← Chapters

ဘာတွေ ဖြစ်ကုန်ကြတာလဲ

Vol. 75 Ch. 1487

ဘာတွေ ဖြစ်ကုန်ကြတာလဲ

Vol. 75 Ch. 1487

~“အို... ဒီကောင်လေးက သိပ်စိတ်မြန်လွန်းတယ်... ဘာလို့ သွားပြီး ရန်ဖြစ်ရတာလဲ”

“အေးလေ... အေးအေးဆေးဆေး စကားပြောလို့ မရဘူးလား... ဒီလူတွေက ရန်စလို့ ကောင်းတဲ့ လူတွေ မဟုတ်ဘူး... ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာပဲ မဟုတ်လား”

“လူတွေ ဒီလောက် အများကြီးကို... ကောင်းကောင်းမွန်မွန် ပြောလို့ ရနေသားနဲ့... ဘာလို့ လက်ပါရတာလဲ... အခုတော့ သူပဲ အလကားနေရင်း အရိုက်ခံရတော့မယ်”

“လူငယ်ဆိုတော့ သွေးဆူတာပေါ့... မှတ်လောက်သားလောက် ဖြစ်သွားအောင် အရိုက်ခံလိုက်ဦး”

လူတွေက လူမိုက်တွေကို အပြစ်မတင်ဘဲ ဝင်ကူညီပေးသော ယဲ့ဖန်ကို ဝိုင်းဝန်း အပြစ်တင်နေကြလေ၏။

ကျန်းရှောင်ယန် တစ်ယောက်သာလျှင် ယဲ့ဖန်၏ လုံခြုံရေးအတွက် စိုးရိမ်တကြီး ဖြစ်နေရှာသည်။ သူမ ကပျာကယာ တံခါးဖွင့်ပြီး အခန်းပြင်သို့ ထွက်လာလေ၏။

“မတိုက်ကြပါနဲ့... ရပ်ကြပါ... အစ်ကို့ အကြွေးတွေကို ကျွန်မ ဆပ်ပါ့မယ်... ဟုတ်ပြီလား...”

သူမ ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်၏။ အဆိုးဆုံး အနေအထားဆိုလျှင် ဒီအိမ်ကို ရောင်းပြီး အစ်ကိုဖြစ်သူ၏ လောင်းကစားကြွေးကို ဆပ်ပေးလိုက်မည်။ သူမကြောင့် စေတနာရှင် တစ်ယောက် ဒုက္ခရောက်သွားမည်ကို လုံးဝ လက်မခံနိုင်ပေ။

သို့ရာတွင်၊ အခုကိစ္စက ပိုက်ဆံပေးရုံနှင့် ပြီးသွားမည့် ကိစ္စ မဟုတ်တော့ပေ။

ထိပ်ပြောင်၏ လက်ညှိုးကို ယဲ့ဖန်က ချိုးပစ်လိုက်ပြီ ဖြစ်၏။ ဒီနေ့ ဒီကောင်လေးကို ကောင်းကောင်း ပညာမပေးနိုင်လျှင် သူ့ရင်ထဲက အမုန်းမီး ငြိမ်းအေးနိုင်မည် မဟုတ်ပေ။

“ရိုက်... ဒီကောင့်ကို အသေရိုက်သတ်... သေသွားရင် ငါ တာဝန်ယူတယ်...”

သို့သော် သူ၏ စကားမဆုံးခင်မှာပင် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားစေမည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေ၏။

ယဲ့ဖန်ဆီသို့ ပြေးဝင်သွားကြသော ဗလတောင့်တောင့် လူမိုက်လေးယောက်သည် တစ်စက္ကန့်အတွင်းမှာပင် နောက်သို့ လွင့်စဉ်ထွက်သွားကြလေ၏။

ထိပ်ပြောင်သည် အခြေအနေကို သတိမထားမိလိုက်သဖြင့် ပြန်လွင့်လာသော သူ့တပည့်တစ်ယောက်နှင့် ဝင်တိုက်မိကာ နောက်သို့ ယိုင်နဲ့သွားလေ၏။

အခုချိန်ထိ သူ နားမလည်နိုင် ဖြစ်နေသေးသည်။

'ဘာတွေ ဖြစ်ကုန်ကြတာလဲ...'

ထိပ်ပြောင်က သိပ်မသိသာလှပေမဲ့ ယဲ့ဖန်ဆီသို့ ပြေးဝင်သွားခဲ့သော လေးယောက်ကတော့ သွေးပျက်မတတ် ကြောက်ရွံ့သွားကြပြီ ဖြစ်၏။ သူတို့ ရရှိထားသော ဒဏ်ရာထက် ရင်ထဲမှ ကြောက်ရွံ့မှုက ပိုမို ကြီးမားနေလေ၏။

ခုနက သူတို့ လေးယောက် ပြေးဝင်သွားစဉ်က ယဲ့ဖန်ကို အထင်မကြီးခဲ့ကြပေ။

ဟန်ရေးပြချင်သော ကောင်စုတ်လေး တစ်ကောင်မျှသာ ဖြစ်ပြီး အလွယ်တကူ ကိုင်တွယ်နိုင်မည်ဟု တွက်ဆထားခဲ့ကြသည်။

သို့သော် ယဲ့ဖန်အနားသို့ မရောက်ခင်မှာပင် ရင်ဘတ်ထဲသို့ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ဝင်ရောက်လာပြီး လွင့်စဉ်သွားခဲ့ရ၏။

အကွာအဝေးက နီးကပ်နေသော်လည်း ယဲ့ဖန် ဘယ်လို တိုက်ခိုက်လိုက်သည်ကို သူတို့ လုံးဝ မမြင်လိုက်ရပေ။

ဖြစ်စဉ်တစ်ခုလုံးက မျက်တောင်တစ်ခတ်မျှသာ ကြာမြင့်သော်လည်း သူတို့ တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးလောက်အောင် ကြောက်ရွံ့သွားစေခဲ့သည်။

“အစ်ကိုပြောင်... ဒီကောင်လေးက သိပ်ကြမ်းတယ်... ကျွန်တော်တို့... ကျွန်တော်တို့ မြန်မြန် ဆုတ်ကြရအောင်...”

လက်ပါးစေ တစ်ယောက်က ရင်ဘတ်ကို ဖိရင်း နာကျင်စွာ အကြံပြုလေ၏။

ကျန်သည့် သုံးယောက်ကလည်း ကြောက်လန့်တကြား ခေါင်းညိတ် ထောက်ခံကြသည်။

“အသုံးမကျတဲ့ကောင်တွေ... အကုန်လုံး အမှိုက်တွေချည်းပဲ...”

ထိပ်ပြောင်က ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထလိုက်ပြီး ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်သည်။

“မင်းက ပရဟိတ လာလုပ်နေတယ်ဆိုတော့ အရည်အချင်း နည်းနည်းတော့ ရှိတာပဲ... ဒါပေမဲ့ မင်း လူမှားနေပြီ... ငါတို့ ဘယ်သူလဲဆိုတာ သိလား... ငါတို့က ဖီးနစ်သုံးကောင်ဂိုဏ်းကွ... ကြောက်သွားပြီလား...”

“ဟာ...”

အဝေးကနေ ပွဲကြည့်နေကြသော အိမ်နီးချင်းများသည် ဖီးနစ်သုံးကောင်ဂိုဏ်း ဆိုသည့် နာမည်ကို ကြားလိုက်ရသောအခါ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြလေ၏။

“သူတို့က တကယ်ပဲ ဖီးနစ်သုံးကောင်ဂိုဏ်းကလား... ဒါကြောင့် ဒီလောက် မောက်မာနေတာကိုး”

“ငါ ကြားတာတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက တောင်နက်ဂိုဏ်းကို ဖီးနစ်သုံးကောင်ဂိုဏ်းက အပြတ်ရှင်းပစ်လိုက်တယ်ဆို... သူတို့ခေါင်းဆောင်တောင် အသတ်ခံလိုက်ရသတဲ့”

“အသတ်ခံရတာ မဟုတ်ဘူး... အရှင်ဖမ်းမိသွားတာလို့ ပြောတယ်”

“ဘာပဲဖြစ်ဖြစ်ကွာ... အခု ကျန်းကောတစ်မြို့လုံးက ဖီးနစ်သုံးကောင်ဂိုဏ်း လက်ထဲ ရောက်နေပြီ... သူတို့ကို သွားထိရင် အသက်ရှင်ဖို့ မစဉ်းစားနဲ့တော့”

“ဒီကောင်လေးက သိပ်စိတ်မြန်တာပဲ... ဖီးနစ်သုံးကောင်ဂိုဏ်းက လူတွေကို သွားရန်စမိမှတော့ ဒီတစ်ခါ ခံရပြီပေါ့...”

သူတို့က အဖြစ်မှန် အတိအကျကို မသိကြသော်လည်း ကောလာဟလ သတင်းစကားများကိုတော့ ကြားထားကြသည်။

ကျန်းကောမြို့တွင် ဖီးနစ်သုံးကောင်ဂိုဏ်း ဘယ်လောက် အရှိန်အဝါ ကြီးမားကြောင်း သူတို့ သိထားကြသည်။ ဒီအဖွဲ့ကို ရန်စမိလျှင် ဇာတ်သိမ်းလှမည် မဟုတ်ကြောင်း ကောင်းကောင်း သိထားကြသည်။

သတ္တိနည်းသူ အချို့ဆိုလျှင် အိမ်ထဲသို့ ပြေးဝင်ပုန်းရှောင်သွားကြပြီး ပြန်ထွက်မလာရဲကြတော့ပေ။ သူတို့ပါ ရောပြီး အပြစ်ပေးခံရမည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်၏။

ကျန်းရှောင်ယန်လည်း ကြောက်လန့်သွားလေ၏။ ဒီအကြွေးတောင်းသမားတွေက ဖီးနစ်သုံးကောင်ဂိုဏ်းက ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ခဏတာအတွင်း သူမ သွေးပျက်မတတ် ဖြစ်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။

ယဲ့ဖန်သည် 'ဖီးနစ်သုံးကောင်ဂိုဏ်း' ဟူသော အမည်ကို ကြားသောအခါ မျက်မှောင်ကြုတ်သွားလေ၏။

‘ဖီးနစ်သုံးကောင်ဂိုဏ်းက ကျန်းကောမြို့ရဲ့ နံပါတ်တစ် ဂိုဏ်း ဖြစ်လာတာ မကြာသေးဘူး... အခုကတည်းက ဒီလောက် မောက်မာနေကြပြီလား။’

“မင်းတို့ ဥက္ကဋ္ဌယွီကို ငါ သိတယ်... မင်းတို့က ဖီးနစ်သုံးကောင်ဂိုဏ်းက ဆိုလို့ ဒီနေ့ လွှတ်ပေးလိုက်မယ်... နောက်နောင် ဒီမိန်းကလေးကို လာမနှောင့်ယှက်နဲ့... ကြွေးရှင်ရှိရင် ကြွေးရှင်ဆီက သွားတောင်း... သွားတော့...”

ဒီလို အသေးအဖွဲ ကိစ္စလေး တစ်ခုကြောင့် ဖီးနစ်သုံးကောင်ဂိုဏ်းနှင့် ဆက်ဆံရေး ပျက်ပြားသွားမှာကို ယဲ့ဖန် မလိုလားပေ။ သို့ကြောင့် ဆက်ပြီး အရေးယူမနေချင်တော့ပါ။

သို့သော် ဒီထိပ်ပြောင်က အခြေအနေကို နားမလည်ဘဲ ယဲ့ဖန် ကြောက်သွားသည်ဟု ထင်မှတ်ကာ ချက်ချင်းပင် လှောင်ပြောင်

လေတော့သည်။

“ဟီးဟီး... မင်းက ငါတို့ ဥက္ကဋ္ဌကို သိတယ်ပေါ့... ဟေ့ကောင်... လေလုံးထွားရင်လည်း အချိုးအစားလေး ဘာလေး ကြည့်ထွားဦး... မင်းက ဘာကောင်မို့လို့ ငါတို့ ဥက္ကဋ္ဌက သိရမှာလဲ... ကြောက်ရင်လည်း ဒူးထောက်ပြီး တောင်းပန်လိုက်... မဟုတ်ရင် ဒီနေ့ ဖီးနစ်သုံးကောင်ဂိုဏ်းရဲ့ လက်စွမ်းကို ပြရလိမ့်မယ်...”

ယဲ့ဖန်သည် ထိပ်ပြောင်၏ မောက်မာသော မျက်နှာကို ကြည့်ပြီး ခေါင်းခါလိုက်မိ၏။

“အခုရပ်လိုက်ဖို့ ငါ အကြံပေးမယ်... ဆက်ပြီး ပြဿနာရှာနေရင် မင်းတို့အတွက် မကောင်းဘူးနော်...”

ထိပ်ပြောင်က ဂရုမစိုက်ဘဲ ကောက်ကျစ်စဉ်းလဲသော အပြုံးဖြင့် ပြုံးလိုက်သည်။

“ဟီးဟီး... မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား... ဒီနေ့ မင်းကို ဒူးမထောက်ခိုင်းနိုင်ရင် ငါ ဝမ်ပြောင် နာမည်ကို ပြောင်းပြန် ရေးလိုက်မယ်...”

ယဲ့ဖန်သည် သူ နောင်တမရမှန်း သိလိုက်သဖြင့် ဆက်ပြောမနေတော့ပေ။

“ဒါဆိုလည်း မင်းမှာ ရှိတဲ့ နည်းလမ်းတွေ အကုန်ထုတ်သုံးလိုက်... ငါ စောင့်နေမယ်...”

“ကောင်းပြီလေ...”

ဝမ်ပြောင်က လက်ညှိုးထိုးပြီး ပြောမလို့ လုပ်လိုက်သော်လည်း လက်ညှိုးကျိုးနေမှန်း သတိရသွားပြီး တခြား လက်ချောင်းကို ပြောင်းထိုးလိုက်ရ၏။

“ငါ့ဆရာသမားကို ဖုန်းခေါ်လိုက်မယ်... မင်းလည်း လူခေါ်ချင် ခေါ်လိုက်... ဒီနေ့ ဘယ်သူ့လက်သီးက ပိုမာလဲ ကြည့်ကြတာပေါ့...”

ပြောပြောဆိုဆို ဖုန်းကို ထုတ်ပြီး ခေါ်ရန် ပြင်လိုက်သည်။

ကျန်းရှောင်ယန် ကပျာကယာ ပြေးလာပြီး တောင်းပန်လေ၏။

“အစ်ကိုကြီး... ကျွန်မ... ကျွန်မ ပြန်ဆပ်ပါ့မယ်... ကျေးဇူးပြုပြီး... သူ့ကို ဒုက္ခမပေးပါနဲ့နော်...”

သူမ ကြောက်ရွံ့စိုးရိမ်နေသော်လည်း ယဲ့ဖန်ကို မထိခိုက်စေချင်သဖြင့် သတ္တိမွေးပြီး ပြောလိုက်ခြင်း ဖြစ်၏။

“အခုက ပိုက်ဆံကိစ္စ မဟုတ်တော့ဘူး... နားလည်လား... ထွက်သွားစမ်း...”

ဝမ်ပြောင်က ကျန်းရှောင်ယန်ကို ဟိန်းဟောက်လိုက်သည်။

ကျန်းရှောင်ယန် ကြောက်လွန်းသဖြင့် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။

ဝမ်ပြောင်က ယဲ့ဖန်ကို စူးစိုက်ကြည့်ရင်း ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။

ဖုန်းဝင်သွားသောအခါ သူ့မျက်နှာပေါ်မှ ကြမ်းတမ်းရက်စက်မှုများ ပျောက်ကွယ်သွားပြီး ဖားယားသော မျက်နှာထားဖြင့် အစားထိုးလိုက်လေ၏။

“အစ်ကိုကြီး... ကျွန်တော် ပြောင်လေးပါ... ဒီနေ့ အကြွေးလာတောင်းတာ ကောင်စုတ်လေး တစ်ကောင်က ဝင်ရှုပ်နေလို့... ဒီကောင်က နည်းနည်း လက်ရဲတယ်... ကျွန်တော်ရော ညီအစ်ကိုတွေရော ဒဏ်ရာရကုန်ပြီ... လူနည်းနည်းလောက် ထပ်ခေါ်လာခဲ့ပေးပါ... ဒီမှာ စောင့်နေမယ်...”

ဖုန်းပြောပြီးသွားသောအခါ ယဲ့ဖန်ကို လက်ညှိုးထိုးပြီး ကောက်ကျစ်စွာ ပြုံးပြလိုက်သည်။

“ဟေ့ကောင်... မင်း စောင့်နေလိုက်... ဒီနေ့ မင်း သေနေ့ပဲ...”

ယဲ့ဖန်က နှုတ်ခမ်းကို တွန့်ရုံ ပြုံးလိုက်ပြီး သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ဝမ်ပြောင် လန့်ဖျပ်သွားပြီး လက်ညှိုးကို ကပျာကယာ ပြန်ရုတ်လိုက်ရ၏။

သို့သော် ယဲ့ဖန်က နားသယ်ကို ကုတ်လိုက်ပြီး လက်ချောင်းထိပ်မှ ဖုန်မှုန့်ကို မှုတ်ထုတ်လိုက်သည်။

“ငါတော့ ခွေးဟောင်သံပဲ ကြားတယ်...”

ဝမ်ပြောင်၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

“ကောင်းပြီလေ... စောင့်ကြည့်ကြတာပေါ့... နောက်မှ မင်း ရယ်နိုင်သေးလား ကြည့်ရသေးတာပေါ့...”

သူ့ဆရာသမားက ဝေ့ရှောင် ဟု ခေါ်ပြီး မြေအောက်လောကတွင် 'ဓားနှစ်လက်' ဟု နာမည်ကြီးသည်။ ရန်ဖြစ်တိုင်း ဓားနှစ်လက် ကိုင်ပြီး တိုက်ခိုက်တတ်သူ ဖြစ်၏။

သူ့ဆရာသမား၏ ဆရာသမားက လိုက်ကျီချန်း ဖြစ်ပြီး ဖီးနစ်သုံးကောင်ဂိုဏ်း ခေါင်းဆောင် ယွီဖုန်းရှန်း၏ ညာလက်ရုံး ဖြစ်၏။

ဒါကြောင့် သူက သွယ်ဝိုက်သောအားဖြင့် လိုက်ကျီချန်း ဂိုဏ်းခွဲထဲက လူတစ်ယောက်ဟူ၍ ပြော၍ ရ၏။

ဖီးနစ်သုံးကောင်ဂိုဏ်းမှာ ဂိုဏ်းခွဲတွေ အများကြီးရှိပြီး လိုက်ကျီချန်း၏ ဂိုဏ်းခွဲက အင်အားအကြီးဆုံးနှင့် မျက်နှာအပွင့်ဆုံး ဖြစ်၏။

ဒါကြောင့် သူ မောက်မာရဲခြင်း ဖြစ်၏။

သူ့ဆရာသမား ရောက်လာတာနှင့် ဒီကောင်လေးကို သေချာပေါက် ပညာပေးခိုင်းရမည်။

‘ငါ ဝမ်ပြောင်ကို ရန်စတဲ့ ကောင် ဘယ်လို အဆုံးသတ်သွားမလဲ ဆိုတာ သိစေရမယ်။’

All Chapters