← Chapters

ကျွန်တော်တို့လည်း လစ်လိုက်ပါဦးမယ်

Vol. 75 Ch. 1490

ကျွန်တော်တို့လည်း လစ်လိုက်ပါဦးမယ်

Vol. 75 Ch. 1490

~ဝေ့ရှောင်သည် လက်ကိုမြှောက်ပြီး ကျန်းရှောင်ယန် အိမ်၏ ပုံပျက်နေသော သံတံခါးကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီတံခါးကိုလည်း မင်းတို့ပဲ လုပ်လိုက်တာလား...”

သူက သိုင်းလောကထဲမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်၏။ ဒီနေရာထိ ရောက်လာနိုင်တယ် ဆိုကတည်းက သူ့ဦးနှောက်က ကောင်းကောင်း အလုပ်လုပ်၍ ဖြစ်၏။

ကျန်းရှောင်ယန်က ယဲ့ဖန်၏ အရှေ့တွင် ကာဆီးပေးထားသည်ကို မြင်လိုက်ကတည်းက အခြေအနေကို သူ ရိပ်မိနေပြီ ဖြစ်၏။

မစ္စတာယဲ့က ဒီကောင်မလေးကို ကယ်တင်ပေးလိုက်ပြီး သူရဲကောင်းလုပ်ပြနေတာ ဖြစ်လောက်သည်။ ဒါကြောင့် မစ္စတာယဲ့၏ ဆန္ဒပြည့်ဝသွားအောင် သူက တစ်ဖက်တစ်လမ်းကနေ ကူညီပေးရပေမည်။

ဝမ်ပြောင် ကပျာကယာ ခေါင်းခါပြလိုက်သည်။

“ကျွန်တော် လုပ်တာ မဟုတ်ဘူး... ဟို... ဟိုကောင် လုပ်တာ...”

သူ့လက်ချောင်းများက တုန်ရီနေပြီး ထောင့်တစ်နေရာတွင် ကွေးကွေးလေး ဖြစ်နေသော ကျန်းရှောင်ချောင်ကို လက်ညှိုးထိုးပြလိုက်သည်။

ကျန်းရှောင်ချောင်သည် ရုတ်တရက် အစစ်ခံလိုက်ရသဖြင့် ကြောက်လန့်တကြား တုန်လှုပ်သွားပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။

“အစ်ကို... အစ်ကိုကြီး... ကျွန်တော်... ကျွန်တော် မှားသွားပါတယ်...”

ဝေ့ရှောင်သည် သံတုတ်ကို ကောက်ကိုင်လိုက်ပြီး သူ့အနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

“မင်းက မစ္စတာယဲ့ရဲ့ မိန်းကလေးကိုတောင် နှောင့်ယှက်ရဲတယ်ပေါ့... မင်း သေချင်နေတာလား... ဒီနေ့ မင်း မှတ်လောက်သားလောက် ဖြစ်သွားအောင် ပညာပေးရမယ်...”

ပြောပြောဆိုဆို သံတုတ်ဖြင့် ရိုက်ချလိုက်လေ၏။

“အား...”

ကျန်းရှောင်ချောင်သည် ခေါင်းကို အုပ်ကာ ကြမ်းပြင်ပေါ်တွင် လူးလိမ့်အော်ဟစ် နေလေတော့သည်။

“အစ်ကိုကြီး... မှားပါပြီ... တောင်းပန်ပါတယ်... မရိုက်ပါနဲ့တော့... အား...”

သူ့အစ်ကို၏ သနားစဖွယ် အဖြစ်အပျက်ကို မြင်ရသောအခါ ကျန်းရှောင်ယန် စိတ်မကောင်း ဖြစ်မိ၏။

ဘယ်လောက်ပဲ မိုက်မဲတဲ့လူ ဖြစ်ပါစေ၊ သူက သူမရဲ့ အစ်ကိုအရင်းပဲ မဟုတ်ပါလော။

အမေဆုံးသွားပြီးသည့်နောက် ဒီလောကကြီးမှာ သူမ၏ တစ်ဦးတည်းသော ဆွေမျိုးဆို၍ အားကိုးမရသော အဖေရယ်၊ အသုံးမကျသည့် အစ်ကိုရယ် ဒီနှစ်ယောက်သာ ရှိတော့သည်။

အတွေးနှင့်အတူ သူမ ဝေ့ရှောင်၏ အနားသို့ ပြေးသွားပြီး တောင်းပန်လိုက်သည်။

“ကျေးဇူးပြုပြီး မရိုက်ပါနဲ့တော့ရှင်... သူက... သူက ကျွန်မရဲ့ အစ်ကိုပါ...”

သို့သော် ဝေ့ရှောင်က ရပ်မပေးပေ။

ဒါက သူ၏ ဉာဏ်နီဉာဏ်နက် ကစားကွက်လေး တစ်ခုဖြစ်၏။ ဒီကောင်မလေး မစ္စတာယဲ့ကို အကူအညီတောင်းလာအောင် သူက ဖိအားပေးနေခြင်း ဖြစ်၏။ ဒါမှ သူမအနေဖြင့် မစ္စတာယဲ့အပေါ် ကျေးဇူးကြွေး တင်သွားမည် ဖြစ်၏။

သို့ဆိုလျှင်၊ မစ္စတာယဲ့လည်း သဘောကျသွားပြီး သူ့ကို အပြစ်ကနေ ကင်းလွတ်ခွင့် ပေးကောင်း ပေးနိုင်ပေလိမ့်မည်။

သူ တွက်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။ ကျန်းရှောင်ယန်သည် ဝေ့ရှောင်ကို တားမရမှန်း သိလိုက်သဖြင့် ယဲ့ဖန်ဘက်သို့ လှည့်ကြည့်ကာ အကူအညီ တောင်းလိုက်လေ၏။

“မစ္စတာယဲ့... ကျေးဇူးပြုပြီး သူ့ကို တားပေးပါနော်... ဒီအတိုင်း ဆက်ရိုက်နေရင် လူသေသွားလိမ့်မယ်...”

ယဲ့ဖန်သည် ဝေ့ရှောင်၏ အကြံအစည်ကို ရိပ်မိနေသဖြင့် ဘာမှဝင်မပြောဘဲ နေနေခြင်း ဖြစ်၏။

သို့သော် ကျန်းရှောင်ယန်၏ သနားစဖွယ် မျက်နှာလေးကို မြင်လိုက်ရသောအခါ စိတ်မခိုင်တော့ပေ။ သူ ဝေ့ရှောင်ကို လှမ်းပြောလိုက်သည်။

“တော်လိုက်တော့...”

အဲ့ဒီတော့မှ ဝေ့ရှောင် လက်ကို ရပ်လိုက်ပြီး ယဲ့ဖန်ကို ပြုံးပြလိုက်သည်။

“မစ္စတာယဲ့... ကျွန်တော် ဖြေရှင်းပေးတာ သဘောကျရဲ့လားဗျ...”

ယဲ့ဖန်သည် ကြမ်းပြင်ပေါ်တွင် လဲကျနေသော ဝမ်ပြောင်ကို တစ်ချက် ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“ကြွေးရှင်ရှိရင် ကြွေးရှင်ဆီကပဲ သွားတောင်း... အပြစ်မဲ့တဲ့ လူတွေကို နောက်တစ်ခါ အနိုင်ကျင့်တာ တွေ့ရင် ငါ မင်းတို့ကို ဒီလောက်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး...”

ဝေ့ရှောင် ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံလိုက်သည်။

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... မစ္စတာယဲ့ ပြောတာ မှန်ပါတယ်... ကျွန်တော် ပြန်ရောက်ရင် တပည့်တွေကို သေချာ ဆုံးမလိုက်ပါ့မယ်...”

ယဲ့ဖန်သည် ကျန်းရှောင်ချောင်ဘက်သို့ လှည့်လိုက်ပြီး သူ့ကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သည်။

“အစ်ကိုကြီး... မရိုက်ပါနဲ့တော့... ကျွန်တော် မှားပါတယ်...”

ကျန်းရှောင်ချောင်သည် လန့်ဖျပ်နေသော ငှက်ကလေးပမာ တုန်လှုပ်နေပြီး ခန္ဓာကိုယ်ကို ကွေးနိုင်သမျှ ကွေးထားလိုက်၏။

ယဲ့ဖန် သူ့ကို အထင်သေးစွာ ငုံ့ကြည့်လိုက်သည်။

“ရှေ့လျှောက် မင်းဘာသာမင်း ကြံဖန်ပြီး ရှင်း... မင်းညီမကို နောက်တစ်ခါ လာဒုက္ခပေးတာ တွေ့ရင် ဒီနေ့လောက် သက်သောင့်သက်သာ ရှိမှာ မဟုတ်ဘူး...”

“မလုပ်ရဲတော့ပါဘူး... နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး...”

ကျန်းရှောင်ချောင် ခေါင်းကို တွင်တွင် ခါယမ်းပြလိုက်၏။

ဒီနေ့ သင်ခန်းစာရလိုက်မှတော့ သူ့ကို သတ္တိဆေး တစ်ရာ တိုက်ကျွေးလျှင်တောင် ကျန်းရှောင်ယန်ကို နောက်တစ်ခါ လာနှောင့်ယှက်ရဲတော့မည် မဟုတ်ပေ။

“သွားတော့... ထွက်သွားစမ်း...”

ယဲ့ဖန် ဒီကောင့်ကို ဆက်ပြီး မကြည့်ချင်တော့ပေ။

ကျန်းရှောင်ချောင်လည်း အချိန်ဆွဲမနေရဲတော့။ နာကျင်နေသော ခန္ဓာကိုယ်ကို သယ်ဆောင်ကာ ကုန်းရုန်းထပြီး ထွက်ပြေးလေတော့သည်။

ထိုအချိန်တွင် ဝေ့ရှောင်က အနားသို့ ပြုံးဖြဲဖြဲနှင့် ရောက်လာ၏။

“မစ္စတာယဲ့...”

“မင်းလည်း ထွက်သွားတော့...”

ယဲ့ဖန်က သူ့ကို မျက်နှာသာ မပေးပေ။

“ဟုတ်ကဲ့ပါ... ကျွန်တော် အခုပဲ လစ်လိုက်ပါ့မယ်...”

ဝေ့ရှောင်သည် စိတ်ဆိုးဖို့ နေနေသာသာ၊ လွတ်ငြိမ်း ချမ်းသာခွင့် ရလိုက်သလို ဝမ်းသာအားရ ဖြစ်သွားလေ၏။ သူသည် လက်ပါးစေများကို လက်ပြလိုက်ပြီး သူအရင်ဆုံး ထွက်ခွာသွားလေ၏။

သူ တစ်စက္ကန့်လောက် နောက်ကျသွားလျှင် ယဲ့ဖန် စိတ်ပြောင်းသွားပြီး သူ့ကို ပြန်ဆွဲထားမှာ စိုးရိမ်နေပုံရ၏။

လက်ပါးစေများအားလုံး ရေကျသလို တရဟော ဆုတ်ခွာသွားကြလေ၏။

သေလုမျောပါး ဖြစ်နေသော ဝမ်ပြောင်ကိုတောင် ခွေးသေ တစ်ကောင်လို တရွတ်တိုက် ဆွဲခေါ်သွားကြလေ၏။

စင်္ကြံလမ်း တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားလေ၏။

ယဲ့ဖန်၏ အကြည့်က အိမ်နီးချင်းများဆီသို့ ရောက်သွားသောအခါ သူ ဘာမှမပြောရသေးခင်မှာပင် သူတို့အားလုံး ခေါင်းညိတ် အရိုအသေပေးပြီး...

“ကျွန်တော်တို့... ကျွန်တော်တို့လည်း လစ်လိုက်ပါဦးမယ်...”

ခဏလေးအတွင်းမှာပင် အကုန်လုံး ပျောက်ကွယ်သွားကြလေ၏။

ကျန်းရှောင်ယန် သက်ပြင်းချလိုက်ပြီး ယဲ့ဖန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

“မစ္စတာယဲ့... ကျေးဇူး...”

စကားမဆုံးခင်မှာပင် သူမ၏ မျက်လုံးများ ပြာဝေသွားပြီး ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေကျသွားလေ၏။

ယဲ့ဖန်သည် မျက်စိလျင် လက်မြန်စွာဖြင့် သူမကို လှမ်းပွေ့ထားလိုက်သည်။

“မင်း ဘာဖြစ်တာလဲ...”

“ကျွန်မ... ကျွန်မ...”

ကျန်းရှောင်ယန် မတ်တပ်ရပ်ဖို့ ကြိုးစားသော်လည်း ခြေထောက်များက အားမရှိတော့ဘဲ ယိုင်နဲ့နေ၏။

ယဲ့ဖန် သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ပြီး ခေါင်းခါလိုက်မိ၏။

ရောဂါ ကြီးကြီးမားမား မရှိသော်လည်း အာဟာရ ပြတ်လပ်နေတာ ကြာပြီ ဖြစ်သည့်အပြင် ခုနက စိတ်လှုပ်ရှားမှု များလွန်းသွားသဖြင့် ရုတ်တရက် မူးမေ့သွားခြင်း ဖြစ်၏။

သူ သူမကို ပွေ့ချီလိုက်ပြီး အိမ်ထဲသို့ ဝင်သွားလိုက်သည်။

အရပ် ၁ မီတာ ၇၀ နီးပါး ရှိသော ဒီမိန်းကလေးက ပေါင် ၉၀ တောင် ပြည့်ပုံမရပေ။ ပေါ့ပါးလွန်းလှသည်။

[အရပ် ၁ မီတာ ၇၀ ဆိုသည်မှာ ၅ ပေ ၇ လက်မ ဝန်းကျင် ရှိပါတယ်။

ထိုမိန်းကလေး၏ အရပ်အမောင်း (၅ ပေ ၇ လက်မ) နှင့် ကိုယ်အလေးချိန် (ပေါင် ၉၀) အချိုးအစားအရဆိုလျှင် အလွန် ပိန်ပါးသည်ဟု ဆိုနိုင်ပါသည်။ ]

ကျန်းရှောင်ယန်သည် ယဲ့ဖန်၏ ရင်ခွင်ထဲတွင် ရောက်နေပြီး သူ့မျက်နှာကို မော့ကြည့်ရင်း ရင်တွေ တဒိန်းဒိန်း ခုန်နေမိ၏။

ယဲ့ဖန် အိမ်ထဲသို့ ဝင်ကြည့်လိုက်တော့ အိမ်အပြင်အဆင်က အတော်လေး ရိုးရှင်းနေသည်ကို တွေ့လိုက်ရ၏။ စားပွဲတစ်လုံးနှင့် ကုလားထိုင်အချို့မှလွဲ၍ ဆိုဖာတစ်လုံးတောင် မရှိပေ။

သူ မတတ်သာသည့်အဆုံး အိပ်ခန်းထဲသို့ ဝင်ပြီး သံကုတင်ပေါ်တွင် သူမကို တင်ပေးလိုက်ရ၏။

ကျန်းရှောင်ယန်၏ နှလုံးခုန်သံများ ပိုမြန်လာသည်။

သူမအိမ်ထဲကို ယောက်ျားလေး တစ်ယောက်မှ မခေါ်ဖူးသလို၊ အိပ်ခန်းထဲ ဝင်ဖို့ဆိုတာ ဝေလာဝေး။

'အား... ကုတင်ပေါ်မှာ မနေ့ညက လဲထားတဲ့ အတွင်းခံလေး ရှိနေတာပဲ...'

သူမ ထပြီး ဝှက်ထားချင်သော်လည်း အားမရှိသဖြင့် မထနိုင်။ ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေလေ၏။

ယဲ့ဖန်ကတော့ သူမ ဘာတွေ တွေးနေလဲဆိုတာ မသိ။ သူမ၏ မျက်နှာ အမူအရာကိုသာ စူးစိုက်ကြည့်နေ၏။

ရုတ်တရက် သူ လက်လှမ်းလိုက်ပြီး သူမ၏ အင်္ကျီကို လှန်တင်လိုက်ရာ ဖြူဝင်းသော ခါးလေး ပေါ်လာလေ၏။

“ဟင်... ရှင်... ရှင် ဘာလုပ်မလို့လဲ...”

ကျန်းရှောင်ယန် လန့်ဖျပ်သွား၏။ ဘယ်က အားတွေ ရောက်လာမှန်းမသိ၊ သူမ၏ ဗိုက်သားလေးကို လက်ဖြင့် အမြန် ကာလိုက်မိ၏။

သူမ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွား၏။ သူမက ဆင်းရဲသော်လည်း သိက္ခာရှိရှိ နေထိုင်သူ ဖြစ်၏။

ယဲ့ဖန်က သူမကို မတော်မတရား လုပ်တော့မည်ဟု ထင်လိုက်မိ၏။

တစ်ချိန်တည်းမှာပင် စိတ်ပျက်အားငယ်မှုလည်း ဖြစ်ပေါ်လာသည်။

သူမ ထင်ထားတာက ဒီလူက တခြားယောက်ျားတွေနဲ့ မတူဘူးလို့လေ။ တကယ်တော့ သူလည်း နှာဘူးတစ်ကောင်ပဲလား။

ယဲ့ဖန်က သူမ အထင်လွဲနေမှန်း သိလိုက်သဖြင့် အမြန် ရှင်းပြလိုက်သည်။

“အထင်မလွဲပါနဲ့... မင်းက အာဟာရ ပြတ်လပ်နေတာ ကြာပြီ... ပြီးတော့ ခုနက စိတ်လှုပ်ရှားမှုတွေ များသွားလို့ သွေးလည်ပတ်မှု မမှန်တော့ဘူး... အမြန်ဆုံး ကုသမပေးရင် ရောဂါအမြစ်တွယ်သွားလိမ့်မယ်...”

ထိုအခါမှ၊ ကျန်းရှောင်ယန် နားမလည်သော်လည်း သူမ နေမကောင်းဖြစ်နေပြီး ကုသဖို့ လိုတယ်ဆိုတာတော့ သဘောပေါက်လိုက်သည်။

“ကျွန်မ ဘာရောဂါ ဖြစ်နေတာလဲ... စိုးရိမ်ရလား... ဘယ်လောက်ကြာကြာ အသက်ရှင်ရဦးမှာလဲ...”

သူမ ခေါင်းထဲ ပထမဆုံး ဝင်လာတာက ပိုက်ဆံကိစ္စပင်။

ရောဂါဖြစ်နေရင်တောင် သူမမှာ ကုသဖို့ ပိုက်ဆံမရှိ။

အဆိုးဆုံးတော့ သေလိုက်ရုံပေါ့။ အမေ့ဆီ စောစောရောက်တာပေါ့။

တွေးရင်းနှင့် မျက်ရည်များ စီးကျလာလေ၏။

ယဲ့ဖန် ကြောင်သွား၏။

“ဘာလို့ ငိုနေတာလဲ... ဘာမှ မဖြစ်ပါဘူး... ငါ အပ်စိုက်ပြီး ကုပေးလိုက်ရင် သက်သာသွားမှာပါ...”

“သက်သာသွားမှာလား...”

ကျန်းရှောင်ယန် အငိုတိတ်သွားပြီး ယဲ့ဖန်ကို သံသယဖြင့် မေးလိုက်သည်။

ယဲ့ဖန် ခေါင်းခါလိုက်ပြီး ဆက်ရှင်းပြမနေတော့။ အပ်ဘူးကို ထုတ်လိုက်ပြီး သူမ၏ ဗိုက်သားပေါ်တွင် အပ်စိုက်ကုသမှုကို စတင်လိုက်လေတော့သည်။

All Chapters