← Chapters

ရန်ကျောက်ကဲ၏အစီအစဉ်

Vol. 27 Ch. 372

ရန်ကျောက်ကဲ၏အစီအစဉ်

Vol. 27 Ch. 372

အခန်း (၃၇၂) ရန်ကျောက်ကဲ၏အစီအစဉ်

ရန်ကျောက်ကဲနှင့် အားဟူတို့ ပန်ပန်၏ကျောပြင်ထက်တွင် စီးနင်းလိုက်ပါလာကြသည်။

ပန်ပန်၏ ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်ရေစီးကြောင်းများဖြင့် ဖုံးလွှမ်းလျှက် လျှပ်စီးကဲ့သို့ လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် ပင်လယ်ကိုဖြတ်ကျော်ကာ အရှေ့ဆီသို့ ပြေးလွှားနေသည်။

ပင်လယ်ရေအောက်ထဲ နစ်မြုပ်နေသော ‘အရှေ့နဂါး’ ကျွန်းကြီးသည် သူတို့နောက်ဘက်တွင် တဖြည်းဖြည်း ဝေးကွာကျန်ရစ်ခဲ့ပြီး အရိပ်အယောင်ပင် မမြင်ရတော့ပေ။

ပင်လယ်ပြင်အထက် မိုးကုတ်စက်ဝိုင်းတစ်ခုလုံးအား လွှမ်းခြုံထားသည့် မီးတောက်များကတော့ ကြောက်မက်ဖွယ်ရာ သွေးနီရောင်တောက်ပလျှက် ရှိသည်။

ရန်ကျောက်ကဲတို့ (၃)ယောက် မရပ်မနား တိုက်ခိုက်ထိုးဖောက်ထွက်လာကြလေရာ အရှေ့နဂါးကျွန်းတည်ရှိရာနေရာနှင့် အတော်လေးအလှမ်းဝေးသောနေရာသို့ ရောက်ရှိလာသည်။

သို့သော် မီးတောက်မိစ္ဆာများက ရပ်တန့်ခြင်းမရှိဘဲ သူတို့နောက်မှ ဆက်တိုက်လိုက်ပါလာကြသည်။ ရန်ကျောက်ကဲတို့အုပ်စု မသေမချင်း အလျှော့ပေးမည့်ဟန် မရှိပေ။

ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲများ ကြိုတင်ခန့်မှန်းသည့်အတိုင်း ရန်ကျောက်ကဲ ထွက်ခွာသွားခြင်းက သိုင်းဆရာသခင်အဆင့် မီးတောက်မိစ္ဆာများကိုသာ ဆွဲဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲ’ဝမ်’ ကို မီးတောက်မိစ္ဆာများက ပိုမိုအာရုံစိုက်ကြသည်။

မီးတောက်မိစ္ဆာဘုရင်နှစ်ယောက်က ကျောက်စိမ်းပင်လယ်မြို့တော်ကို တိုက်ခိုက်ရန်သာ စွမ်းအားကုန်အသုံးပြုနေပြီး ရန်ကျောက်ကဲကို လုံးဝအရေးမစိုက်ကြပေ။

ရန်ကျောက်ကဲ၏မျက်ဝန်းများက နောက်မှလိုက်လာသော ရန်သူများကို တိတ်တဆိတ်အာရုံစိုက်နေပြီး တစ်ချိန်တည်းမှာပင် သူတို့ရောက်ရှိလာသည့်အကွာအဝေးကို  ငြိမ်သက်စွာတွက်ချက်နေသည်။

ထို့နောက်...

“ပန်ပန်... ငါတို့တွေ အရှိန်လျှော့လို့ရပြီ”

ကောင်းကင်ယံထက်မှ အနီရောင်မီးတောက်များနှင့် အတော်လေးအလှမ်းဝေးသွားပြီဖြစ်ရာ ရန်ကျောက်ကဲက ပန်ပန်ကို တိုးတိတ်စွာ အမိန့်ပေးလိုက်သည်။

ပန်ပန်က သဘောပေါက်ဟန် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး အရှိန်လျှော့လိုက်သည်။

အရှိန်အနည်းငယ်နှေးကွေးသွားပြီးနောက် ပန်ပန်က ထပ်မံအရှိန်မြှင့်တင်လိုက်သည်။ သို့သော် မည်သို့မှ မတတ်နိုင်စွာ ပြန်လည်နှေးကွေးသွားပြီး နောက်ထပ်အရှိန်အဟုန် ကြိုးစားမြှင့်တင်ဟန် ဆောင်လိုက်သည်။

ရန်သူများအမြင်တွင် ပန်ပန် အားနည်းသွားပြီး ရှေ့ဆက်မပြေးနိုင်တော့သည့် ပုံစံမျိုး ဟန်ဆောင်လိုက်ခြင်း ဖြစ်၏။

ပန်ပန်အရှိန်လျော့သွားသည်နှင့် မီးတောက်မိစ္ဆာများက ကြုံးဝါးသံများနှင့်အတူ ရန်ကျောက်ကဲတို့ အုပ်စုထံသို့ အုံနှင့်ကျင်းနှင့် ဝင်ရောက်လာကြသည်။

ရန်သူ၏ ပြင်းထန်သောတိုက်ခိုက်မှုများကို ရန်ကျောက်ကဲနှင့် အားဟူတို့က ချက်ချင်း ခုခံလိုက်ကြသည်။

မီးတောက်မိစ္ဆာများက ဒေါသပြင်းထန်လျှက် အရှိန်အဟုန်ဖြင့် တိုက်ခိုက်ကြသည်။

သို့သော် စောစောက ရန်ကျောက်ကဲ အသုံးပြုလိုက်သည့် နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတများက အလွန်အစွမ်းထက်လေရာ သူတို့စိတ်ထဲတွင် မမေ့ပျောက်နိုင်ဘဲ အမှတ်ထင်ကျန်ရစ်နေသည်။

ထို့ကြောင့် သူတို့ (၃)ယောက်ကို အနီးကပ်မတိုက်ခိုက်တော့ဘဲ အုပ်စုဖွဲ့ကာ ဝိုင်းပတ်လိုက်ကြပြီး ဤနေရာတွင် ပိတ်မိနေစေရန် ကြိုးစားကြသည်။

ဆဋ္ဌဂံပုံရှိသော မီးတောက်မိစ္ဆာကြီးတစ်ယောက်က သူ၏ခန္ဓာကိုယ်အလယ်တွင်ရှိသော လက် (၆)ချောင်းကို ဝှေ့ယမ်းတိုက်ခိုက်လေရာ ကောင်းကင်တစ်ခုလုံး မီးတောက်များလွင့်ပျံလျှက် ပတ်ဝန်းကျင်ရှိပင်လယ်ရေများ လောင်ကျွမ်းအငွေ့ပျံသွားသည်။

အဝေးဆီမှ မီးတောက်မိစ္ဆာများ၏ ကျယ်လောင်သော ကြုံးဝါးအော်ဟစ်သံများ ထွက်ပေါ်လာသည်။

မီးတောက်မိစ္ဆာတစ်ယောက်က မီးတောက်မိစ္ဆာဘာသာစကားဖြင့် ပြောလိုက်သည်။

“သောချီ ၊ အဲဒီကောင်ကို မလွတ်စေနဲ့”

သောချီ ဆိုသော မီးတောက်မိစ္ဆာက...

“ငါ့ကိုဆရာမလုပ်နဲ့ ၊ မင်းသာ မြန်မြန်လုပ်”

သောချီက သူ၏လက် (၆)ချောင်းလုံးဖြင့် ရန်ကျောက်ကဲကို မတိုက်ခိုက်ဘဲ လက်တစ်ချောင်းပြီးတစ်ချောင်း အသုံးပြုကာ အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

ထို့နောက် သူက ရန်ကျောက်ကဲကို ဝင်လုံးလိုက်ပြီး မပြေးနိုင်အောင် တားဆီးလိုက်၏။ သို့သော် တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲ၏ နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတကိုလည်း သတိထားနေဟန် ရှိသည်။

ရန်ကျောက်ကဲမျက်နှာအမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ရေခဲသလင်းကျောက်များ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများအဖြစ် မီးတောက်မိစ္ဆာ ‘သောချီ’ထံသို့ ဦးတည်ဝင်ရောက်သွားသည်။

သောချီမှာ ရန်ကျောက်ကဲကို ဖမ်းဆုပ်ရန်ဟန်ပြင်နေသည့် သူ့လက်တစ်ဖက်ကို အမြန်ရုတ်သိမ်းလိုက်ပြီး နောက်ပြန်ဆုတ်ရန် ဟန်ပြင်လိုက်သည်။

ရန်သူ မည်သို့လှုပ်ရှားမည်ကို ခန့်မှန်းထားပြီးသားဖြစ်သဖြင့် ရန်ကျောက်ကဲက အေးစက်စွာ ရယ်မောလိုက်သည်။

ထို့နောက် သူက လက်ဖျောက်တစ်ချက်တီးလိုက်ရာ လျှို့ဝှက်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုလျှို့ဝှက်စွမ်းအား ပေါက်ကွဲထွက်သွားသည်နှင့် နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတများက မီးတောက်မိစ္ဆာများ၏ခန္ဓာကိုယ်အားမထိမှန်ခင် လမ်းခုလတ်မှာပင် ပေါက်ကွဲထွက်သွားကြသည်။

ရွှေရောင်အလင်းတန်းများနှင့် ထူထပ်သောရေခဲအခိုးအငွေ့များက ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံသွားပြီး ပင်လယ်ရေများကို အေးခဲသွားစေကာ ရေခဲပင်လယ်အဖြစ် ပြောင်းလဲသွားသည်။

နတ်ဆိုးခွင်းရေခဲသင်္ကေတမှ အအေးဓာတ်စွမ်းအားက ရေခဲစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ‘သောချီ’ ၏ လက်တစ်ဖက်ကို အေးခဲသွားစေသည်။

သောချီ အလွန်ထိတ်လန့်သွားပြီး သူ၏ကျန်လက် (၅)ဖက်ကို လှုပ်ရှားကာ ရေခဲပြင်ပေါက်ကွဲသွားစေရန် မီးတောက်များကို ထုတ်လွှတ်လိုက်၏။

သို့သော် ရန်ကျောက်ကဲ၏ ညာဘက်အင်္ကျီလက်ထဲမှ ကျောက်စိမ်းရောင်ဓားအလင်းတန်း တောက်ပလာပြီး သောချီကို ထိုးစိုက်ချလိုက်သည်။ သောချီ အချိန်မီ ရှောင်တိမ်းလိုက်သည့်တိုင် ဓားချက်က သူ၏လက်တစ်ဖက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သောချီမည်သို့ဖြစ်သွားသည်ကို ရန်ကျောက်ကဲ ပြန်မကြည့်နိုင်ခင်မှာပင် အခြားသောမီးတောက်မိစ္ဆာများက သူ့ထံ အတူတကွ ဝင်ရောက်တိုက်ခိုက်လာသည်။

မီးတောက်မိစ္ဆာများ ဝိုင်းဝန်းတိုက်ခိုက်ခံရသည့်အခါ ပန်ပန်၏ခြေလှမ်းများ အနည်းငယ်နှေးကွေးသွားပြီး ထိုးဖောက်ထွက်ရန် ခက်ခဲသွားသည်။

တံတိုင်းကြီးတစ်ခုပမာ ကြီးမားလှသောမီးတောက်မိစ္ဆာကြီးတစ်ယောက်က ပန်ပန်ရှေ့တွင်ပိတ်ဆို့ထားပြီး မီးတောက်မိစ္ဆာ (၅)ယောက်ခန့် ပန်ပန်အနားသို့ စုရုံးရောက်ရှိလာကြသည်။

ပန်ပန်က ခွန်အားကြီးမားသူဖြစ်သော်လည်း ထိုမျှများပြားသော မီးတောက်မိစ္ဆာများနှင့် ရင်ဆိုင်ရသည့်အခါ အခက်တွေ့ရသည်။

ပန်ပန်က တောင်တစ်လုံးပမာ ကြီးမားသော သူ၏ခန္ဓာကိုယ်ကြီးဖြင့် သူ့အရှေ့မှ မီးတောက်မိစ္ဆာကြီးကို ဝင်ဆောင့်ပစ်လိုက်သည်။ ထိုမီးတောက်မိစ္ဆာကြီးက မီးတောင်ကြီးပမာ ချော်ရည်ပူများကျဆင်းလာပြီး အဖြူရောင်နှင့်အနက်ရောင်စီးကြောင်းများဖြင့် လွှမ်းခြုံထားသော ပန်ပန်မှာ နောက်ပြန်ဆုတ်သွားရသည်။

ရန်ကျောက်ကဲက ကောင်းကင်တုန်လှုပ်လေးညှို့ကို တင်လိုက်ပြီး နတ်ဆိုးခွင်းသင်္ကေတတစ်ခုကို ပစ်လွှတ်လိုက်၏။ ခရမ်းရောင်လျှပ်စီးများထွက်ပေါ်လာပြီး မိုးခြိမ်းသံများဆူညံလာကာ မြင့်မားသောမီးတောင်ကြီး ပြိုကျသွားသည်။

သို့သော် အခြားသောမီးတောက်မိစ္ဆာများစွာ ထပ်မံရောက်ရှိလာပြီး ရန်ကျောက်ကဲနှင့် အားဟူကို တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်ကြပြန်သည်။

ရန်ကျောက်ကဲက ကောင်းကင်လေးတုန်လှုပ်လေးညှို့ကို ကိုင်ဆောင်ထားရင်းပင် မိုးကြိုးတုန်လှုပ်သိုင်းပညာ ထုတ်ဖော်ကာ ချီစွမ်းအားအဆက်မပြတ်လှည့်ပတ်လျှက် ရန်သူများကို တရစပ်တိုက်ခိုက်လိုက်သည်။

ထို့နောက် လက်ငါးဖက်သာရှိတော့သော သောချီကို အပေါ်သို့ကန်ထုတ်လိုက်ပြီး အခြားသောမီးတောက်မိစ္ဆာများကို ထိုးဖောက်ထွက်လိုက်သည်။ သူ၏ ကြယ်တာရာချီစွမ်းအားများကလည်း သိသိသာသာ ပြင်းထန်လာသည်။

ထိုအချိန် အမတဝိညာဉ်အဆင့် မီးတောက်မိစ္ဆာတစ်ယောက်က မီးဓားတစ်လက်ဖြင့် ရန်ကျောက်ကဲ၏ နောက်ကျောကို ခုတ်ပိုင်းချလိုက်သည်။

မြင်မားတောင်တန်းမှော်ဝင်သံချပ်ကာဝတ်စုံက ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ထက်တွင် ထွက်ပေါ်လာပြီး ကြံမိစ္ဆာလက်သီးသိုင်းဝိညာဉ်နှင့် ရွှေခန္ဓာသိုင်းပညာတို့လည်း တစ်ပြိုင်တည်းထွက်ပေါ်လာကာ ဓားချက်ကို ကာကွယ်လိုက်သည်။

ရန်သူ၏တိုက်ခိုက်မှုကို ခုခံပြီးနောက် ရန်ကျောက်ကဲက ကောင်းကင်တုန်လှုပ်လေးညှို့ကို သိမ်းဆည်းလိုက်ပြီး လက်ဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ မိုးမြေတစ်ခွင်ပြိုကျနိုင်သည့် ပြင်းထန်သော အရှိန်အဟုန်ဖြင့် မီးတောက်မိစ္ဆာနှစ်ယောက် လွင့်ထွက်ကာ အသက်ပျောက်သွားသည်။

သို့သော် နောက်ထပ်ရန်သူအများအပြား သူ့ထံဝင်ရောက်လာကြပြန်၏။

ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာဖြင့်ပင် ဘယ်ဘက်လက်ကို လေထဲသို့ မြှောက်လိုက်သည်။

သူ၏ဘယ်ဘက်လက်သန်းထက်တွင် အနီရင့်ရောင်လက်စွပ်တစ်ကွင်း ရုတ်တရက် ပေါ်လာသည်။

ရန်ကျောက်ကဲက ကြုံးဝါးသံတစ်ချက်ပြုလိုက်ရာ အနီရင့်ရောင်လက်စွပ်ကို ဗဟိုပြုလျှက် မီးတောက်များစုစည်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

သိပ်သည်းသွားသည့်မီးတောက်များအတွင်းမှ ခမ်းနားပြီးနတ်ဘုရားဆန်သော ပုံရိပ်ယောင်မြင်ကွင်းများထွက်ပေါ်လာပြီး တန်ခိုးစွမ်းအားက ရှေးကျသလို မြင့်မားလွန်း၏။

ထိုရှေးဟောင်းတန်ခိုးစွမ်းအားထဲမှ ကြီးမားသောကပ်ဘေး ၊ ကြီးမားသောအဖျက်စွမ်းအား ၊ ကြီးမားသောဒုက္ခတရားများ ထွက်ပေါ်လာလျှက် မိုးမြေတစ်ခွင်ကို ထိတ်လန့်စေသည်။

မီးတောက်မိစ္ဆာများ၏တိုက်ခိုက်မှုက တစ်ညီတညွတ်တည်းရပ်တန့်သွားပြီး မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြင့် လက်စွပ်ကို စူးစိုက်ကြည့်နေကြသည်။

မီးတောက်မိစ္ဆာများအားလုံး၏ စိတ်ဝိညာဉ်ထဲတွင် တုန်လှုပ်ထိတ်လန့်မှုကို ခံစားရသည်သာမက ခန္ဓာကိုယ်များသည်လည်း ထုံကျဉ်သွားကြသည်။

လက်စွပ်မှထွက်ပေါ်နေသည့်ရောင်ဝါက မှိန်ဖျော့ဖျော့မျှသာ ဖြစ်သော်လည်း သူတို့၏ အုပ်စိုးရှင်နှင့်တွေ့သည့်အလား ၊ သို့မဟုတ် ဘိုးဘေးများနှင့်တွေ့ဆုံသည့်အလား ခံစားကြရသည်။

လက်စွပ်မှထွက်ပေါ်နေသည့်ဖိအားက ကြီးမားလွန်းလေရာ ဧကရာဇ်ရှေ့ရောက်နေသည့် ငယ်သားများပမာ သေဆိုသေ ရှင်ဆိုရှင် လွှမ်းမိုးခံကြရသည်။

သို့သော် ထိုရောင်ဝါက အရိပ်အယောင်တစ်ခုမျှသာဖြစ်ပြီး စွမ်းအားမြင့်မားသောမီးတောက်မိစ္ဆာများအပေါ်တွင် တဖြည်းဖြည်းသက်ရောက်မှု လျော့ပါးလာသည်။

မည်သို့ပင်ဖြစ်စေ ဒေါသကြမ်းတမ်းသော ၊ စစ်မက်ကိုသဘောကျပြီး အကြောက်အရွံ့မရှိသော မီးတောက်မိစ္ဆာများ၏ သွေးဆာရူးသွပ်နေသော စိတ်ဓာတ်များကတော့ ပြိုလဲသွားပြီ ဖြစ်သည်။

ရန်ကျောက်ကဲ၏ဘယ်ဘက်လက်မှ တောက်ပသောမီးတောက်များထွက်ပေါ်လာပြီး ‌ကောင်းကင်ထက်တိုင် မြင့်တက်သွားသည်။ ထိုမီးတောက်က မီးတောက်မိစ္ဆာများ၏ မွေးရာပါမီးတောက်စွမ်းအားထက်ပင် မြင့်မားသည်။  သူက လက်ဝါးဖြင့်ရိုက်ချလိုက်ရာ မှင်တက်နေသည့် မီးတောက်မိစ္ဆာတစ်ယောက်မှာ ပြာမှုန့်အဖြစ် ပြောင်းလဲသွားသည်။

မီးတောက်မိစ္ဆာများ ငြိမ်သက်နေသည်ကို အခွင့်ကောင်းယူကာ ပန်ပန်က ရန်ကျောက်ကဲနှင့် အားဟူကို ခေါ်ဆောင်ပြီး ချက်ချင်းပင် ပြေးထွက်သွားသည်။

မီးတောက်မိစ္ဆာများ သတိဝင်လာပြီး ကြုံးဝါးသံများပြုလုပ်ကာ အပြေးအလွှားနောက်မှလိုက်လာကြသော်လည်း ရန်ကျောက်ကဲတို့ (၃)ယောက်ကတော့ လွတ်မြောက်သွားပေပြီ။

လက်သုံးချောင်းသာကျန်ရှိတော့သော သောချီသည် ရန်ကျောက်ကဲ၏ ကျောပြင်ကိုကြည့်ရင်း ရေရွတ်လိုက်သည်။

“စောစောက ခံစားလိုက်ရတဲ့ ရောင်ဝါက ... ဘာများလဲ”

သူ့စိတ်များမငြိမ်မသက်ဖြစ်သွားပြီး နောက်သို့ပြန်လှည့်သွားသည်။

သို့သော် သောချီ အရှေ့နဂါးကျွန်းတည်ရှိရာနေရာသို့ ပြန်မရောက်ခင်မှာပင် သူ့နားထဲတွင် အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

“သောချီ ၊  ဘာထူးခြားတာတွေ ဖြစ်သွားတာလဲ ၊ ငါ ဧကရာဇ်ရဲ့ ရောင်ဝါကို အာရုံခံမိတယ်”

စကားပြောလိုက်သူမှာ ကျောက်စိမ်းပင်လယ်မြို့တော်ကို တိုက်ခိုက်နေသည့် မီးတောက်မိစ္ဆာဘုရင်နှစ်ယောက်အနက်မှ တစ်ယောက်ဖြစ်လေ၏။

All Chapters