ရှန်ဘုရင်၏ လျှို့ဝှက်ရတနာသိုက်ကို မမြင်ရဘဲ ငါ ဘယ်တော့မှ မျက်လုံးမှိတ်မှာ မဟုတ်ဘူး
Vol. 76 Ch. 1503
~ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့သည်လည်း ယဲ့ဖန်ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။ သူတို့က ယဲ့ဖန်နှင့် အလွန်ရင်းနှီးသော်လည်း သူက သင်္ချိုင်းဖောက်ထွင်းသည့် အတတ်ပညာတတ်သည်ဟု တစ်ခါမျှ မကြားဖူးပေ။ ဘာကြောင့် ဒီလောက် အတွေ့အကြုံရှိနေရသနည်း။
"ကိုယ့်ဘာသာ လေ့လာထားတာ..."
ယဲ့ဖန်က ဟိုစပ်စပ် သည်စပ်စပ်သာ ပြန်ဖြေလိုက်ပြီး ကြက်ဖဆီသို့ အာရုံပြန်လွှဲလိုက်သည်။
လူတိုင်းက သူ၏အဖြေကို ကျေနပ်ခြင်းမရှိသော်လည်း ဘာမှဆက်မပြောကြဘဲ ကြက်ဖကိုသာ စိုက်ကြည့်နေကြ၏။
"ကွတ်... ကွတ်... ကွတ်..."
ကြက်ဖကြီးက ဆယ်လှမ်းကျော်ခန့် လျှောက်ပြီးပြီ ဖြစ်သော်လည်း ပုံမှန်အတိုင်း သန်သန်စွမ်းစွမ်း လျှောက်နေဆဲပင်။ မည်သည့် ထူးခြားမှုမှ မရှိပေ။
"ကျွန်တော်တို့ စိုးရိမ်လွန်နေကြတာ ထင်ပါရဲ့ဗျာ... ဒီနေရာမှာ ဘာအန္တရာယ်မှ မရှိလောက်ပါဘူး..."
အားချန်က ချက်ချင်းပင် သက်ပြင်းချလိုက်မိသည်။ သို့သော် သူ့စကားဆုံးသည်နှင့် တပြိုင်နက် ကြက်ဖကြီးက ကျောက်ပြားတစ်ချပ်ပေါ်သို့ နင်းမိသွားသည်။
ယုတ္တိနည်းအရ တွေးကြည့်လျှင် ကြက်တစ်ကောင်၏ အလေးချိန်က ပေါင်အနည်းငယ်သာ ရှိပြီး ထည့်တွက်စရာ မလိုလောက်အောင် ပေါ့ပါးလှသည်။ သို့သော် ကြက်ဖက ကျောက်ပြားပေါ် နင်းလိုက်မိသည့်အချိန်မှာပင် တစ်စုံတစ်ခု ဖြစ်ပျက်သွားလေ၏။
ကျောက်ပြားကြီးက ရုတ်တရက် လည်ထွက်သွားပြီး ကြက်ဖကြီးမှာ ချက်ချင်းပင် အောက်သို့ ပြုတ်ကျကာ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ကျောက်ပြားကြီးက ဘာမှမဖြစ်ခဲ့သလို မူလနေရာသို့ ပြန်လည်ရောက်ရှိသွားလေ၏။
ဤမြင်ကွင်းကြောင့် လူတိုင်း ကြောင်အသွားကြ၏။
"သောက်ကျိုးနည်း... ဒါက သိပ်ကြောက်စရာကောင်းလွန်းမနေဘူးလား..."
အားချန်တစ်ယောက် တုန်လှုပ်သွားပြီး ယဲ့ဖန်ကို ကြောင်တောင်တောင် ကြည့်လိုက်မိသည်။
လန်ရှင်းယွဲ့မှာလည်း ကြောက်လန့်လွန်းသဖြင့် သူမ၏ ချောမောသော မျက်နှာလေး ဖြူဖျော့သွားရှာသည်။ အကယ်၍ ယဲ့ဖန်သာ သူမကို ပြန်ဆွဲမထားလျှင် သူမလည်း အောက်သို့ ပြုတ်ကျသွားပေလိမ့်မည်။
"မြင်ကြလား... နေရာတိုင်းမှာ ထောင်ချောက်တွေ ရှိတယ်၊ ကျွန်တော်တို့ သတိမထားရင် ဒီနေရာမှာတင် သေသွားလိမ့်မယ်...ကျွန်တော်တို့ ကိုးယောက် ဝင်လာခဲ့တာ၊ တစ်ယောက်မှ မကျန်ခဲ့ဘဲ ပြန်ထွက်သွားချင်တယ်... နားလည်လား..."
ယဲ့ဖန်က လူတိုင်းကို လေးနက်စွာ ကြည့်လိုက်သည်။
"နားလည်ပါတယ်..."
လူတိုင်းက ပြိုင်တူ ဖြေလိုက်ကြ၏။
စောစောက မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်မှာ ထင်ရှားလှသည်။ အားလုံး၏ မျက်နှာထားများက သိပ်မကောင်းလှပေ။
ယဲ့ဖန်က လေထုကို လျှော့ချရန်အတွက် စကားစလိုက်ရ၏။
"ဒါပေမဲ့ သိပ်လည်း မကြောက်ကြပါနဲ့... လူတိုင်း ကျွန်တော့်အမိန့်ကို နားထောင်သရွေ့တော့ ဘာအန္တရာယ်မှ မရှိစေရဘူးလို့ အာမခံပါတယ်..."
သူ့ကတိစကားကို ကြားရသော်လည်း လူတိုင်း၏ မျက်နှာထားများက နည်းနည်းမှ ကောင်းမလာပေ။
ဒီထောင်ချောက်တွေက သိပ်ကို လျှို့ဝှက်လွန်းသည်။ အမှားတစ်ခု လုပ်မိသည်နှင့် မြေမြှုပ်စရာ နေရာမရှိဘဲ သေသွားနိုင်သည် မဟုတ်ပါလား။
ဒီလို အခြေအနေမျိုးမှာ ဘယ်သူ့အာမခံချက်မှ စိတ်မချရပေ။
"သခင်... ယဲ့ဖန်... ကျွန်မတို့ ပြန်သင့်တယ်လို့ ထင်တယ်၊ ဒီနေရာက အရမ်း ကြောက်စရာကောင်းတယ်... ကျွန်မ အသက်ရှင်လို့ မဝသေးဘူး..."
ဖူမာကျန်းဝူက ပထမဆုံး နောက်ဆုတ်လေ၏။
ယဲ့ဖန် ဘာမှမပြောနိုင်သေးခင်မှာပင် လန်ရှင်းယွဲ့က အရင်ဆုံး ကန့်ကွက်လိုက်သည်။
"ကျွန်မတို့ ဒီအထိ ရောက်နေပြီပဲ... မဝင်ဘဲ ပြန်လှည့်သွားရင် အချိန်ဖြုန်းသလို ဖြစ်မနေဘူးလား..."
ယဲ့ဖန်က သူမကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သည်။
"ခင်ဗျားပဲ ဒီလိုနေရာမျိုးကို စိတ်မဝင်စားဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား..."
လန်ရှင်းယွဲ့၏ မျက်နှာတွင် သဘာဝမကျသော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။ သူမက ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး...
"အရင်တုန်းက စိတ်မဝင်စားပေမဲ့ အခုတော့ ရုတ်တရက် စိတ်ဝင်စားစရာ ကောင်းတယ်လို့ ခံစားမိလာလို့ပါ..."
ယဲ့ဖန် ပြုံးလိုက်သည်။
"ခင်ဗျားက စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်မှတော့... ကျွန်တော်တို့ သွားပြီး လူတိုင်းအတွက် လမ်းရှင်းပေးကြတာပေါ့..."
"ရှင်..."
လန်ရှင်းယွဲ့ ပျာယာခတ်သွားသည်။
"ဒီမှာ ထောင်ချောက်တွေ အများကြီး ရှိတာနော်... မတော်တဆဆိုရင် ကျွန်မတို့ သေသွားလိမ့်မယ်..."
"ခင်ဗျားက ဆက်ပြီး စူးစမ်းချင်တယ်၊ ဒါပေမဲ့ အန္တရာယ်ကိုတော့ ကြောက်တယ်... ဘာသဘောလဲ... သူများကို အသက်နဲ့ရင်းပြီး လမ်းရှင်းခိုင်းမယ်၊ ပြီးမှ ခင်ဗျားက နောက်က လိုက်မယ်ပေါ့... ဟုတ်လား..."
ယဲ့ဖန်က သူမ၏ အတွေးများကို မညှာမတာ ဖွင့်ချလိုက်သည်။
"ကျွန်မ... ကျွန်မ အဲဒီလို မပြောပါဘူး... ကျွန်မ ထင်တာက..."
လန်ရှင်းယွဲ့ ပြောစရာစကားမဲ့သွားရှာသည်။
"စိတ်မပူပါနဲ့...ကျွန်တော့် အမိန့်ကို နာခံသရွေ့တော့ ခင်ဗျားကို ဘာအန္တရာယ်မှ မဖြစ်စေရဘူးလို့ ကျွန်တော် အာမခံပြီးပြီပဲ..."
ယဲ့ဖန်က ပြောပြောဆိုဆို ဥမင်လမ်းကြောင်းကို ညွှန်ပြလိုက်သည်။
"ကြည့်စမ်း... ဒီဥမင်လမ်းကြောင်းမှာ အတန်းလိုက် ကျောက်ပြားသုံးချပ်စီ ရှိတယ်... အဲဒီသုံးချပ်ထဲမှာ အနည်းဆုံး တစ်ချပ်ကတော့ ထောင်ချောက် မပါဘူး...ကျွန်တော်တို့နှစ်ယောက် လက်ချင်းချိတ်ပြီး ဖြည်းဖြည်းချင်း လျှောက်သွားမယ်ဆိုရင် ဘယ်သူပဲ အန္တရာယ်ကြုံကြုံ ကျန်တစ်ယောက်က အမြန်ဆွဲတင်လို့ ရတာပေါ့..."
သူက လန်ရှင်းယွဲ့ကို သူ့အစီအစဉ်အကြောင်း ပြောပြလိုက်သည်။ တကယ်တော့ သူက လန်ရှင်းယွဲ့ကို ရွှီကျင်းရှင်းတို့နှင့်အတူ ထားခဲ့ရမှာ စိတ်မချ၍ ဖြစ်၏။
လက်ရှိအချိန်ထိ သူမ၏ သွင်ပြင်လက္ခဏာက သံသယဖြစ်စရာ ကောင်းနေဆဲပင်။ ဒီလို အချိန်ကိုက်ဗုံး တစ်လုံးကို ကိုယ့်မျက်စိအောက်မှာ ထားမှသာ စိတ်ချရမည်။
သူက ဒီလောက်ထိ ပြောလာမှတော့ လန်ရှင်းယွဲ့လည်း ရှောင်လွှဲလို့မရမှန်း သိလိုက်သဖြင့် မတတ်သာဘဲ ခေါင်းညိတ်လိုက်ရ၏။
"ကောင်းပြီလေ..."
“ခင်ဗျားက ရှေ့ကသွား...ခင်ဗျားရဲ့ လုံခြုံရေးအတွက် ကျွန်တော်က နောက်ကနေ ထိန်းပေးထားမယ်... ခင်ဗျားက ခြေထောက်နဲ့ ဖွဖွလေး စမ်းပေးရုံပဲ…”
ယဲ့ဖန်က သူမလက်ကို ဆွဲကိုင်ရင်း ဘယ်လိုစမ်းသပ်ရမလဲဆိုတာ သင်ပေးလိုက်သည်။
လန်ရှင်းယွဲ့က စိတ်ရှည်လက်ရှည် နားထောင်ပြီး သဘောတူလိုက်ရ၏။ သူတို့နှစ်ယောက် လက်ချင်းချိတ်ကာ ဥမင်လမ်းကြောင်းထဲ ဝင်ရန် ပြင်လိုက်ကြ၏။
"ယဲ့ဖန်... သတိထားနော်..."
ရွှီကျင်းရှင်းက စိတ်ပူစွာ သတိပေးလိုက်သည်။
"စိတ်မပူပါနဲ့... ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်ကို မမြင်ရဘဲ ငါ ဘယ်တော့မှ မျက်လုံးမှိတ်မှာ မဟုတ်ဘူး..."
ယဲ့ဖန်က နောက်သို့ လှည့်ကြည့်ကာ စနောက်လိုက်သည်။
"ဘာ... မျက်လုံးမှိတ်တယ် ဟုတ်လား... ရှင် ဘာတွေ လျှောက်ပြောနေတာလဲ..."
ဖူမာကျန်းဝူက မကျေမနပ်ဖြင့် ဆူပူလိုက်သည်။
"မင်းက တော်တော် အယူသည်းတာပဲ... စိတ်မပူပါနဲ့၊ ငါ ဘာမှမဖြစ်ပါဘူး..."
ယဲ့ဖန်က သူတို့ကို စိတ်ချစေရန် ပြုံးပြလိုက်ပြီးနောက် လန်ရှင်းယွဲ့နှင့်အတူ ရှေ့သို့ လျှောက်သွားလိုက်သည်။
လန်ရှင်းယွဲ့က ပထမဆုံး အတန်းရှိ ကျောက်ပြားသုံးချပ်ကို ခြေထောက်ဖြင့် စမ်းသပ်လိုက်သည်။ ဘယ်ဘက်နှင့် ညာဘက် ကျောက်ပြားများတွင် လည်ထွက်သွားသည့် ယန္တရားရှိနေပြီး အလယ်က ကျောက်ပြားတစ်ခုသာ ခိုင်ခံ့သည်။
သူတို့နှစ်ယောက် ကျောက်ပြားပေါ်သို့ တပြိုင်နက် နင်းလိုက်ကြ၏။ ထုံးကျောက်ပြားသည် အလျား ၈၀ စင်တီမီတာခန့်နှင့် အနံ ၅၀ စင်တီမီတာခန့် ရှိသည်။ လူနှစ်ယောက် ပူးကပ်ရပ်လျှင် ဆံ့သော်လည်း အကွာအဝေးက အလွန်နီးကပ်နေ၏။ တစ်ယောက်၏ ကိုယ်ငွေ့ကို တစ်ယောက် ခံစားမိသည်အထိပင်။
လန်ရှင်းယွဲ့က အနည်းငယ် နေရခက်လာသဖြင့် ကိုယ်ကို လိမ်လိုက်မိသည်။
"မလှုပ်နဲ့... မင်းတင်ပါးက ဘယ်လောက်ကြီးလဲ ဆိုတာ ကိုယ့်ဘာသာ မသိဘူးလား... ကျွန်တော့်ကို ထောင်ချောက်ထဲ တွန်းချမလို့လား..."
ယဲ့ဖန်က မနေနိုင်ဘဲ ဆူပူလိုက်သည်။
လန်ရှင်းယွဲ့၏ ချောမောသော မျက်နှာလေး ချက်ချင်း ရဲခနဲ ဖြစ်သွားသည်။ အကယ်၍ အပြင်ဘက်မှာသာ ဒီလိုမျိုး အစခံရလျှင် သူမ သေချာပေါက် ရန်ဖြစ်မိမှာ အသေအချာပင်။
သို့ရာတွင်၊ အခုတော့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်မို့ သူမ ဂရုမစိုက်နိုင်တော့။ ဒုတိယအတန်းရှိ ကျောက်စိမ်းပြားများကို ဆက်လက် စမ်းသပ်လိုက်သည်။ ဒီတစ်ခါတော့ ဘယ်ဘက်နှင့် အလယ်က ကျောက်ပြားနှစ်ချပ်တွင် ထောင်ချောက်များ ရှိနေပြီး ညာဘက်က ကျောက်ပြားသာ ခိုင်ခံ့သည်။
သူတို့နှစ်ယောက် ကျောက်ပြားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ခုန်ကူးလိုက်ကြ၏။
ထိုနည်းအတိုင်း သူတို့နှစ်ယောက် ဆက်လက် စမ်းသပ်သွားကြရာ မကြာမီပင် ကြက်ဖ ပြုတ်ကျသွားသော နေရာသို့ ရောက်ရှိလာကြ၏။ ကြက်ဖကြီးက သူ့အသက်နှင့်ရင်းပြီး အဖြေမှားတစ်ခုကို ဖယ်ရှားပေးသွားခဲ့ပြီ ဖြစ်လေ၏။ သူတို့အနေဖြင့် ဒီကျောက်ပြားကို စမ်းသပ်စရာ မလိုတော့။ ကျန်သော ကျောက်ပြားနှစ်ချပ်ထဲမှ အဖြေမှား တစ်ခုကိုသာ ဖယ်ရှားရန် လိုတော့သည်။
ရွှီကျင်းရှင်း၊ ဖူမာကျန်းဝူ၊ အားချန်နှင့် ကျန်သူများမှာ သူတို့နှစ်ယောက်အတွက် ချွေးပြန်နေကြ၏။ သူတို့၏ မျက်နှာထားများက လမ်းပြသူနှစ်ယောက်ထက်ပင် ပို၍ လေးနက်နေသေးသည်။
ကံကောင်းစွာပင် လမ်းတစ်လျှောက်လုံး မည်သည့်အန္တရာယ်မှ မရှိခဲ့ပေ။ ဤဥမင်လမ်းကြောင်းသည် မီတာနှစ်ဆယ်ခန့် ရှည်လျားပြီး ယဲ့ဖန်နှင့် လန်ရှင်းယွဲ့တို့ အတွေ့အကြုံ ရလာသည်နှင့်အမျှ ပိုမိုမြန်ဆန်စွာ လျှောက်လှမ်းနိုင်လာကြ၏။
မကြာမီ သူတို့ အဆုံးသတ်သို့ ရောက်ရှိလာကြ၏။
သို့သော် နောက်ဆုံးအတန်းရှိ ကျောက်ပြားများက အခြားကျောက်ပြားများထက် အနည်းငယ် ပိုကြီးနေ၏။ အနည်းဆုံး အကျယ် နှစ်မီတာခန့် ရှိပြီး တစ်လှမ်းတည်းနှင့် ဖြတ်ကျော်ရန် ခက်ခဲလှသည်။
လန်ရှင်းယွဲ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ ကျောက်ပြားများကို ဆက်လက် စမ်းသပ်ရတော့သည်။ ဘယ်ဘက်နှင့် အလယ်က ကျောက်ပြားနှစ်ချပ်ကို ခြေဖျားဖြင့် ဖွဖွလေး ထိလိုက်ရုံဖြင့် ယိမ်းခါသွားကြ၏။ လည်ထွက်သွားသည့် ယန္တရား ရှိနေသည်မှာ ထင်ရှားလှသည်။
လန်ရှင်းယွဲ့ ပြုံးလိုက်သည်။ သူမ၏ ယခင်အတွေ့အကြုံအရဆိုလျှင် ညာဘက်က ကျောက်ပြားက ခိုင်ခံ့ရမည်။
ထို့ကြောင့် သူမသည် ဆက်လက် စမ်းသပ်မနေတော့ဘဲ ချက်ချင်းပင် နင်းချလိုက်လေတော့သည်။