← Chapters

မင်းက ဒီလောက်လှတဲ့ မိန်းကလေး ဖြစ်နေပြီးမှ... ဘာလို့ သူခိုး လာလုပ်ရတာလဲ

Vol. 76 Ch. 1499

မင်းက ဒီလောက်လှတဲ့ မိန်းကလေး ဖြစ်နေပြီးမှ... ဘာလို့ သူခိုး လာလုပ်ရတာလဲ

Vol. 76 Ch. 1499

~“တစ်ယောက် လိုနေသေးတယ်...”

ယဲ့ဖန် နာရီကို ကြည့်လိုက်လေ၏။ ညနေ ၆ နာရီ ၂၀ ရောက်နေပြီ ဖြစ်၏။ ချိန်းထားသည့်အချိန် ပြည့်ဖို့ ၁၀ မိနစ်သာ လိုတော့သည် ဖြစ်သော်လည်း လန်ရှင်းယွဲ့ ရောက်မလာသေးပေ။

'သူ တစ်ခုခုကို ရိပ်မိသွားပြီး မလာရဲတော့တာများလား...'

သို့သော် သူ မှားသွားကြောင်း သိလိုက်ရ၏။ ၆ နာရီခွဲရန် နီးကပ်လာသောအခါ ဂျစ်ကားတစ်စီး အဝေးကနေ မောင်းနှင်လာပြီး သူတို့ရှေ့တွင် ရပ်တန့်လိုက်လေ၏။

လန်ရှင်းယွဲ့သည် အပြာရောင် ခရီးသွား ဝတ်စုံကို ဝတ်ဆင်ထားပြီး ကားပေါ်မှ ခုန်ဆင်းလာသည်။

“တောင်းပန်ပါတယ်... နောက်ဆုံးအချိန်မှ ကိစ္စလေး ပေါ်လာလို့ နည်းနည်း ကြန့်ကြာသွားတယ်... နောက်ကျသွားလား...”

“မကျပါဘူး... ၆ နာရီခွဲ တိတိပါပဲ...”

ယဲ့ဖန် သူမကို ပြုံးပြလိုက်သည်။

ဝန်ခံရမည်ဆိုလျှင် ရုပ်ရည်အသွင်အပြင်အရ လန်ရှင်းယွဲ့သည် ရွှီကျင်းရှင်း၊ ဖူမာကျန်းဝူတို့လို အလှမယ်များနှင့် ယှဉ်လျှင်တောင် အားနည်းခြင်း မရှိပေ။

ယဲ့ဖန် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

'ဒီလောက် လှပတဲ့ မိန်းကလေး တစ်ယောက် ဖြစ်နေပြီးမှ... ဘာလို့များ သူခိုး ဖြစ်ချင်ရတာလဲ...'

“ကဲ... အားလုံးကို မိတ်ဆက်ပေးမယ်...”

ယဲ့ဖန်၏ မိတ်ဆက်ပေးမှုအောက်တွင် အားလုံး အပြန်အလှန် နှုတ်ဆက်ကြ၏။

သို့သော် တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးကြသဖြင့် အခြေအနေက အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်နေလေ၏။

ဖူမာကျန်းဝူအလှည့် ရောက်သောအခါ ယဲ့ဖန် ဘာမှမပြောရသေးခင်မှာပင် သူမက လက်ကို ကမ်းပေးလိုက်လေပြီ။

“မင်္ဂလာပါ... ကျွန်မနာမည်က ကျူးရှောင်ကျောင်းပါ... တွေ့ရတာ ဝမ်းသာပါတယ်...”

လန်ရှင်းယွဲ့ ခဏတာ ကြောင်သွားပြီးမှ ကပျာကယာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ... ကျွန်မနာမည်က လန်ရှင်းယွဲ့ပါ...”

“အစ်မအကြောင်း သိပါတယ်... ယဲ့ဖန်က ခဏခဏ ပြောပြဖူးတယ်... ဘူမိဗေဒပညာရှင်တဲ့... ရုပ်လည်းချော၊ ဉာဏ်လည်းကောင်းတယ် ဆိုပဲ... ဒီနေ့မှ အပြင်မှာ မြင်ဖူးတော့တယ်... အင်း... ကျွန်မလောက်တော့ မလှဘူးပဲနော်...”

ဖူမာကျန်းဝူသည် ကျူးရှောင်ကျောင်း၏ မျက်နှာပြောင်တိုက်တတ်သော အနှစ်သာရကို အပြည့်အဝ ဖော်ထုတ်ပြသလိုက်လေ၏။

တကယ်လို့များ ကျူးရှောင်ကျောင်း အစစ်သာ ဒီနေရာမှာ ရှိနေခဲ့လျှင် “သောက်ကျိုးနည်း...” ဟု အော်ဟစ်မိမှာ သေချာသည်။

လန်ရှင်းယွဲ့သည် သူမ၏ ဆက်ဆံရေး ပုံစံကို သည်းမခံနိုင်တော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဒါတွေက ဘာတွေလဲ...”

လန်ရှင်းယွဲ့က ယဲ့ဖန်၏ ဖောင်းပွနေသော ကျောပိုးအိတ်ကို လက်ညှိုးထိုးပြီး စပ်စုလိုက်သည်။

ယဲ့ဖန်က အိတ်ကို ဖွင့်လိုက်ပြီး ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ပြလိုက်သည်။

“လေပွေဂေါ်ပြား၊ ကျားပျံလက်သည်း၊ ကင်းခြေများ တောင်တက်လှေကား၊ လော်ရန်ဂေါ်ပြား၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး၊ နဂါးရှာ ပေတံ...”

“ပြီးတော့ ကြက်ဖကြီး နှစ်ကောင်လည်း ပါသေးတယ်...”

ဖူမာကျန်းဝူက ကြမ်းပြင်ပေါ် ပစ်ချထားသော ကြက်ဖနှစ်ကောင်ကို ဆွဲမလိုက်ပြီး လန်ရှင်းယွဲ့၏ မျက်နှာရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

လန်ရှင်းယွဲ့ လန့်ဖျပ်သွားသည်။

“ဘာလို့ ဒီပစ္စည်းတွေ ယူလာရတာလဲ...”

ထိုအခါ၊ ဖူမာကျန်းဝူက ချက်ချင်းပင် ဆရာကြီးလေသံ ဖမ်းလေတော့သည်။ ယဲ့ဖန်ဆီက သင်ထားသည့် ပညာတွေကို ထုတ်ကြွားဖို့ အချိန်တန်ပြီ မဟုတ်ပါလော။

“ဒီ လေပွေဂေါ်ပြားက မြေတူးဖို့လေ... ဒီ ကျားပျံလက်သည်းက အဝေးက ပစ္စည်းတွေကို လှမ်းယူဖို့၊ ပြီးတော့ တောင်တက်ရင်လည်း သုံးလို့ရတယ်...”

လန်ရှင်းယွဲ့ နားထောင်လေလေ၊ နားမလည်လေလေ ဖြစ်လာသည်။

“ကျွန်မတို့က သင်္ချိုင်းသွားဖောက်ကြမလို့လား...”

ထိုအခါမှ ယဲ့ဖန်က ဒီခရီးစဉ်၏ ရည်ရွယ်ချက်ကို ဖွင့်ပြောလိုက်သည်။

“မှန်တယ်...ကျွန်တော်တို့က ရတနာသွားရှာကြမလို့... ရှန်ဘုရင်ရဲ့ ရတနာသိုက်လေ...”

“ဒဏ္ဍာရီထဲက ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာ...”

ရွှီကျင်းရှင်း၊ ဖူမာကျန်းဝူ၊ အားချန်နှင့် မိုးကောင်းကင် ဝံပုလွေ အဖွဲ့တို့က ဒီမစ်ရှင်အကြောင်း ကြိုသိပြီးသား ဖြစ်၏။

လန်ရှင်းယွဲ့ကတော့ ဟန်ဆောင်တာလား၊ တကယ်လား မသိ၊ အလွန် အံ့သြသွားပုံ ရ၏။

“ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာ... ကျွန်မတို့က တကယ်ကြီး ရတနာသွားရှာကြမှာလား...”

ယဲ့ဖန် သူမအရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

“ဟုတ်တယ်... ဘာပြဿနာ ရှိလို့လဲ...”

လန်ရှင်းယွဲ့ အခက်တွေ့သွားသည်။

“အဓိကက ဒီသတင်းက အရမ်း ရုတ်တရက် ဖြစ်နေလို့ပါ... ကျွန်မ ထင်ထားတာက သာမန် ရှာဖွေရေး ခရီးစဉ်ပဲလို့လေ... ဒီလို ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး...”

“ရပါတယ်... နောင်တရရင် အခုပဲ နုတ်ထွက်လိုက်လို့ ရတယ်...ကျွန်တော် အတင်း မတိုက်တွန်းပါဘူး...”

ယဲ့ဖန်က လက်ကို ဖြန့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပုံစံ ဖမ်းလိုက်သည်။

“အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး...”

လန်ရှင်းယွဲ့ ခဏတာ စဉ်းစားလိုက်သည်။

“အဓိကက ကျွန်မက ဒီလိုကိစ္စမျိုးတွေ နားမလည်ဘူးလေ... ရှင့်ကို သိပ်ကူညီပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်လို့ပါ...”

“ကျွန်တော် ဖိတ်ခေါ်မှတော့ ခင်ဗျားကို အသုံးချစရာ နေရာ ရှိလို့ပေါ့... ခင်ဗျား စဉ်းစားရမှာက လိုက်မလား မလိုက်ဘူးလား ဆိုတာပဲ...”

“ကျွန်မ... စဉ်းစားဖို့ အချိန်နည်းနည်းလောက် ပေးလို့ရမလား...”

“ရတာပေါ့...”

ယဲ့ဖန် အလျင်မလိုပေ။ လန်ရိုဗာ ကားကို မှီလိုက်ပြီး ဆေးလိပ်သောက်ရင်း သူမ၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် အကဲခတ်နေလိုက်သည်။

လန်ရှင်းယွဲ့ မျက်မှောင်ကြုတ်ပြီး ခဏကြာအောင် စဉ်းစားပြီးနောက် နောက်ဆုံး အဖြေပေးလိုက်သည်။

“ကောင်းပြီလေ... ဒီအထိ ရောက်လာမှတော့... ကြုံသလို ရှင်းရတော့မှာပေါ့... မလိုက်လို့လည်း မဖြစ်တော့ဘူး...”

ယဲ့ဖန် ကျေနပ်စွာ ပြုံးလိုက်သည်။

“ဒါမှပေါ့... ဒီ ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာက လူအများကြီးရဲ့ မက်မောမှုကို ဆွဲဆောင်နေတာ... ခင်ဗျားကော အထဲမှာ ဘာရှိလဲဆိုတာ မသိချင်ဘူးလား...”

“ကျွန်မကတော့ ဒီလိုအရာတွေကို စိတ်မဝင်စားပါဘူး...”

လန်ရှင်းယွဲ့က ဂရုမစိုက်သလို ပုံစံ လုပ်ပြလိုက်သည်။

ယဲ့ဖန် စိတ်ထဲမထား။ လူတိုင်းကို သတိပေးစကား အနည်းငယ် ပြောလိုက်သည်။ အဓိကကတော့ သူ့အမိန့်ကို နာခံဖို့ပင်။

ပြီးတော့ လက်ဝှေ့ယမ်းလိုက်သည်။

“သွားကြစို့...”

အားလုံး ကားပေါ်တက်ပြီး ရည်မှန်းချက်ဆီသို့ ဦးတည်မောင်းနှင်ကြလေ၏။

လန်ရှင်းယွဲ့ ကားပေါ် ပြန်ရောက်သွားချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်စွန်း၌ အပြုံးရေးရေးလေး တစ်ခု ဖြတ်သန်းသွားသည်။

ထိုအပြုံးက မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားသော်လည်း၊ ကားပေါ်ရောက်နေပြီ ဖြစ်သော ယဲ့ဖန်က လှမ်းမြင်လိုက်ရ၏။

သူ့နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်သွားသည်။

'ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာကို စိတ်မဝင်စားဘူး ဆို...'

'အခုကျတော့ ဘာလို့ ဒီလောက် ပျော်နေရတာလဲ...'

သို့သော်၊ သူမ ပျော်တာ စောလွန်းနေသေးသည် ထင်ပါသည်။

ယာဉ်တန်းကြီးသည် တောက်လျှောက် မောင်းနှင်လာခဲ့ပြီး ညမမှောင်ခင်မှာပင် ယဲ့ဖန် ဝယ်ထားသော မြေကွက်လပ်ဆီသို့ ရောက်ရှိလာကြ၏။

အားလုံး ကားပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြပြီး ပတ်ဝန်းကျင်ကို စပ်စုချင်စိတ်ဖြင့် ကြည့်ရှုနေကြ၏။

“ဒါ... ဒါ အရင်တုန်းက ကျွန်မတို့ လာကြည့်ဖူးတဲ့ နေရာ မဟုတ်ဘူးလား...”

လန်ရှင်းယွဲ့ ယဲ့ဖန်ကို အံ့သြတကြီး ကြည့်လိုက်သည်။

ပြီးခဲ့သည့် တစ်ခေါက်က သူတို့ စုစုပေါင်း သုံးနေရာ ရွေးချယ်ခဲ့ပြီး ဒီနေရာက ထိုအထဲက တစ်ခု ဖြစ်၏။

သို့သော်၊ နောက်ဆုံးမှာ ယဲ့ဖန်က သူမကို တားလိုက်သည်။

“ဟုတ်တယ်... ဒီနေရာပဲ... ခင်ဗျား ထင်မထားဘူး မလား...”

ယဲ့ဖန် ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ပြုံးလိုက်သည်။

“ရှင်ပြောတဲ့ ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာက ဒီနေရာမှာ ရှိနေတာလား...”

“မှန်တယ်...”

ဒီအခြေအနေ ရောက်မှတော့ ယဲ့ဖန် ဖုံးကွယ်မနေတော့ဘဲ ခေါင်းညိတ်ဝန်ခံလိုက်သည်။

လန်ရှင်းယွဲ့ သူ့ကို ကြောင်ငေးကြည့်နေမိသည်။ ဘာပြောရမှန်း မသိတော့ပေ။

ရွှီကျင်းရှင်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒီနေရာကြီးက ဒီလောက် ကျယ်တာ... ဝင်ပေါက်ကို ဘယ်လို ရှာကြမလဲ... ဒီမြေကွက်ကြီး တစ်ခုလုံးကို တူးလှန်ပစ်ဖို့တော့ မဖြစ်နိုင်ဘူးမလား...”

ယဲ့ဖန် တိတ်တဆိတ်ဖြင့် ကျောပိုးအိတ်ကို ဖွင့်လိုက်ပြီး နဂါးရှာ ပေတံ ကို ထုတ်ယူလိုက်သည်။

“ဒါဆိုရင် ဒီကိရိယာလေးရဲ့ အကူအညီကို ယူရတော့မှာပေါ့...”

“ဒါကို ဘယ်လို သုံးရတာလဲ...”

ရွှီကျင်းရှင်းက အားချန်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ ဒီအဖွဲ့ထဲမှာ သူက အကျွမ်းကျင်ဆုံး ပညာရှင်ပဲ မဟုတ်ပါလော။

တခြားလူတွေကလည်း အားချန်ကို ဝိုင်းကြည့်ပြီး အဖြေကို စောင့်မျှော်နေကြ၏။

အားချန် အားနာစွာ ရယ်မောလိုက်သည်။

“ကျွန်တော့်ကို လာမကြည့်ကြပါနဲ့... ကျွန်တော်လည်း နားမလည်ဘူး...”

“ရှင်က သူခိုးဘုရင်ပဲ... ဘယ်လိုလုပ် နားမလည်ရတာလဲ...”

ဖူမာကျန်းဝူ ဝင်မေးလိုက်သည်။

“ကျွန်တော်က သူခိုးဘုရင် ဖြစ်တာ မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော်က လူရှင်ဆီကပဲ ခိုးတာ... လူသေဆီက ခိုးတာ မဟုတ်ဘူး...”

အားချန် ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။

“ဘာကွာလို့လဲ...”

လန်ရှင်းယွဲ့၏ လေသံထဲတွင် အထင်သေးမှု အနည်းငယ် ပါဝင်နေ၏။

“အများကြီး ကွာတာပေါ့... အားလုံးက 'ခိုးတာ' ချည်းပဲ ဆိုပေမဲ့... ကျွန်တော်တို့က နေရာကိုပဲ စစ်ဆေးဖို့ လိုတာ... နေရာရှာဖို့အတွက် ဗေဒင်တွက်နေစရာ မလိုဘူးလေ...”

အားချန် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

“ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ...”

အားလုံးက ယဲ့ဖန်ကို ဝိုင်းကြည့်လိုက်ကြ၏။ ဒီမစ်ရှင်ကို စီစဉ်သူက သူပဲဆိုတော့ လိုအပ်သည့် ပြင်ဆင်မှုတွေ သူ လုပ်ထားသင့်သည် မဟုတ်ပါလော။

“စိတ်မပူပါနဲ့... သူ နားမလည်ပေမဲ့... ငါ နားလည်တယ်...”

ယဲ့ဖန်သည် နက်နဲသိမ်မွေ့သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ တကယ့် ဆရာကြီး တစ်ယောက်ရဲ့ အရှိန်အဝါမျိုး ထွက်ပေါ်နေလေ၏။

ပြောပြောဆိုဆိုနှင့် သူက နဂါးရှာ ပေတံကို လူအများရှေ့သို့ မြှောက်ပြလိုက်သည်။

“ကဲ... အားလုံး ကြည့်ထားကြ... အခုလောလောဆယ် ဒီ နဂါးရှာ ပေတံက အိပ်ပျော်နေသေးတယ်... ငါတို့ နောက်တစ်ဆင့် လုပ်ရမှာက သူ့ကို နှိုးဖို့ပဲ...”

အားလုံးက သူ့စကားကြောင့် စိတ်ဝင်စားသွားကြပြီး စပ်စုချင်စိတ်ဖြင့် ကြည့်ရှုနေကြ၏။

ယဲ့ဖန်သည် နဂါးရှာ ပေတံကို သူ့နဖူးပေါ် တင်လိုက်လေ၏။

“အရင်ဆုံး... ငါ့ရဲ့ စိတ်အာရုံနဲ့ နဂါးရှာ ပေတံကို ချိတ်ဆက်ရမယ်... ငါ့ရဲ့ စိတ်စွမ်းအင်တွေကို သူ့ထဲ ဖြည့်သွင်းပြီး ညင်ညင်သာသာလေး ဆင့်ခေါ်ရမယ်... ဟုတ်ပြီ... ဒီလိုမျိုး…”

All Chapters