ဟန်ဆောင်နေလိုက်... ဆက်ပြီး ဟန်ဆောင်နေလိုက်
Vol. 76 Ch. 1504
~“သတိထား...”
သူမ ခြေလှမ်းလိုက်သည့် အချိန်မှာပင် ယဲ့ဖန်သည် အန္တရာယ်ကို အာရုံခံလိုက်မိသော်လည်း နောက်ကျသွားခဲ့ချေပြီ။
လန်ရှင်းယွဲ့က နင်းမိသွားခဲ့လေပြီ။
ကျောက်ပြားကြီးသည် ချက်ချင်းပင် အောက်သို့ လည်ထွက်သွားပြီး သူမ၏ ခန္ဓာကိုယ်ကလည်း လျင်မြန်စွာ ပြုတ်ကျသွားလေတော့သည်။
“အာ...”
လန်ရှင်းယွဲ့ အော်ဟစ်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့။
ယဲ့ဖန်မှာလည်း အငိုက်မိသွားပြီး သူမ ပြုတ်ကျသွားသည့်အရှိန်ကြောင့် ရှေ့သို့ ပါသွားကာ အတူပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ကံကောင်းစွာပင် နောက်ဆုံးအချိန်၌ သူ၏ခြေထောက်အောက်ရှိ ခွန်အားများကို ပေါက်ကွဲထုတ်လိုက်ပြီး ကျောက်ပြားပေါ်တွင် မြဲမြံစွာ ရပ်တန့်လိုက်နိုင်လေ၏။
တဆက်တည်းမှာပင် သူ၏လက်ကောက်ဝတ်ကို အားကုန်သုံးကာ လန်ရှင်းယွဲ့ကို အပေါ်သို့ ဆွဲတင်လိုက်နိုင်လေ၏။ လန်ရှင်းယွဲ့ သက်ပြင်းချလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
တွင်းအောက်ခြေတွင် ထက်ရှသော ဓားသွားများဖြင့် ပြည့်နှက်နေ၏။ ပြုတ်ကျသွားသည်နှင့် သေချာပေါက် အသက်ပါသွားမည့် အခြေအနေပင်။
ထိုဓားသွားများကို မြင်လိုက်ရသောအခါ သူမ၏ ဦးရေပြားများပင် ထုံကျဉ်သွားသလို ခံစားလိုက်ရ၏။ အကယ်၍ ယဲ့ဖန်သာ သူမကို ဆွဲမထားလျှင် သူမသည် အလောင်းကောင် ဖြစ်သွားလောက်ပြီ။
“ခင်ဗျား... အဆင်ပြေရဲ့လား...”
ယဲ့ဖန်က လန်ရှင်းယွဲ့ကို ဆွဲတင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“ကျွန်မ... ကျွန်မ ဘာမှမဖြစ်... ရပါတယ်...”
လန်ရှင်းယွဲ့၏ ချောမောသော မျက်နှာလေးမှာ ကြောက်လန့်လွန်း၍ ဖြူဖျော့နေပြီး ခန္ဓာကိုယ်လေးမှာလည်း တုန်ယင်နေဆဲ။ သူမ တကယ် ကြောက်လန့်နေသည်မှာ ထင်ရှားလှသည်။ သူမ၏ လက်နှစ်ဖက်စလုံးက ယဲ့ဖန်ကို အသက်ကယ်ကောက်ရိုးတစ်မျှင်အလား တင်းကြပ်စွာ ဆုပ်ကိုင်ထားလေ၏။
ယဲ့ဖန်က သူမကို ကြည့်လိုက်သောအခါ ကြောက်လန့်နေသော ကလေးမလေး တစ်ယောက်၏ ပုံစံအတိုင်းပင်။
လန်ရှင်းယွဲ့ တကယ် ကြောက်လန့်နေတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလားဆိုတာ သူခဏတာ ဝေခွဲမရ ဖြစ်သွားသည်။ စောစောကများ သူ့ကိုပါ အတူတူ သေသွားအောင် တမင်တကာ ထောင်ချောက်ကို နင်းလိုက်တာများလားဟုပင် သံသယဝင်မိသည်။
ထိုသို့ တွေးမိသည်က အနည်းငယ် အကျိုးသင့်အကြောင်းသင့် မရှိလှသော်လည်း၊ ရန်သူ၏ ရည်ရွယ်ချက်ကို အဆိုးဆုံးဘက်မှ တွေးတောရာတွင် သူသည် ဘယ်သောအခါမှ တွန့်တိုလေ့ မရှိပေ။
ထိုလျှို့ဝှက်ဂိုဏ်း၏ ရူးသွပ်မှုနှင့်ဆိုလျှင် သူ့ကို သုတ်သင်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲပေလိမ့်မည်။ သူ သတိထားမှ ဖြစ်မည်။
တချိန်တည်းမှာပင် ရွှီကျင်းရှင်းနှင့် ကျန်သူများမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်လေတော့သည်။ စောစောက သူတို့၏ နှလုံးသားများ လည်ချောင်းဝ ရောက်လာမတတ် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သူတို့ ထင်လိုက်သည်က ယဲ့ဖန်ပါ အတူတူ ပြုတ်ကျသွားပြီဟု ထင်မှတ်ခဲ့ကြ၏။
သူတို့က လန်ရှင်းယွဲ့ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဂရုမစိုက်ကြပေ။ သူတို့ ဂရုစိုက်သည်က ယဲ့ဖန်၏ ဘေးကင်းရေးကိုသာ ဖြစ်၏။
ကံကောင်းစွာပင် နောက်ဆုံး၌ အထိတ်တလန့် ဖြစ်ခဲ့ရုံသာ။
“ယဲ့ဖန်... သတိထားနော်၊ မလုပ်နိုင်ရင် ပြန်ဆုတ်ခဲ့လိုက်...”
ဖူမာကျန်းဝူက ယဲ့ဖန်ကို ကပျာကယာ လှမ်းအော်လိုက်သည်။ သူမ၏ အသံများပင် တုန်ယင်နေ၏။
ယဲ့ဖန်က နောက်သို့ လှည့်ကြည့်ကာ လက်ပြလိုက်သည်။
“စိတ်မပူပါနဲ့... အဆင်ပြေပါတယ်...”
ထို့နောက် သူသည် ရှေ့မှ ကျောက်ပြားများကို ပြန်ကြည့်ကာ မချီးကျူးဘဲ မနေနိုင်တော့။
“ဒီထောင်ချောက်ကို ဒီဇိုင်းဆွဲတဲ့လူက ပါရမီရှင်ပဲ... လူတွေရဲ့ ပေါ့ဆတတ်တဲ့ စိတ်ကို အခွင့်ကောင်းယူပြီး နောက်ဆုံးကျောက်ပြားတန်းမှာ ထောင်ချောက်တွေချည်း ထည့်ထားတယ်...”
လန်ရှင်းယွဲ့က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... ကျွန်မက အကျင့်ပါနေပြီး ရှေ့က ကျောက်ပြားသုံးချပ်ထဲမှာ တစ်ချပ်ကတော့ ခိုင်မယ်လို့ပဲ တွေးလိုက်မိတာ... သိပ်မစဉ်းစားမိလိုက်ဘူး၊ ရှင်သာ မရှိရင် ကျွန်မ သေသွားလောက်ပြီ...”
သူမက ထိုသို့ပြောလိုက်သောအခါ သူမ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ယဲ့ဖန်ကို ကြည့်နေမိသည်။
“သေသွားလောက်ပြီ မဟုတ်ဘူး... သေမှာ... မင်းကိုယ်မင်း သံမဏိကိုယ် ရှိတယ်လို့ ထင်နေတာလား၊ အောက်ပြုတ်ကျသွားရင် အသက်ရှင်မယ် ထင်လို့လား...”
ယဲ့ဖန်၏ လေသံထဲတွင် အပြစ်တင်မှုများ ပြည့်နှက်နေ၏။ သို့သော် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် လန်ရှင်းယွဲ့သည် ထိုအပြစ်တင်သံကို နှစ်သက်နေမိသည်။ သူမက အနည်းနှင့်အများတော့ အဆူပူခံရတာ ကြိုက်သည့်ပုံပင်။
“ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ...ကျွန်တော်က ကယ်လိုက်လို့ ခင်ဗျား.. ကျွန်တော့်ကို ချစ်သွားပြီလို့တော့ မပြောနဲ့နော်...”
ယဲ့ဖန်က သူမ စိုက်ကြည့်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ စနောက်လိုက်သည်။
လန်ရှင်းယွဲ့ ကပျာကယာ အကြည့်လွှဲလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
“နောက်ဆုံးအတန်းက ထောင်ချောက်တွေချည်းပဲဆိုရင်... ကျွန်မတို့ ဘယ်လို ကျော်သွားမလဲ...”
ယဲ့ဖန် သက်ပြင်းချလိုက်သည်။
“ဘာတတ်နိုင်မှာလဲ... ခုန်ကျော်ရုံပဲ ရှိတာပေါ့...”
“အဲဒီ ကျောက်ပြားက အနည်းဆုံး နှစ်မီတာလောက် ရှိတယ်နော်... ခုန်ကျော်ဖို့ လွယ်ပါ့မလား...”
လန်ရှင်းယွဲ့ စကားမဆုံးခင်မှာပင် ယဲ့ဖန်က နှစ်မီတာအကျယ်ရှိသော ကျောက်ပြားကို ခုန်ကျော်လိုက်ပြီး တစ်ဖက်ကမ်းရှိ ကျောက်စင်မြင့်ပေါ်သို့ ရောက်ရှိသွားလေ၏။
“ကျွန်တော် ရောက်နေပြီလေ... လာခဲ့...”
ယဲ့ဖန်က တစ်ဖက်ကမ်းမှ ပြုံးလျက် လက်လှမ်းပြလိုက်သည်။
လန်ရှင်းယွဲ့ ခါးသက်သက် ပြုံးလိုက်မိသည်။
“ကျွန်မ ခုန်ကျော်နိုင်မယ် မထင်ဘူး...”
“ကောင်းပြီလေ... ခင်ဗျားကို လာခေါ်မယ်...”
ယဲ့ဖန် ပြောပြီးသည်နှင့် သူမ ရပ်နေသော ကျောက်ပြားပေါ်သို့ ပြန်ခုန်ကူးလိုက်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဤမျှ အကွာအဝေးကို ခုန်ကူးလိုက်ပါက ခန္ဓာကိုယ်သည် အရှိန်ကြောင့် ရှေ့သို့ ယိုင်သွားမည်မှာ အသေအချာပင်။ သို့သော် ယဲ့ဖန်၏ ခြေထောက်များကမူ ကျောက်ပြားပေါ်တွင် သံမှိုစွဲထားသကဲ့သို့ နည်းနည်းလေးမှ မရွေ့မလျား။
လန်ရှင်းယွဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားရှာသည်။
“ရှင့်ခန္ဓာကိုယ်ဖွဲ့စည်းပုံက တော်တော် ထူးခြားတာပဲနော်...”
“ဘာမှ မဟုတ်ပါဘူး... ခြေထောက်ရှိရင် ရတာပဲ...”
ယဲ့ဖန်က နှိမ့်ချစွာ ပြောလိုက်ပြီး သူမဘက်သို့ ကျောပေးလိုက်သည်။
“တက်ခဲ့...”
“ရှင်...”
လန်ရှင်းယွဲ့ သူဆိုလိုသည်ကို နားမလည်ပေ။
“ကျွန်တော့်ကျောပေါ် တက်လိုက်... ကျွန်တော်..ခင်ဗျားကို ကုန်းပိုးပြီး ခုန်မယ်...”
“ဒါ... လူတစ်ယောက်ကို ကုန်းပိုးပြီး ခုန်လို့ ရပါ့မလား...”
လန်ရှင်းယွဲ့ တုံ့ဆိုင်းနေမိသည်။ လူတစ်ယောက်ကို ကုန်းပိုးပြီး နှစ်မီတာလောက် ခုန်မယ်ဆိုတာ နည်းနည်းတော့ ပိုလွန်းမနေဘူးလား။
“စမ်းကြည့်တာပေါ့... အလွန်ဆုံးရှိလှ အတူတူ ပြုတ်ကျပြီး သေသွားရုံပေါ့...”
ယဲ့ဖန်က ဒီအချိန်မှာတောင် ဟာသလုပ်ဖို့ မမေ့ပေ။ သို့သော် လန်ရှင်းယွဲ့မှာမူ လုံးဝ မရယ်နိုင်ရှာ။ သူမက ထိုနေရာမှာပင် တွေဝေနေမိဆဲ။
“မြန်မြန်လုပ်... ဟိုမှာ နောက်ကလူတွေ စောင့်နေကြတယ်၊ အချိန်မဖြုန်းနဲ့...”
ယဲ့ဖန်က မတတ်သာသည့်အဆုံး တိုက်တွန်းလိုက်ရ၏။
လန်ရှင်းယွဲ့လည်း ရွေးချယ်စရာ မရှိတော့ဘဲ သူ့ကျောပေါ်သို့ တက်လိုက်ရတော့သည်။
“အာ...”
ယဲ့ဖန်က တမင်တကာ ခြေချော်သလို ဟန်ဆောင်လိုက်သဖြင့် လန်ရှင်းယွဲ့မှာ ထပ်မံ အော်ဟစ်လိုက်မိပြန်သည်။ သူမ အော်ဟစ်နေစဉ်မှာပင် ယဲ့ဖန်က တစ်ဖက်သို့ ခုန်ကျော်ပြီးသွားလေပြီ။
မြေပြင်ပေါ်သို့ ရောက်သောအခါ သူမမှာ လန့်နေဆဲပင်။ သူမက ယဲ့ဖန်ကို ဒေါသတကြီး ရိုက်လိုက်ပြီး...
“ရှင် ကျွန်မကို သေအောင် လှန့်နေတာလား...”
ယဲ့ဖန်က သူမ၏ ထိတ်လန့်နေသော အမူအရာကို မြင်သော်လည်း စိတ်ထဲတွင်မူ မဲ့ပြုံးပြုံးလိုက်သည်။
ဆက်ပြီး ဟန်ဆောင်နေလိုက်...
မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသည့် လူတစ်ယောက်အနေနှင့် ဒီလောက် ကျောက်ပြားလောက်ကို ခုန်ကျော်ဖို့ဆိုတာ အလွယ်လေး မဟုတ်ဘူးလား။ ဘာကိစ္စနဲ့ ဒီလောက်တောင် ကြောက်နေရတာလဲ။
အတိုချုပ်ပြောရရင် လန်ရှင်းယွဲ့၏ လက်ရှိအပြုအမူများအားလုံးက သူ့မျက်လုံးထဲတွင် ဟန်ဆောင်မှုသက်သက်သာ ဖြစ်နေ၏။
သူတို့နှစ်ဦး ဥမင်လမ်းကြောင်းကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် နောက်မှလူများအတွက် လမ်းရှင်းပေးလိုက်ကြ၏။ ရွှီကျင်းရှင်းနှင့် ကျန်သူများလည်း ဥမင်လမ်းကြောင်းကို စတင် ဖြတ်သန်းလာကြ၏။
နောက်ဆုံးကျောက်ပြားသို့ ရောက်သောအခါ အားချန်နှင့် ကောင်းကင်ဝံပုလွေအဖွဲ့သား လေးယောက်က အိတ်များကို ဟိုဘက်ကမ်းသို့ ပစ်လိုက်ပြီး လွယ်ကူစွာ ခုန်ကူးလိုက်ကြ၏။
သို့သော် ရွှီကျင်းရှင်းနှင့် ဖူမာကျန်းဝူတို့မှာမူ ထိုနေရာတွင် ပိတ်မိနေကြ၏။
တကယ်တော့ ဖူမာကျန်းဝူအနေဖြင့် လွယ်လွယ်ကူကူ ခုန်ကျော်နိုင်သော်လည်း ကျူးရှောင်ကျောင်းအဖြစ် ဟန်ဆောင်ထားရသဖြင့် အားနွဲ့သလို ဟန်ဆောင်နေရရှာသည်။
ယဲ့ဖန်မှာ မတတ်သာသည့်အဆုံး သူတို့ကို သယ်ယူပို့ဆောင်ပေးရသည့် တာဝန်ကို ယူလိုက်ရပြီး မိန်းကလေး နှစ်ယောက်ကို ပျံသန်းရသည့် အရသာကို ပေးစွမ်းလိုက်လေ၏။
“ဥမင်ထဲ ဝင်ရတာ ဒီလောက် ကြောက်စရာကောင်းမယ်လို့ ထင်မထားဘူး... ဒီနောက်မှာ ထောင်ချောက်တွေ ဘယ်လောက်တောင် ရှိနေမလဲ မသိနိုင်ဘူး...”
အားချန်က သူတို့လျှောက်လာခဲ့သော လမ်းကို ပြန်ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်တော့။
“ကံကောင်းလို့ လူတိုင်း ဘေးကင်းကင်းနဲ့ ရောက်လာကြတာ...ကျွန်တော်တို့ သတိထားသရွေ့တော့ ဘာပြဿနာမှ မရှိလောက်ပါဘူး...”
ယဲ့ဖန် ကိုယ်တိုင်လည်း အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်သလို ဟန်ဆောင်နေရ၏။ သူက ဒီစူးစမ်းလေ့လာရေးအဖွဲ့ရဲ့ ကျောရိုးလေ... သူတောင် တုန်လှုပ်နေရင် ကျန်တဲ့လူတွေ ဘယ်လိုလုပ် စိတ်ချရမလဲ။
“ဟုတ်ပါတယ်... မစ္စတာယဲ့ နောက်ကို လိုက်သရွေ့တော့ ဘယ်သူမှ အန္တရာယ်မဖြစ်ပါဘူး...”
အားချန်ကတော့ သူ့ကို ဖားဖို့ အခွင့်အရေး အမြဲချောင်းနေတတ်သူ ပီသပါပေသည်။