← Chapters

ခင်ဗျားက တကယ်ကြီး ရတနာရှာတတ်မှန်း မထင်ထားမိဘူး

Vol. 76 Ch. 1500

ခင်ဗျားက တကယ်ကြီး ရတနာရှာတတ်မှန်း မထင်ထားမိဘူး

Vol. 76 Ch. 1500

~ယဲ့ဖန်၏ အသံက အလွန် နူးညံ့သိမ်မွေ့နေသည် ဆိုသော်ငြား၊ ညမှောင်နေသည့်အချိန်မို့ တော်တော်လေးတော့ ကြောက်စရာကောင်းနေလေ၏။

တခြားလူများကမူ သူ့ကို ကြောင်ငေးကြည့်နေကြ၏။ အားချန်တစ်ယောက်သာ ပြုံးစစ လုပ်နေ၏။

သူက သင်္ချိုင်းဖောက်တာ မကျွမ်းကျင်သော်လည်း ယဲ့ဖန် ဂျင်းထည့်နေမှန်းတော့ သိသည်။

စိတ်အာရုံတို့၊ စိတ်စွမ်းအင်တို့၊ ဆင့်ခေါ်ခြင်းတို့ ဆိုသည့် စကားလုံးတွေ သုံးနေသည်က တော်တော် ရယ်စရာကောင်းနေ၏။

သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်လာသည်များက သူ့ကို အံ့သြသွားစေခဲ့သည်။

သူ ထင်ထားသည့်အတိုင်းပင် နဂါးရှာ ပေတံက စတင် လည်ပတ်လာသည်။ နောက်ဆုံးတွင် ညွှန်တံက အနောက်မြောက်ဘက်သို့ ရုတ်တရက် ထိုးပြလိုက်လေ၏။

အားလုံး အံ့သြသွားကြ၏။

တကယ်ကြီး အလုပ်ဖြစ်တာလား။

အားချန်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ သူ ညွှန်တံကို စိုက်ကြည့်ရင်း အသက်ပင် ပြင်းပြင်း မရှူရဲတော့ပေ။

ယဲ့ဖန်က နဂါးရှာ ပေတံကို ကိုင်ပြီး ရှေ့သို့ စတင် လျှောက်လှမ်းလိုက်သည်။ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်ဆိုနေသေးသည်။

“နဂါးရှာ ရွှေခွဲ၊ တောင်တန်းတွေရဲ့ အကွေ့အကောက်ကို ကြည့်... အကွေ့တိုင်းက အဆင့်တစ်ခုပဲ... တံခါးပိတ်ဖို့ ၈၀ ရာခိုင်နှုန်း သေချာရင် ယင်ယန် ရှစ်ကွက် ပုံသဏ္ဍာန် ရှိမှာ မဟုတ်ဘူး...”

အားလုံးက သူတို့၏ ပစ္စည်းကိရိယာများကို ကောက်ကိုင်ပြီး သူ့နောက်သို့ အပြေးလိုက်ပါသွားကြ၏။

တကယ်တော့ ယဲ့ဖန်က ဒီမြေကွက်ထဲ ခြေချလိုက်ကတည်းက စကင်န်ဖတ်စနစ်ကို ဖွင့်ထားပြီးသား ဖြစ်၏။ မြေအောက် အခြေအနေကို လက်ဝါးပေါ် တင်ကြည့်ရသလို သိနေပြီးသား။

ခေတ်နောက်ကျနေသော နဂါးရှာ ပေတံလို ကိရိယာမျိုးကို သုံးပြီး သူက ဘာလို့ သင်္ချိုင်း ရှာနေရမှာလဲ။ ဒါတွေအားလုံးက ဟန်ပြသက်သက်ပါပဲ။

သို့ရာတွင်၊ သူ၏ ဟန်ဆောင်မှုက ရှိသမျှလူ အကုန်လုံးကို မှင်သက်သွားစေခဲ့သည်။ အားချန်တောင် အံ့သြတကြီး ဖြစ်နေရ၏။

မကြာမီ သူတို့အားလုံး အလယ်ဗဟိုရှိ မြေကွက်လပ်တစ်ခုသို့ ရောက်ရှိသွားကြ၏။

ဒီနေရာက အရင်တုန်းက အိမ်တွေ ရှိခဲ့တဲ့နေရာ ဖြစ်ပြီး ယဲ့ဖန်က လူငှားပြီး ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။ သို့ရာတွင်၊ အုတ်ကျိုးအုတ်ပဲ့တွေတော့ ကျန်နေသေးသည်။

“ဝင်ပေါက်က ဒီမှာလား...”

လန်ရှင်းယွဲ့ ယဲ့ဖန်ကို ဇဝေဇဝါ ကြည့်လိုက်သည်။ ယခုချိန်မှာ သူ့ပုံစံက ဗေဒင်ဆရာ တစ်ယောက်လို ဖြစ်နေသဖြင့် သိပ်မယုံချင်ပေ။

ယဲ့ဖန် နဂါးရှာ ပေတံကို သိမ်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်... ဒီနေရာက ဝင်ပေါက်ပဲ...”

ပြီးတော့ မိုးကောင်းကင် ဝံပုလွေ အဖွဲ့ဝင် လေးယောက်ကို လော်ရန်ဂေါ်ပြား တစ်ချောင်းစီ ပေးလိုက်သည်။

“မင်းတို့ ငါ ဝိုင်းပြထားတဲ့ နေရာအတိုင်း တူးကြ...”

ပြောရင်းနှင့် ယဲ့ဖန်က မြေကြီးပေါ်တွင် စက်ဝိုင်း တစ်ခု ဆွဲပြလိုက်သည်။

အဖွဲ့ဝင် လေးယောက်က ဘာမှ မပြောဘဲ လော်ရန်ဂေါ်ပြားများဖြင့် စတင် တူးဆွကြလေတော့သည်။

ရွှီကျင်းရှင်း၊ လန်ရှင်းယွဲ့နှင့် ဖူမာကျန်းဝူတို့ကတော့ စပ်စုချင်စိတ်ဖြင့် ကြည့်နေကြ၏။

ဒီအတိုင်း တူးရုံနဲ့တင် ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာကို ရှာတွေ့နိုင်ပါ့မလား။

ဘာလို့ ကလေးကစားနေသလို ခံစားနေရတာလဲ။

အားချန်တောင် သံသယ ဖြစ်နေမိသည်။

မစ္စတာယဲ့က နေရာတကာ ကျွမ်းကျင်သည့် လူစွမ်းကောင်းဆိုတာ သူ သိသည်။

သိုင်းပညာ၊ လောင်းကစား၊ ကျောက်မျက်ကြည့်၊ ဆေးပညာ... အကုန် ကျွမ်းကျင်သည်။

သို့သော်၊ သင်္ချိုင်းဖောက်တာပါ တတ်လိမ့်မည်ဟုတော့ သူ ထင်မထားခဲ့မိပေ။

ဒါပါ တတ်တယ်ဆိုလျှင်တော့... သူက တကယ့်ကို ဘက်စုံထူးချွန်သောလူသားကြီး ဖြစ်မနေဘူးလား။

ယဲ့ဖန် ဘာမှ ရှင်းမပြဘဲ ဘေးနားမှာ ထိုင်ပြီး ဆေးလိပ်သောက်နေလိုက်သည်။

နာရီဝက်ခန့် ကြာသောအခါ တွင်းက တစ်မီတာကျော်လောက် နက်သွားပြီ ဖြစ်၏။

ထိုအချိန်တွင် အဖွဲ့ဝင်တစ်ယောက်၏ လော်ရန်ဂေါ်ပြားက မာကျောသော အရာတစ်ခုနှင့် ထိမိပြီး 'ဒေါင်' ခနဲ အသံမြည်သွားလေ၏။

စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသော လူအုပ်ကြီးသည် ရုတ်တရက် သတိဝင်သွားကြပြီး တွင်းကြီးထဲသို့ စိုက်ကြည့်လိုက်ကြ၏။

“ဝင်ပေါက် တွေ့ပြီလား...”

အားချန် မေးရိုးပြုတ်ကျမတတ် ဖြစ်သွားသည်။ သူ ဘာမှ ဂရုမစိုက်နိုင်တော့ဘဲ တွင်းထဲသို့ ခုန်ဆင်းလိုက်လေ၏။

ညက မှောင်နေသည့်အပြင် အောက်က မြေသားကလည်း ပျော့နေသဖြင့် ခြေခေါက်ပြီး လဲကျသွားသည်။

သူ ဂရုမစိုက်။ လက်ဖြင့် မြေကြီးများကို ယက်ထုတ်လိုက်သည်။

မြေသားလွှာ ဖယ်ရှားလိုက်သောအခါ အောက်ဘက်ရှိ ကျောက်ပြားကြီး ပေါ်လာလေတော့သည်။

“သေစမ်း... တကယ်ကြီး ရှိနေတာပဲ...”

အားချန် အံ့သြတကြီး လှည့်အော်လိုက်သည်။

“ဝါး... တကယ်ကြီး ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာကို ရှာတွေ့တာလား...”

ဖူမာကျန်းဝူလည်း ပျော်ရွှင်စွာ အော်ဟစ်လိုက်သဖြင့် တိတ်ဆိတ်နေသော လေထုကြီး သက်ဝင်လှုပ်ရှားသွားလေ၏။

ရွှီကျင်းရှင်းက သူမလောက် ပေါ့ပါးသွက်လက်ခြင်း မရှိသော်လည်း ရှားရှားပါးပါး ပြုံးလိုက်မိသည်။

လန်ရှင်းယွဲ့ကတော့ ယဲ့ဖန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေမိသည်။ သူမ၏ မျက်နှာထားက ရှုပ်ထွေးနေ၏။

“ရှင်က တကယ်ကြီး ရတနာရှာတတ်လိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့မိဘူး...”

သူမ၏ စကားက တခြားလူများ၏ ရင်ထဲရှိ စကားကို ကိုယ်စားပြုနေသယောင်။

ယဲ့ဖန် နဂါးရှာ ပေတံကို ကိုင်ပြီး ဟိုဟိုဒီဒီ လုပ်ပြနေတုန်းက သူတို့ စိတ်ထဲမှာ သိပ်မယုံကြည်ခဲ့ကြပေ။

တကယ်ကြီး ရှန်ဘုရင်၏ လျှို့ဝှက်ရတနာ ဝင်ပေါက်ကို ရှာတွေ့လိမ့်မည်ဟု ဘယ်သူ ထင်ထားမိမှာလဲ။

ဒီလူ မတတ်တာကော ရှိသေးရဲ့လား။

ယဲ့ဖန်သည် အားလုံး စိတ်လှုပ်ရှားနေကြသည်ကို မြင်သောအခါ ရေအေးဖြင့် လောင်းချလိုက်သည်။

“သိပ် မပျော်ကြနဲ့ဦး... ဝင်ပေါက်ကို တွေ့ရုံပဲ ရှိသေးတာ... ဝင်လို့ရမယ် မရဘူး ဆိုတာ မသေချာသေးဘူး...”

စိတ်လှုပ်ရှားနေကြသူများအားလုံး ကြောင်အမ်းအမ်းဖြင့် သူ့ကို ကြည့်လိုက်ကြ၏။

အားချန် အပြုံးကို ရပ်တန့်လိုက်ပြီး ကျောက်ပြားပေါ်မှ မြေကြီးများကို ဆက်လက် ရှင်းလင်းလိုက်သည်။

သို့သော် ရှင်းလေလေ၊ ပိုပြီး အံ့သြလေလေ ဖြစ်လာသည်။ ဒီကျောက်ပြားကြီးက သုံးမီတာ ပတ်လည်လောက် ရှိပြီး လူအင်အားနှင့် မ၍ ရမည့် အနေအထား မဟုတ်ပေ။

အားချန်နှင့် အဖွဲ့ဝင်လေးယောက် ဝိုင်း မ ,ကြည့်ကြသော်လည်း ကျောက်ပြားကြီးက တုပ်တုပ်မျှ မလှုပ်ပေ။

“သေစမ်း... ဒီကျောက်ပြားကြီးက လေးလိုက်တာ... လွန်ခဲ့တဲ့ နှစ် ၂၀၀၀ တုန်းက လက်သမားတွေက ဒီလောက်ကြီးတဲ့ ကျောက်ပြားကြီးကို ဘယ်လို လုပ်ခဲ့ကြတာလဲ...”

အားချန် ကျောက်ပြားကြီးကို ကြည့်ပြီး အားလျော့စွာ ထိုင်ချလိုက်မိသည်။

ကျန်လူများလည်း ခေါင်းညိတ် ထောက်ခံကြ၏။

ဒီကျောက်ပြားကြီး၏ မျက်နှာပြင်က အလွန် ချောမွတ်နေပြီး တူးဆွထားသည့် အရာရာ လုံးဝ မရှိပေ။

လက်ရှိခေတ်မီ စက်ကိရိယာတွေနှင့်တောင် ဒီလောက် ချောမွတ်အောင် လုပ်ဖို့ ခက်ခဲလှသည်။

နည်းပညာ ခေတ်မမီသေးသည့် လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က ဘယ်လို လုပ်ခဲ့လဲ ဆိုတာ တကယ်ကို စဉ်းစားရခက်လှပါ၏။

“ကဲ... ညည်းမနေကြနဲ့တော့... ဒီကျောက်ပြားကြီးကို ဘယ်လို ဖွင့်ရမလဲ စဉ်းစားကြ...”

ယဲ့ဖန်က အားလုံးကို ဘိုးဘေးတွေအပေါ် အထင်ကြီးလေးစားနေမှုထဲမှ ဆွဲထုတ်လိုက်ပြီး လက်တွေ့ဘဝကို ပြန်ရောက်အောင် ခေါ်လိုက်သည်။

“ဒီလောက် လေးတဲ့ ကျောက်ပြားကြီးကို လူအင်အားနဲ့ ဖွင့်ဖို့က မဖြစ်နိုင်ဘူး ထင်တယ်... တူးဖော်ရေး စက် ယန္တရားတွေ ခေါ်လိုက်ရင် ကောင်းမလား...”

လန်ရှင်းယွဲ့က အကြံပြုလိုက်သည်။

“မဖြစ်ဘူး... စက်ယန္တရားတွေ ခေါ်လိုက်ရင် လူတွေ သတိထားမိကုန်လိမ့်မယ်... ဒီကိစ္စကို လျှို့ဝှက်ထားလို့ ရတော့မှာ မဟုတ်ဘူး...”

ယဲ့ဖန် မပြောရသေးခင် ရွှီကျင်းရှင်းက ဝင်ပယ်လိုက်သည်။

တခြားလူများလည်း သဘောတူကြ၏။

သူတို့ ဒီအချိန်မှ ခိုးကြောင်ခိုးဝှက် လာကြတာက လူမသိစေချင်၍ မဟုတ်ပါလော။

စက်ယန္တရားတွေသာ ခေါ်လိုက်လျှင် ကျောက်ပြား ပွင့်တာ မပွင့်တာ အထား၊ တစ်ရွာလုံး အုန်းအုန်းကြွက်ကြွက် ဖြစ်ကုန်တော့မည်။

“ဒါဆို... ယမ်းခွဲလိုက်ရင်ရော...”

ဖူမာကျန်းဝူ စကားတစ်ဝက် ပြောပြီးမှ ဒီအကြံက သိပ်မဟန်မှန်း သိလိုက်သဖြင့် လျှာထုတ်လိုက်မိသည်။

“ကျွန်မ လျှောက်ပြောတာပါ...”

ယမ်းခွဲမည် ဆိုလျှင်တော့ စက်ယန္တရားတွေထက်တောင် ပိုပြီး ဆူညံသွားပေလိမ့်မည်။

ပြီးတော့ ဒီလောက် ထူထဲသော ကျောက်ပြားကြီးကို ဖွင့်ဖို့ ယမ်းဘယ်လောက်တောင် သုံးရမလဲ။

နည်းနည်းလေး သုံးလျှင်လည်း မပွင့်၊ များများ သုံးလျှင်လည်း ပတ်ဝန်းကျင်က လူတွေ လန့်ကုန်မည်။

သူတို့အားလုံးက ကိုယ့်နယ်ပယ်မှာ ထိပ်သီးတွေ ဆိုသော်ငြား၊ ဒီကျောက်ပြားကြီး ရှေ့ရောက်တော့ အကြံအိုက်နေကြ၏။

ယဲ့ဖန်လည်း ခေါင်းခဲနေ၏။

သူက စကင်န်ဖတ်စနစ်ကို သုံးပြီး ဝင်ပေါက်ကို ရှာတွေ့ခဲ့သော်လည်း ဝင်သည့် နည်းလမ်းကိုတော့ ရှာမတွေ့ပေ။

ခဏတာ တိတ်ဆိတ်သွားသည်။ အားလုံးက နည်းလမ်းကို စဉ်းစားနေကြပြီး ဘယ်သူမှ စကားမပြောကြ။

“လူတွေ ဒီလောက် အများကြီး ရှိနေတာတောင် ကျောက်ပြားတစ်ချပ်ကို မနိုင်ကြဘူးလား... ဘာ ရှာဖွေရေးလဲ...”

ဖူမာကျန်းဝူက စိတ်မရှည်တော့ဘဲ လက်ထဲမှ လော်ရန်ဂေါ်ပြားဖြင့် ကျောက်ပြားကြီးကို ဒေါသတကြီး ရိုက်ချလိုက်သည်။

“ဒုန်း...”

လော်ရန်ဂေါ်ပြားနှင့် ကျောက်ပြားတို့ ထိခတ်မိပြီး မီးပွားများ လွင့်စဉ်ထွက်လာသည်။

ဖူမာကျန်းဝူက တစ်ချက်တည်းနှင့် အားမရသဖြင့် နောက်တစ်ချက် ထပ်ရိုက်ရန် ပြင်လိုက်သည်။

“နေပါဦး...”

အားချန် ရုတ်တရက် ပြေးသွားပြီး ကျောက်ပြား၏ အစွန်းဘက်ကို စိုးရိမ်တကြီး စိုက်ကြည့်နေ၏။

ထို့နောက် နေရာရွှေ့ပြီး တခြားဘက် အစွန်းကို သေချာ စမ်းသပ်ကြည့်ပြန်သည်။

ပြီးတော့ နောက်တစ်နေရာ...။

အားလုံးက အားချန်ကို စပ်စုချင်စိတ်ဖြင့် ကြည့်နေကြ၏။ သူ ဘာလုပ်နေတာလဲ ဆိုတာ နားမလည်နိုင်ကြပေ။

All Chapters