ရုတ်တရက် မောက်မာခွင့်ရလိုက်တာ သိပ်အရသာရှိတာပဲ
Vol. 76 Ch. 1495
~“မင်း မလိုက်ရဘူး... အခုကစပြီး ဒီခြံဝင်းထဲကနေ ခြေတစ်လှမ်းတောင် အပြင်မထွက်ရဘူး... မဟုတ်ရင် လူမိသွားလိမ့်မယ်...”
ယဲ့ဖန်က သူမကို အကျယ်ချုပ်ချထားလိုက်သည်။
“ရှင်က ကျွန်မကို အနိုင်ကျင့်ဖို့ပဲ သိတယ်...”
မစ္စကျူး၏ နှုတ်ခမ်းဆူထားသည်မှာ ကောင်းကင်ကို ထိုးဖောက်တော့မည့်အလား။ သို့သော် ယဲ့ဖန်က သူမကို လုံးဝ ဂရုမစိုက်ပေ။
“ဟုတ်ကဲ့ပါ သခင်...”
ဖူမာကျန်းဝူက လေးလေးစားစား ပြန်ဖြေလိုက်သည်။
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
“ဒီကာလအတွင်းမှာ ငါ့ကို သခင်လို့ မခေါ်နဲ့... မင်းက သူ့ရဲ့ အရာရာတိုင်းကို အတုခိုးရမယ်... သူ့ရဲ့ ပါးစပ်သရမ်းတာတွေ အပါအဝင်ပေါ့...”
“အင်း... သိပါတယ်... ရှင်ကလည်း ပွစိပွစိနဲ့...”
ဖူမာကျန်းဝူ မတတ်သာသည့်အဆုံး သူမ၏ လေသံနှင့် အမူအရာကို ပြောင်းလဲလိုက်ရ၏။ မျက်နှာထားက စိတ်မရှည်သည့် ပုံစံမျိုး ဖြစ်သွားသည်။
ပြောပြီးသည်နှင့် သူမ သခင်ဖြစ်သူ၏ မျက်နှာထားကို စိုးရိမ်တကြီး အကဲခတ်လိုက်သည်။ သူ ကျေနပ်သည့်အပြုံး ပြုံးနေသည်ကို တွေ့လိုက်ရမှ သက်ပြင်းချနိုင်တော့သည်။
သူမက သခင်ဖြစ်သူကို လေးလေးစားစား ဆက်ဆံနေကျ ဆိုတော့... အခုလို ရုတ်တရက် မောက်မာခွင့်ရလိုက်တာက... တော်တော်လေး အရသာရှိသားပဲ။
မစ္စကျူး ဘယ်လောက် ပျော်ရွှင်နေမလဲ ဆိုတာကို သူမ နားလည်သွားရပါ၏။
“ကဲ... သွားကြစို့...”
ယဲ့ဖန်သည် ဖူမာကျန်းဝူကို ခေါ်ထုတ်သွားလိုက်သည်။
ကျူးရှောင်ကျောင်းသည် သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ရင်း မကျေမနပ် ဖြစ်နေမိသည်။
သူမ၏ နေရာကို တစ်စုံတစ်ယောက်က ဝင်ယူသွားသလို ခံစားနေရ၏။
သူမသည် တစ်ဦးတည်းသော မစ္စကျူး မဟုတ်တော့ပြီလော။
ရေရှည်သာ ဒီလို ဆက်ဖြစ်နေလျှင် ယဲ့ဖန်၏ ရင်ထဲမှာ သူမ၏ နေရာက တဖြည်းဖြည်း မှေးမှိန်သွားတော့မှာ မဟုတ်ပါလော။
ဒီအချိန်မှာ သူမ၏ ရင်ထဲတွင် ကြီးမားသော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၏။
ပစ္စည်းဝယ်ရန် သွားနေရင်း ယဲ့ဖန် လိုအပ်သည့် ပစ္စည်းစာရင်းကို အသစ်ပြုစုလိုက်သည်။
စာရင်းထဲတွင် လေပွေဂေါ်ပြား၊ ကျားပျံလက်သည်း၊ ကင်းခြေများ တောင်တက်လှေကား၊ လော်ရန်ဂေါ်ပြား၊ ကြက်အရှင်၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး၊ နဂါးရှာ ပေတံ နှင့် အခြား ပစ္စည်းများစွာ ပါဝင်သည်။
ဖူမာကျန်းဝူသည် ထိုထူးဆန်းသော နာမည်များကို မြင်သောအခါ ချက်ချင်း စိတ်ဝင်စားသွားလေ၏။
“သခင်... ဒီပစ္စည်းတွေက ဘာလုပ်ဖို့လဲ...”
“မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တယ်...”
ယဲ့ဖန် သူမ၏ အခေါ်အဝေါ်ကို ကြားလိုက်ရသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
ဖူမာကျန်းဝူ ခဏတာ ကြောင်အသွားပြီးမှ သတိဝင်လာသည်။ သူမ လျှာလေး ထုတ်ပြလိုက်ပြီး...
“မေ့သွားလို့...”
“ဂွပ်”.
ယဲ့ဖန် သူမ၏ ခေါင်းကို ခေါက်လိုက်သည်။
“မှတ်လောက်သားလောက် ဖြစ်သွားအောင် လုပ်ပေးမယ်... နောက်တစ်ခါ မှတ်မိသေးလား ကြည့်ရသေးတာပေါ့...”
“အိုး...”
ဖူမာကျန်းဝူ နာကျင်လွန်းသဖြင့် မျက်ရည်များပင် စီးကျလာသည်။ သူမ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ကားမောင်းနေသော ယဲ့ဖန်ဆီသို့ ခုန်အုပ်လိုက်လေ၏။
“ယဲ့ဖန်... ရှင် သိပ်ရက်စက်တယ်... ရှင့်ကို သတ်ပစ်မယ်...”
ယဲ့ဖန်သည် ကားစတီယာရင်ကို ထိန်းရင်း သူမ၏ ကုတ်ဖဲ့မှုများကို ကာကွယ်နေရ၏။ သို့သော် သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်နေလေ၏။
“ဟုတ်ပြီ... အဲ့ဒီအတိုင်းပဲ... မင်းက အခု ကျူးရှောင်ကျောင်း ဖြစ်နေတာကို မမေ့နဲ့... ပိုပြီး ကြမ်းတမ်းပြရမယ်...”
ဖူမာကျန်းဝူ ပြန်ထိုင်လိုက်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“တခြားလူအဖြစ် ဟန်ဆောင်ရတာ သိပ်ခက်တာပဲ...”
“ခက်ခဲလို့လည်း ရန်သူကို ပေါ့ဆသွားအောင် လုပ်နိုင်တာပေါ့... ငါတို့က ဒီလိုနည်းလမ်း သုံးလိမ့်မယ်လို့ ရန်သူက ဘယ်ထင်ထားမလဲ... ဘာပဲဖြစ်ဖြစ် နောက်ရက်အနည်းငယ်လောက်ပဲ သည်းခံလိုက်ပါ...”
ယဲ့ဖန် ကားမောင်းရင်း သူမကို အကြံပေးလိုက်သည်။
နောက်ဆုံးတော့ ဖူမာကျန်းဝူလည်း သဘောတူလိုက်ရ၏။ သူမသည် ခြေတံရှည်များကို ကားဒက်ရှ်ဘုတ်ပေါ်သို့ တင်လိုက်ပြီး ပြောလိုက်သည်။
“ကဲ... အခု ပြောပြတော့... ဒီပစ္စည်းတွေက ဘာလုပ်ဖို့လဲ...”
ဒီအချိန်မှာ သူမ၏ ကိုယ်နေဟန်ထားရော၊ လေသံပါ ကျူးရှောင်ကျောင်းနှင့် ၉၀ ရာခိုင်နှုန်းလောက် တူညီနေပြီ ဖြစ်၏။
ယဲ့ဖန် အနည်းငယ် မှင်သက်သွားသည်။ ကျူးရှောင်ကျောင်း ထိုင်နေတာများလားဟုပင် ထင်ယောင်ထင်မှား ဖြစ်သွားရ၏။
“ဘာကြည့်နေတာလဲ... အလှမယ်ကို တစ်ခါမှ မမြင်ဖူးဘူးလား...”
ဖူမာကျန်းဝူ ဒီစကားကို ပြောလိုက်ရသည့်အချိန်တွင် ကိုယ့်ကိုယ်ကို အလွန် ရွံရှာသွားမိသည်။
သူမ၏ စရိုက်နှင့်ဆိုလျှင် စိတ်ထဲက တွေးမိလျှင်တောင် အပြင်ထုတ်ပြောမှာ မဟုတ်ပေ။
သို့သော်၊ ကျူးရှောင်ကျောင်း၏ ကိုယ့်ကိုယ်ကို အပြတ်အသတ် ယုံကြည်တဲ့ စရိုက်နှင့် ဆိုလျှင်တော့ ဒီစကားမျိုး ပြောထွက်မှာ သေချာသည်။
ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမကို ပစ္စည်းကိရိယာများ၏ အသုံးဝင်ပုံကို စတင် ရှင်းပြလေတော့သည်။
တကယ်တော့ ဒီပစ္စည်းတွေက အားချန်ကို မေးမြန်းပြီး စာရင်းပြုစုထားတာ ဖြစ်၏။ ပစ္စည်းတစ်ခုချင်းစီ၏ အသေးစိတ် အသုံးဝင်ပုံကို သူလည်း သေချာ မသိပေ။
သို့သော်၊ ဖူမာကျန်းဝူကို ဂျင်းထည့်ဖို့လောက်ကတော့ လုံလောက်ပါသည်။
ဖူမာကျန်းဝူသည် သူ့စကားများကို ကြားရသောအခါ အံ့သြသွားပြီး သူ့အပေါ် လေးစားမှုများ ပိုမို တိုးပွားလာလေ၏။
တော်သေးတာက သူမ ကိုယ့်အခြေအနေကိုယ် သတိရနေလို့သာ။ မဟုတ်ရင် အရင်လို လက်သီးဆုပ်ပြီး “သခင်... သိပ်တော်တာပဲ...”ဟု အော်ဟစ်မိတော့မည်။
သူတို့နှစ်ယောက် မကြာမီ ဒေသခံ မှောင်ခိုဈေးကွက် တစ်ခုသို့ ရောက်ရှိသွားကြ၏။
ဒီလို သင်္ချိုင်းဖောက် ပစ္စည်းမျိုးတွေကို ပုံမှန်ဆိုင်တွေမှာ ဝယ်၍ မရပေ။ သည်လို နေရာမျိုးကို လာမှသာ ရနိုင်သည်။
ဆိုင်အဝင်ဝတွင် သံတိုသံစ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး အတွင်းထဲတွင် သာမန် သံတိုသံစ ပစ္စည်းများဖြင့် ပြည့်နှက်နေ၏။ အပြင်ပန်းကြည့်လျှင် သာမန် သံတိုသံစဆိုင် တစ်ဆိုင်နှင့် တူနေ၏။
ဒီဆိုင်အကြောင်းကို ယဲ့ဖန် လျူမိသားစုဆီကနေ စုံစမ်းသိရှိခဲ့ခြင်း ဖြစ်၏။ သာမန်လူတွေ သိနိုင်မှာ မဟုတ်ပေ။
ဒီအချိန်မှာ ဆိုင်ထဲတွင် ပလပ်ပေါက် လာဝယ်နေသော ဖောက်သည်အချို့ ရှိနေ၏။
ဆိုင်ရှင်က အသက် ၅၀ အရွယ်ခန့် ရှိသော လူကြီးတစ်ယောက် ဖြစ်၏။ သူက ဖောက်သည်နှင့် ပိုက်ဆံ တစ်ယွမ် ကိစ္စအတွက် အငြင်းပွားနေ၏။
ယဲ့ဖန် ဆိုင်ထဲကို ဝေ့ဝဲကြည့်လိုက်သည်။ ဖောက်သည် ထွက်သွားပြီးနောက် ကောင်တာသို့ လျှောက်သွားကာ ပစ္စည်းစာရင်းကို ဆိုင်ရှင်ထံ ကမ်းပေးလိုက်သည်။
“ဦးလေး... ဒီပစ္စည်းတွေ တစ်မျိုးကို ငါးစုံစီလောက် ပေးပါ...”
ဆိုင်ရှင်က စာရင်းကို ယူပြီး တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းမော့လာပြီး သူတို့နှစ်ယောက်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက်သည်။
“ဆောရီးပါဗျာ... ဒီပစ္စည်း နာမည်တွေကို ကျုပ် တစ်ခါမှ မကြားဖူးပါဘူး... တခြားနေရာမှာ သွားမေးကြည့်ပါလား...”
ပြောပြောဆိုဆို စာရင်းကို ပြန်တွန်းပေးလိုက်သည်။
ယဲ့ဖန်က သူ့သတိထားမှုကို ရိပ်မိလိုက်သဖြင့် ပြုံးလိုက်မိသည်။
“ဦးလေး... စိတ်မပူပါနဲ့... ကျွန်တော်က စီးပွားရေး လာစစ်တာ မဟုတ်ပါဘူး... ရှိရင် ထုတ်ပေးလိုက်ပါ... ဈေးပိုပေးပါ့မယ်...”
ပြောရင်းနှင့် အိတ်ကပ်ထဲမှ ပိုက်ဆံအထပ်လိုက်ကို ထုတ်ပြလိုက်သည်။
ဆိုင်ရှင်သည် ပိုက်ဆံအထပ်လိုက်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်လာသည်။ ချက်ချင်းပင် မျက်နှာထား ပြောင်းလဲသွားလေ၏။
“ကောင်းပါပြီ... ခဏလောက် စောင့်ပါ... ကျုပ် သွားယူပေးပါ့မယ်...”
ပြောပြီးသည်နှင့် နောက်ခန်းထဲသို့ ကပျာကယာ ဝင်သွားလေ၏။
ငါးမိနစ်ခန့် ကြာသောအခါ သူ ပြန်ထွက်လာပြီး အားနာသော မျက်နှာထားဖြင့် ပြောလေ၏။
“တကယ် အားနာပါတယ်ဗျာ... ဆိုင်မှာ ပစ္စည်းပြတ်နေလို့ပါ... လူလေးတို့ မလောဘူး ဆိုရင် ခဏလောက် စောင့်ပေးလို့ ရမလား... ဂိုဒေါင်ကနေ သွားယူခိုင်းလိုက်ပါ့မယ်...”
ယဲ့ဖန် မလောသဖြင့် ခေါင်းညိတ် သဘောတူလိုက်သည်။
သူ ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး ထိုင်မလို့ လုပ်လိုက်စဉ် ဘေးနားမှ ဖူမာကျန်းဝူက မကျေမနပ် ပြောလေ၏။
“ရှင်က ကိုယ်ထိုင်ဖို့ပဲ သိတယ်... ကျွန်မအတွက် ကုလားထိုင် တစ်လုံးလောက် ပေးဖို့ နားမလည်ဘူးလား...”
ဒီကောင်မလေး ဇာတ်ရုပ်ထဲ တကယ် စီးမျောနေပါလား။ ကျူးရှောင်ကျောင်းရဲ့ လေသံအတိုင်း ပြောနေတယ်။
ယဲ့ဖန် ခါးသက်သက် ပြုံးလိုက်မိသည်။
မတတ်နိုင်ဘူးလေ... ကိုယ်တိုင် ဖန်တီးထားတဲ့ ဇာတ်ပဲ... ကပြရမှာပေါ့။
ဒီကောင်မလေး ဇာတ်ရုပ်ထဲ အရမ်း ဈန်ဝင်မသွားပါစေနှင့်လို့ပင် ဆုတောင်းရမည်။ ပြန်ထွက်မရ ဖြစ်သွားလျှင် ဒုက္ခ။
ဘေးနားမှာ ကျူးရှောင်ကျောင်း တစ်ယောက်တည်း ရှိနေတာတောင် ခေါင်းကိုက်နေရသည်။
နောက်ထပ် တစ်ယောက် ထပ်တိုးလာလျှင်တော့ သူ ငိုစရာ မျက်ရည်မရှိ ဖြစ်တော့မည်။
ဖူမာကျန်းဝူကို ကုလားထိုင် ပေးလိုက်ပြီးနောက် နောက်ထပ် ကုလားထိုင်တစ်လုံး ဆွဲယူကာ သူမဘေးတွင် ဝင်ထိုင်လိုက်သည်။
ပစ္စည်းဝယ်ရုံသက်သက်ပဲမို့ ဘာပြဿနာမှ ရှိမည် မထင်ထားခဲ့ပေ။
သို့သော် ဆိုင်ရှင်၏ အပြုအမူတစ်ခုက သူ့သံသယကို နှိုးဆွလိုက်သည်။
ဆိုင်ရှင်က အပြင်ဘက်ကို ခဏခဏ လှမ်းကြည့်နေပြီး တစ်စုံတစ်ယောက်ကို မျှော်လင့်နေသလို ဖြစ်နေ၏။ မျက်နှာထားကလည်း အလွန် စိုးရိမ်ပူပန်နေပုံ ရ၏။
ယုတ္တိနည်းအရ တွေးကြည့်လျှင် ပစ္စည်းနည်းနည်းလေး ရောင်းရတာနှင့် ဒီလောက်ထိ စိုးရိမ်နေစရာ မလိုဘူး မဟုတ်လား။
ဒါကို တွေးမိပြီး ယဲ့ဖန် ဆိုင်ရှင်ကို စကားစလိုက်သည်။
“ဦးလေး... ဦးလေးရဲ့ ဂိုဒေါင်က ဒီကနေ ဝေးလား... ဘယ်လောက်ကြာမလဲ...”
ဆိုင်ရှင် အစပိုင်းတွင် ကြောင်သွားသော်လည်း အပြုံးတု တစ်ခုကို အတင်း ညှစ်ထုတ်လိုက်သည်။
“မဝေးပါဘူး... ဆယ်မိနစ်လောက်ဆို ရောက်မှာပါ...”
“အော်... ဟုတ်ကဲ့... ဦးလေး ဒီလောကထဲ ရောက်နေတာ ဘယ်လောက် ကြာပြီလဲ...”
ယဲ့ဖန် မတ်တပ်ရပ်လိုက်ပြီး ကောင်တာအနားသို့ လျှောက်သွားကာ မသိမသာ မေးလိုက်သည်။
“တော်တော် ကြာပါပြီ... အနှစ် ၂၀ လောက်တော့ ရှိပြီ...”
ဆိုင်ရှင်က အပြင်ဘက်ကို ခိုးကြည့်ရင်း စိတ်မပါတပါ ပြန်ဖြေလေ၏။
“အနှစ် ၂၀ ကျော်ပြီ ဟုတ်လား... ဒါဆို သင်္ချိုင်းဖောက်လောကထဲက လူတော်တော်များများကို ဦးလေး သိမှာပေါ့…”