ရန်ကျောက်ကဲက ကျော်ကြားမှုနဲ့ ထိုက်တန်ပါပေတယ်
Vol. 27 Ch. 373
အခန်း (၃၇၃) ရန်ကျောက်ကဲက ကျော်ကြားမှုနဲ့ ထိုက်တန်ပါပေတယ်
မီးတောက်မိစ္ဆာဘုရင်နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ခြင်းက ကျောက်စိမ်းပင်လယ်မြို့တော်အပေါ် များစွာဖိအားကြီးမားခဲ့သည်။
ရန်ကျောက်ကဲ ခန့်မှန်းထားသည့်အတိုင်း မီးတောက်မိစ္ဆာများက ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်’ တံခါးပိတ်ကျင့်ကြံနေသည်ကို မသိရှိကြပေ။
အရှေ့ပင်လယ်တိုက်ပွဲတွင် အန်းချင်လင်ကိုသာ တွေ့ကြရပြီး စုန့်ဝူလျန်ကို မတွေ့ရသဖြင့် ကျောက်စိမ်းပင်လယ်မြို့တော်တွင်သာ ရှိနေမည်ဟု မီးတောက်မိစ္ဆာများ ထင်မှတ်ခဲ့ကြသည်။
ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မအစီအရင်ကြီးကို စုန့်ဝူလျန်ကိုယ်တိုင် ထိန်းချုပ်မည်ဆိုလျှင် မီးတောက်မိစ္ဆာဘုရင်နှစ်ယောက်နေဖြင့် ၎င်းကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။
အထူးသဖြင့် ယခု ကျောက်စိမ်းပင်လယ်ကို လာရောက်တိုက်ခိုက်သော မီးတောက်မိစ္ဆာဘုရင်နှစ်ယောက်အတွက် မဖြစ်နိုင်သည့်ကိစ္စပင်။
သို့တိုင် ဤမီးတောက်မိစ္ဆာဘုရင်နှစ်ယောက်သည် ကျောက်စိမ်းပင်လယ်မြို့တော်ကို လာရောက်တိုက်ခိုက်နေကြဆဲပင်။
ရန်သူများအနေဖြင့် မီးတောက်မိစ္ဆာကို တိုက်ခိုက်ရသည့်အကြောင်းရင်း (၂)ခု ရှိသည်။
ပထမတစ်ချက်မှာ မီးတောက်မိစ္ဆာများအသုံးပြုသော ကိုယ်ယောင်ဖျောက်နည်းပညာက ကန့်သတ်ချက်ရှိနေပြီး ပြည်မကုန်းတွင်းပိုင်းအထိ ခြေရာဖျောက်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ဒုတိယအချက်ကတော့ မီးတောက်မိစ္ဆာများအနေဖြင့် ကျောက်စိမ်းပင်လယ်မြို့တော်ကို တိုက်ခိုက်ရန် သေသေချာချာ ပြင်ဆင်လာကြသောကြောင့် ဖြစ်၏။
သို့သော် စုန့်ဝူလျန်က ထွက်မလာလေရာ တိုက်ပွဲလှည့်ကွက်များရှိနေမည်ကို ကြောက်ရွံ့သဖြင့် မီးတောက်မိစ္ဆာများက စွမ်းအားကုန်မသုံးဘဲ ထိန်းသိမ်းထားခဲ့ကြသည်။ မမျှော်လင့်သောအခြေအနေကြုံတွေ့ခဲ့ပါက တန်ပြန်တိုက်စစ်ဆင်နိုင်ရန် ဖြစ်သည်။
သို့သော် ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီး ပြိုကျလုနီးပါးဖြစ်နေသည့်တိုင် စုန့်ဝူလျန် ထွက်ပေါ်မလာကြောင်း သိရသည့်အခါ သူတို့ စိုးရိမ်စိတ်လွန်ကဲမိကြောင်း မီးတောက်မိစ္ဆာဘုရင်နှစ်ယောက် နားလည်သွားသည်။
သံသယများပျောက်ကွယ်သွားသည်နှင့် မီးတောက်မိစ္ဆာဘုရင်နှစ်ယောက်က ကြုံးဝါးသံများပြုလိုက်ရင်း ကျောက်စိမ်းပင်လယ်ပင်မအစီအရင်အနားသို့ တိုးကပ်လာသည်။
လက်ရှိတွင် ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီးက ကြီးမားသောဖိအားကိုတောင့်ခံနေရပြီး အက်ကြောင်းများထင်နေသော်လည်း အသက်ဝင်နေဆဲ ဖြစ်သည်။ မီးတောက်မိစ္ဆာဘုရင်များ ချဉ်းကပ်လာသည်နှင့် ဝိညာဉ်သင်္ကေတများလင်းလက်လာပြီး ကျောက်စိမ်းပြာရောင်အလင်းတန်းများထွက်ပေါ်လာသည်။ အလင်းတန်းများက ဓားသွားပမာထက်ရှလျှက် အနားသို့တိုးကပ်လာသော မီးတောက်မိစ္ဆာဘုရင်များကို ထိုးစိုက်ချလိုက်သည်။
ထိုအချိန်...
မီးတောက်မိစ္ဆာဘုရင်တစ်ယောက်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားပြီး အနီရောင်မီးတောက်များက အပြာရောင်မီးတောက်အဖြစ် ပြောင်းလဲသွားသည်။
အပြာရောင်မီးတောက်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မီးတောက်မိစ္ဆာဘုရင်ကို ဗဟိုပြုကာ လှည့်ပတ်နေသည်။
ထိုအပြာရောင်မီးတောက်များက အလွန်လျှင်မြန်စွာပင် ကြီးမားသောဝဲကန်တော့ကြီးအဖြစ် ပြောင်းလဲသွားပြီး ကျောက်စိမ်းပင်လယ်မြို့တော် ပင်မအစီအရင်မှ စွမ်းအားများကို အဆက်မပြတ်စုပ်ယူသွားလေရာ ပင်မအစီအရင်မှစွမ်းအားများ လျော့နည်းသွားသည်။
ပင်မအစီအရင်ကြီးအောက်ဘက်တွင်တော့ ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများက ကျူးကျော်လာသည့် မီးတောက်မိစ္ဆာများကို တိုက်ခိုက်လျှက် ရှိကြသည်။ မီးတောက်မိစ္ဆာဘုရင်များ ပင်မအစီအရင်အနားသို့ ချဉ်းကပ်လာသည့်အခါ လူတိုင်း၏မျက်နှာများက တည်ကြည်လေးနက်သွားသည်။
သို့သော်...
ပင်မအစီအရင်ကြီးကို တိုက်ခိုက်နေသည့် မီးတောက်မိစ္ဆာဘုရင်တစ်ယောက်၏ လှုပ်ရှားမှုက ရုတ်တရက် ရပ်တန့်သွားသည်။
ခဏကြာပြီးနောက် ထိုမီးတောက်မိစ္ဆာဘုရင်က ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကို ဆက်လက်မတိုက်ခိုက်တော့ဘဲ လှည့်ထွက်သွားလေတော့၏။
ဤသည်ကိုမြင်တော့ ကျောက်စိမ်းပင်လယ်မြို့တော်မှ လူများအားလုံး မှင်တက်အံ့သြသွားကြသည်။
လူသားများသာမက မီးတောက်မိစ္ဆာများပင် အံ့အားသင့်သွားကြသည်။ ထိုမီးတောက်မိစ္ဆာဘုရင်က ပင်မအစီအရင်ကို တိုက်ခိုက်နေရင်းက ရုတ်တရက်လှည့်ထွက်သွားသဖြင့် မေးခွန်းထုတ်သည့်အနေဖြင့် မီးတောက်မိစ္ဆာများထံမှ ဆူညံသံများ ထွက်ပေါ်လာသည်။
သို့သော် ထွက်ခွာသွားသော မီးတောက်မိစ္ဆာဘုရင်က နောက်သို့တစ်ချက်ပင်ပြန်လှည့်မကြည့်ဘဲ ခဏအတွင်း ပျောက်ကွယ်သွားတော့သည်။
တစ်ယောက်တည်းကျန်ရစ်ခဲ့သည့် မီးတောက်မိစ္ဆာဘုရင်မှာ အလွန်စိတ်ပျက်သွားဟန်ဖြင့် သူ၏ဒေါသများကို ကျောက်စိမ်းပင်လယ်မြို့တော်ဆီသို့သာ ပုံချလိုက်သည်။
ယခုတော့ သူတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
သို့သော် ကျောက်စိမ်းပင်လယ် ပင်မအစီအရင်က ဆိုးရွားစွာ ပျက်ဆီးနေပြီ ဖြစ်သလို သူတို့က အစီအရင်ဖျက်ဆီးသည့်လျှို့ဝှက်နည်းလမ်းကိုလည်း အသုံးပြုထားသည်။ ထို့ကြောင့် မီးတောက်မိစ္ဆာဘုရင်တစ်ယောက်တည်း ကျန်ရစ်သည့်တိုင် အချိန်ကြာလာသည်နှင့်အမျှ ပင်မအစီအရင်က လုံးလုံးလျားလျား ပျက်ဆီးသွားမည်သာ ဖြစ်သည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများမှာလည်း မီးတောက်မိစ္ဆာဘုရင်တစ်ယောက် ထွက်ခွာသွားသဖြင့် သက်သောင့်သက်သာ မနေရဲကြပေ။ သူတို့စိတ်ဓာတ်များကို ပြန်လည်စုစည်းပြီး ဆက်လက်တိုက်ပွဲဝင်ရန် ဟန်ပြင်ကြသည်။
သူတို့အားလုံးအပေါ် ကြီးမားသောဖိအားများ သက်ရောက်နေဆဲဖြစ်သော်လည်း ထိုက်စန်းတောင်ပမာ လေးလံမှုနှင့် အန္တရယ်မားကတော့ ကင်းဝေးသွားပြီ ဖြစ်သည်။ အခြေအနေပိုမိုကောင်းမွန်လာသည်မှာတော့ ငြင်းမရသည့်ကိစ္စပင်။
ကျောက်စိမ်းပင်လယ် ပင်မအစီအရင်က ပျက်ဆီးနိုင်ခြေမြင့်မားဆဲဖြစ်သော်လည်း မီးတောက်မိစ္ဆာဘုရင်တစ်ယောက်တည်းဆိုလျှင်တော့ အချိန်တိုအတွင်း ပျက်ဆီးနိုင်မည် မဟုတ်ပေ။
ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် မျှော်လင့်ချက်ကင်းမဲ့နေဆဲဖြစ်သည့်တိုင် မြို့တော်သခင်’စုန့်ဝူလျန်’ တံခါးပိတ်ကျင့်ကြံရာမှ အချိန်မီထွက်လာနိုင်ပါက ပြဿနာအားလုံး ဖြေရှင်းနိုင်မည်ဖြစ်သည်။
အချိန်က အရေးကြီးဆုံး ဖြစ်သည်။
မီးတောက်မိစ္ဆာဘုရင်တစ်ယောက် ထွက်ခွာသွားသည်နှင့် အခြေအနေက အရှေ့နှင့်အနောက် ပြောင်းလဲသွားသည်။ ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ခဏမျှ ဆွံ့အသွားကြသည်။
သူတို့မျက်လုံးထဲတွင် အသက်နှစ်ဆယ်ခန့် လူငယ်တစ်ယောက်ကို ပြန်လည်မြင်ယောင်လာသည်။
ထိုလူငယ်က...
“ကျွန်တော် မြို့တော်အပြင်ထွက်ပြီး မီးတောက်မိစ္ဆာဘုရင်တစ်ယောက်ကို မျှားခေါ်သွားပေးမယ်”
ဟု ပြောခဲ့သည်ပင်။
ထိုလူငယ်က ရန်ကျောက်ကဲဖြစ်ပြီး သူ၏အသက်အရွယ်နှင့် နှိုင်းယှဉ်ပါက ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားနေသည်မှာ သံသယဝင်စရာ မရှိပေ။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာ သမိုင်းတစ်လျှောက်တွင် ရန်ကျောက်ကဲလို ပါရမီရှင်မျိုးက လက်ချိုးရေတွက်၍ရသည်။
သို့သော် မီးတောက်မိစ္ဆာဘုရင်တစ်ယောက်နှင့် နှိုင်းယှဉ်လျှင်တော့ သူ၏ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်ပါးနေသေးသည်။
ရန်ကျောက်ကဲက သူနှင့်ကျင့်ကြံခြင်းအဆင့်တူညီသူများ မလုပ်နိုင်သော ကိစ္စရပ်များစွာကို ပြုလုပ်နိုင်ခဲ့ပြီး မဖြစ်နိုင်ဟု ထင်မှတ်ရသော အံ့သြဖွယ်ရာများကိုလည်း တစ်ခုပြီးတစ်ခု ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။
ယခုလည်း သူက မီးတောက်မိစ္ဆာဘုရင်ကို မရရအောင် မျှားခေါ်နိုင်ခဲ့လေရာ လူတိုင်းကို အံ့အားသင့်တုန်လှုပ်စေသည်။
လောကတွင် အပြောသမားတစ်ယောက်ဖြစ်ရန်က လွယ်လွန်းသည်။
မည်သူမဆို ကောင်းကင်ဘုံကိုပင် ထိတ်လန့်စေမည့် လေကြီးမိုးကြီးစကားများ လျှောက်ပြောနိုင်သည်ပင်။ သို့သော် ပြောသည့်အတိုင်း အမှန်တကယ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့က ခက်ခဲသည်။ စကားချည်းသက်သက်မဟုတ်ဘဲ အလုပ်နှင့်သက်သေပြခြင်းက အပြောကြီးနှင့် လုံးဝမတူကွဲပြားသည်သာ။
ရန်ကျောက်ကဲကို မြို့တော်အပြင်သို့ထွက်ခွာခွင့်ပြုလိုက်စဉ်က အကြီးအကဲ’ယွိ’ အနေဖြင့် အဆိုးဆုံးအခြေအနေကို ကြိုတင်တွက်ဆထားပြီ ဖြစ်၏။
ရန်ကျောက်ကဲ၏ စရိုက်နှင့် ကတိစကားများကို အသာထား ၊ သူက မီးတောက်မိစ္ဆာဘုရင်ကို မျှားခေါ်နိုင်မည်ဟု အကြီးအကဲ’ယွိ’ အယုံအကြည် မရှိခဲ့ပေ။
ရန်ကျောက်ကဲ ယခုလို အမှန်တကယ် အောင်မြင်သွားမည်ဟု မည်သူသိနိုင်ပါမည်လဲ။
ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲအချို့သည်ပင် ရန်ကျောက်ကဲက ထွက်ပြေးရန်အတွက် ဉာဏ်ဆင်သည်ဟု သံသယဝင်ခဲ့ကြသည် မဟုတ်လား။
ပထမဆုံးသတိပြန်ဝင်လာသည့် အကြီးအကဲတစ်ယောက်က သက်ပြင်းချရင်း...
“ဝါဒတောင်က ရန်ကျောက်ကဲ ၊ တကယ့်ကို ကျော်ကြားမှုနဲ့ ထိုက်တန်ပါပေတယ်”
အကြီးအကဲ’ယွိ’ နှင့် အခြားသူများအားလုံး ထိုစကားကို ခေါင်းညိတ်သဘောတူလိုက်ကြသည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှ ထိပ်တန်းအကြီးအကဲတစ်ယောက်က သံသယဝင်စွာဖြင့်...
“မီးတောက်မိစ္ဆာတွေ ငါတို့ကျောက်စိမ်းပင်လယ်မြို့တော်ကို လာပြီးတိုက်ခိုက်ကြတာ... ဖြစ်နိုင်ခြေအရှိဆုံးကတော့ ငါတို့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်နေတဲ့ သတ္တုတွေထဲကတစ်ခုက ရေမီးကျောက်စိမ်းကို လိုချင်လို့ပဲ ဖြစ်ရမယ် ၊ ပြီးတော့ ငါတို့ကြားမှာ ကာလရှည်ကြာတည်ရှိခဲ့တဲ့ ရန်ငြိုးတွေကြောင့်လည်း ဖြစ်နိုင်တယ်”
သူက ဆက်ပြောသည်။
“အခု ရန်ကျောက်ကဲက မီးတောက်မိစ္ဆာဘုရင်ကို မျှားခေါ်နိုင်တာဟာ သူ့မှာ ရေမီးကျောက်စိမ်းထက် ပိုအရေးကြီးတယ်လို့ မီးတောက်မိစ္ဆာဘုရင် ထင်မြင်ယူဆနိုင်တဲ့ ရတနာတစ်ခု ပိုင်ဆိုင်ထားလို့ ဖြစ်ရမယ်”
အကြီးအကဲ’ယွိ’ ၏ မျက်နှာအမူအရာကတော့ တည်ကြည်လေးနက်နေသည်။
“ဒီအဘိုးကြီးစိုးရိမ်တာက ဒီကောင်လေး မီးတောက်မိစ္ဆာဘုရင်တစ်ယောက်ကို မျှားခေါ်သွားပြီး နောက်ပိုင်းဘယ်လိုရင်ဆိုင်မလဲ ဆိုတာပဲ”
မီးတောက်မိစ္ဆာတစ်ယောက်ကို ဖယ်ရှားနိုင်ခဲ့ခြင်းက ကျောက်စိမ်းပင်လယ်မြို့တော်ကို ဖိအားများ လျော့ပါးသွားစေသည်။ သို့သော် ရန်ကျောက်ကဲအတွက်တော့ အန္တရယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရနိုင်သည်။
သူ ရင်ဆိုင်ရမည့် ရန်သူက ‘သိုင်းသူတော်စင်အဆင့်’ နှင့် ညီမျှသည်။
ရန်ကျောက်ကဲ ခံစားရမည့်ဖိအားများသည် ကျောက်စိမ်းပင်လယ်မြို့တော်ကို မီးတောက်မိစ္ဆာနှစ်ယောက် ဝိုင်းဝန်းတိုက်ခိုက်သည်ထက်ပင် မိုမိုကြီးမားပေလိမ့်မည်။
ကိစ္စရပ်အားလုံးကို ခြုံကြည့်လျှင်တော့ ကျောက်စိမ်းပင်လယ်မြို့တော်က လုံခြုံသွားပြီဖြစ်သလို အကြီးအကဲ’ယွိ’နှင့် အခြားသူများလည်း အန္တရယ်ကင်းသွားပြီဖြစ်ရာ အခြေအနေကောင်းမွန်သည်ဟု ဆိုနိုင်သည်။
အထူးသဖြင့် စုန့်ဝူလျန်အတွက် အချိန်ဆွဲထားနိုင်ပြီ ဖြစ်သည်။ စုန့်ဝူလျန်သာ တံခါးပိတ်ကျင့်ကြံရာမှ အချိန်မီထွက်လာနိုင်ပါက မြို့တော်၏အခြေနေက ချက်ချင်းပြောင်းလဲသွားနိုင်သည်။ ထိုအချိန်ရောက်လျှင်ကျန်ရှိနေသည့် မီးတောက်မိစ္ဆာဘုရင်အနေဖြင့် ဤနေရာမှ အသက်ရှင်လျှက် ထွက်သွားနိုင်ပါမည်လား မသေချာပေ။
မည်သို့ပင်ဖြစ်စေ အခြေအနေများအားလုံးက ရန်ကျောက်ကဲအပေါ် မူတည်နေသည်။ သူက ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တစ်ယောက်မျှသာဖြစ်လေရာ အသက်ဆုံးနိုင်သည့် အန္တရယ်ပင် ရှိနေသည်။ တိုက်ပွဲတွင် ကျောက်စိမ်းပင်လယ်မြို့တော် အနိုင်ရသည်ဆိုဦးတော့ ရန်ကျောက်ကဲ ကျဆုံးသွားနိုင်သည်။
ထိုလူငယ်လေးကရော ဤအချက်များအားလုံးကို မသိခဲ့ဘူးလား။
သူ ရင်ဆိုင်ရမည့်သူက ‘မီးတောက်မိစ္ဆာဘုရင်’ ဆိုသောအချက်ကို သေချာပေါက် သိရှိမည်ပင်။
မီးတောက်မိစ္ဆာဘုရင်ကို မျှားမခေါ်ဘဲ အရှေ့နဂါးကျွန်းမှ ဒီအတိုင်းထွက်ခွာသွားလျှင် သူ့အတွက် အန္တရယ်အကင်းဆုံး ဖြစ်သည်။
သို့ဆိုင် သူက ပင်လယ်ဒီရေကို ပြောင်းပြန်လှန်လိုခဲ့သည်။
ရန်ကျောက်ကဲအကြောင်း စဉ်းစားရင်း ကျောက်စိမ်းပင်လယ်မြို့တော်မှ အကြီးအကဲများအားလုံး အလွန်တရာ တုန်လှုပ်သွားကြသည်။
“ပရိယာယ်ကြွယ်ဝပြီး ရဲရင့်သလို စိတ်ဓာတ်တက်ကြွပြီး ထူးခြားတဲ့သူရဲကောင်းတစ်ယောက် ဝါဒတောင်မှာ နောက်ထပ်ထွက်ပေါ်လာပြန်ပြီပဲ”
ကျောက်စိမ်းပင်လယ်မြို့တော်မှ ဝါရင့်အကြီးအကဲတစ်ယောက်က ညည်းတွားပြောဆိုလိုက်သည်။
“နောက်နှစ်နည်းနည်းလောက်ကြာရင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ သူ့ကို ဘယ်သူဆန့်ကျင်နိုင်တော့မလဲ”
သူ့ဘေးနားမှလူက စိတ်ရှုတ်ထွေးသည့် အမူအရာဖြင့်...
“သူ့အနာဂတ်ကိုအသာထား အခု မီးတောက်မိစ္ဆာဘုရင်နဲ့ ရင်ဆိုင်ရရင်ပဲ အသက်ရှင်နိုင်ပါစေဦး”
အကြီးအကဲ’ယွိ’ က တည်ကြည်လေးနက်သောမျက်နှာထားဖြင့်...
“ဒီကောင်လေး အန္တရယ်ကလွတ်မြောက်အောင် ဘယ်လိုလုပ်မလဲ မသိပေမယ့် သူ အသက်ရှင်လျှက် လွတ်မြောက်သွားမယ်လို့ ဒီအဘိုးကြီး ထင်နေမိတယ် ၊ စိတ်ကူးကြည့်နိုင်တဲ့အရာမဟုတ်ပေမယ့် ကောင်းကင်ဘုံနဲ့ ကံကြမ္မာက ရဲ့ရင့်တဲ့သူတွေကို မျက်နှာသာပေးတတ်တယ်လေ”