတုန်း ကြားလိုက်တာ... ကျန်းရှောင်ချောင် ပြောတာလေ... သူ့ညီမကို ကိုယ့်ကိုယ်ကို ရောင်းစားခိုင်းပြီး သူ့လောင်းကစားကြွေးတွေ ဆပ်ခိုင်းမလို့တဲ့... နင်တို့ စဉ်းစားကြည့်... ဒါ လူပြောတဲ့စကား ဟုတ်ရဲ့လား...”
“ဒီတစ်ခေါက်ကျတော့ အကြွေးတောင်းတဲ့လူတွေကို အိမ်အထိ ခေါ်လာပြီး အိမ်ရောင်းခိုင်းနေပြန်ပြီ... ဒီလောကကြီးမှာ ဒီလို တိရစ္ဆာန်ထက် ဆိုးတဲ့ကောင် ရှိသေးပါလားကွယ်...”
အိမ်နီးချင်းများက ပြောရင်းဆိုရင်း ဒေါသထွက်လာကြပြီး ဝိုင်းဝန်း ဆဲဆိုကြလေတော့သည်။
ကျန်းရှောင်ချောင်က မူးရူးရူးနှင့် လှမ်းကြည့်လိုက်သည်။
“ခင်ဗျားတို့ ဘာတွေ လာပြောနေတာလဲ... ဒါ ကျုပ်နဲ့ ကျုပ်ညီမ ကိစ္စ... မင်းတို့နဲ့ ဘာဆိုင်လို့လဲ... သူများကိစ္စ ဝင်မပါနဲ့...”
အိမ်နီးချင်းများက ဒေါသထွက်နေကြပြီ ဖြစ်ရာ သူ ပြန်ပြောသည်ကို ကြားသောအခါ သည်းမခံနိုင်ကြတော့ပေ။
“နင်က ရှောင်ယန်ကို ညီမလို့ ပြောရဲသေးတယ်ပေါ့... အစ်ကိုဆိုတာ ဒီလိုလုပ်ရလား... ညီမကို အိမ်ရောင်းခိုင်း၊ ကိုယ့်ကိုယ်ကို ရောင်းစားခိုင်းရလား... နင်က အစ်ကို ဖြစ်ဖို့ ထိုက်တန်လို့လား...”
“ငယ်ငယ်တုန်းက နင် လူကောင်း မဟုတ်မှန်း ငါသိပေမဲ့ ဒီလောက်ထိ ယုတ်မာမယ်လို့ မထင်ထားခဲ့ဘူး... နင်က တိရစ္ဆာန်လေး တစ်ကောင်ပဲ...”
“ရှောင်ယန်က သိပ်လိမ္မာတဲ့ ကလေးမလေးပါ... ရုပ်ကလေးကလည်း လှ၊ ပညာတတ်လေး... နင့်လို အစ်ကိုမိုက်နဲ့ တွေ့လို့ ဒီလို ဒုက္ခရောက်နေရတာ…”