← Chapters

မင်းတို့ ဝင်လာတဲ့အချိန်က သိပ်မဟုတ်ဘူး

Vol. 76 Ch. 1496

မင်းတို့ ဝင်လာတဲ့အချိန်က သိပ်မဟုတ်ဘူး

Vol. 76 Ch. 1496

~“ဟားဟား... ဟုတ်တာပေါ့...”

“အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့နှစ်ယောက်က ဒီလောကထဲကို အခုမှ စဝင်တာပါ... ဦးလေး အနေနဲ့ သင်္ချိုင်းဖောက်လောကအကြောင်း နည်းနည်းလောက် ပြောပြပေးပါလား... ဗဟုသုတရတာပေါ့...”

ယဲ့ဖန်က သတင်းအချက်အလက် ပိုရအောင် ဆက်မေးလိုက်လေ၏။

“အင်း... အမှန်အတိုင်း ပြောရရင် ကျုပ်လည်း ဒီလောကအကြောင်း သိပ်မသိပါဘူး...”

ဆိုင်ရှင်က သတိကြီးသူ ဖြစ်ပုံရ၏။ စကားများရင် အမှားပါမည် ဆိုသော သဘောတရားကို ကောင်းကောင်း နားလည်ထားသူပင်။

ယဲ့ဖန်က အခြေအနေကို ရိပ်မိလိုက်သဖြင့် ပိုက်ဆံအထပ်လိုက်ထဲမှ တစ်ဒါဇင်ခန့်ကို ဆွဲထုတ်ပြီး ကောင်တာပေါ် တင်ပေးလိုက်သည်။

“ပုံပြင်နားထောင်ခလို့ပဲ သဘောထားလိုက်ပါ...”

ဆိုင်ရှင်၏ မျက်လုံးများ အရောင်တောက်လာသည်။

“ဘယ်လို ပုံပြင်မျိုး နားထောင်ချင်တာလဲ...”

ပြောရင်းနှင့် ပိုက်ဆံများကို အံဆွဲထဲသို့ လျှပ်တစ်ပြက် ထည့်လိုက်လေ၏။

“အခု သင်္ချိုင်းဖောက်လောကမှာ ဖြစ်နေတဲ့ သတင်းတွေပေါ့...”

ယဲ့ဖန်က ခေါင်းစဉ်ကို ပေါ့ပါးစွာ ပြောင်းလိုက်သည်။

ဆိုင်ရှင် ခဏလောက် စဉ်းစားပြီးနောက် တရစပ် ပြောပြလေတော့သည်။

“လောလောဆယ် ဒီလောကမှာ အကြီးကျယ်ဆုံး သတင်းကတော့... မကြာခင် ပွင့်တော့မယ်လို့ ကောလာဟလ ထွက်နေတဲ့ သင်္ချိုင်းကြီးအကြောင်းပဲ...”

“သင်္ချိုင်းကြီး... ဘယ်သင်္ချိုင်းလဲ...”

ဖူမာကျန်းဝူလည်း စိတ်ဝင်စားသွားပြီး အနားသို့ တိုးကပ်လာသည်။

“ရှန်ဘုရင်ရဲ့ သင်္ချိုင်းလို့ ပြောကြတာပဲ... ကျုပ်တို့ မြစ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိတယ်တဲ့... မကြာခင် ပေါ်လာတော့မယ်လို့ ပြောကြတယ်...”

“ရှန်ဘုရင်ရဲ့ သင်္ချိုင်းက တကယ်ရှိတာလား...”

ယဲ့ဖန်က ဖူမာကျန်းဝူနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“ရှိတာပေါ့... အဲ့ဒီသတင်းကို တောင်နက်ဂိုဏ်းက စဖြန့်လိုက်တာ... ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ တောင်နက်ဂိုဏ်း ပျက်စီးသွားတယ်... တချို့က ပြောကြတာတော့ သူတို့က လျှို့ဝှက်ချက်ကြီးကို ဖွင့်ချလိုက်လို့... လူကြီး တစ်ယောက်ရဲ့ အစီအစဉ်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားပြီး အရှင်းခံလိုက်ရတာတဲ့...”

ဆိုင်ရှင်က သူကြားထားသော ကောလာဟလများကို ပြောပြနေသဖြင့် ယဲ့ဖန်တို့နှစ်ယောက် အံ့သြသွားရ၏။

“လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက နိုင်ငံအနှံ့က သင်္ချိုင်းဖောက်သမားတွေ ကျုပ်တို့ ကျန်းကောထဲကို ဝင်လာကြတယ်... အဲ့ဒီရက်တွေတုန်းကဆို ကျုပ်ဆိုင်မှာ ရောင်းမလောက်ဘူး...”

ဆိုင်ရှင်က အတိတ်ကို လွမ်းဆွတ်သော မျက်နှာထားဖြင့် ပြောလေ၏။

“အဲ့ဒီရက်တွေတုန်းက ဟုတ်လား... ဒါဆို ဒီရက်ပိုင်း အရောင်းအဝယ် မကောင်းတော့ဘူးပေါ့...”

ယဲ့ဖန်က သိရက်သားနှင့် မေးလိုက်သည်။

ဆိုင်ရှင်က သက်ပြင်းချလိုက်သည်။

“ဒီရက်ပိုင်း မြို့ပြင်က သင်္ချိုင်းဖောက်ဂိုဏ်းတွေ အကုန်လုံး ဆုတ်ခွာကုန်ကြပြီ... ဒေသခံ ဂိုဏ်းတွေတောင် ပုန်းနေကြရတယ်...”

“ဘာလို့လဲ... ရှန်ဘုရင်ရဲ့ သင်္ချိုင်း ပွင့်တော့မယ်ဆို... ဘာလို့ ထွက်သွားကြတာလဲ...”

“ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက လျှို့ဝှက်လူသား တစ်ယောက် ပေါ်လာလို့လေ... အဲ့ဒီလူရဲ့ နည်းလမ်းတွေက တကယ့်ကို ကောင်းကင်ဘုံကို အာခံနိုင်တဲ့ အဆင့်ပဲ... အမိန့်တစ်ခွန်းတည်းနဲ့ ဂိုဏ်းတွေအားလုံးကို ဖရိုဖရဲ ဖြစ်သွားအောင် လုပ်လိုက်တာ...”

ဆိုင်ရှင်က လျှို့ဝှက်လူသားအကြောင်း ပြောသောအခါ မျက်နှာတွင် လေးစားအားကျမှုများ ပြည့်နှက်နေလေ၏။

“အဲ့ဒီ လျှို့ဝှက်လူသားက အဲ့လောက်တောင် စွမ်းတာလား...”

ဖူမာကျန်းဝူက ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။

ဒီဆိုင်ရှင်က လျှို့ဝှက်လူသား သူ့ရှေ့ ရောက်နေတာကို မသိရှာ‌ပေ။

ဆိုင်ရှင်က စိတ်လှုပ်ရှားစွာ ပြောပြသည်။

“ဟုတ်တယ်... အစတုန်းကတော့ မယုံတဲ့လူတွေ အများကြီးပဲ... နောက်တော့ အဲ့ဒီ လျှို့ဝှက်လူသားက သူခိုးတွေအားလုံးကို စုပြီး သိုင်းကွက် သုံးကွက် ထုတ်သုံးပြလိုက်တော့ အကုန်လုံး ကြောက်ပြီး ထွက်ပြေးကုန်ကြရော...”

ဖူမာကျန်းဝူက ကျူးရှောင်ကျောင်း ပုံစံအတိုင်း အာမေဋိတ်သံဖြင့် အော်လိုက်သည်။

“သိုင်းကွက် သုံးကွက်တည်းနဲ့ သူခိုးတွေ အကုန်လုံးကို မောင်းထုတ်လိုက်တာလား... သိပ်ကြမ်းတာပဲ... ဘာသိုင်းကွက်တွေလဲ...”

ဆိုင်ရှင်သည် အလှမယ်လေး စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ပို၍ အားတက်သရော ပြောပြလေတော့သည်။

“ပထမဆုံး သိုင်းကွက်ကတော့... ပဲစေ့တွေကို စစ်သည်တွေအဖြစ် ပြောင်းလဲခြင်းပဲ... လျှို့ဝှက်လူသားက ပဲပုပ်စေ့ တစ်ဆုပ်ကို စားပွဲပေါ် ကြဲချလိုက်ပြီး မန္တန် ရွတ်လိုက်တာ... ပဲစေ့တွေက အသက်ဝင်လာပြီး လှုပ်ရှားလာကြတယ်... နောက်ဆုံးကျတော့ ပဲစေ့တွေက 'သေ' ဆိုတဲ့ စာလုံးပုံစံ အလိုလို ဖြစ်သွားကြသတဲ့...”

“ဘာစာလုံးလဲ...”

“'သေ' ဆိုတဲ့ စာလုံးလေ... အဲ့ဒါက ဘာကို ဆိုလိုတာလဲဆိုတော့... မင်းတို့ကောင်တွေ အခုချက်ချင်း မဆုတ်ခွာရင် အသက်အန္တရာယ် ရှိမယ်လို့ သတိပေးလိုက်တာပေါ့...”

ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့ စကားမပြောနိုင်တော့ပေ။

‘ဘာလို့ ဒီဇာတ်လမ်းက တဖြည်းဖြည်းနဲ့ ဒဏ္ဍာရီဆန်လာရတာလဲ။’

ယဲ့ဖန် တွေးလိုက်မိသည်။

‘တကယ်လို့များ သူ့မှာ ပဲစေ့တွေကို စစ်သည်အဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းရည် ရှိခဲ့ရင် ကမ္ဘာပတ်ပြီး ပြေးလွှားနေစရာ မလိုတော့ဘူးလေ။။

ပဲစေ့တစ်ဆုပ်လောက် ရှိရင် ကမ္ဘာကြီးကို သိမ်းပိုက်လို့ ရပြီ။’

ဆိုင်ရှင်က သူတို့၏ မျက်နှာအမူအရာကို ဂရုမစိုက်ဘဲ ဆက်လက်၍ မြိန်ရည်ရှက်ရည် ပြောပြနေလေ၏။

“ဒုတိယ သိုင်းကွက်ကတော့... လေကို ရေခဲအဖြစ် ပြောင်းလဲခြင်းပဲ... လျှို့ဝှက်လူသားက ဝေလငါးကြီး ရေစုပ်သလို လေကို တဝကြီး ရှူသွင်းလိုက်ပြီး ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ်လိုက်တာ... လေငွေ့တွေက စားပွဲပေါ်မှာ ရေခဲတုံးကြီးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတယ်တဲ့... အံ့ဩစရာ မကောင်းဘူးလား...”

ယဲ့ဖန် ကြားလိုက်ရသည့် အချိန်မှာ အသက်ရှူမှားပြီး ချောင်းတွေဆိုးကုန်သည်။

လေကို ရေခဲ ဖြစ်အောင် လုပ်တာတော့ သူ မတတ်... ၊သို့သော်၊ သလိပ် ဖြစ်အောင်တော့ ကြိုးစားကြည့်၍ ရလောက်၏။

ဒါ ဘာတွေလဲဟ...။

ဘေးနားက ဖူမာကျန်းဝူလည်း မနေနိုင်တော့ဘဲ ဟားတိုက် ရယ်မောလိုက်မိသည်။

ဒီဆိုင်ရှင်က တော်တော် ရယ်ရတာပဲ။

ဆိုင်ရှင်က သူတို့နှစ်ယောက် သဘောကျနေတယ် ထင်ပြီး ပို၍ အားတက်လာသည်။

“ပထမ နှစ်ကွက်က ကလေးကစားစရာပဲ ရှိပါသေးတယ်... တကယ့် အစစ်က နောက်ဆုံး တစ်ကွက်ပဲ...”

“ဒါက ကလေးကစားစရာ ဟုတ်လား...”

ဖူမာကျန်းဝူ ဆိုင်ရှင်ကို အံ့သြတကြီး ကြည့်လိုက်သည်။ ဒီလူ ဝတ္ထုမရေးရင် နှမြောစရာပဲ။

“ဒါပေါ့... မဟုတ်ရင် လျှို့ဝှက်လူသားက သင်္ချိုင်းဖောက်သမားတွေ အကုန်လုံးကို ဘယ်လိုလုပ် ခြောက်ထုတ်နိုင်မှာလဲ... တစ်ခုခုတော့ ထူးခြားမှာပေါ့... ဒီ လျှို့ဝှက်လူသားရဲ့ နောက်ဆုံး သိုင်းကွက်ကတော့... တစ္ဆေငါးကောင် သယ်ယူပို့ဆောင်ရေး နည်းလမ်းပဲ...”

“ဒုန်း...”

သူ စကားပြောနေစဉ် သူ့နောက်ဘက် နံရံတွင် ချိတ်ထားသော ပလပ်ပေါက်တစ်ခု ရုတ်တရက် ပြုတ်ကျလာသဖြင့် ဆိုင်ရှင် လန့်ဖျပ်သွားသည်။

“သေစမ်း... လန့်လိုက်တာ... လျှို့ဝှက်လူသား ရောက်လာပြီး မန္တန်စွမ်းရည် ပြနေပြီလားလို့... ဘယ်ရောက်သွားပြီလဲ...”

“အဟမ်း... အဲ့ဒီ လျှို့ဝှက်လူသားက တစ္ဆေငါးကောင် သယ်ယူပို့ဆောင်ရေး နည်းလမ်း သုံးတယ် ဆိုတာလေ...”

ဖူမာကျန်းဝူ ဒီလူ၏ ပေါက်ကရတွေကို ဆက်နားထောင်ချင်စိတ် မရှိတော့ပေ။ သို့ရာတွင်၊ ဘာပဲဖြစ်ဖြစ် စောင့်ရဦးမှာ ဆိုတော့ ပြက်လုံးတစ်ခုလိုသာ သဘောထားလိုက်သည်။

“ဟုတ်တယ်... ဟုတ်တယ်... တစ္ဆေငါးကောင် သယ်ယူပို့ဆောင်ရေး နည်းလမ်း... လျှို့ဝှက်လူသားက အဆောင်လက်ဖွဲ့တွေ ထုတ်လိုက်ပြီး မန္တန်ရွတ်လိုက်တာ... အဆောင်တွေက မီးထတောက်ပြီး လေထဲကို ပျံတက်သွားတယ်... ပြီးတော့ စားပွဲပေါ်က ပန်းကန်ပြား တစ်ခုက လေထဲ မျောပါလာပြီး လျှို့ဝှက်လူသား လက်ထဲ ရောက်သွားရော... ဒါက ဒဏ္ဍာရီလာ တစ္ဆေငါးကောင် သယ်ယူပို့ဆောင်ရေး နည်းလမ်းပဲ...”

ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့ မနေနိုင်တော့ဘဲ လက်ခုပ်တီးလိုက်ကြ၏။

သူပြောတာ အမှန် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အနည်းဆုံးတော့ သူ၏ ပုံပြောစွမ်းရည်က အစစ်အမှန်ပါပဲ။ လေသံရော၊ မျက်နှာအမူအရာရော တော်တော်လေး စီးမျောပြီး ဆွဲဆောင်မှု ရှိသည်။

ဆိုင်ရှင်သည် သူတို့နှစ်ယောက်ဆီက အားပေးမှုကို ရလိုက်သဖြင့် ဂုဏ်ယူစွာ ပြုံးလိုက်သည်။

“လျှို့ဝှက်လူသားက အဲ့လောက်တောင် စွမ်းတာ... အဲ့ဒီ ဂိုဏ်းတွေက သင်္ချိုင်းကို လုရဲပါ့မလား... ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ မဟုတ်လား...”

ယဲ့ဖန် ခေါင်းညိတ် ထောက်ခံလိုက်သည်။

“မှန်ပါတယ်... ဒီ လျှို့ဝှက်လူသားမှာ တကယ်ပဲ အဲ့လောက် စွမ်းအားကြီးတဲ့ မန္တန်တွေ ရှိရင်တော့... သူက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ...”

ဆိုင်ရှင်က သူတို့နှစ်ယောက်ကို အကဲခတ်လိုက်သည်။

“လူလေးတို့က ရိုးသားတဲ့ပုံ ပေါက်နေလို့ ကျုပ် အကြံပေးလိုက်မယ်... အခု သင်္ချိုင်းဖောက်သမားတွေ အကုန်လုံး ပုန်းနေကြရတာ... ခေါင်းတောင် မထောင်ရဲကြဘူး... မင်းတို့ ဝင်လာတဲ့အချိန်က သိပ်မဟုတ်ဘူး...”

ယဲ့ဖန်က ဟန်ဆောင်ပြီး ရယ်မောလိုက်သည်။

“ကျွန်တော်တို့က နာမည်မရှိတဲ့ ကောင်လေးတွေပါ... အဲ့ဒီ လျှို့ဝှက်လူသားက ကျွန်တော်တို့ကို သတိထားမိမှာ မဟုတ်ပါဘူး...”

ဆိုင်ရှင်က ခဏတာ တွေဝေသွားပြီး နောက်ဆုံးတွင် အံကြိတ်ကာ ပြောလိုက်သည်။

“ထားပါတော့... ကျုပ် အမှန်အတိုင်းပဲ ပြောပြလိုက်မယ်... ဖီးနစ်သုံးကောင်ဂိုဏ်းက ဥက္ကဋ္ဌယွီက ဒီလောကရဲ့ လှုပ်ရှားမှုတွေကို အချိန်ပြည့် စောင့်ကြည့်ဖို့ ညွှန်ကြားထားတယ်... မင်းတို့ ပစ္စည်းလာဝယ်တဲ့ အကြောင်းကို ကျုပ် ဖီးနစ်သုံးကောင်ဂိုဏ်းဆီ သတင်းပို့လိုက်ပြီးပြီ... သူတို့လူတွေ မကြာခင် ရောက်လာတော့မှာ...”

‘အမ်’

ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ဒါ ကိုယ့်ရှူးကိုယ်ပတ်တာပဲ မဟုတ်လား...။

All Chapters