ဒီမိန်းမမှာ ပြဿနာ တစ်ခုခုတော့ ရှိနေပြီ
Vol. 76 Ch. 1493
~ပထမဆုံးတွေ့ဆုံမှုက အစွဲအလမ်းကြီး တစ်ခု ဖြစ်နေခဲ့လို့လား မသိပေ။ ယဲ့ဖန်သည် လန်ရှင်းယွဲ့အပေါ် သံသယနည်းနည်းတော့ ရှိနေဆဲ ဖြစ်၏။
ကျန်းရှောင်ယန် ပြောသလိုဆိုလျှင် လန်ရှင်းယွဲ့သည် ယခုအခါ အေးစက်သော မိန်းမ တစ်ယောက် ဖြစ်နေသင့်သည်။
သို့သော် ဘာကြောင့် သူ့ရှေ့ရောက်မှ ဒီလောက် နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသော အမူအရာမျိုးကို ပြသနေရသနည်း။
သူမ သူ့ကို ချစ်မိသွားတာများလား။
ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်ဆိုပေမဲ့ ဒီလောက်ထိ လူတိုင်းချစ်တဲ့ အဆင့်ထိတော့ မရောက်သေးပါဘူးလေ... ဟုတ်တယ်မလား။
တကယ်လို့ ချစ်မိသွားတာ မဟုတ်ဘူးဆိုလျှင်.. ဒါ သက်သက်မဲ့ ဟန်ဆောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ဒီနောက်ကွယ်မှာ ပိုမိုနက်ရှိုင်းသော ရည်ရွယ်ချက် တစ်ခုခု ရှိနေနိုင်သည်။
သို့သော် လောလောဆယ်တော့ သူမကို ဖွင့်ချလို့ မဖြစ်သေး။ သူမ ကစားချင်သည့် ကစားပွဲကို သူမနှင့် အပြိုင် လိုက်ကစားပေးရမည်။
ထိုသို့ တွေးလိုက်ပြီးနောက် ယဲ့ဖန်သည် သူမ၏ အလှတွင် မိန်းမောသွားသယောင် ဟန်ဆောင်လိုက်ကာ ချီးကျူးစကား ဆိုလိုက်လေ၏။
“ခင်ဗျား ခုနက တော်တော် လှတာပဲ...”
လန်ရှင်းယွဲ့က သူ့ကို မျက်စောင်းထိုးလိုက်သည်။
“ကျွန်မက ဘယ်အချိန် မလှလို့လဲ...”
ယဲ့ဖန် ကပျာကယာ ပါးစပ်ကို ပုတ်လိုက်သည်။
“ကြည့်စမ်း... ကျွန်တော်က ခင်ဗျားအလှမှာ မိန်းမောသွားပြီး စကားတွေတောင် မှားကုန်ပြီ... ခင်ဗျားက အမြဲတမ်း လှပါတယ်... ဒါပေမဲ့ ခုနကတော့ ပိုပြီး လှသွားတာပါ...”
“ဟွန်း... ရှင် ဒီစကားတွေနဲ့ နုနယ်တဲ့ ကောင်မလေးတွေကိုပဲ သွားလိမ်ပါ... ကျွန်မကတော့ ဒီလို ဂျင်းမျိုး မိမှာ မဟုတ်ဘူး...”
လန်ရှင်းယွဲ့ ပါးစပ်ကသာ ငြင်းနေသော်လည်း မျက်နှာပေါ်က အပြုံးကတော့ သူမ၏ စိတ်ကို ဖော်ပြနေလေ၏။
“ဘာတွေ ပြောနေတာလဲ... ခင်ဗျားလည်း နုနယ်တဲ့ ကောင်မလေးပဲဟာကို... အသက်ကြီးနေတဲ့ အဒေါ်ကြီးလို လာပြောမနေနဲ့...”
ယဲ့ဖန်၏ မြှောက်ပင့်စကားများအောက်တွင် လန်ရှင်းယွဲ့ သဘောကျပြီး ကိုယ်ကို ယိမ်းနွဲ့ကာ ရယ်မောနေလေ၏။
ကော်ဖီဆိုင်ထဲရှိ ယောက်ျားသား အများစုသည် သူတို့နှစ်ယောက်ကို ကြည့်ပြီး မနာလိုဝန်တို ဖြစ်နေကြ၏။
“ဒီကောင်လေးက ရုပ်ရည် သာမန်ပါပဲကွာ... ဘယ်လိုလုပ်ပြီး နတ်ဘုရားမလေးကို ဒီလောက် ပျော်အောင် လုပ်နိုင်တာလဲ...”
“အေးလေ... ငါ ခုနက သွားပိုးပန်းတာကျတော့ မှန်ပြန်ကြည့်ဦးတဲ့... ငါ ဘယ်လောက်ပဲ ရုပ်ဆိုးပါစေ... ဒီကောင့်ထက်တော့ သာပါသေးတယ်ကွာ...”
“အမ်... ငါထင်တာတော့ မင်း တကယ်ပဲ မှန်ပြန်ကြည့်ဖို့ လိုမယ်ထင်တယ်...”
“သောက်ကျိုးနည်း...”
ယဲ့ဖန်သည် လန်ရှင်းယွဲ့နှင့် ခဏကြာအောင် ရယ်မောစကားပြောပြီးနောက် ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုလိုက်သည်။ ထို့နောက် သူမကို အိမ်ပြန်ပြီး သတင်းစောင့်နေရန် ပြောလိုက်လေ၏။
အပြန်လမ်းတွင် ချန်းဖေးအယ်ထံမှ ဖုန်းဝင်လာသည်။
“ယဲ့ဖန်... ရှင် စုံစမ်းခိုင်းထားတဲ့ ကောင်မလေးရဲ့ အချက်အလက်တွေ ရပြီ...”
ဖုန်းကိုင်လိုက်သည်နှင့် ချန်းဖေးအယ်က လိုရင်းကို တိုက်ရိုက် ပြောလိုက်လေ၏။
“မြန်လှချည်လား... Baidu မှာ လျှောက်ရှာပြီး ကိုယ့်ကို ဂျင်းထည့်တာ မဟုတ်ပါဘူးနော်...”
ယဲ့ဖန် အံ့သြသွားသည်။ ချန်းဖေးအယ်ကို ဖုန်းဆက်ပြီးကတည်းက တစ်နာရီလောက်ပဲ ရှိသေးသည် မဟုတ်ပါလော။
“ဟီးဟီး... ရှင်က လူပါးဝတဲ့ စိတ်နဲ့ လူကြီးလူကောင်းကို လာတိုင်းတာနေပြန်ပြီ... တကယ်တော့ ဒီမိန်းမမှာ ပြဿနာ တစ်ခုခု ရှိနေတယ်...”
ချန်းဖေးအယ် ညည်းညူလိုက်သည်။
ယဲ့ဖန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
“ဘာပြဿနာလဲ...”
ချန်းဖေးအယ် ခဏတာ တိတ်ဆိတ်သွားသည်။ စာရွက်စာတမ်းများကို လှန်လှောနေသလို အသံများ ကြားရ၏။ နောက်ဆုံးတွင် သူမ ဆက်ပြောလေ၏။
“ဒီ လန်ရှင်းယွဲ့ ဆိုတဲ့ ကောင်မလေးက ဂျပန်က နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရခဲ့တာ... အမှတ်တွေလည်း အရမ်းကောင်းတယ်... သူ့ရဲ့ ပညာအရည်အချင်းနဲ့ အရည်အချင်းအရဆိုရင် ဒီထက်ကောင်းတဲ့ အလုပ်ကို အလွယ်တကူ ရှာလို့ရတယ်... ဒါပေမဲ့ သူက မူလသတ္တုတွင်း ကုမ္ပဏီကို ရွေးချယ်ခဲ့တယ်... ဒါ ထူးဆန်းမနေဘူးလား...”
“အဲ့ဒါ ဘာများ ထူးဆန်းလို့လဲ...”
ယဲ့ဖန်က သူမ ကြီးကြီးမားမား ရှာဖွေတွေ့ရှိထားလိမ့်မည်ဟု ထင်ထားသည်။ ကြားရတာ နည်းနည်းတော့ စိတ်ပျက်စရာ ကောင်းနေ၏။
“အလုပ်ဝင်တာက မထူးဆန်းပေမဲ့... အဲ့ဒီအချိန်တုန်းက မူလသတ္တုတွင်း ကုမ္ပဏီက ဝန်ထမ်းခေါ်ယူမယ့် အစီအစဉ် မရှိဘူး... သူက လူခံကနေတဆင့် ဝင်ဖို့အတွက် ယွမ် သိန်းဂဏန်းလောက် ပေးခဲ့ရတယ်... အခုရော... ပုံမှန်လို့ ထင်သေးလား...”
ချန်းဖေးအယ်၏ နောက်စကားကြောင့် ယဲ့ဖန် သတိဝင်သွားသည်။
တကယ်ပဲ ထူးဆန်းနေ၏။
မူလသတ္တုတွင်း ကုမ္ပဏီက ကျန်းကောမြို့၏ ထိပ်တန်း သတ္တုတွင်း ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်သော်လည်း ဝန်ထမ်းခံစားခွင့်က သိပ်မကောင်းလှ။ ပျမ်းမျှလောက်သာ ရှိသည်။
လန်ရှင်းယွဲ့လို ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် တစ်ယောက်၏ လစာက တစ်လကို ယွမ် တစ်သောင်း၊ နှစ်သောင်းလောက်သာ ရှိသည်။ ခံစားခွင့်တွေကလည်း သာမန်ပါပင်။
ဒီလိုအလုပ်မျိုးက သာမန် တက္ကသိုလ် ဘွဲ့ရတွေအတွက်တော့ ဆွဲဆောင်မှု ရှိကောင်း ရှိနိုင်ပါသည်။
သို့သော်၊ သူမလို နိုင်ငံခြား တက္ကသိုလ်က ဘွဲ့ရပြီး အရည်အချင်းရှိသည့် သူအတွက်တော့ လုံးဝ မလောက်ငပါပေ။
သူမ၏ ပညာအရည်အချင်းနှင့် ဆိုလျှင် ကမ္ဘာ့ထိပ်တန်း သတ္တုတွင်း ကုမ္ပဏီတွေကိုတောင် သွားလုပ်လို့ ရ၏။ အဲ့ဒီမှာ ရမည့် ခံစားခွင့်က ဒီထက် အဆပေါင်းများစွာ သာလွန်နေမှာ သေချာသည်။
သို့ရာတွင်၊ သူမက အဘက်ဘက်က နိမ့်ကျတဲ့ ဒီကုမ္ပဏီကို ရွေးချယ်ခဲ့ရုံမက၊ ဒီနေရာ ရဖို့အတွက် ပိုက်ဆံသိန်းချီတောင် ပေးခဲ့သေးသည်တဲ့။
ဒီလုပ်ရပ်က သာမန်လူတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်တော့ပေ။
သေချာပေါက် ပြဿနာ တစ်ခုခု ရှိနေပြီ ဖြစ်၏။
ချန်းဖေးအယ်က နောက်ထပ် သံသယဖြစ်စရာ အချက်တစ်ခုကို ထပ်ပြောလိုက်သည်။
“ပြီးတော့ သူ အလုပ်ဝင်တဲ့ ရက်က... ရှင် ကျန်းနန်ကို ရောက်ပြီး နောက်တစ်ရက်မှာပဲ... ဒါ တိုက်ဆိုင်မှုလား... တခြား တစ်ခုခုလား...”
ယဲ့ဖန် နက်နက်ရှိုင်းရှိုင်း စဉ်းစားလိုက်မိသည်။
ရရှိထားသော သတင်းအချက်အလက်များကို အခြေခံပြီး ယူဆချက်တစ်ခု ထုတ်ကြည့်လို့ ရ၏။
လန်ရှင်းယွဲ့ ဒီအချိန်မှာ ဒီကုမ္ပဏီကို ဝင်လာတာက သူ့အတွက် ဖြစ်ကောင်း ဖြစ်နိုင်သည်။
သူမ၏ ရည်ရွယ်ချက်က သူ့အနားကပ်ပြီး ရှန်ဘုရင်၏ လျှို့ဝှက်ရတနာနှင့် ပတ်သက်သော သတင်းတွေကို စုံစမ်းချင်တာ ဖြစ်လောက်၏။
ဒါသာ အမှန် ဆိုလျှင်... လျှို့ဝှက်ဂိုဏ်းက သူမကို ဖမ်းသွားတာကလည်း ကိုယ့်ဘာသာ ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင် သရုပ်ဆောင်ပြလိုက်သည့် ပြဇာတ်တစ်ပုဒ်ပဲ ဖြစ်နေတော့မည်။
လန်ရှင်းယွဲ့က ဒီလျှို့ဝှက်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့ အခွင့်အလမ်း များနေပြီ ဖြစ်၏။
ဒါတွေအားလုံးက သက်သေမရှိသည့် ထင်ကြေးတွေပါပဲ။ လန်ရှင်းယွဲ့မှာ တကယ်ပဲ ပြဿနာ ရှိနေသလား ဆိုတာတော့ သေချာ မပြောနိုင်သေးပေ။
ဒါပေမဲ့ သတိထားဖို့တော့ လိုအပ်နေပြီ ဖြစ်၏။
ဒါဆိုရင် တန်ပြန် တိုက်စစ်ဆင်မယ့် နည်းလမ်း တစ်ခု စဉ်းစားထားမှ ဖြစ်မည်။
အိမ်ပြန်ရောက်တော့ ကျူးရှောင်ကျောင်းက သီချင်းလေး ညည်းပြီး သူမ၏ ခရီးသွား အသုံးအဆောင်တွေကို သိမ်းဆည်းနေသည်ကို တွေ့လိုက်ရ၏။
ကြည့်ရတာ သူမ စိတ်ပျော်ရွှင်နေပုံ ရ၏။
“ပစ္စည်းတွေ သိမ်းနေတာလား...”
ယဲ့ဖန် သူမနောက်မှာ ရပ်နေတာ ကြာပြီဖြစ်သော်လည်း သူမ သတိမထားမိသဖြင့် စကားစလိုက်ရ၏။
“အမေ့...”
ကျူးရှောင်ကျောင်း လန့်ဖျပ်သွားသည်။ ငရုတ်ကောင်းမှုန့်ဘူးကို ကောက်ကိုင်ပြီး သူ့မျက်နှာကို ပက်ဖျန်းရန် ပြင်လိုက်သည်။
တော်သေးတာက ယဲ့ဖန် လက်မြန်၍ သူမလက်ကို လှမ်းဖမ်းထားလိုက်နိုင်ခြင်း ဖြစ်၏။
“စိတ်မလှုပ်ရှားပါနဲ့...ကိုယ်ပါ...”
ကျူးရှောင်ကျောင်းက ယဲ့ဖန် ဖြစ်နေမှန်း သိလိုက်တော့မှ သက်ပြင်းချလိုက်ပြီး သူ့ရင်ဘတ်ကို လက်သီးဖြင့် ထုလိုက်သည်။
“ရှင် ရူးနေလား... ဘာလို့ နောက်ကနေ တိတ်တိတ်လေး လာရပ်နေတာလဲ... လန့်သွားတာပဲ...”
ဖူမာကျန်းဝူက အခန်းပြင်မှ ဆူညံသံကြောင့် အိပ်ခန်းထဲမှ ပြေးထွက်လာသည်။
ယဲ့ဖန် ဖြစ်နေမှန်း သိလိုက်တော့မှ စိတ်အေးသွားလေ၏။
ယဲ့ဖန်က ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပြီး ဘေးနားတွင် ဝင်ထိုင်ကာ ကျူးရှောင်ကျောင်း ပစ္စည်းသိမ်းနေသည်ကို ထိုင်ကြည့်နေလိုက်သည်။
အတော်ကြာ တွေဝေနေပြီးမှ သူ ပြောလိုက်သည်။
“ရှောင်ကျောင်း... ကိုယ် မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်...”
“ဘာကိစ္စလဲ...”
ကျူးရှောင်ကျောင်းက ခေါင်းမမော့ဘဲ ပစ္စည်းများကို ဆက်လက် သိမ်းဆည်းရင်း မေးလိုက်သည်။
ယဲ့ဖန် ချောင်းဟန့်လိုက်သည်။
“ဒီတစ်ခေါက်... မင်း မလိုက်နဲ့တော့...”
“ဗျာ...”
ကျူးရှောင်ကျောင်း ရုတ်တရက် ခေါင်းမော့လာသည်။
“ဘာစကားလဲ... မလိုက်နဲ့ဆိုတာ ဘာသဘောလဲ...”
စကားစမိမှတော့ ယဲ့ဖန် ဆက်ပြောလိုက်သည်။
“ကိုယ် ဆိုလိုတာက... ဒီခရီးစဉ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်... မင်း လိုက်လာရင် အန္တရာယ် ရှိမှာစိုးလို့...”
“မရဘူး... ရှင် ကျွန်မကို ခေါ်သွားမယ်လို့ ကတိပေးထားပြီးသား... အခုမှ စကားပြန်ပြင်လို့ ရမလား...”
ကျူးရှောင်ကျောင်းသည် ဒေါသထွက်နေသော ကျားမလေး တစ်ကောင်လို ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်သည်။
ယဲ့ဖန် ဘယ်လို ပြန်ဖြေရမှန်း မသိတော့။
ဒါက အပြန်လမ်းမှာ ရုတ်တရက် ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်၏။
လန်ရှင်းယွဲ့၏ နောက်ခံက သံသယဖြစ်စရာ ကောင်းနေမှတော့ သူ့မှာ ရွေးချယ်စရာ နှစ်လမ်းသာ ရှိသည်။
ပထမတစ်လမ်းက သူမကို အဖွဲ့ထဲက ထုတ်ပစ်လိုက်ပြီး အန္တရာယ်ကို ရှင်းလင်းပစ်လိုက်ဖို့။
ဒါပေမဲ့ သူက ဒီလို ထွက်ပြေးသော နည်းလမ်းကို သဘောမကျပေ။
ဒါကြောင့် သူက ဒုတိယလမ်းကို ပိုပြီး သဘောကျသည်။ သူတို့ ကစားသည့် အတိုင်း လိုက်ကစားပြီး တန်ပြန် တိုက်စစ်ဆင်ဖို့ ဖြစ်၏။ တန်ပြန် အစီအစဉ်တွေ ကြိုဆွဲထားပြီး တစ်ဖက်လူ လှုပ်ရှားလာမယ့်အချိန်ကို စောင့်ကာ တစ်ချက်တည်း အပြတ်ရှင်းပစ်လိုက်မည်။