← Chapters

ရိုက်... ဒီကောင့်ကို အသေရိုက်စမ်း

Vol. 75 Ch. 1489

ရိုက်... ဒီကောင့်ကို အသေရိုက်စမ်း

Vol. 75 Ch. 1489

~အစကတော့ ဝေ့ရှောင်က သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်နေမိ၏။ သူ ခြေတစ်လှမ်း ထပ်တိုးပြီး သေချာ ကြည့်လိုက်တော့မှ...

သေချာပါတယ်... ဒါ ဆရာယဲ့ပဲ...။

သူ့ ခြေဖဝါးအောက်မှ စိမ့်တက်လာသော အအေးဓာတ်က ကျောရိုးတလျှောက် ဖြတ်သန်းပြီး ဦးနှောက်ဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလေ၏။

သူ ကြက်သီးမွေးညင်း ထသွားရ၏။

သူက လိုက်ကျီချန်း၏ တပည့်ရင်း ဖြစ်သည်မို့ သူ့ဆရာသမားက ယဲ့ဖန်၏ ပရိတ်သတ် တစ်ယောက် ဖြစ်နေမှန်း ကောင်းကောင်း သိထားသည်။

လွန်ခဲ့တဲ့ နှစ်ရက်တုန်းက လိုက်ကျီချန်းက လော့ဝေလီနှင့် ရင်ဆိုင်ဖို့ Ocean and Sky Worldသို့ သွားတုန်းက သူလည်း ပါသွားခဲ့၏။

အဲ့ဒီညတုန်းက တောင်နက်ဂိုဏ်း၏ နံပါတ်တစ် လက်ရုံးတော် လော်ဝေလီကို ခြေလက်တွေ ကျိုးပဲ့အောင် လုပ်လိုက်သူကို သူ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရ၏။

နောက်ပိုင်း သူ့ဆရာသမားနှင့် အရက်အတူတူ သောက်ရင်း စကားပြောဖြစ်ကြတော့မှ လော်ဝေလီကို မသေမရှင် ဖြစ်အောင် လုပ်လိုက်သည့် လူက ဒီဆရာယဲ့ ဖြစ်မှန်း သိလိုက်ရ၏။

လိုက်ကျီချန်းက ဒီအကြောင်း ပြောတိုင်း မျက်နှာမှာ အားကျလေးစားမှုတွေ အပြည့် ဖြစ်နေတတ်သည်။ သူသာ မစ္စတာယဲ့၏ အစွမ်း တစ်ဆယ်ပုံတစ်ပုံလောက် ရမည်ဆိုလျှင် ဓားနှင့် အခုတ်ခံရပြီး သေသွားလျှင်တောင် တန်သည်ဟု ပြောဖူးသေးသည်။

အခုတော့ ဝမ်ပြောင်နှင့် ပြဿနာ ဖြစ်နေသူက သူ့ဆရာသမား၏ အိုင်ဒေါလ် ဖြစ်နေပါလား။

ဝေ့ရှောင် ဦးနှောက်တွေ ဗလာဟင်းလင်း ဖြစ်သွားပြီး အဆုံးမဲ့ ကြောက်ရွံ့မှုများက ဒီရေအလား လွှမ်းမိုးသွား

လေတော့သည်။

ဒါသာ တကယ်ဆိုလျှင် နောက်ဆက်တွဲ အကျိုးဆက်တွေက တွေးရဲစရာတောင် မရှိပေ။

ဒီ မစ္စတာယဲ့ ဆိုတာက သူတို့ ဥက္ကဋ္ဌ ကိုယ်တိုင်တောင် လေးစားရသည့် ပုဂ္ဂိုလ်လေ။

ဥက္ကဋ္ဌသာ ဒီကိစ္စကို သိသွားပြီး သူ့ကို အပြစ်တင်လာခဲ့လျှင် သူ ဘယ်လိုမှ ခံနိုင်ရည် ရှိမှာ မဟုတ်ပေ။

ယဲ့ဖန်၏ အရှေ့တွင် ကာဆီးပေးထားသော ကျန်းရှောင်ယန်သည် ဝေ့ရှောင်၏ အာမေဋိတ်သံကို ကြားလိုက်ရသောအခါ နားမလည်နိုင် ဖြစ်သွားရ၏။

ဆရာယဲ့... ဘယ်သူက ဆရာယဲ့လဲ...။

ဝမ်ပြောင်တောင် 'အစ်ကိုကြီး' ဟု ခေါ်ရသည့် ဒီလူက ဖီးနစ်သုံးကောင်ဂိုဏ်းမှာ ရာထူး အတော်ကြီးမားမှာ သေချာသည်။

သို့သော်၊ သူက ဘာလို့ 'မစ္စတာယဲ့' လို့ ခေါ်လိုက်သည့် အချိန်မှာ အသံတွေ တုန်နေရသနည်း။ ကြည့်ရတာ အရမ်း ကြောက်နေသလိုပင်။

ကျန်းရှောင်ချောင်လည်း စဉ်းစားမရ ဖြစ်နေ၏။

ဝမ်ပြောင်၏ ဆရာသမားက လူအုပ်ကြီးနှင့် ရောက်လာတာကို မြင်လိုက်ရတုန်းက သူ ကျိတ်ပြီး ဝမ်းသာနေခဲ့၏။

ယဲ့ဖန် တစ်ယောက် အော်ဟစ်ငိုယိုပြီး အသက်တောင်းတာကို မြင်ချင်လှပြီ ဖြစ်သည်။

သို့ရာတွင်၊ ဒီလူမိုက်ခေါင်းဆောင်ကြီးက ဒီကောင်လေးကို သိနေသလိုလိုနှင့် ရုတ်တရက် ရပ်တန့်သွားလိမ့်မည်ဟု ဘယ်သူ ထင်ထားမိမှာလဲ။

ဒီကောင်လေးက ဖီးနစ်သုံးကောင်ဂိုဏ်း၏ ခေါင်းဆောင်ပိုင်းကို သိနေတာလား။ ဒါကြောင့် ဒီလောက် မောက်မာရဲတာကိုး။

ဝမ်ပြောင်လည်း တစ်ခုခု မှားနေပြီ ဆိုတာ ရိပ်မိလိုက်သည်။ သူ ဝေ့ရှောင်ကို စိုးရိမ်တကြီး မေးလိုက်သည်။

“အစ်ကိုကြီး... အစ်ကိုကြီးက... ဒီကောင်လေးကို သိလို့လား...”

ဝေ့ရှောင်က သူ့ကို ဂရုမစိုက်ဘဲ ယဲ့ဖန်ဆီသို့ အမြန် လျှောက်သွားလိုက်သည်။

“ဆရာယဲ့... ခင်ဗျား... ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲဗျ..”

ယဲ့ဖန်က အေးစက်စွာ ပြုံးလိုက်သည်။

“ငါ ဒီမရောက်လာရင် ဖီးနစ်သုံးကောင်ဂိုဏ်းက ဒီလောက် အစွမ်းထက်မှန်း ဘယ်သိပါ့မလဲ... မင်းတို့က ကျန်းကောမြို့ရဲ့ နံပါတ်တစ် ဂိုဏ်း ဖြစ်လာတာ မကြာသေးဘူး... အခုကတည်းက ဒီလောက် မောက်မာနေကြပြီလား...”

ဝေ့ရှောင်ကလွဲလျှင် ကျန်သည့် လူတွေ အားလုံးက ယဲ့ဖန်၏ စကားကို ကြားသောအခါ မယုံနိုင်လောက်အောင် ဖြစ်ကုန်ကြသည်။

သူ့လေသံကို နားထောင်ရတာ ကျန်းကောမြို့၏ နံပါတ်တစ် ဂိုဏ်းကို လုံးဝ ဂရုမစိုက်သလိုပင်။

အထူးသဖြင့် ဖီးနစ်သုံးကောင်ဂိုဏ်း၏ ခေါင်းဆောင်ပိုင်း တစ်ယောက်၏ ရှေ့မှာ ဒီစကားကို ပြောရဲသည် ဆိုတာက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်မရှိလျှင် သေလမ်းရှာသည်နှင့် အတူတူပင် မဟုတ်ပါလော။

“ဟေ့ကောင်... မင်း ပါးစပ်ကို ထိန်းပြော...”

ဝမ်ပြောင်က ပထမဆုံး ထပြီး ဟိန်းဟောက်လိုက်သည်။

သို့သော် သူ စကားမဆုံးခင်မှာပင် ဝေ့ရှောင်က သူ့ရင်ဘတ်ကို ခြေထောက်ဖြင့် အားကုန် ကန်ထည့်လိုက်လေ၏။

ထိုနေရာက ယဲ့ဖန် ကန်ထား၍ နံရိုးအချို့ ကျိုးနေပြီးသား နေရာ ဖြစ်၏။

ယခု ဝေ့ရှောင်က ထပ်ကန်လိုက်တော့ နာကျင်မှုက ဘယ်လောက် ပြင်းထန်မလဲ ဆိုတာ တွေးကြည့်၍ ရနိုင်ပါသည်။

ဝမ်ပြောင် ဒီတစ်ခါတော့ ကြမ်းပြင်ပေါ်မှာ အကြာကြီး လဲကျသွားလေ၏။ သူ ကုန်းထဖို့ ကြိုးစားပေမဲ့ အရာမထင်။ မျက်နှာတစ်ခုလုံး နာကျင်မှုကြောင့် ရှုံ့မဲ့နေလေ၏။

နာကျင်မှုကြားထဲမှာ နားမလည်နိုင်မှုတွေလည်း ပါဝင်နေ၏။

သူ့ဆရာသမားက ဘာလို့ သူ့ကို ရုတ်တရက် ထကန်ရတာလဲ။

ဝမ်မြောင်.. မသိတာက ဝေ့ရှောင်သည် အခုချိန်မှာ သွေးပျက်မတတ် ကြောက်ရွံ့နေပြီ ဆိုတာပါပဲ။

ဝေ့ရှောင်ရှေ့က လူက တောင်နက်ဂိုဏ်းကို အပြုံးမပျက်ဘဲ ပြာကျသွားအောင် လုပ်နိုင်သည့် ဆရာကြီး ဖြစ်သည်လေ။

ဒီကိစ္စကြောင့် ဖီးနစ်သုံးကောင်ဂိုဏ်း တစ်ခုလုံး ဒုက္ခရောက်သွားလျှင် ယွီဖုန်းရှန်းနှင့် လိုက်ကျီချန်းတို့က သူ့ကို အရှင်လတ်လတ် အရေခွံနွှာပစ်မှာ သေချာသည်။

ဒါကို တွေးမိပြီး ဝေ့ရှောင် ဝမ်ပြောင်ဆီသို့ ဒေါသတကြီး လျှောက်သွားလိုက်သည်။

“မင်းက မျက်စိမပါတဲ့ ခွေးကောင်... ဆရာယဲ့ကိုတောင် ရန်စရဲတယ်လား... မင်းသေချင်ရင် တစ်ယောက်တည်း သေ... ငါ့ကို ဆွဲမထည့်နဲ့... ရိုက်... ဒီကောင့်ကို ဝိုင်းရိုက်ကြစမ်း...”

နောက်ဆုံးစကားကိုတော့ သူ့နောက်က လက်ပါးစေတွေကို လှမ်းအော်ပြောလိုက်ခြင်း ဖြစ်၏။

လက်ပါးစေများ ခဏတာ ကြောင်အသွားကြသည်။

သူတို့က ဝမ်ပြောင်တို့အတွက် ကလဲ့စားချေပေးဖို့ လာကြတာ မဟုတ်ဘူးလား။

အခုကျတော့ ရန်သူက ရှေ့မှာ ရှိနေရက်နဲ့ ကိုယ့်လူကို ပြန်ရိုက်ခိုင်းနေတယ်တဲ့လား။

ဝေ့ရှောင်က သူတို့ တွေဝေနေသည်ကို မြင်သောအခါ ပို၍ ဒေါသထွက်သွား၏။

“မင်းတို့က နားကော ပါရဲ့လားကွ... ရိုက်လို့ ပြောနေတယ်... အသေရိုက်... ငါ မရပ်ခိုင်းမချင်း ရိုက်နေ...”

အဲ့ဒီတော့မှ လက်ပါးစေများ အသိဝင်လာကြသည်။ သံတုတ်ကိုင်ထားသော နှစ်ယောက် ချက်ချင်း ရှေ့ထွက်လာပြီး ဝမ်ပြောင်ကို ရိုက်နှက်ကြလေတော့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လူအချင်းချင်း ဆိုတော့ သိပ်ပြီး အားမထည့်ရဲကြပေ။

ဝေ့ရှောင် စိတ်ထဲကနေ ဆဲရေးလိုက်မိ၏။

‘ဒီခွေးသားတွေက ပုံမှန်ဆိုရင် ရက်စက်ကြပေမဲ့ အရေးကြီးတဲ့အချိန်ကျမှ သောက်သုံးမကျ ဖြစ်နေပြန်ပြီ။’

သူ ချက်ချင်း လျှောက်သွားပြီး လက်ပါးစေ တစ်ယောက်လက်ထဲမှ သံတုတ်ကို ဆွဲယူကာ အားကုန် ရိုက်ချလိုက်လေ၏။

“ဒုန်း...”

သံတုတ်က ဝမ်ပြောင်၏ ကျောကုန်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။

“အား...”

ဝမ်ပြောင် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေလေတော့သည်။

“ချုပ်ထားလိုက်...”

ဝေ့ရှောင်၏ အမိန့်ပေးသံအဆုံးတွင် လက်ပါးစေအချို့ ဝင်ရောက်လာပြီး လူးလိမ့်နေသော ဝမ်ပြောင်ကို မလှုပ်နိုင်အောင် ဖိချုပ်ထားလိုက်ကြသည်။

ဝေ့ရှောင်သည် သံတုတ်ဖြင့် ဆက်တိုက် ရိုက်နှက်လေတော့သည်။ ရိုက်ချက်တိုင်းက အားပါလွန်းသဖြင့် ဝမ်ပြောင်၏ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

“ဒီအတိုင်း ရိုက်စမ်း... ဘယ်ကောင်မဆို အားလျှော့ရဲရင် သူ့နေရာမှာ ဝင်အရိုက်ခံရမယ်...”

ဝေ့ရှောင်က သံတုတ်ကို လက်ပါးစေလက်ထဲ ပြန်ထည့်ပေးလိုက်သည်။

ဒီတစ်ခါတော့ လက်ပါးစေနှစ်ယောက် ညှာတာမနေရဲကြတော့ပေ။ ဝမ်ပြောင်ကို သံတုတ်များဖြင့် မီးကုန်ယမ်းကုန် ဝိုင်းရိုက်ကြလေတော့သည်။

စင်္ကြံလမ်းတစ်ခုလုံး ဝမ်ပြောင်၏ နာကျင်စွာ အော်ဟစ်သံများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။

ယဲ့ဖန် ဒီနေ့တော့ သေပြီဟု ထင်ထားကြသော အိမ်နီးချင်းများသည် ဒီမြင်ကွင်းကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

“ဘာတွေ ဖြစ်ကုန်ကြတာလဲ... ငါ နားမလည်တော့ဘူး... သူတို့က ဘယ်သူ့ကို လာရိုက်ကြတာလဲ”

“နင် နားမလည်သေးဘူးလား... ဒီကောင်လေးက နောက်ခံအတောင့်ကြီး ရှိပုံရတယ်... ဖီးနစ်သုံးကောင်ဂိုဏ်းက လူတွေတောင် သူ့ကို မထိရဲကြဘူး”

“မထိရဲရုံတင် မဟုတ်ဘူး... သူ့ကို ရန်စမိတဲ့ ကိုယ့်လူကိုတောင် ပြန်ရိုက်ပြီး ကျေနပ်အောင် လုပ်ပေးနေရတာ”

“သေစမ်း... ဖီးနစ်သုံးကောင်ဂိုဏ်းတောင် မထိရဲတဲ့လူ ရှိသေးတာလား... ဒီကောင်လေးက ဘယ်သူလဲဟ”

“ငါထင်တာတော့ ဒီကောင်လေးရဲ့ မိသားစုက သောက်ရမ်း ချမ်းသာပြီး အာဏာကြီးမယ် ထင်တယ်... မဟုတ်ရင် ဖီးနစ်သုံးကောင်ဂိုဏ်းက လူတွေက ဘာလို့ သူ့ကို ကြောက်နေရမှာလဲ”

“ငါ ခုနက ပြောသားပဲ... ဒီကောင်လေးက ဖီးနစ်သုံးကောင်ဂိုဏ်းက လူတွေကို ရိုက်ရဲမှတော့ မဟုတ်တာ တစ်ခုခုတော့ ရှိမှာပါလို့...”

“နင် ပြောလို့လား... ငါ မှတ်မိတာတော့ နင်က ဒီကောင်လေး…

သေလမ်းရှာနေတာလို့ ပြောလိုက်သလိုပဲ”

“ဘာ... ငါ အဲ့လို ပြောခဲ့လို့လား... နင် အမှတ်မှားနေတာ နေမှာပါ”

“ရှောင်ယန်လေးမှာ ဒီလောက် အစွမ်းထက်တဲ့ ရည်းစားရှိမှတော့... သူ ဒုက္ခက လွတ်ပြီပေါ့...”

ဒီလူတွေက ခုနကတော့ ယဲ့ဖန်ကို စိတ်မြန်လက်မြန်ရှိပြီး သေလမ်းရှာနေသည့် ကောင်လေးဟူ၍ ပြောခဲ့ကြပြီး၊ ယခုကျတော့ လေပြောင်းသွားကြပြန်၏။

သူတို့ ခုနက ဘာပြောခဲ့လဲ ဆိုတာကိုတောင် မေ့သွားကြသလိုပင်။

ကာယကံရှင် ဖြစ်သော ကျန်းရှောင်ယန်၏ ရင်ထဲတွင်လည်း လှိုင်းတံပိုးများ ထန်နေလေ၏။

သူမနှင့် ရွယ်တူလောက်သာ ရှိသေးသော ယောက်ျားလေး တစ်ယောက်မှာ ဒီလောက် ကြီးမားသည့် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပေ။

ဖီးနစ်သုံးကောင်ဂိုဏ်းက လူတွေတောင် သူ့ကို လေးလေးစားစား ဆက်ဆံနေကြသည်။

သူ စိတ်ကျေနပ်အောင် ဝမ်ပြောင်ကိုတောင် ရက်ရက်စက်စက် ရိုက်နှက်ပြနေကြ၏။

သူ... သူက ဘယ်သူလဲ...။

ကျန်းရှောင်ချောင်ကတော့ ဝမ်ပြောင်၏ အဖြစ်ဆိုးကို မြင်ပြီး ကြောက်လွန်းလို့ တုန်နေပြီ ဖြစ်၏။ မြေကြီးထဲသာ တိုးဝင်ပုန်းလိုက်ချင်တော့သည်။

ထိုအချိန်တွင် ဝမ်ပြောင်သည် သေလုမျောပါး ဖြစ်နေပြီ ဖြစ်၏။ အော်ဟစ်ဖို့တောင် အားမရှိတော့ပေ။

ဝေ့ရှောင်သည် လက်ပါးစေ နှစ်ယောက်ကို ဖယ်ခိုင်းလိုက်ပြီး ဝမ်ပြောင်၏ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။

“မင်း မှတ်သွားပြီလား...”

ဝမ်ပြောင်က အားမရှိသော အသံဖြင့် ပြန်ဖြေလေ၏။

“မှတ်... မှတ်ပါပြီ အစ်ကိုကြီး... ... ကျွန်တော် မှားသွားပါတယ်…”

All Chapters