အစ်ကိုကြီး... ဒီကောင်လေးက သိုင်းသမားဗျ
Vol. 75 Ch. 1488
~ယဲ့ဖန်သည် သူတို့၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ ကျန်းရှောင်ယန်ကို အခွင့်ကောင်းယူ၍ အကဲခတ်ကြည့်လိုက်သည်။
ဒီကောင်မလေးက တော်တော်လေး လှသည်။ ကျူးရှောင်ကျောင်း၊ ဖူမာကျန်းဝူတို့လောက် အလှမတိုးနိုင်ပေမဲ့ ကျောင်းသူ အလှမယ်လေး အဆင့်တော့ သေချာပေါက် ဝင်သည်။
သို့ရာတွင်၊ လက်ရှိ သူမ၏ အခြေအနေက သိပ်မဟန်လှ။ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ခန္ဓာကိုယ်ကလည်း ပိန်လှီနေ၏။ အာဟာရ မပြည့်ဝတာ ကြာပြီဖြစ်ကြောင်း သိသာထင်ရှားနေ၏။
ဝတ်ထားသည့် အဝတ်အစားတွေကလည်း ဟောင်းနွမ်းနေပြီး နေရာတချို့မှာ စုတ်ပြဲလုနီးပါး ဖြစ်နေလေ၏။
သူမ၏ ဒီလို ငွေကြေး အခြေအနေမျိုးနှင့်တောင် အစ်ကို ဖြစ်သူ၏ ခေါင်းပုံဖြတ်ခြင်းကို ခံနေရသေးသည်။
ဒီကောင် ကျန်းရှောင်ချောင်ကတော့ တကယ်ကို ရွံစရာကောင်းလွန်းပါဘိ။
ကျန်းရှောင်ယန်သည် ယဲ့ဖန်၏ အကြည့်ကြောင့် မျက်နှာပူသွားပြီး ရှက်သွေးဖြန်းသွားလေ၏။
သူမက အသက် ( ၂၀ ) ကျော် အရွယ်လေးသာ ရှိသေးပြီး အလွန် ထိခိုက်လွယ်သော အရွယ် ဖြစ်၏။
အခုလို စုတ်ပြတ်သတ်နေသော အခြေအနေမျိုးတွင် သူစိမ်းယောက်ျားလေး တစ်ယောက်က စိုက်ကြည့်နေသဖြင့် သူမ ကိုယ့်ကိုယ်ကို အားငယ်စိတ်နှင့် ခါးသီးမှုတို့ ဖြစ်ပေါ်လာရ၏။
သို့သော် သူမ အမြန်ပင် အသိဝင်လာပြီး ယဲ့ဖန်အနားသို့ ကပျာကယာ တိုးကပ်သွားလေ၏။
“အမ်... ရှင်.. ကူညီပေးတာ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်မကြောင့် ရှင့်ကို ဒုက္ခမရောက်စေချင်ဘူး... ကျေးဇူးပြုပြီး ဒီနေရာကနေ မြန်မြန် ထွက်သွားပေးပါ...”
သူမ၏ ခန္ဓာကိုယ်လေး တုန်ရီနေသည်ကို ယဲ့ဖန် မြင်နေရ၏။ သူမ တကယ် ကြောက်နေမှန်း သိသာသည်။
ယခုလို အခြေအနေမျိုးမှာတောင် သူမက သူ့အတွက် စိတ်ပူပေးနေသေးသည်။ စိတ်ရင်းစေတနာ ကောင်းမွန်သော မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း သိသာရပေ၏။
“ငါ ထွက်သွားရင် မင်း ဘယ်လိုလုပ်မလဲ...”
ယဲ့ဖန်က ဘာမှ လုပ်စရာ မရှိသေးသဖြင့် သူမကို စနောက်ချင်စိတ် ပေါက်သွားလေ၏။
“ကျွန်မ... အဆိုးဆုံးတော့ အိမ်ကို ရောင်းပြီး သူတို့ကို ပိုက်ဆံပေးလိုက်မှာပေါ့...”
ကျန်းရှောင်ယန်၏ မျက်နှာတွင် နှမြောတသဖြစ်သော အရိပ်အယောင်များ ပေါ်လာသည်။ ဒီအိမ်အိုလေးက သူမနှင့် အမေဖြစ်သူတို့ အတူတူ နေထိုင်ခဲ့သည့် နေရာလေး ဖြစ်၏။ အမေဖြစ်သူ ချန်ထားရစ်ခဲ့သည့် နောက်ဆုံး အမှတ်တရလေးလည်း ဖြစ်၏။ သူမ တကယ်ကို မရောင်းရက်နိုင်ပေ။
“ပိုက်ဆံ ချေးထားတာက မင်းမှ မဟုတ်တာ... ဘာလို့ မင်းက သူများအစား လိုက်ဆပ်ပေးရမှာလဲ...”
ယဲ့ဖန်က ထပ်မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ သူက... ဘာပဲဖြစ်ဖြစ် သူက ကျွန်မရဲ့ အစ်ကိုလေ... သူ သေသွားမှာကို ကျွန်မ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး...”
ကျန်းရှောင်ယန်သည် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကျန်းရှောင်ချောင်ကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြောလေ၏။
“ဟွန်း... စောစောစီးစီးကတည်းက ဒီလိုလုပ်လိုက်ရင် ပြီးနေပြီဟာကို... မင်းက ခေါင်းတလား မမြင်မချင်း မျက်ရည်မကျတတ်တဲ့ ကောင်မစုတ်လေးပဲ...”
ကျန်းရှောင်ချောင်က သူမ၏ စေတနာကို အသိအမှတ်ပြုဖို့ နေနေသာသာ၊ ပြန်ပြီးတောင် အပြစ်တင်လိုက်သေးသည်။
ယဲ့ဖန် ခြေလှမ်းတစ်လှမ်း ပြင်လိုက်ပြီး ရှေ့တိုးသွားရန် ပြင်လိုက်သည်။
ကျန်းရှောင်ချောင် ချက်ချင်းပင် ကြောက်လန့်တကြား နောက်ဆုတ်သွားလေ၏။
“မင်း... မင်း... မိုက်ရူးရဲ မလုပ်နဲ့နော်... ငါ... ငါ ရဲတိုင်လိုက်မှာ...”
ကျန်းရှောင်ယန်က ယဲ့ဖန်ကို အမြန် ဆွဲထားလိုက်သည်။
“တကယ် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဒီကိစ္စကို ကျွန်မဘာသာ ဖြေရှင်းပါရစေ... ရှင် မြန်မြန် သွားတော့... မဟုတ်ရင် အချိန်မမီတော့ဘဲ နေလိမ့်မယ်...”
ပြောပြောဆိုဆို ယဲ့ဖန်ကို အပြင်ဘက်သို့ တွန်းထုတ်လေ၏။
သို့သော် ဝမ်ပြောင်က လမ်းပိတ်ရပ်လိုက်သည်။
“ဘယ်သွားမလို့လဲ... ကိစ္စ မပြီးသေးဘဲ လွတ်မယ်ထင်နေလား... အိပ်မက်မက်နေလိုက်...”
ကျန်းရှောင်ယန် ကပျာကယာ တောင်းပန်လေ၏။
“အစ်ကို... အစ်ကိုပြောင်... ဒါတွေအားလုံး ကျွန်မ အပြစ်ပါ... တစ်ခုခု လုပ်ချင်ရင် ကျွန်မကိုပဲ လုပ်ပါ... သူနဲ့ ဘာမှမဆိုင်ပါဘူး... သူ့ကို လွှတ်ပေးလိုက်ပါနော်... တောင်းပန်ပါတယ်...”
ဝမ်ပြောင်က သူမကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်ပြီး ညစ်ညမ်းသော အပြုံးဖြင့် ပြုံးလိုက်သည်။
“မင်းကို လုပ်ရမယ်... မင်းကိုယ်တိုင် ပြောတာနော်...”
ပြောပြောဆိုဆို သူမ၏ မျက်နှာကို လှမ်းကိုင်ရန် လက်လှမ်းလိုက်သည်။
လက်မရောက်ခင်မှာပင် မျက်စိရှေ့တွင် အရိပ်တစ်ခု ဖြတ်ခနဲ ဖြစ်သွားပြီး သူ နောက်သို့ လွင့်စဉ်သွားတော့သည်။
ထိုကန်ချက်က တော်တော်လေး ပြင်းထန်လှသဖြင့် သူ ကြမ်းပြင်ပေါ်တွင် လူးလိမ့်အော်ဟစ် နေရလေ၏။
ကျန်းရှောင်ယန် ကြောက်လွန်း၍ ကြက်သေသေသွားပြီး ယဲ့ဖန်၏ ဘေးတိုက်မျက်နှာလေးကို ငေးကြည့်နေမိ၏။
ဒီကိစ္စကြောင့် အခြေအနေတွေ ပိုဆိုးသွားမှာကို စိုးရိမ်နေမိသော်လည်း...
တစ်စုံတစ်ယောက်၏ ကာကွယ်ပေးမှုကို ခံရသော ခံစားချက်က တကယ် ကောင်းမွန်ပါလား ဆိုတာကိုတော့ သူမ ဝန်ခံရပေမည်။
ဝမ်ပြောင်သည် ကြမ်းပြင်ပေါ်တွင် အကြာကြီး လူးလိမ့်အော်ဟစ် နေပြီးမှ ညည်းညူရင်း ကုန်းထလာကာ ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်၏။
“ဒီနေ့ မင်းကို အပိုင်းပိုင်း မစုတ်နိုင်ရင်... ငါ ဝမ်ပြောင်.. လူမဟုတ်ဘူး...”
ဒီစကားကို ပြောလိုက်ရုံနှင့်တင် နာကျင်မှုကြောင့် ချွေးစေးတွေ ပြန်လာရ၏။
ယဲ့ဖန်၏ ကန်ချက်က အနည်းဆုံး နံရိုးအချို့ကို ကျိုးသွားစေခဲ့ပြီ ဖြစ်၏။
သို့သော် သူ့ခန္ဓာကိုယ်မှ နာကျင်မှုက သူ့ရင်ထဲမှ အမုန်းတရားကို မမီနိုင်ပေ။
ယဲ့ဖန်ကတော့ သူ့ခြိမ်းခြောက်မှုကို ဂရုမစိုက်။ ဒီကိစ္စကို အမြန်ဆုံး ပြီးစေချင်နေပြီ။ ဒါမှ လန်ရှင်းယွဲ့နှင့် အလုပ်ကိစ္စ ဆွေးနွေး၍ ရမည် မဟုတ်ပါလော။
သူ သိပ်အကြာကြီး စောင့်စရာ မလိုလိုက်ပေ။
ဆယ်မိနစ်ခန့် ကြာသောအခါ အောက်ထပ်မှ ကားအင်ဂျင်သံများ ဟိန်းထွက်လာသည်ကို ကြားလိုက်ရ၏။
အိမ်နီးချင်း တစ်ယောက်က စပ်စုချင်စိတ်ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အော်ဟစ်လိုက်လေ၏။
“ဟိုမှာ... ဟိုမှာ... လူတွေ အများကြီးပဲ...”
သူ့အသံကြောင့် လူအများအပြား ပြတင်းပေါက်နားသို့ တိုးကပ်ပြီး ငုံ့ကြည့်လိုက်ကြသည်။
ဗင်ကား ငါးစီး တန်းစီ ရပ်ထားသည်ကို တွေ့လိုက်ရ၏။ ကားတံခါးများ ပွင့်သွားပြီး လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော လူမိုက်များ ကားပေါ်မှ ဒလဟော ခုန်ဆင်းလာကြသည်။
မကြာခင်မှာပင် အောက်ထပ်၌
လူ ( ၅၀ )ကျော် စုဝေးရောက်ရှိနေကြပြီ ဖြစ်၏။
လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော လူအုပ်ကြီး စုဝေးနေသည်ကို မြင်ရသည်မှာ တော်တော်လေး ကြောက်မက်ဖွယ် ကောင်းလှပါ၏။
“သွားပြီ... သွားပြီ... သူတို့ တက်လာကြတော့မယ်... ဒီကောင်လေးတော့ သေပါပြီ...”
“အို... ပြဿနာ အကြီးကြီး ဖြစ်တော့မယ်... ဒီနေ့တော့ လူသတ်ပွဲ ဖြစ်တော့မှာပဲ...”
“ဘယ်သူ့ကိုမှ မထိဘဲ ဖီးနစ်သုံးကောင်ဂိုဏ်းက လူတွေကို သွားထိမိရတယ်လို့... ဒီတစ်ခါတော့ မသေရင်တောင် အရေခွံနွှာ ခံရတော့မှာပဲ...”
“မကြည့်နဲ့တော့... အိမ်ထဲ မြန်မြန် ဝင်ကြ... မဟုတ်ရင် ငါတို့ပါ ရောပြီး ဒုက္ခရောက်ကုန်မယ်...”
သို့သော် ပွဲကြည့်ပရိသတ်များ လူစုမခွဲနိုင်ခင်မှာပင် ဓားရှည်ကိုင်ထားသော လူမိုက်တစ်ယောက်က လှေကားမှ ပြေးတက်လာလေပြီ ဖြစ်၏။
ထို့နောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်... မကြာခင်မှာပင် စင်္ကြံလမ်းတစ်ခုလုံး လူမိုက်များနှင့် ပြည့်နှက်သွားလေတော့သည်။
ကျန်းရှောင်ယန် ဒီမြင်ကွင်းကို မြင်သောအခါ ကြောက်လွန်း၍ နှုတ်ခမ်းများ ဖြူဖပ်ဖြူရော် ဖြစ်သွားသော်လည်း သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးဖြင့် ယဲ့ဖန်ကို ကာကွယ်ပေးထားလိုက်သည်။
သူမ ဆုံးဖြတ်ချက် ချပြီးပြီ။ ဒီနေ့ သူတို့လက်ချက်နှင့် အသေ ရိုက်သတ်ခံရလျှင် ခံရပါစေ၊ ယဲ့ဖန်ကိုတော့ အထိခိုက်မခံနိုင်ပေ။
ဝမ်ပြောင်သည် စစ်ကူ ရောက်လာသည်ကို မြင်သောအခါ ပြန်လည် မောက်မာလာပြီး ယဲ့ဖန်ကို လက်ညှိုးထိုးကာ ကြိမ်းဝါးလိုက်သည်။
“ဟေ့ကောင်... ဒီနေ့ မင်း ဘယ်လိုသေမလဲ ကြည့်ကြတာပေါ့...”
ပြောပြီးသည်နှင့် လူသစ်များရှိရာသို့ အမြန် လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် လူအုပ်ကြီး ဘေးသို့ ကွဲသွားပြီး ဆံပင်တိုတိုနှင့် လူတစ်ယောက် စီးကရက်ကိုက်ကာ ထွက်ပေါ်လာလေ၏။
ဝမ်ပြောင် ထိုလူကို မြင်သောအခါ ချက်ချင်းပင် ဖားယားသော အပြုံးဖြင့် ခရီးဦးကြို ပြုလိုက်သည်။
“အစ်ကိုကြီး...”
ဒီလူကတော့ 'ဓားနှစ်လက်' ဟု နာမည်ကြီးသော ဖီးနစ်သုံးကောင်ဂိုဏ်း၏ လက်ရုံးရည် ဗိုလ်ချုပ် ဝေ့ရှောင် ပင် ဖြစ်၏။
ဝေ့ရှောင်သည် ဝမ်ပြောင်၏ သနားစဖွယ် အဖြစ်အပျက်ကို မြင်သောအခါ မျက်နှာ မည်းမှောင်သွားလေ၏။
“အသုံးမကျတဲ့ကောင်... အကြွေးတောင်းတာလောက်ကို ဒီလောက်ထိ ဖြစ်ရသလား... မင်း ဘာလုပ်တတ်သေးလဲ...”
ထိုအခါ၊ ဝမ်ပြောင်က ချက်ချင်းပင် ငိုမဲ့မဲ့ မျက်နှာထား လုပ်ပြလိုက်သည်။
“အစ်ကိုကြီး... အဲ့ဒီကောင်လေးက သိုင်းသမားဗျ... ကျွန်တော်ရော ညီအစ်ကိုတွေရော ဒဏ်ရာရကုန်တာ...”
ဝေ့ရှောင်က နှာခေါင်းရှုံ့လိုက်သည်။
“မင်း အသုံးမကျတာကို ဆင်ခြေမပေးနဲ့... မင်းတို့ ငါးယောက်တောင် သူ့တစ်ယောက်တည်းကို မနိုင်ဘူးလား... ငါ့ကို ဖုန်းဆက်ခေါ်ရဲသေးတယ်ပေါ့...”
ဝေ့ရှောင် စိတ်ဆိုးနေသည်ကို မြင်သောအခါ ဝမ်ပြောင် ခေါင်းတညိတ်ညိတ်နှင့် ဝန်ခံလိုက်ရ၏။
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျွန်တော်တို့ အစ်ကိုကြီးကို အရှက်ခွဲမိပါတယ်... အစ်ကိုကြီး... ကျွန်တော်တို့အတွက် ကလဲ့စားချေပေးပါဦး...”
ဝေ့ရှောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“သူက အဆင့်မြင့် သိုင်းသမားပဲ ဖြစ်ဖြစ်၊ အဆင့်နိမ့် သိုင်းသမားပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ငါ့ ဖီးနစ်သုံးကောင်ဂိုဏ်းက လူကို ထိရဲရင် သူ့လက်ကို အရင် ဖြတ်ပစ်ရမယ်...”
ဝမ်ပြောင် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး ယဲ့ဖန်ကို ကပျာကယာ လက်ညှိုးထိုးပြလိုက်သည်။
“အစ်ကိုကြီး... ဟိုကောင်လေးပဲ... သတ်ပစ်လိုက်...”
ဝေ့ရှောင်က လက်ညှိုးထိုးရာသို့ လှမ်းကြည့်လိုက်သည်။ စင်္ကြံလမ်းက အနည်းငယ် မှောင်နေသဖြင့် သေချာ မမြင်ရပေ။
“ဟေ့ကောင်... မင်းက ငါ့ညီအစ်ကိုတွေကို ရိုက်လိုက်တာလား...”
ပြောပြောဆိုဆို ထိုနေရာသို့ လျှောက်သွားလိုက်သည်။ သူ့နောက်တွင် လက်ပါးစေ ( ၅၀ ) ကျော်ကလည်း ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
“သူတို့က အရိုက်ခံရဖို့ ထိုက်တန်လို့လေ...”
ယဲ့ဖန်က ခေါင်းညိတ်ပြီး ဝန်ခံလိုက်သည်။
“ဟား... သေခါနီးတာတောင် မာနေသေးတယ်ပေါ့...”
ဝေ့ရှောင်သည် ယဲ့ဖန်၏ လေသံမာနေသည်ကို ကြားသောအခါ ဒေါသထွက်ပြီး ရယ်မောလိုက်မိ၏။
“ကောင်းပြီလေ... ဒီနေ့ မင်းကို ကောင်းကောင်း ပညာမပေးရင် မင်းက...”
ထိုစကားပြောလိုက်သည့်အချိန်တွင် သူသည် ယဲ့ဖန်နှင့် အလွန် နီးကပ်နေပြီ ဖြစ်၏။ နှစ်မီတာလောက်သာ ကွာဝေးတော့သည်။
ယဲ့ဖန်၏ ချောမောသော မျက်နှာကို ဝါးတားတား မြင်လိုက်ရပြီ ဖြစ်၏။
ဝေ့ရှောင်၏ မျက်လုံးများ ထိတ်လန့်တကြား ပြူးကျယ်သွားလေတော့သည်။
“ကြည့်လိုက်ရအောင်..အာ ..ယဲ့... ဆရာယဲ့...”