← Chapters

ဒါက ကလေးကစားစရာ နည်းလမ်းလေးပါ

Vol. 76 Ch. 1494

ဒါက ကလေးကစားစရာ နည်းလမ်းလေးပါ

Vol. 76 Ch. 1494

~ဤရွေးချယ်မှုတွင် အန္တရာယ် အချို့တော့ ရှိနေနိုင်သည် ဆိုသော်ငြား၊ ကောင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်ပါက မမျှော်လင့်ထားသော ရလဒ်ကောင်းများ ရရှိလာနိုင်ပေလိမ့်မည်။

အကယ်၍ လန်ရှင်းယွဲ့တွင် အမှန်တကယ်ပင် ပြဿနာ တစ်စုံတစ်ရာ ရှိနေခဲ့ပါလျှင်၊ သူမကို မထင်မှတ်ထားသော ဒုက္ခမျိုးနှင့် ရင်ဆိုင်ရစေရန် ဖန်တီးပေးလိုက်မည် ဖြစ်၏။

သို့တည်းမဟုတ် သူ သံသယလွန်ကဲမိ၍ မည်သည့် ပြဿနာမျှ မရှိခဲ့ပါကလည်း ပို၍ ကောင်းမွန်ပေလိမ့်မည်။

ဒုတိယလမ်းကို ရွေးချယ်လိုက်ပြီ ဖြစ်သည့်အတွက် အဖွဲ့ဝင်အားလုံး ဘေးကင်းလုံခြုံရေးကို ဦးစွာ အာမခံနိုင်မှ ဖြစ်ပေမည်။

မိမိအတွက်မူ စိုးရိမ်ဖွယ် မရှိ။ အားချန်ကလည်း မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိသူ ဖြစ်၏။ သို့သော် ကျူးရှောင်ကျောင်းအတွက်မူ စိတ်မချရပေ။

သူမကို ခေါ်ဆောင်သွားမည် ဆိုပါက သူမကို အချိန်ပြည့် ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် သူ အာရုံစိုက်ထားရပေလိမ့်မည်။

ဤကဲ့သို့ ကာကွယ်စောင့်ရှောက်မှုမျိုးသည်လည်း ရာနှုန်းပြည့် စိတ်ချရသည်တော့ မဟုတ်ချေ။

အန္တရာယ်နှင့် ကြုံတွေ့လာရပြီ ဆိုပါက ဦးစွာပထမ ဒုက္ခရောက်ရမည့်သူမှာ သူမပင် ဖြစ်နေလိမ့်မည်။

ထို့ကြောင့် နောက်ဆုံးတွင် ဤစစ်ဆင်ရေးမှ သူမကို ဖယ်ထုတ်ထားရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

သို့သော် မစ္စကျူး ဆိုသည်မှာ အေးဆေးတည်ငြိမ်စွာ နားလည်ပေးတတ်သည့် အမျိုးသမီးမျိုး မဟုတ်ချေ။ သူမ ဒေါသတို့ ပေါက်ကွဲကာ ခြံဝင်းထဲတွင် သူ့ကို လိုက်လံ ရိုက်နှက်လေတော့သည်။

ယဲ့ဖန်သည် သူမနှင့်အပြိုင် လိုက်လံ ရန်မဖြစ်တော့ဘဲ သူမ စိတ်ကျေနပ်သည်အထိ ပေါက်ကွဲခွင့် ပေးလိုက်သည်။ သို့သော် လုံးဝ အလျှော့မပေး။

နောက်ဆုံးတွင် ကျူးရှောင်ကျောင်းလည်း အခြေအနေကို သဘောပေါက်သွားပြီး ဤလူက သူမကို စွန့်ပစ်ခဲ့ရန် ဆုံးဖြတ်ပြီးသား ဖြစ်ကြောင်း သိရှိသွားလေ၏။ သူမ ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ခြေဆောင့် လူးလိမ့်လျက် ငိုယိုလေတော့သည်။

သူမ၌ ရှိသမျှသော နည်းလမ်းပေါင်းစုံကို အသုံးပြု၍ သောင်းကျန်းပြနေတော့သည်။

နောက်ဆုံးတွင် ယဲ့ဖန်က သူမကို ပင်လယ်စာ ဟင်းပွဲကြီး တစ်ပွဲ ဝယ်ကျွေးလိုက်မှသာ ဒေါသပြေသွားပြီး မကျေနပ်သော်လည်း သဘောတူလိုက်ရလေ၏။

မစ္စကျူးသည် သူမ၏ ဦးခေါင်းထက်ပင် ကြီးမားသော ကျောက်ပုစွန်ကြီး တစ်ကောင်ကို ကိုင်လျက် အားရပါးရ ကိုက်ဝါးနေလေ၏။ ပုစွန်ကို ကိုက်ဝါးနေခြင်းလော၊ သို့တည်းမဟုတ် ယဲ့ဖန်ကို ကိုက်ဝါးနေခြင်းလော မသဲကွဲတော့ပေ။

ယဲ့ဖန် ချွေးစေးများပင် ပြန်လာမိသည်။

မည်သို့ပင်ဖြစ်စေ ဤပြဿနာကောင်မလေးကို ငြိမ်သက်သွားအောင် ထိန်းသိမ်းနိုင်လိုက်ပြီ ဖြစ်၍ အစီအစဉ်၏ တစ်ဝက်ခန့် ပြီးစီးသွားပြီဟု ဆိုရပေမည်။

“တကယ်တော့ မင်းသာ အဖွဲ့ထဲမှာ ပါသွားရင်... ရလဒ်ကောင်းတချို့တောင် ရလာနိုင်သေးတယ်...”

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို စိုက်ကြည့်ရင်း ရုတ်တရက် အတွေးတစ်ခု ဝင်လာလေ၏။

အဖွဲ့ထဲတွင် လူစွမ်းကောင်းများချည်းသာ ပါဝင်သွားပါက ရန်သူက သတိထားမိသွားပေလိမ့်မည်။

သို့သော် အားနည်းသူ တစ်ယောက်၊ နှစ်ယောက်ခန့် ပါဝင်သွားပါက ရန်သူကို ပေါ့ဆသွားစေရန် ပြုလုပ်ကောင်း ပြုလုပ်နိုင်ပေလိမ့်မည်။

ကျူးရှောင်ကျောင်း၏ မျက်လုံးများ အရောင်တောက်လာသည်။ သူမ ပုစွန်ကို အမြန် ချလိုက်ပြီး ဆီပေနေသော လက်များဖြင့် ယဲ့ဖန်ကို အတင်း လှမ်းဆွဲလိုက်လေ၏။

“ဒါဆို... ရှင် ကျွန်မကို ခေါ်သွားဖို့ သဘောတူလိုက်ပြီပေါ့...”

ယဲ့ဖန်က ရွံရှာသော အမူအရာဖြင့် သူမ၏ လက်ကို ခါချလိုက်သည်။

“ငါက မင်းကို ခေါ်သွားမယ်လို့ မပြောပါဘူး... ငါ ပြောတာက... သူ့ကို မင်းအဖြစ် ဟန်ဆောင်ခိုင်းပြီး ခေါ်သွားမလို့...”

ပြောရင်းနှင့် ဘေးနားတွင် ငြိမ်သက်စွာ ထိုင်နေသော ဖူမာကျန်းဝူကို လက်ညှိုးထိုးပြလိုက်သည်။

ယဲ့ဖန် ရုတ်တရက် အကြံရသွားခြင်း ဖြစ်၏။ ဖူမာကျန်းဝူကို ကျူးရှောင်ကျောင်းအဖြစ် ရုပ်ဖျက်ပြီး အဖွဲ့ထဲ ထည့်လိုက်လျှင် ကောင်းမည်လော။

လျှို့ဝှက်ဂိုဏ်း၏ စွမ်းရည်နှင့်ဆိုလျှင် သူ့ဘေးနားရှိ လူများကို စုံစမ်းရန်မှာ ခက်ခဲမည် မဟုတ်ပေ။

ကျူးရှောင်ကျောင်း ရုတ်တရက် ပျောက်ဆုံးသွားပြီး အစားထိုး ဝင်ရောက်လာသူမှာ စွမ်းအားကြီးမားသူ ဖြစ်နေပါက တစ်ဖက်လူက သတိထားမိသွားနိုင်သည်။

ထို့ကြောင့် အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေတတ်သည့် ဖူမာကျန်းဝူကို သူမအဖြစ် ဟန်ဆောင်ခိုင်းလိုက်ခြင်းက ပိုမို ကောင်းမွန်ပေလိမ့်မည်။ မမျှော်လင့်ထားသော ရလဒ်များ ရရှိလာနိုင်သည်။

ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့က ယဲ့ဖန်၏ ဆုံးဖြတ်ချက်ကို ကလေးဆန်သည်ဟု ထင်မြင်နေကြသော်လည်း၊ တစ်ဖက်တွင်လည်း ပျော်ရွှင်ဖွယ်ကောင်းမည်ဟု တွေးမိကာ စိတ်လှုပ်ရှားနေကြ၏။

“မင်းတို့နှစ်ယောက် အတူတူ နေလာတာလည်း ကြာပြီဆိုတော့... တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိနေကြပြီပဲ... အတုခိုးဖို့ လွယ်လောက်ပါတယ်...”

ယဲ့ဖန် ပိုမို စဉ်းစားလေ၊ ဤအစီအစဉ်က ဖြစ်နိုင်ချေ ရှိလေဟု တွေးမိလာသည်။ သူ မိန်းကလေး နှစ်ယောက်ကို အကဲခတ်ကြည့်လိုက်သည်။

သူတို့နှစ်ယောက်၏ အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ပေါက်မှာ တော်တော်လေး တူညီကြ၏။ မျက်နှာပေါက်ချင်းလည်း ဆင်တူကြသဖြင့် ရုပ်ဖျက်ရသည်မှာ ပိုမို လွယ်ကူပေလိမ့်မည်။

“သမီးကတော့ ပြဿနာ မရှိပါဘူး...”

ဖူမာကျန်းဝူ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ကျူးရှောင်ကျောင်း ပုံစံကို အတုခိုးပြလိုက်သည်။

သူမသည် ခါးထောက်လိုက်ပြီး ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်လေ၏။

“ယဲ့ဖန်... ရှင် ကျွန်မကို မခေါ်သွားရဲဘူး ဆိုရင်တော့... ရှင်နဲ့ ကျွန်မ တွေ့မယ်သာမှတ်...”

သူမသည် ကိုယ်ဟန်အမူအရာ အချို့ကို တမင် ချဲ့ကားပြီး လုပ်ပြလိုက်သဖြင့် လမ်းဘေးတွင် ရန်တွေ့နေသည့် အမျိုးသမီးကြီးတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။ သို့သော် ကျူးရှောင်ကျောင်း၏ ပုံရိပ်ကိုမူ အတိအကျ မြင်တွေ့နေရ၏။

ကျူးရှောင်ကျောင်း ချက်ချင်း ဒေါသထွက်သွားသည်။ မျက်နှာ နီရဲစွာဖြင့် သူမဆီသို့ ခုန်အုပ်လိုက်လေ၏။

“နင်... ဖူမာကျန်းဝူ... ငါ ဘယ်တုန်းက အဲ့လောက် အရုပ်ဆိုးလို့လဲ... နင် တမင်သက်သက် ငါ့ကို အရုပ်ဆိုးအောင် လုပ်ပြနေတာမလား... နင့်ကို သတ်ပစ်မယ်...”

မိန်းကလေးနှစ်ယောက် ထပ်မံ၍ လုံးထွေးသတ်ပုတ် နေကြပြန်လေ၏။

ယဲ့ဖန် သူတို့နှစ်ယောက်ကို ခဏကြာအောင် ကြည့်ရှုနေပြီးနောက် အခန်းထဲ ဝင်သွားကာ နောက်တစ်ဆင့်အတွက် စတင် ပြင်ဆင်လေတော့သည်။

ပထမဆုံးအနေဖြင့် အာသာ၏ မိုးကောင်းကင် ဝံပုလွေ တပ်ဖွဲ့ကို ကျန်းကောဆီ အမြန်ဆုံး လာရောက်ရန် အမိန့်ပေးရမည်။

ထို့နောက် ဖူမာ မျိုးနွယ်စုကို ဆက်သွယ်ပြီး နင်ဂျာ တပ်ဖွဲ့တစ်ဖွဲ့ ကျန်းကောထဲ လျှို့ဝှက် ဝင်ရောက်လာရန် စီစဉ်ရမည်။

နောက်ဆုံးအနေဖြင့် သူ့တပည့် ဖန်းရှောင်ကွန်းကို ဖုန်းဆက်ပြီး လက်ဖြောင့်တပ်သား တစ်ဖွဲ့ခန့် လျှို့ဝှက် ခြုံခိုတိုက်ခိုက်ရန် ရှာခိုင်းရမည်။

အားလုံး စီစဉ်ပြီးသွားသောအခါ သူ ပြန်လည် စိစစ်ကြည့်လိုက်ရာ ဟာကွက် မရှိတော့မှန်း သေချာမှ သက်ပြင်းချနိုင်တော့သည်။

သူ ကောင်းကင်ပေါ်မှ လမင်းကြီးကို မော့ကြည့်လိုက်သည်။

'လန်ရှင်းယွဲ့... မင်းဆီမှာ ပြဿနာ မရှိပါစေနဲ့လို့ ဆုတောင်းပါတယ်...'

'မဟုတ်ရင်တော့... ငါ့ကို အပြစ်မတင်နဲ့...'

ထိုနေ့ညတွင် ယဲ့ဖန်၏ လမ်းညွှန်မှုအောက်၌ ဖူမာကျန်းဝူသည် ကျူးရှောင်ကျောင်း၏ အမူအရာများကို စတင် လေ့ကျင့်လေတော့သည်။

ဤအရာက မိန်းကလေးနှစ်ယောက်အတွက် ထူးဆန်းပြီး စိတ်လှုပ်ရှားဖွယ် ကောင်းနေလေ၏။

နောက်တစ်နေ့ မနက်ရောက်သောအခါ ယဲ့ဖန် ကိုယ်တိုင် ဖူမာကျန်းဝူကို မိတ်ကပ်လိမ်းပေးလေ၏။

သခင်ဖြစ်သူ ကိုယ်တိုင် မိတ်ကပ်လိမ်းပေးခြင်း ဖြစ်၍ သူမ အစပိုင်းတွင် နေရခက်နေပြီး မျက်နှာလေး နီရဲနေရှာသည်။

သို့သော် ယဲ့ဖန် အာရုံစိုက်နေသည်ကို မြင်တွေ့ရမှသာ တဖြည်းဖြည်း စိတ်ငြိမ်သွားပြီး မိတ်ကပ်လိမ်းပြီးပါက မည်သို့သောပုံစံ ထွက်ပေါ်လာမည်ကို ရင်ခုန်စွာ စောင့်မျှော်နေမိသည်။

ကျူးရှောင်ကျောင်းကမူ ဘေးမှ မနာလို ဝန်တိုစိတ်ဖြင့် ကြည့်ရှုနေလေ၏။

“ဟွန်း... ဘာကောင်မလေး ဖြစ်လာမလဲ ကြည့်ကြသေးတာပေါ့...”

ယဲ့ဖန် မိတ်ကပ်လိမ်းခြင်း မအောင်မြင်ဘဲ စိတ်ပျက်သွားကာ သူမကို ပြန်လည် ခေါ်ဆောင်သွားပါစေဟု တိတ်တဆိတ် ဆုတောင်းနေမိသည်။

ယဲ့ဖန်ကမူ ပန်းပုရုပ်တစ်ခုကို ထုဆစ်နေသကဲ့သို့ အလွန် အာရုံစိုက်နေ၏။

မိနစ် ၂၀ ခန့် ကြာသောအခါ ဖူမာကျန်းဝူ မှန်ထဲ ကြည့်လိုက်ပြီး ကြက်သေသေသွားရ၏။

မှန်ထဲမှ လူသည် သူမ ရင်းနှီးသော မျက်နှာ မဟုတ်တော့ဘဲ... ကျူးရှောင်ကျောင်း ဖြစ်နေ၏။

မသိမသာ ကွာခြားချက်လေးများ ရှိနေသေးသော်လည်း ၉၀ ရာခိုင်နှုန်းခန့် တူညီနေပြီ ဖြစ်၏။

အလွန် ရင်းနှီးသူ မဟုတ်လျှင် မည်သို့မျှ ခွဲခြား၍ရမည် မဟုတ်ပေ။

ကျူးရှောင်ကျောင်း စပ်စုချင်စိတ်ဖြင့် လျှောက်လာကြည့်ရာ သူမနှင့် တစ်ပုံစံတည်း တူညီနေသော မျက်နှာကို မြင်လိုက်ရပြီး အံ့သြလွန်း၍ စကားမပြောနိုင် ဖြစ်သွားသည်။

“ရှင်... ရှင် ဘယ်လို လုပ်လိုက်တာလဲ...”

မိတ်ကပ်ပစ္စည်းများကို သိမ်းဆည်းနေသည့် ယဲ့ဖန်ကို သူမ ကြောင်တောင်တောင်လေး ကြည့်ရင်း မေးလိုက်သည်။

ဒါကို မိတ်ကပ်လိမ်းတယ်လို့ ခေါ်လို့ မရတော့ဘူး။ ဒါက လူတစ်ယောက်ကို နောက်တစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်တာပဲ။

တကယ်လို့သာ သူမ ကြိုမသိထားဘဲ ဒီကောင်မလေးကို ရုတ်တရက် မြင်လိုက်ရလျှင် သူမမှာ အမြွှာညီအစ်မ တစ်ယောက်များ ရှိနေသလားဟု သံသယဝင်မိမှာ သေချာသည်။

“ဒါက ကလေးကစားစရာ နည်းလမ်းလေးပါ...”

ယဲ့ဖန်လည်း သူ့လက်ရာကို သူ သဘောကျနေမိသည်။

မည်သို့ပင်ဖြစ်စေ ကျူးရှောင်ကျောင်းနှင့် ဤမျှ ရင်းနှီးသည့် သူတောင်မှ ဖူမာကျန်းဝူကို ကြည့်ပြီး ခွဲခြားရ ခက်ခဲနေပြီ ဖြစ်၏။

“ကဲ... ခုနကလို ထပ်ပြီး သရုပ်ဆောင်ပြပါဦး...”

သူ ဖူမာကျန်းဝူကို အမိန့်ပေးလိုက်သည်။

အစပိုင်းတွင် ဖူမာကျန်းဝူ အနည်းငယ် ရှက်ရွံ့နေသေးသော်လည်း တဖြည်းဖြည်းနှင့် ဇာတ်ကောင်စရိုက်ထဲ ဝင်ရောက်သွားလေ၏။ ကျူးရှောင်ကျောင်း၏ လမ်းလျှောက်ပုံ၊ ထိုင်ပုံ၊ လဲလျောင်းပုံ၊ ရယ်မောပုံ၊ ဆဲဆိုပုံ အားလုံးကို တစ်သဝေမတိမ်း တုပပြလေ၏။

တကယ့်ကို တူလွန်းလှပေသည်။

ကျူးရှောင်ကျောင်းလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

ပထမအချက်မှာ ယဲ့ဖန်၏ အံ့မခန်း မိတ်ကပ်ပညာကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာ ဖူမာကျန်းဝူ၏ အတုခိုးနိုင်စွမ်း မြင့်မားမှုကြောင့် ဖြစ်၏။

ဤနှစ်ယောက်က တစ်ယောက်ထက် တစ်ယောက် ပို၍ ကြောက်စရာ ကောင်းနေပါကလား။

တကယ်တော့ သူမ နားမလည်သည်မှာလည်း မဆန်းပေ။

သိုင်းပညာ အဆင့်မြင့်လာလေလေ၊ လေ့လာနိုင်စွမ်းနှင့် အတုခိုးနိုင်စွမ်းကလည်း ထိုအတိုင်း လိုက်ပါ မြင့်တက်လာလေလေ ဖြစ်၏။

ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့၏ လက်ရှိ စွမ်းအားနှင့်ဆိုလျှင် ဤမျှ လုပ်ဆောင်နိုင်ခြင်းမှာ မဆန်းပေ။

“ကောင်းပြီ... ဒီပုံစံအတိုင်းပဲ ဆက်ထိန်းထား... ခဏနေရင် ငါနဲ့အတူ ပစ္စည်းတချို့ သွားဝယ်ရအောင်...”

ယဲ့ဖန်သည် ဖူမာကျန်းဝူ၏ စွမ်းဆောင်ရည်ကို အလွန် ကျေနပ်နေ၏။ အစစ်ဟု ထင်ရလောက်အောင်ကို တူညီနေပြီ ဖြစ်၏။

“တို့ရော လိုက်မယ်...”

ကျူးရှောင်ကျောင်းက အရင်ဆုံး လက်ထောင်လိုက်လေ၏။

All Chapters