← Chapters

ဦးနှောက်ရှိတဲ့သူနဲ့ မရှိတဲ့သူ

Vol. 76 Ch. 1498

ဦးနှောက်ရှိတဲ့သူနဲ့ မရှိတဲ့သူ

Vol. 76 Ch. 1498

~ဆိုင်ပိုင်ရှင်က ပိုက်ဆံတွေကို မီးခဲကိုင်မိသလိုမျိုး အလန့်တကြား ပြန်တွန်းပေးလေ၏။

“ခင်ဗျားက ကျွန်တော့်ကို ဆဲနေတာလားဗျာ... ခင်ဗျားလို လူသားဆန်း တစ်ယောက်ဆီက ကျွန်တော်က ဘယ်လိုလုပ် ပိုက်ဆံယူရဲမှာလဲ”

ကြည့်ရသည်မှာ လိုက်ကျီချန်းက ယဲ့ဖန်၏ ပရိသတ် ဖြစ်နေပြီး၊ ဤဆိုင်ပိုင်ရှင်ကတော့ ထိုလူသားဆန်း၏ ပရိသတ် ဖြစ်နေပုံ ရ၏။

“ကဲပါ... ငြင်းမနေပါနဲ့တော့၊ ခင်ဗျား ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်မယ်ဆိုရင်... ကျွန်တော့်ရဲ့ ‘တစ္ဆေငါးကောင် သယ်ယူပို့ဆောင်ရေး’ နည်းလမ်းနဲ့ ခင်ဗျားကို မြစ်ထဲ လွှင့်ပစ်လိုက်ရမလား...”

ယဲ့ဖန်က ဒေါသထွက်ချင်ယောင် ဆောင်ကာ ပြောလိုက်ရင်း ယွမ်နှစ်သောင်းကို အတင်းထိုးပေးလိုက်သည်။

ဆိုင်ပိုင်ရှင်မှာ အဆင်မပြေစွာ ပြုံးလျက် ပိုက်ဆံကို မတတ်သာဘဲ လက်ခံလိုက်ရရှာသည်။

“ကျွန်တော် အရင်က ပြောခဲ့တဲ့ ဇာတ်လမ်းတွေက တကယ်တော့ နည်းနည်း ပိုပြောထားတာတွေပါဗျာ... ကိုယ့်ဘာသာကိုယ် အရူးလုပ်မိသလို ဖြစ်သွားလို့ တောင်းပန်ပါတယ်”

“နည်းနည်း ပိုပြောတာ မဟုတ်ပါဘူးဗျာ... အဲဒါက ဒဏ္ဍာရီ ပုံပြင်ပါ... ခင်ဗျားပြောတဲ့ ဂါထာမန္တန်တွေသာ ကျွန်တော် တတ်ရင် ဟိုးအရင်ကတည်းက နတ်ဘုရား ဖြစ်နေလောက်ပြီပေါ့”

ယဲ့ဖန်က ပြုံးစစဖြင့် စနောက်လိုက်သည်။

“ပိုက်ဆံကိုတော့ ကျွန်တော် လက်ခံပါ့မယ်... ဒါပေမဲ့ ဒီလောက်ကြီး မလိုပါဘူးဗျာ၊ ဒီပစ္စည်းကိရိယာတွေကို ကျွန်တော့်ဘာသာ လုပ်ထားတာဆိုတော့ စုစုပေါင်း ကုန်ကျစရိတ်က ယွမ်တစ်သောင်းတောင် မပြည့်ပါဘူး”

ဆိုင်ပိုင်ရှင်က ယွမ်တစ်သောင်းကို ထုတ်ပြီး ယဲ့ဖန်အား ပြန်အမ်းရန် ပြင်လေ၏။

“ယူထားလိုက်ပါ... ခင်ဗျား သတင်းပေးတဲ့အတွက် ဆုချတာလို့ပဲ သဘောထားလိုက်၊ နောက်နောင် ကျရင်လည်း ကျွန်တော့်အတွက် အစွမ်းကုန် ကူညီပေးပါဦး၊ လှုပ်ရှားမှု တစ်စုံတစ်ရာ ရှိတာနဲ့ ဖီးနစ်သုံးကောင်ဂိုဏ်းကို ချက်ချင်း ဆက်သွယ်လိုက်ပါ”

“မစ္စတာယဲ့... စိတ်မပူပါနဲ့၊ ခင်ဗျားအတွက် ကျွန်တော် မျက်ခြည်မပြတ် စောင့်ကြည့်ပေးပါ့မယ်”

ဆိုင်ပိုင်ရှင်က ကပျာကယာ ကတိပေးရှာသည်။

ယဲ့ဖန်လည်း ဘာမှဆက်မပြောတော့ဘဲ ပစ္စည်းကိရိယာများကို ယူကာ ဖူမာကျန်းဝူနှင့်အတူ ထွက်ခွာလာခဲ့တော့သည်။ ဆိုင်ပိုင်ရှင်နှင့် လိုင်ကျစ်ချန်တို့က သူတို့နှစ်ဦးကို တံခါးဝအထိ လိုက်လံပို့ဆောင်ပေးကြ၏။ ကားလေး အဝေးသို့ ရောက်သွားသည့်တိုင်အောင် သူတို့ မျက်တောင်မခတ်တမ်း ငေးကြည့်နေကြဆဲ။

“ဒီ မစ္စတာယဲ့က တကယ့် လူကောင်းပဲနော်... စွမ်းလည်း စွမ်းသလို ခင်မင်ဖို့လည်း ကောင်းလိုက်တာ”

ဆိုင်ပိုင်ရှင်က ငွေစက္ကူ နှစ်အုပ်ကို ကိုင်ထားရင်း သက်ပြင်းမချဘဲ မနေနိုင်တော့။

“ပေါက်ကရတွေ ပြောနေပြန်ပြီ... အဲဒါ ကျုပ်အိုင်ဒေါဗျ၊ ဘယ်လိုလုပ် မကောင်းဘဲ ရှိမလဲ”

လိုင်ကျစ်ချန်၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုတို့ အထင်းသား ပေါ်လွင်နေ၏။ သူ့အိုင်ဒေါလ် အချီးကျူးခံရသည့်အတွက် ကိုယ်တိုင် ဂုဏ်ပြုခံရသလို ခံစားနေရသည်ကိုး။

“နောက်ဆိုရင် မစ္စတာယဲ့က ငါ့အိုင်ဒေါလ်ပဲ... ဒီ အဘိုး အကြောင်း ဘယ်သူမဆို မကောင်းပြောရဲရင် ငါနဲ့ အသေအကြေ ဖြစ်သွားမယ် မှတ်”

“ဘာ... အဘိုး ဟုတ်လား၊ သူက အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတာလေ... ခင်ဗျားကသာ အသက်ကြီးပြီး သေခါနီးနေပြီကို သူ့ကိုများ အဘိုးတဲ့... ခင်ဗျားမှာ မျက်နှာရော ရှိသေးရဲ့လား”

“အဘိုးအို ဆိုတာက ဂုဏ်ပြုခေါ်ဝေါ်တဲ့ အမည်နာမကွ... မစ္စတာယဲ့အပေါ် ထားတဲ့ ငါ့ရဲ့ လေးစားမှုကို ပြတာ”

“ခင်ဗျားက လေးစားမှုကို ပြချင်တယ်ဆိုရင်... ဘာလို့ သူ့ကို အဘိုးလို့ မခေါ်လိုက်တာလဲ”

“မဖြစ်နိုင်ဘူးတော့ မရှိပါဘူး...”

“သောက်ကျိုးနည်း...”

ယဲ့ဖန်တစ်ယောက် အကြောင်းမဲ့သက်သက် အသက်ငါးဆယ်ကျော် မြေး တစ်ယောက် ရလိုက်မှန်းသာ သိလျှင် ညသန်းခေါင်ကြီး လန့်နိုးသွားမည်မှာ အသေအချာပင်။

Hardware ဆိုင်မှ ထွက်လာပြီးနောက် ယဲ့ဖန်သည် ဖူမာကျန်းဝူကို ခေါ်လျက် ဈေးထဲသို့ ဝင်ကာ အရှင်လတ်လတ် ကြက်ဖနှစ်ကောင် ဝယ်လိုက်သည်။ အားချန်ပြောပြချက်အရ သင်္ချိုင်းသူခိုး အများစုသည် မြေအောက်ခန်းထဲရှိ လေထု အခြေအနေကို စမ်းသပ်ရန် ကြက်ဖများကို အသုံးပြုလေ့ရှိသည်ဟု သိရ၏။

ယဲ့ဖန်အနေဖြင့် ထိုနည်းလမ်းက ယုံရမလား၊ မယုံရမလားတော့ မသိ။

သို့သော် ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားတာက မမှားပါဘူးလေ။

ငှားရမ်းထားသော ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ သူသည် ဝယ်လာသော ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် နေ့ဝက်ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်သည်။ စနစ်က သူ့ကို ‘သင်္ချိုင်းဖောက်ထွင်းခြင်း ကျွမ်းကျင်မှု’ ဆုလာဘ် ပေးအပ်ထားသောကြောင့် သူသည် လျင်မြန်စွာပင် တတ်မြောက်သွားပြီး ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခဲ့သည်။

ထိုညတွင် အာသာ၏ ကောင်းကင်ဝံပုလွေအဖွဲ့နှင့် ဖူမာမျိုးနွယ်မှ နင်ဂျာများ ရောက်ရှိလာကြ၏။ ဖုန်းရှောက်ခွန်ကလည်း ဖုန်းဆက်လာပြီး သူသည် လက်ဖြောင့်တပ်သား (Sniper) များကို ရှာဖွေထားပြီးဖြစ်ကြောင်း၊ စုစုပေါင်း လူငါးယောက် ရှိပြီး တစ်ယောက်ချင်းစီတိုင်းက ထိပ်သီးများထဲမှ ထိပ်သီးများ ဖြစ်ကြောင်း သတင်းပါးလာသည်။

ထိုအခါ ယဲ့ဖန်က သူတို့အား လုပ်ငန်းတာဝန်များကို အသီးသီး ခွဲဝေပေးလိုက်သည်။

ပထမဆုံးအနေဖြင့် ကောင်းကင်ဝံပုလွေအဖွဲ့...

သူသည် တရုတ်ရုပ်ရည်ပေါက်သော လေးယောက်ကို ရွေးထုတ်လိုက်ပြီး ရှန်ဘုရင်၏ လျှို့ဝှက်ရတနာသိုက်ထဲသို့ သူ့နောက်မှ လိုက်ပါလာရန်နှင့် ကူညီရန် တာဝန်ပေးလိုက်သည်။ ကျန်လူများကမူ အာသာနှင့်အတူ လိုက်ပါပြီး လျှို့ဝှက်ရတနာသိုက်၏ အပြင်ဘက်တွင် ပုန်းအောင်းကာ လိုအပ်ပါက အချိန်မရွေး ပူးပေါင်းတိုက်ခိုက်ရန် အသင့်ပြင်ထားရမည်။

“အာသာ... စစ်သုံး ဆက်သွယ်ရေးကိရိယာတွေ ပြင်ဆင်ထားပါ၊ ငါတို့ အဆက်အသွယ် မပြတ်စေနဲ့”

သူက အာသာကို နောက်ထပ် အမိန့်တစ်ခု ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

အာသာက တုံ့ဆိုင်းခြင်းမရှိဘဲ အမိန့်ကို နာခံလေ၏။

ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဖူမာမျိုးနွယ်မှ နင်ဂျာများကို တာဝန်ပေးလိုက်သည်။ သူတို့က ရတနာသိုက်ထဲထိ လိုက်လာစရာ မလိုဘဲ အပြင်ဘက်တွင် ကာကွယ်ရေးစည်း ဒုတိယအလွှာအဖြစ် ခြုံခိုစောင့်ဆိုင်းနေရမည် ဖြစ်၏။

ဖုန်းရှောက်ခွန် ရှာပေးထားသော လက်ဖြောင့်တပ်သားများကတော့ တတိယအလွှာ ကာကွယ်ရေးစည်း ဖြစ်ပေလိမ့်မည်။

ဤကာကွယ်ရေး အလွှာသုံးထပ်နှင့်ဆိုလျှင် ယမမင်းကိုယ်တိုင် ဆင်းလာရင်တောင် မုတ်ဆိတ်မွေး နှစ်ပင်လောက်တော့ အနှုတ်ခံလိုက်ရဦးမည် ဖြစ်၏။ အားလုံး စီစဉ်ပြီးသွားသောအခါ ခရီးစဉ်တွင် ပါဝင်မည့်သူများအားလုံးကို ယဲ့ဖန် သတင်းစကား ပါးလိုက်သည်။

စာသားက အလွန်ရိုးရှင်းပါသည်။

“မနက်ဖြန် ညနေ ၆ နာရီခွဲ၊ အဝေးပြေးလမ်းဆုံမှာ တွေ့မယ်”

အားချန်၊ ရွှီကျင်းရှင်းနှင့် လန်ရှင်းယွဲ့တို့အားလုံးက “သိရှိပါပြီ” ဟု ပြန်စာပို့လာကြ၏။

ယဲ့ဖန်သည် ခြံဝင်းအလယ်သို့ လျှောက်သွားပြီး ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိသည်။ ပိုက်ကွန်ကို ဖြန့်ကျက်ထားပြီးပြီ ဖြစ်ရာ ငါးကြီးအချို့ ဖမ်းမိဖို့ဆိုသည်မှာ အချိန်ကိစ္စသာ ဖြစ်တော့သည်။

ဟုတ်ပါသည်... သူ့ရင်ထဲ၌ နက်ရှိုင်းစွာ မျှော်လင့်နေမိသည်မှာ ဤစစ်ဆင်ရေးကြီး အေးအေးချမ်းချမ်း ပြီးဆုံးသွားပြီး စူးစမ်းလေ့လာမှုကို အောင်မြင်စွာ ပြီးမြောက်ချင်ခြင်းသာ ဖြစ်၏။

သို့သော်... သစ်ပင်က ငြိမ်သက်ချင်သော်လည်း လေက မတိုက်ဘဲ မနေနိုင်သည့်နှယ်၊ ဆန္ဒဆိုသည်မှာ ဆန္ဒသာဖြစ်၍ လက်တွေ့ ဖြစ်လာမည်၊ မဖြစ်လာမည်ကိုတော့ သူ ပိုင်စိုးသော ကိစ္စ မဟုတ်ချေ။

နောက်တစ်နေ့ နံနက်တွင် ရွှီကျင်းရှင်းသည် မစောင့်နိုင်တော့သကဲ့သို့ သူ့ခြံဝင်းထဲသို့ ရောက်ချလာသည်။ သူမသည် ပြင်ပထွက် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်အမင်း ထက်မြက်ပုံရ၏။

ကျူးရှောင်ကျောင်းက သူမကို မြင်သောအခါ ပြဿနာရှာလေတော့သည်။

“သူကျတော့ လိုက်သွားလို့ရပြီး ကျွန်မကျတော့ ဘာလို့ မရတာလဲ...”

ယဲ့ဖန်မှာ ဘာမှမတတ်နိုင်သလို ဖြစ်သွားရ၏။

“ငါ မင်းကို ပြောပြီးပြီလေ... မင်းမှာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အရည်အချင်း မရှိဘူး၊ ငါက မင်းကို ကာကွယ်ဖို့အတွက် အာရုံစိုက်နေရမှာ”

“ဒါပေမဲ့ သူလည်း သိုင်းပညာမှ မတတ်တာ... သူ့မှာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အရည်အချင်းမှ မရှိတာ၊ ဘာလို့ သူကျတော့ လိုက်သွားလို့ ရတာလဲ”

ကျူးရှောင်ကျောင်းက မကျေမနပ် ဒေါသထွက်စွာ မေးခွန်းထုတ်သည်။

“ဘာလို့လဲဆိုတော့... သူ့မှာက ဦးနှောက်ပါတယ်လေ၊ မင်းမှာက မပါဘူး...”

ယဲ့ဖန်က စကားတစ်ခွန်းတည်းဖြင့် သူမကို အသေသက်လိုက်လေ၏။

ကျူးရှောင်ကျောင်းခမျာ ဆွံ့အသွားရှာသည်။ ထိုစကားလုံးများက နှလုံးသားကို ဓားနှင့်မွှန်းသကဲ့သို့ နာကျင်ရသော်လည်း အကြောင်းပြချက် ခိုင်လုံနေသလို ရှိသည်။ သူမအနေဖြင့် တစ်ခဏမျှ ဘယ်လို ပြန်ပြောရမှန်းမသိ ဖြစ်သွားရ၏။

ရွှီကျင်းရှင်းသည် ကျူးရှောင်ကျောင်းအဖြစ် ရုပ်ဖျက်ထားသော ဖူမာကျန်းဝူကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ ယဲ့ဖန်သည် သူမကို ဖုံးကွယ်မထားဘဲ သူ့အစီအစဉ်နှင့် ရှိလာနိုင်သော အန္တရာယ်များကို ရှင်းပြလိုက်သည်။

“သေချာ စဉ်းစားနော်... မင်း လိုက်ချင်သေးတယ်ဆိုရင်တော့ အန္တရာယ် များလိမ့်မယ်”

ရွှီကျင်းရှင်းက ခဏမျှသာ စဉ်းစားပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

“ရပါတယ်... စူးစမ်းလေ့လာဖို့ ရွေးချယ်ပြီးကတည်းက ကျွန်မအနေနဲ့ မျှတတဲ့ အန္တရာယ်ကိုတော့ ရင်ဆိုင်ရမှာပေါ့”

သူမက ထိုသို့ပြောလာမှတော့ ယဲ့ဖန်လည်း ဘာမှဆက်မပြောတော့ပေ။

ညနေ ၆ နာရီခန့်တွင် သူတို့သုံးဦးသည် ပစ္စည်းများ သိမ်းဆည်းကာ ချိန်းဆိုထားသော နေရာသို့ အမြန်ထွက်လာကြ၏။ အားချန်နှင့် ကောင်းကင်ဝံပုလွေအဖွဲ့မှ အဖွဲ့ဝင်အချို့သည် အဝေးပြေးလမ်းဆုံတွင် ကြိုတင်ရောက်ရှိ စောင့်ဆိုင်းနေကြပြီ ဖြစ်၏။

“မိန်းကလေး ကျွမ်... ဒီနေ့တော့ တကယ့်ကို လှနေပါလားဗျာ”

ဖူမာကျန်းဝူ ဝတ်ဆင်ထားသော ပြင်ပထွက် ဝတ်စုံကို မြင်လိုက်ရသဖြင့် အားချန်မှာ မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်။

ယဲ့ဖန်က ဖူမာကျန်းဝူအား ကျူးရှောင်ကျောင်းအဖြစ် ဟန်ဆောင်ထားကြောင်း သူ့ကို မပြောပြထားပေ။ ထို့ကြောင့် အားချန်က ကျူးရှောင်ကျောင်း လိုက်ပါလာသည်ဟုသာ ထင်မှတ်နေခြင်း ဖြစ်၏။

ဖူမာကျန်းဝူသည် ယဲ့ဖန်၏ လေ့ကျင့်ပေးမှုကို နှစ်ရက်တိုင်တိုင် ခံယူထားရသူပီပီ ကျူးရှောင်ကျောင်း၏ စရိုက်ထဲသို့ အပြည့်အဝ စီးဝင်နေပြီ ဖြစ်၏။ သူမက ဆံပင်ကို တစ်ချက်ခါလိုက်ပြီး...

“ရှင် ဘာစကားပြောတာလဲ... ‘ဒီနေ့တော့’ ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ၊ ပုံမှန်ဆိုရင် ကျွန်မက မလှဘူးပေါ့... ဟုတ်လား”

အားချန်သည် ကျူးရှောင်ကျောင်းနှင့် သိပ်မရင်းနှီးသဖြင့် ထူးခြားမှုကို သတိမထားမိပေ။ သူက ကပျာကယာ ခေါင်းညိတ်ပြီး တောင်းပန်သလို ပြုံးပြလိုက်သည်။

“ကျွန်တော် စကားမှားသွားပါတယ်ဗျာ... ခင်ဗျားက အမြဲတမ်း လှပါတယ်၊ ဒါပေမဲ့ ဒီနေ့တော့ ပိုပြီး ထူးထူးခြားခြား လှနေတယ်လို့ ပြောတာပါ”

“တော်စမ်းပါ... ပါးစပ်အရသာခံတာ...”

ဖူမာကျန်းဝူက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ဘေးသို့ လျှောက်သွားလေ၏။

ရွှီကျင်းရှင်းက ထိုအဖြစ်အပျက်အားလုံးကို ကြည့်ပြီး အပြုံးပါးပါးလေး တစ်ချက် ပြုံးလိုက်မိသည်။ ယဲ့ဖန်ကတော့ အမြဲတမ်း အသစ်အဆန်းတွေ လုပ်လေ့ရှိသူ... ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းလာတော့မည့် ပုံပင်။

“မစ္စတာယဲ့... လူစုံပြီလားဗျ”

အားချန်က ယဲ့ဖန်အနားသို့ လာကာ မျက်နှာလိုမျက်နှာရ အမူအရာဖြင့် မေးလိုက်လေတော့သည်။

All Chapters