သူက လူမှ မဟုတ်တာ
Vol. 75 Ch. 1477
~ကျင်းရှန်းကလည်း ယဲ့ဖန် သောက်ရမ်းသန်မာမှန်း ရိပ်မိသွား၏။ သူ့မိတ်ဆွေ တစ်ယောက်ဆိုရင် ယဲ့ဖန်၏ တစ်ချက်တည်းနှင့် လွင့်စင်သွားသည်လေ။
ထို့ကြောင့် သူက သင်ခန်းစာ ယူပြီး ယဲ့ဖန်ကို ထိပ်တိုက် မရင်ဆိုင်တော့ပေ။
သူ့ရည်ရွယ်ချက်က ရှင်းရှင်းလေး... ယဲ့ဖန်ကို အလုပ်ရှုပ်နေအောင် လုပ်ထားပြီး၊ အာရုံစိုက်၍ မရအောင် နှောင့်ယှက်ထားမည် ဆိုလျှင်၊ သူ့လူတွေ ကြက်ဥခွာဖို့ အချိန်လုံလောက်အောင် ရသွားပြီး သူတို့နိုင်မှာ သေချာသည်။
ဒါကြောင့် သူတို့လေးယောက်က ယဲ့ဖန်ကို ဝိုင်းထားပြီး မတိုက်ခိုက်ဘဲ နေလိုက်ကြသည်။
ယဲ့ဖန် တန်ပြန် တိုက်ခိုက်သောအခါ သူတို့က အမြန် နောက်ဆုတ်လိုက်ကြသည်။
သူတို့၏ ယုတ်မာပက်စက်သော တိုက်ခိုက်နည်းမှာ အတော်ပင် ထိရောက်မှုရှိသည်ဟု ဝန်ခံရမည်။ ကြက်ဥခွာရန် တာဝန်ယူထားသူ နှစ်ဦးမှာလည်း လက်စသတ်ရန် နီးကပ်နေလေပြီ။ အကယ်၍သာ ဤလူလေးယောက်ကို အမြန်ဆုံး မဖယ်ရှားနိုင်ပါက သူသည် ဤပွဲ၌ မလွဲမသွေ ရှုံးနိမ့်သွားရပေလိမ့်မည်။
ယဲ့ဖန် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာလေ၏။
သူတို့လေးယောက် နောက်ဆုတ်သွားသော အချိန်ကို အခွင့်ကောင်းယူပြီး၊ စားပွဲပေါ်က နောက်ထပ် တူတစ်ချောင်းကို ကောက်ယူလိုက်ကာ၊ ကြက်ဥခွာနေသည့် လူတွေကို လှမ်းပစ်မလို ဟန်ရေးပြလိုက်သည်။
ကျင်းရှန်းနှင့် အခြား သုံးယောက်က အလိမ်ခံလိုက်ရပြီး သူ့ကို တားဆီးဖို့ တဟုန်ထိုး ပြေးဝင်လာကြ၏။
ယဲ့ဖန်၏ အကြံအစည် အောင်မြင်သွား၏။ လက်ထဲက တူက ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး အရှေ့ဆုံးက ပြေးလာသူကို ထိုးစိုက်လိုက်လေ၏။
ထိုလူသည် ယဲ့ဖန်အား လက်သီးဖြင့် ထိုးနှက်ရန် ချိန်ရွယ်ထားပြီး၊ ထိုးပြီးသည်နှင့် တစ်ပါတည်း ထွက်ပြေးရန် ဟန်ပြင်ထားလေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏ တွက်ကိန်းများ လွဲချော်သွား၏။
"ဖောက်"
အသံတစ်ချက်နှင့်အတူ ယဲ့ဖန်လက်ထဲက တူက သူ့လက်ဖဝါးကို ဖောက်ဝင်သွားတော့သည်။
"အား..."
ထိုလူက နာကျင်စွာ အော်ဟစ်လိုက်သည်။
သို့သော် ယဲ့ဖန်သည် ရပ်တန့်မသွားပေ။ ညာလက်မှ တူကို လျှပ်စီးသဖွယ် ပြန်ဆွဲထုတ်လိုက်ပြီး တစ်ပတ်လှည့်ကာ ကျန်လူနှစ်ယောက်၏ လက်ကောက်ဝတ်များကိုပါ ထိုးစိုက်လိုက်သည်။ ထိုသူတို့ နာကျင်စွာ အော်ဟစ်နေခိုက်မှာပင် ယဲ့ဖန်၏ ညာခြေထောက်က လျင်မြန်စွာ ကန်ထွက်လိုက်ရာ သုံးယောက်စလုံး လွင့်စင်သွားကြတော့သည်။
ထိုသုံးယောက်သည် ကြက်ဥခွာနေသည့် ၎င်းတို့၏ မိတ်ဆွေသုံးယောက်အပေါ်သို့ ပြုတ်ကျသွားပြီး၊ ခြောက်ယောက်သား လုံးထွေးကာ လဲကျကုန်ကြလေရာ ကြက်ဥသုံးလုံးမှာလည်း ကွဲကြေပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင်မူ ယဲ့ဖန်ကို တိုက်ခိုက်ရန် ကျင်းရှန်းတစ်ယောက်တည်း ကျန်ရစ်ပြီး၊ ကြက်ဥခွာရန်လည်း တစ်ဦးတည်းသာ ကျန်တော့သည်။
ပြိုင်ပွဲမစမီကမူ ဤပွဲကို လွယ်လွယ်ကူကူ အနိုင်ရလိမ့်မည်ဟု သူတို့အားလုံး ထင်မှတ်ထားခဲ့ကြသော်လည်း၊ ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။
ယွီဖုန်းရှန်းနှင့် အားချန်တို့သည် အဝေးမှ လှမ်းကြည့်ရင်း အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ စောစောက ယဲ့ဖန်၏ တန်ပြန်တိုက်စစ်မှာ တကယ့်ကို သွေးဆူစရာ ကောင်းလှပေသည်။ အထူးသဖြင့် ကြက်ဥစိမ်းခွာနေရင်း တန်ပြန်တိုက်ခိုက်လိုက်သည့် ထိုလုပ်ရပ်မှာ မည်မျှခက်ခဲနက်နဲကြောင်း တွေးကြည့်ရုံမျှဖြင့် သိသာနိုင်ပေသည်။
"သူ... သူက လူရော ဟုတ်သေးရဲ့လား"
ယွီဖုန်းရှန်းက ဘေးနားက အားချန်ကို မေးလိုက်မိ၏။ သူမ ဘယ်လောက် တုန်လှုပ်နေလဲဆိုတာ အသံကို နားထောင်ရင် သိသာနေ၏။
"သူက ဘယ်တုန်းကမှ လူ မဟုတ်ခဲ့ပါဘူး"
အားချန်လည်း ဒီမြင်ကွင်းကြောင့် စိတ်တွေ လှုပ်ရှားနေမိ၏။
"မင်းတို့က ဘာလို့ ငါ့ကို ဆဲနေကြတာလဲ"
ကျင်းရှန်းနှင့် တိုက်ခိုက်နေသော ယဲ့ဖန်က လှမ်းအော်ပြောလိုက်သေးသည်။
သူတို့နှစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပြိုင်တူ ရေရွတ်လိုက်ကြသည်။
"ဘုရားရေ..."
သူတို့နှစ်ယောက်က ဘေးက ကြည့်နေရုံပဲ ရှိသေးတာတောင် သည်လောက် တုန်လှုပ်နေကြသည်။
ယဲ့ဖန်နှင့် တိုက်ခိုက်နေရသော ကျင်းရှန်း၏ ရင်ထဲမှာ ကျိန်စာပေါင်း တစ်သောင်းလောက် မြည်ဟည်းနေမလားဆိုတာ တွေးကြည့်လို့ ရ၏။
အားချန်က ကြက်ဥခွာပြတုန်းက သူ တော်တော်လေး တုန်လှုပ်ခဲ့ရပြီးပြီ ဖြစ်၏။
ယခု ယဲ့ဖန် ပြသလိုက်သော စွမ်းရည်ကတော့ သူ့ကို တုန်လှုပ်စေရုံတင် မကတော့.. ကြောက်ရွံ့သွားစေတော့သည်။
သူ စက်ရုပ် တစ်ရုပ်... ဘီလူး တစ်ကောင်နှင့် ရင်ဆိုင်နေရသလို ခံစားနေရ၏။
အတိုချုပ်ပြောရရင်... သူက လူ မဟုတ်ချေ။
ဒီကြောက်ရွံ့မှုတွေ လွှမ်းမိုးလာသည့် အခါ သူ တိုက်ခိုက်ချင်စိတ် မရှိတော့ပေ။ ဒီပြိုင်ပွဲကို အမြန်ဆုံး ပြီးစေချင်နေတော့၏။
မိနစ်တိုင်း စက္ကန့်တိုင်းက သူ့အတွက် ငရဲလိုပင်။
"မြန်မြန် ခွာစမ်းပါကွာ... ငါ တောင့်မခံနိုင်တော့ဘူး"
သူ ကျန်နေသေးသည့် တစ်ယောက်တည်းသော မိတ်ဆွေကို အော်ပြောလိုက်သည်။
ထိုလူကလည်း ချွေးတွေ ရွှဲနစ်နေ၏။
ကြက်ဥခွာရတာ သူ့အတွက် မခက်ပါ။
သို့သော်၊ ပထမ လေးယောက်၏ အဖြစ်အပျက်က သက်သေပြနေတယ်လေ... ကြက်ဥခွာတာက အန္တရာယ်များသည်ဟူ၍။
မည်သူက မြန်မြန်ခွာနိုင်လဲ... ထိုလူ ဦးစွာ အတိုက်ခံရမှာပင်။
ဒါက သူ့ရင်ထဲမှာ ဖိအားတွေ ပိုများစေသည်။
ကြက်ဥခွာရခြင်းသည် ဤမျှ ခက်ခဲလိမ့်မည်ဟု သူ တစ်ခါမှ မတွေးထင်ခဲ့ဖူးချေ။ သို့သော် မည်သို့ပင်ဖြစ်စေ လက်ထဲရှိ ကြက်ဥမှာ တဖြည်းဖြည်း အခွံကွာကျလာပြီး၊ နောက်ဆုံးတွင် အပိုင်းအစလေး တစ်ခုသာ ကျန်ရှိတော့သည်။ အောင်မြင်မှုမှာ လက်တစ်ကမ်းအလို၌သာ ရှိတော့သည်။
ထိုအခြေအနေကို မြင်သည်နှင့် ယဲ့ဖန်သည် တူကို လှမ်းယူရန် ပြင်လိုက်သည်။ ကျင်းရှန်းမှာ အံကိုကြိတ်လျက် ချက်ချင်းပင် ပြေးဝင်လုံးလိုက်လေသည်။ အဆိုးဆုံးအနေဖြင့် သူ အထိုးခံလိုက်ရုံသာ ရှိမည်ဖြစ်သော်လည်း၊ သူ့မိတ်ဆွေအတွက်မူ နောက်ဆုံး အခွင့်အရေးကို မဖြစ်မနေ ဖန်တီးပေးရပေမည်။
ယဲ့ဖန်က သူ အသေခံပြီး ဝင်တိုက်တာကို မြင်တော့ နှာခေါင်းရှုံ့လိုက်သည်။
သူ ခြေလှမ်းရွှေ့ပြီး ဘေးကို ရှောင်လိုက်သည်။ လက်ညှိုးက စားပွဲပေါ်က တူတစ်ချောင်း၏ အဖျားကို ပိတ်ခတ်လိုက်သည်။
တူက ကျည်ဆန် တစ်တောင့်လို ပစ်ထွက်သွားလေ၏။
"ဖောက်"
နောက်တစ်စက္ကန့်မှာ ကြက်ဥခွာနေသူ၏ လက်ကောက်ဝတ်ကို တိုက်ရိုက် ထိုးစိုက်သွား၏။
တူ၏ အရှိန်က မကုန်သေးဘဲ၊ ထိုလူ၏ လက်ကောက်ဝတ်ကို ဘေးနားက နံရံမှာ သွားပြီး သံမှိုစွဲသလို စိုက်ဝင်သွားစေသည်။
ယဲ့ဖန်၏ တိုက်ခိုက်မှုက ဘယ်လောက် ပြင်းထန်လဲဆိုတာ စဉ်းစား ကြည့်နိုင်ပါသည်။
"အား..."
ထိုသူ အော်ဟစ်လိုက်ပြီး လက်ထဲက ကြက်ဥက ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။
သူ ပြန်ကောက်ဖို့ လက်လှမ်းလိုက်သော်လည်း၊ တခြားလက်တစ်ဖက်က နံရံမှာ စိုက်နေတော့ လှုပ်လိုက်တိုင်း သေလောက်အောင် နာကျင်နေရ၏။
တစ်ချိန်တည်းမှာပင် ယဲ့ဖန် လှည့်လိုက်ရာ၊ သူ့လက်သီးက ကျင်းရှန်း၏ မျက်နှာနား ကပ်ပြီး ရပ်တန့်သွား၏။
လက်သီးက သယ်ဆောင်လာသော လေပြင်းကြောင့် ကျင်းရှန်း၏ မျက်နှာတောင် နာကျင်သွားရ၏။
အကယ်၍ ယဲ့ဖန်သာ လက်သီးကို မရပ်တန့်ခဲ့ရလျှင် သူ့မျက်နှာ ကြေမွသွားလောက်ပြီ။
"ခင်ဗျား ရှုံးပြီ"
ယဲ့ဖန်၏ မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာပြီး ဘယ်ဘက်လက်ဝါးကို ဖြည်းညှင်းစွာ ဖြန့်ပြလိုက်သည်။
အခွံခွာပြီးသား ကြက်ဥစိမ်းတစ်လုံး သူ့လက်ဝါးပေါ်တွင် ရှိနေလေသည်။
သူက ခိုးသားဂိုဏ်းသား အားလုံးကို အနိုင်ယူလိုက်ရုံတင် မက၊ ကြက်ဥစိမ်းကိုလည်း အောင်မြင်စွာ ခွာနိုင်ခဲ့ပြီ ဖြစ်၏။
ကျင်းရှန်း သူ့ကို ငေးကြောင်ပြီး ကြည့်နေမိ၏။ အချိန်အတော်ကြာမှ သူ ခေါင်းငုံ့ပြီး ဝန်ခံလိုက်သည်။
"ကျွန်တော်တို့ ရှုံးပါပြီ"
"ကောင်းတယ်ဟေ့..."
ယွီဖုန်းရှန်းနှင့် အားချန် မနေနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။
ယဲ့ဖန်၏ စွမ်းဆောင်ရည်ကို 'ယုံနိုင်စရာမရှိ' ဟူသော စကားလုံးဖြင့်သာ ဖော်ပြ၍ ရနိုင်ပေတော့မည်။ စိန်ခေါ်မှု ၁၀ ခုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ခဲ့ရသော်လည်း၊ နောက်ဆုံးတွင် ၁၀ ဦးစလုံးကို အနိုင်ယူလိုက်ရုံသာမက ကြက်ဥစိမ်းကိုပါ အောင်မြင်စွာ ခွာနိုင်ခဲ့လေသည်။ ဤလုပ်ရပ်မှာ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပေသည်။ ကျန်ရှိနေသော ခိုးသားဂိုဏ်းသား ကိုးဦးတို့သည်လည်း ကြမ်းပြင်ထက်မှ ကုန်းရုန်းထလိုက်ကြပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်နေကြတော့သည်။ ယခုအချိန်တွင်မူ သူတို့၏ မျက်လုံးထဲ၌ ယဲ့ဖန်သည် လူသားတစ်ဦး မဟုတ်တော့ဘဲ နတ်ဆိုးတစ်ကောင်သဖွယ် ဖြစ်နေပါတော့သည်။
ကျင်းရှန်းက ရင်ထဲက တုန်လှုပ်မှုကို ဖိနှိပ်လိုက်ပြီး ယဲ့ဖန်ကို လေးစားစွာ ကြည့်လိုက်သည်။
"ဆရာယဲ့ရဲ့ စွမ်းရည်က ဒီလောက် ကြောက်စရာကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ပဲ ဗဟုသုတ ရသွားပါပြီ"
"ကျွန်တော်တို့ ရှုံးတာကို လက်ခံပါတယ်။ သင်္ချိုင်းကိစ္စကို ဘယ်တော့မှ ဝင်မပါတော့ပါဘူး"
ယဲ့ဖန်၏ ကြောက်မက်ဖွယ်ရာ စွမ်းရည်ရှေ့မှာ သူတို့ နောက်ဆုတ်ရုံက လွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
ဆက်ပြီး ပါဝင်ပတ်သက်နေလျှင် တကယ်ပဲ အသက်ပါ ပျောက်သွားနိုင်သည်။
"ဒါဆိုရင် ပြီးတာပါပဲ"
ယဲ့ဖန် စိတ်အေးသွားရ၏။
ယနေ့တွင် သူ၏ ရည်မှန်းချက် အောင်မြင်ခဲ့ပြီ ဖြစ်သည်။ ခိုးသားဂိုဏ်းသားများအား အင်အားပြ၍ ခြိမ်းခြောက် ဟန့်တားနိုင်ခဲ့ပြီဖြစ်ရာ၊ ၎င်းတို့အနေဖြင့် နောက်နောင်တွင် ဝင်ရောက် စွက်ဖက်ရဲတော့မည် မဟုတ်ပေ။ ဤအချက်ကပင် ရှန်ဘုရင်၏ လျှို့ဝှက်ရတနာ ရှိရာသို့ သွားမည့် လမ်းခရီး၌ အတားအဆီး အနှောင့်အယှက်များကို များစွာ လျော့ပါးသွားစေခဲ့လေသည်။
ကျင်းရှန်းနှင့် အဖွဲ့ ယဲ့ဖန်ကို နှုတ်ဆက်ပြီး စိတ်ပျက်လက်ပျက် ထွက်ခွာသွားကြသည်။
ယွီဖုန်းရှန်း လျှောက်လာပြီး ယဲ့ဖန်ကို လေးစားစွာ ကြည့်လိုက်သည်။
"ဆရာယဲ့ တော်မှန်းတော့ သိပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ တော်လိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ပဲ မျက်စိပွင့်သွားရပြီ"
သူမက ယဲ့ဖန် နှိမ့်ချပြီး ပြောမည်ဟု ထင်ထားသော်ငြား၊ ယဲ့ဖန် ပြောလိုက်သည့် စကားက...
"ကျွန်တော့်နောက် လိုက်ရင် ခင်ဗျား မျက်စိပွင့်စရာတွေ အများကြီး ရှိလာဦးမှာပါ"
ယွီဖုန်းရှန်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွား၏။
ထိုအခါ၊ ယဲ့ဖန်က နောက်ပြောင်နေသော မျက်နှာထားကို ဖျောက်လိုက်သည်။
"နောက်တစ်ဆင့်ကျရင် ဥက္ကဋ္ဌယွီရဲ့ အကူအညီ လိုဦးမယ် နော်”