အဲ့ဒီ လျှို့ဝှက်လူသားက ခင်ဗျားလား
Vol. 76 Ch. 1497
~“ကျွန်တော်တို့က ပြဿနာရှာချင်တာ မဟုတ်ပါဘူး... ပစ္စည်းလေး လာဝယ်တာပါဗျာ...”
ယဲ့ဖန် ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားရလေ၏။
ဆိုင်ရှင်က ဒီလောက်ထိ သတိကောင်းနေပြီး ဖီးနစ်သုံးကောင်ဂိုဏ်းဆီ ချက်ချင်း သတင်းပို့လိုက်လိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
သို့သော်၊ ဒီအမိန့်ကို ယွီဖုန်းရှန်းဆီ ပေးခဲ့တာကလည်း သူကိုယ်တိုင် ဖြစ်နေပြန်သည်။ ငိုရခက် ရယ်ရခက် အခြေအနေပါပဲ။
“လူလေးရယ်... ဦးလေး စကားကို နားထောင်ပါကွ... သူများပြောတာ နားထောင်ရင် ထမင်းတနပ် စားရတယ်... ဖီးနစ်သုံးကောင်ဂိုဏ်းက လူတွေ မရောက်လာခင် မင်းကောင်မလေးကို ခေါ်ပြီး မြန်မြန် ပြေးလိုက်တော့... ကျန်းကောကနေ ချက်ချင်း ထွက်သွားတာ အကောင်းဆုံးပဲ... ဒီလို အချိန်မျိုးမှာ ပြဿနာ မရှာပါနဲ့...”
ဆိုင်ရှင်က ကြည့်ရတာ သဘောထားကြီးသည့် ပုံစံမျိုး။ ဒီလူငယ်လေး နှစ်ယောက် လမ်းမှားရောက်သွားမှာကို တကယ် စိုးရိမ်နေပုံရ၏။
“မဟုတ်ဘူး ဦးလေး... ကျွန်တော် ရှင်းပြပါရစေ...”
ယဲ့ဖန်က စကားပြောဖို့ ကြိုးစားသော်လည်း ဆိုင်ရှင်က သူ့ကို အပြင်သို့ အတင်း တွန်းထုတ်နေသဖြင့် ရှင်းပြခွင့် မရလိုက်ပေ။
နှစ်ဖက် တွန်းတိုက်နေကြစဉ်မှာပင် လူအချို့ တံခါးဖွင့်ပြီး ဝင်လာကြ၏။
တစ်ယောက်က တံခါးဝရောက်သည်နှင့် အသံကုန်ဟစ်အော်လိုက်သည်။
“လောင်မား.. ခင်ဗျားပြောတဲ့ အလိုက်ကန်းဆိုး မသိတဲ့ သူခိုးနှစ်ကောင် ဘယ်မှာလဲ...”
ဆိုင်ရှင် မျက်နှာပျက်သွားပြီး ယဲ့ဖန်တို့နှစ်ယောက်ကို အနောက်သို့ပို့ကာ ကာကွယ်ပေးလိုက်သည်။ ပြီးတော့ အပြုံးတုတစ်ခု ညှစ်ထုတ်လိုက်သည်။
“အစ်ကိုချန်း... အဲ့ဒီနှစ်ယောက်က... ပြန်သွားကြပြီဗျ...”
“ပြန်သွားပြီ... ဘာလို့ မတားထားတာလဲ...ကျုပ်တို့ ညီအစ်ကိုတွေကို အလကား သက်သက် လာခိုင်းတာလား...”
ထိုလူက ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။
“ကျွန်တော် တားပါသေးတယ်... ဒါပေမဲ့ မရလို့ပါ...”
ဆိုင်ရှင်က ဆက်လက် လိမ်ညာလိုက်သည်။
ထိုလူက ဆဲဆိုကြိမ်းမောင်းလိုက်ပြီး သူ့လူများနှင့်အတူ ပြန်လှည့်ထွက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဆိုင်ရှင်၏ နောက်ကွယ်မှ လူနှစ်ယောက်ကို ရုတ်တရက် သတိထားမိသွားသည်။
“ဒီနှစ်ယောက်က ဘယ်သူတွေလဲ...”
“သူတို့... သူတို့က ပလပ်ပေါက် လာဝယ်တာပါ...”
ဆိုင်ရှင်က ရုတ်တရက် ထိတ်လန့်သွားပြီး စကားပင် ထစ်အသွားလေ၏။
သူ၏ ပျာယာခတ်နေသော ပုံစံက ထိုလူ၏ သံသယကို ပိုမို ကြီးထွားစေခဲ့ပြီး ချက်ချင်းပင် လျှောက်လာလေတော့သည်။
ဆိုင်ရှင် တံတွေးတစ်ချက် မျိုချလိုက်ပြီး ငိုတာထက် အရုပ်ဆိုးသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
“အစ်ကိုချန်း... ကျွန်တော့် မျက်နှာကို ထောက်ထားပြီး... သူတို့ကို...”
သူ စကားမဆုံးခင်မှာပင် ယဲ့ဖန်က သူ့နောက်မှ ထွက်လာခဲ့လေ၏။
“အစ်ကိုချန်း.. ဒီမှာ လာတွေ့ရတာ တိုက်ဆိုင်လိုက်တာဗျာ...”
စကားပြောလိုက်သည့် လူက ဖီးနစ်သုံးကောင်ဂိုဏ်း ၏ ထိပ်တန်း တိုက်ခိုက်ရေးမှူး လိုက်ကျီချန်း ဖြစ်နေမှန်း သူ မှတ်မိလိုက်သည်။
ယွီဖုန်းရှန်းက သူမ၏ နံပါတ်တစ် ဗိုလ်ချုပ်ကို ကိုယ်တိုင် လွှတ်ပြီး ဒီကိစ္စကို ကိုင်တွယ်ခိုင်းထားတာပဲ။ ကြည့်ရတာ သူမက သူ့စကားကို ဘုရင်အမိန့်လို သဘောထားပုံ ရ၏။
လိုင်ကျစ်ချောင်သည် ယဲ့ဖန်ကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားလေ၏။
“ဆ...မစ္စတာယဲ့... ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ...”
ယဲ့ဖန်၏ မျက်နှာပေါ်တွင် အပြုံးနုနုလေး ပေါ်နေ၏။
“ပစ္စည်းလေး နည်းနည်း လာဝယ်တာပါ...”
လိုင်ကျစ်ချောင် နှစ်စက္ကန့်လောက် ကြောင်သွားပြီးမှ သတိဝင်လာသည်။ သူ ဆိုင်ရှင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ခင်ဗျား ခုနက ပြောတဲ့ သူခိုး နှစ်ကောင် ဆိုတာ...မစ္စတာယဲ့ကို ပြောတာလား...”
ဆိုင်ရှင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“အစ်ကိုချန်းက ဒီညီလေးကို သိလို့လား...”
ထိုအခါ၊ လိုင်ကျစ်ချောင်က သူ့ဖင်ကို ခြေထောက်ဖြင့် ကန်ထည့်လိုက်သည်။
“ပေါက်ကရ... မစ္စတာယဲ့က ကျုပ်တို့ ဖီးနစ်သုံးကောင်ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်ကွ...ကျုပ်တို့ ဥက္ကဋ္ဌတောင် သူ့ကို အရမ်း လေးစားတာ... ငါက မသိဘဲ နေမလား... ခင်ဗျားက သက်ကြီးစကားမပြော၊ သက်ငယ်စကားမပြောနဲ့... မစ္စတာယဲ့ကိုတောင် သတင်းပို့ရဲတယ်ပေါ့... သေချင်နေတာလား...”
ဆိုင်ရှင် ပိုလို့တောင် ကြောင်အသွားရ၏။
သူက စောစောက ရလိုက်သည့် ငွေတစ်ထောင်အတွက်နှင့် ယဲ့ဖန်ကို အစွမ်းကုန် ကာကွယ်ပေးနေခဲ့သည်။
တကယ်တမ်းကျတော့ တစ်ဖက်လူ၏ နောက်ခံက ဥက္ကဋ္ဌယွီတောင် လေးစားရသည့် အထိ ကြီးမားနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ကြည့်ရတာ သူက မလိုအပ်တာတွေ လျှောက်လုပ်မိနေပြီ ထင်သည်။
ယဲ့ဖန် လျှောက်လာပြီး လိုင်ကျစ်ချောင်ကို တွန်းထုတ်လိုက်၏။
“ဘယ်သူ့ကို လာခြောက်နေတာလဲ... ကျန်းကောကို စောင့်ကြည့်ခိုင်းထားတာ ကျွန်တော့် အမိန့်ပဲ... ဦးလေး လုပ်တာ ကောင်းပါတယ်... သူ့ကို အပြစ်မတင်သင့်ဘူး... ဆုတောင် ချပေးသင့်တာ...”
လိုင်ကျစ်ချောင်က ယဲ့ဖန်ဘက် လှည့်လိုက်သောအခါ မျက်နှာထား ပြောင်းလဲသွားပြီး ခေါင်းတညိတ်ညိတ် လုပ်နေလေ၏။
“စိတ်မပူပါနဲ့ ၊ မစ္စတာယဲ့... ကျွန်တော်တို့ သူ့ကို သေချာပေါက် ဆုချပေးပါ့မယ်...”
ပြီးတော့ ဆိုင်ရှင်ဘက် လှည့်ပြောလိုက်သည်။
“ကြားလိုက်လား... မစ္စတာယဲ့က ခင်ဗျားကို ဆုချခိုင်းနေတယ်... မစ္စတာယဲ့ကို မြန်မြန် ကျေးဇူးတင်စကား ပြောလိုက်လေ...”
ထိုအခါမှ ဆိုင်ရှင် အသိဝင်လာပြီး ယဲ့ဖန်ကို ကပျာကယာ ဦးညွှတ်အရိုအသေ ပြုလိုက်သည်။
“ကျေးဇူးပါ မစ္စတာယဲ့... ကျေးဇူးပါ...”
တစ်ချိန်တည်းမှာပင် ဆိုင်ရှင် လောင်မား တိတ်တဆိတ် အံ့သြနေမိသည်။
သင်္ချိုင်းဖောက်လောကကို စောင့်ကြည့်ဖို့ အမိန့်ပေးခဲ့တာ မစ္စတာယဲ့ ဖြစ်နေပါလား။
ဖီးနစ်သုံးကောင်ဂိုဏ်းက လူတွေကို ဒီလောက်ထိ အလေးထားအောင် လုပ်နိုင်တယ်ဆိုတော့... ဒီ မစ္စတာယဲ့ ဆိုတဲ့လူရဲ့ နောက်ခံက ဘာများလဲ။
လိုင်ကျစ်ချောင်က လောင်မား ဗိုက်ထဲက သန်ကောင်လိုပင်။ သူ့ပခုံးကို အားပါပါ ပုတ်လိုက်သည်။
“မနေ့က ခင်ဗျား ကျုပ်ကို အဲ့ဒီ လျှို့ဝှက်လူသားအကြောင်း မေးနေတယ် မလား... အခု လူကိုယ်တိုင် ခင်ဗျားရှေ့ ရောက်နေပြီဆိုတော့... သိပြီမလား...”
ဆိုင်ရှင်က လိုင်ကျစ်ချောင်ကို အကဲခတ်ကြည့်လိုက်သည်။
“ကျုပ်ရှေ့ ရောက်နေတယ် ဟုတ်လား... ဒါဆို အစ်ကိုချန်းများ...”
လိုင်ကျစ်ချောင် မျက်လုံး ပြူးပြလိုက်သည်။
“ကျုပ်ကို ဘာလို့ လာကြည့်နေတာလဲ... ကျုပ်ပုံစံက လျှို့ဝှက်လူသားနဲ့ တူနေလို့လား...”
ဆိုင်ရှင် နောက်ဆုံးတော့ သဘောပေါက်သွားပြီး ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေ၏။
“မင်း... မင်းက အဲ့ဒီ လျှို့ဝှက်လူသားလား...”
“မတူလို့လား...”
ယဲ့ဖန် သူ့မျက်နှာထားကို ကြည့်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
“မတူပါဘူး...”
ဆိုင်ရှင်က အားနာစွာ ရယ်မောလိုက်သော်လည်း စကားမှားသွားမှန်း သတိရပြီး အမြန် ဖာထေးလိုက်သည်။
“အဓိကက မင်းက ငယ်လွန်းနေလို့ပါ... ကျုပ်သားနဲ့ ရွယ်တူလောက်ပဲ ရှိဦးမယ်...”
သူ စကားမဆုံးခင် လိုင်ကျစ်ချောင်က သူ့ဖင်ကို ထပ်ကန်လိုက်ပြန်သည်။
“စကားပြောတတ်ရဲ့လား... မစ္စတာယဲ့ကို သက်သက်မဲ့ အမြတ်ထုတ်နေတာလား...”
ဆိုင်ရှင် မျက်နှာ ညှိုးသွားသည်။
“ကျုပ်... ကျုပ်က လျှို့ဝှက်လူသားကို မြင်လိုက်ရလို့ စိတ်လှုပ်ရှားပြီး လျှောက်ပြောမိတာပါ...”
လိုင်ကျစ်ချောင်က သူ၏ ရှက်ရွံ့နေသော ပုံစံကို ကြည့်ပြီး စိတ်မရှည်တော့ပေ။
“မစ္စတာယဲ့ လိုချင်တဲ့ ပစ္စည်းတွေ ပြင်ဆင်ပြီးပြီလား...”
“ပြီးပါပြီ... အခုပဲ သွားယူလိုက်ပါ့မယ်...”
ထိုအခါမှ ဆိုင်ရှင် လုပ်စရာရှိတာ သတိရသွားပြီး နောက်ခန်းထဲသို့ အပြေး ဝင်သွားလေ၏။
“အကောင်းဆုံးတွေပဲ လိုချင်တာနော်... အဆင့်နိမ့် ပစ္စည်းတွေနဲ့ မစ္စတာယဲ့ကို ဂျင်းထည့်ရဲရင်... ခင်ဗျားဆိုင်ကို ရိုက်ခွဲပစ်မယ်...”
လိုင်ကျစ်ချောင်က ဆိုင်ရှင်ကို လှမ်းအော်လိုက်ပြီး ယဲ့ဖန်ဘက်သို့ ပြုံးလျက် လှည့်လာသည်။
“မစ္စတာယဲ့... ဒီနေ့ နေ့လည် အားလား... ကျွန်တော် ထမင်းလိုက်ကျွေးချင်လို့...”
“မအားဘူး...”
ယဲ့ဖန် အချိန်မဖြုန်းတော့ဘဲ တိုတိုပြတ်ပြတ် ငြင်းလိုက်သည်။
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... မစ္စတာယဲ့ အလုပ်များမှန်း ကျွန်တော် သိပါတယ်... စကားနည်းနည်း ပြောခွင့်ရတာနဲ့တင် ကျေနပ်ပါပြီ...”
ဒီအချိန်မှာ လိုင်ကျစ်ချောင်က ဦးနှောက်မရှိသည့် ဖန် တစ်ယောက်လို ဖြစ်နေလေ၏။
သူ့နောက်က ပါလာသော လက်ပါးစေ အနည်းငယ်ကတော့ တိတ်တဆိတ် အံ့သြနေကြ၏။
သူတို့ စိတ်ထဲမှာ အစ်ကိုချန်း ဆိုတာ ရန်သူတွေနှင့် တွေ့လျှင် ဘယ်တော့မှ ညှာတာမှု မရှိသည့် ရက်စက်ကြမ်းကြုတ်သူ တစ်ယောက်လေ။
မြေအောက်လောကသားတွေက သူ့ကို 'အရှင်လတ်လတ် ငရဲမင်း' လို့တောင် နာမည်ပေးထားကြတာ။
လူတွေကို ကြောက်လန့်တကြား တုန်လှုပ်စေသည့် ဒီငရဲမင်းကြီးမှာ ဒီလောက် နှိမ့်ချတတ်သော အခြမ်းတစ်ဖက် ရှိနေလိမ့်မည်ဟု ဘယ်သူ ထင်ထားမိမှာလဲ။
ထို့ပြင်၊ မြေကြီးထဲ ဝင်သွားမတတ်ကို နှိမ့်ချနေလေ၏။
အစ်ကိုချန်းကိုတောင် နိုင်စားနိုင်သည့် ယောက်ျားကမှ တကယ့် ယောက်ျားစစ်စစ် ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ဆိုင်ရှင်သည် ပစ္စည်းအထုပ်ကြီး တစ်ထုပ်ကို သယ်ဆောင်လျက် ပြန်ထွက်လာလေ၏။
“မစ္စတာယဲ့... ဒီပစ္စည်းတွေက ကျုပ်ဆိုင်မှာ အကောင်းဆုံးတွေပဲ... တခြားလူတွေ ဘယ်လောက်ပေးပေး ကျုပ် မရောင်းရက်ခဲ့ဘူး...”
ဆိုင်ရှင်က ပစ္စည်းများကို ကြည့်လိုက်၊ ယဲ့ဖန်ကို ကြည့်လိုက်နှင့် မျက်လုံးထဲတွင် နှမြောတသဖြစ်မှုများ ပြည့်နှက်နေလေ၏။
ယဲ့ဖန်က လော်ရန်ဂေါ်ပြား တစ်ချောင်းကို ကောက်ယူလိုက်ပြီး လက်ဖြင့် နှစ်ချက်လောက် ခေါက်ကြည့်လိုက်ရာ သတ္တုသံ တိုးတိုးလေး ထွက်ပေါ်လာသည်။
“အရည်အသွေး တကယ် ကောင်းတာပဲ...ကျွန်တော် ကြိုက်တယ်... ဒီပစ္စည်းတွေ အားလုံးပေါင်း ဘယ်လောက်ကျမလဲ...”
“သူရဲကောင်းအတွက် ဓားကောင်း တစ်လက် လိုတာပေါ့... မစ္စတာယဲ့ ကျုပ်ဆိုင်က ပစ္စည်းတွေကို သုံးပေးတာက ကျုပ်ဆိုင်အတွက် ဂုဏ်ယူစရာပါပဲ... ဘယ်လိုလုပ် ပိုက်ဆံယူရဲမှာလဲ... ဒီပစ္စည်းတွေကို အလကားပဲ ယူသွားပါ...”
ဆိုင်ရှင်က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
သို့သော် ယဲ့ဖန်က ဒီလောက် သေးငယ်သော မျက်နှာသာပေးမှုကို ဘယ်လိုလုပ် လက်ခံနိုင်ပါ့မည်လဲ။
အိတ်ထဲမှ ပိုက်ဆံနှစ်ထပ်၊ ယွမ် နှစ်သောင်းခန့်ကို ထုတ်ယူလိုက်ပြီး သူ့လက်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်လေတော့သည်။