အခန်း (၇၂၇-၇၂၉)
Vol. 61 Ch. 727-729
အခန်း ၇၂၇ -
ဆရာနှင့်တပည့် ... ။
လမ်းတစ်လျှောက် ကြောက်မက်ဖွယ် ကောင်းသောဝိညာဉ်ဆိုးများနှင့် သေလွန်သူများ လှည့်လည်သွားလာနေသည်များကို ရှောင်တိမ်းလာခဲ့ကြ၏။
ထိုသေလွန်သူများသည် ထူးဆန်းသော ပုံသဏ္ဍာန်များရှိနေပြီး တစ်ကောင်ချင်းစီတွင် ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
အားအနည်းဆုံးသူများသည်ပင် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ယှဉ်နိုင်၏။ အားကြီးသူအချို့သည် ရွှမ်ကျောက် ဧကရာဇ်အဆင့် ဖြစ်သည်။
ဤအချက်က အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေကိုးခုအနက် တစ်ခုဖြစ်သည့် မြေအောက်ကမ္ဘာမြို့သည် မည်မျှကြောက်စရာ ကောင်းသည်ကို နက်ရှိုင်းစွာ သဘောပေါက်စေသည်။
ယွမ်လင်းနင်အနေဖြင့် ဤအန္တရာယ်ကိုမယူဝံချေ။ သို့သော် စုရီနှင့် အတူ လိုက်ပါလာသောအခါ သေလွန်သူများ ကြောက်ရွံ့ကုန်ပြီး ဆုတ်ခွာသွားကြသည်ကို မြင်တွေ့လိုက်ရသည်။
“ အမှောင်တာအို စွမ်းအားက တကယ် အံ့သြဖွယ်ကောင်းတာပဲ။ ”
ယွမ်လင်းနင်က ရေရွတ်လိုက်သည်။ များမကြာမီတွင် နှစ်ယောက်သား မြေအောက် ကမ္ဘာမြို့၏တံခါးသို့ ရောက်ရှိခဲ့ကြ၏။
မြို့တံခါးသည် ပေတစ်ရာအမြင့်ရှိပြီး တစ်ဖက်တစ်ချက်စီတွင် အနက်ရောင်ရုပ်တု နှစ်ရပ်ရှိနေသည်။
ဘယ်ဘက်ရုပ်တုသည် ခေါင်းကိုးလုံးနှင့် ငရဲခွေးတစ်ကောင်ဖြစ်ပြီး ညာဘက်ရုပ်တုသည် ခြေသုံးချောင်းနှင့် ဖားကြီးတစ်ကောင်ပေပင်။
ရုပ်တုများ၏ ရက်စက်ကြမ်းကြုတ်သော အသွင်ပုံစံသည် လူသားကျင့်ကြံသူများကိုပင် ကျောရိုးများ ချမ်းစိမ့်သွားစေလောက်အောင် လုံလောက်၏။
“ မြေအောက်ကမ္ဘာမြို့မှာ တစ်ခုခုဖြစ်ခဲ့တာလား။ ”
စုရီက ကျောက်ရုပ်တုနှစ်ခုထံ စိုက်ကြည့်လိုက်၏။ ငရဲခွေး ခေါင်းကိုးလုံးစီ၏ မျက်ခုံးနှစ်ဖက်ကြားတွင် အက်ကွဲကြောင်း တစ်ခု ပေါ်နေသည်။
ခြေသုံးချောင်း ဖားမျက်လုံးသည် လုံးဝကွဲအက်နေ၏။ ဤရုပ်တုကြီးနှစ်ခုသည် မြေအောက်ကမ္ဘာမြို့၏ စည်းများဥပဒေ စွမ်းအားနှင့် ဆက်စပ်နေပြီး ပြင်ပလူများ ဝင်ရောက်မှုကို တားဆီးပေးသည်။
“ တစ်ယောက်ယောက်က ... ငါတို့မတိုင်ခင်မှာ မြေအောက်ကမ္ဘာမြို့ထဲကို ဝင်ရောက်သွားပုံရတယ် ...
... ဒီအစီရင်က သာမန်ရွှမ်ယု ဧကရာဇ်တစ်ပါးတောင် မချိုးဖောက်နိုင်ဘူး ကြည့်ရတာ အလွန်အစွမ်းထက်တဲ့ လျှို့ဝှက် ရတနာတစ်ခု အသုံးပြုခဲ့တာဖြစ်မယ်။ ”
စုရီ၏ မှတ်ချက်ကို ကြားပြီးနောက် ယွမ်လင်းနင်သည်လည်း တိုး၍သတိထားကာ သံသယများ ပြည့်နှက်သွားလေသည်။
တစ်ဖက်လူသည် အန္တရာယ်ရှိမှန်း သိနေသော်မှ ခြေလှမ်းမရပ်ခဲ့ချေ။ မယုံနိုင်စရာ သတ္တိမျိုးဖြစ်၏။
မြေအောက်ကမ္ဘာမြို့အတွင်း ရှေးဟောင်း အဆောက်အအုံများ ပျက်စီးနေပြီး အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေကာ ဆန်းကြယ်သော လေထုကိုပေးသည်။
ယခင် ဤဒေသသည် ဉာဏ်ရည်ထက်မြက်သော ကြောက်စရာ ကောင်းသည့် မိစ္ဆာများစွာစုဝေးရာ နေရာတစ်ခုဖြစ်ခဲ့သည်။
ဆိုလိုသည်မှာ ဤမြေအောက်ကမ္ဘာမြို့သည် တစ္ဆေဒိုမိန်းလို အလွန်စည်ကား၏။ မှားယွင်းစွာ သေဆုံးခြင်းမြို့သို့ စွန့်စားဝင်ရောက်လာသော ဧကရာဇ်များပင် လာဝံ့သူ မရှိချေ။
ထိုစဉ်က သူသည် ဧကရာဇ်အဆင့် မကောင်းဆိုးဝါးဝိညာဉ် (၃၃)ကောင်တိတိကို သတ်ပစ်ခဲ့ပြီး ကောင်းကင်မိစ္ဆာနွယ်ပင်အတွက် ကူညီပေးခဲ့သည်။
မြို့၏ အဓိကခံတပ်ဖြစ်သော ကောင်းကင်ကြည့်မျှော်စင်ကို ထိန်းချုပ်ကာ ထိုကောင်းကင်မိစ္ဆာနွယ်ပင်ထံ အုပ်စိုးရှင် အဖြစ်လွှဲပေးခဲ့၏။
ယခုမူ မြေအောက်ကမ္ဘာမြို့သည် လုံးဝဆိတ်သုဉ်းနေပြီး ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးဝိညာဉ်မဆိုနှင့် သရဲ တစ်ကောင်ကိုပင် မမြင်တော့ချေ။
များမကြာခင် ပေ(၁၀၀)အမြင့်ရှိသော မျှော်စင်ကြီးတစ်လုံးမြင်လာရ၏။ မျှော်စင်သည် မှင်ကဲ့သို့ မည်းနက်နေပြီး အဌဂံအသွင်ရှိသည်။
ပျက်စီးနေသော မြေအောက်ကမ္ဘာ မြို့အတွင်း ကြက်များကြား ကြိုးကြာငှက်ကဲ့သို့ ထင်ရှားနေ၏။
ဤသည်မှာ ကောင်းကင်ကြည့် မျှော်စင်ဖြစ်သည်။ မြေအောက်ကမ္ဘာမြို့တော်၏ အဓိကနှလုံးသားပေပင်။ မျှော်စင်အောက်တွင် တားမြစ်နယ်မြေ၏ မူလတာအိုစွမ်းအားရှိပြီး အခြားသော တားမြစ်နယ်မြေကိုးခုနှင့် ချိတ်ဆက်နေ၏။
ထို့ကြောင့် ယင်းစွမ်းအင်များ ပြည့်နှက်နေကာ မကောင်းဆိုးဝါးဝိညာဉ်များ အမြင်တွင် ပထမတန်းစား ကောင်းချီးမြေ ဖြစ်လာစေသည်။
ထိုစဉ်က ဤမြို့၏အုပ်စိုးရှင်ဖြစ်သော သွေးဝိညာဉ်ကို သတ်ပစ်ပြီး နတ်ဆိုးနွယ်ပင်ထံ စုရီမှ ပေးအပ်ထားခြင်းဖြစ်၏။
သို့သော် ယခုမူ မျှော်စင်မျက်နှာပြင်တွင် အက်ကွဲကြောင်းများစွာဖြင့် ပြိုကျတော့မည့် အရိပ်အယောင်မျိုး ပြသနေသည်။
မျှော်စင်အနား မီတာတစ်ရာ အချင်းဝက်အတွင်း မြေပြင်သည် သွေ့ခြောက် အက်ကွဲနေပြီး အလောင်းများနှင့် သွေးများ ပြန့်ကျဲနေ၏။ ထိုအလောင်းများသည် ဧကရာဇ် အဆင့် မကောင်းဆိုးဝါးကျင့်ကြံသူများပေပင်။
အငွေ့အသက်အရ ၎င်းတို့အားလုံး သေဆုံးခဲ့သည်မှာ ရက်အနည်းငယ်မျှသာပင် ရှိချေသေး၏။ မျှော်စင်ကို သဏ္ဍန်မဲ့ စွမ်းအား တစ်ခုဖြင့် ပိတ်ဆို့ထားသည်။
ဤသည်မှာ ငရဲဘုရင်၏ တားမြစ်ဥပဒေကိုးခုအနက်မှ တစ်ခုဖြစ်သည့် လောင်ကျွမ်းခြင်းတာအိုမှ ထုတ်ပေးသော မဟာတာအို၏စွမ်းအားဖြစ်သည်။
စုရီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ငရဲနတ်ဘုရားနန်းတော်မှ ကျူးကျော်ဝင်ရောက်လာခြင်းပေပင်။
***
ကောင်းကင်ကြည့်မျှော်စင် အောက်ခြေအတွင်း၌ မှောင်မိုက်သော မြေအောက်ခန်းမတစ်ခုရှိသည်။ ထိုခန်းမထဲတွင် ကြေးဝါမီးအိမ်တစ်လုံးသည် မှိန်ဖျော့ဖျော့ အလင်းများ ဖြာထွက်နေ၏။
သွေးများသည် ကြမ်းပြင်ပေါ်တွင် ပေကျံနေပြီး ခန်းမဆောင်အတွင်းရှိ ပရိဘောဂ အမျိုးမျိုး ပျက်စီးနေသည်။
ခန်းမအလယ်တွင် သွေးများဖြင့် ပေကျံနေသော လူငယ်တစ်ဦး ဒူးထောက်ကာ ငိုကြွေးနေတော့၏။
“ ဆရာ၊ မင်းရဲ့တာအိုခန္ဓာကိုယ်နဲ့ ကျင့်ကြံမှုပြန်လည်ရရှိအောင် ငါသေချာပေါက် ကူညီပေးပါမယ် ... အဲဒီကောင်တွေကိုလည်း ငါသတ်မယ် အရှင်မထားဘူး။ ”
သူ့အသံသည် အက်ကွဲနေပြီး မျက်လုံးများ နီရဲရောင်ရမ်းကာ ဒေါသနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ မျက်ရည်များသည်လည်း ထိန်းမနိုင်သိမ်းမရ စီးကျနေ၏။
သူ့ရှေ့တွင် မီးလောင်ကျွမ်းကာ ညှိုးနွမ်းနေသော အစိမ်းရောင်နွယ်ပင်တစ်ပင် ရှိနေသည်။ နွယ်ပင်ပေါ်တွင် အမျိုးသား တစ်ဦး၏ ပုံရိပ်ပေါ်နေ၏။
ထိုလူသည် ပိန်ပိန်ပါးပါးဖြင့် အချိန်မရွေး ကွဲအက် ပျောက်ကွယ်သွားတော့မည့် အလား ပြင်းထန်စွာ ယိမ်းထိုးနေချေပြီ။
“ မင်းက အရွယ်နေပြီ ... ဘာလို့ ဒီလော်ကတောင်ငိုနေရတာလဲ။ ”
အမျိုးသားသည် ထိုမြင်ကွင်းထံ ကြည့်ကာ ခေါင်းခါယမ်းလျက် နှစ်သိမ့်သည်။ မျက်ဝန်းများ အတွင်း ဝမ်းနည်းမှုတစ်ခု ရှိနေ၏။
“ မုအာ၊ အခု ငါ့အချိန်ကုန်တော့မယ် သေချာနားထောင်ပါ ... ဒီကောင်းကင်ကြည့် မျှော်စင်အတွင်းကနေ လွတ်မြောက်အောင် ငါ့ရဲ့နောက်ဆုံးစွမ်းအား အသုံးပြုပေးမယ် ...
... မင်းဒီနွယ်ပင်တစ်ပိုင်းကိုယူပြီး မြေအောက်ကမ္ဘာမြို့ကနေ အဝေးဆုံးကို အမြန်ဆုံး ထွက်သွားပါ။ ”
“ ငါမသွားဘူး ... ငါဆရာ့ဘေးမှာ နေချင်တယ်။ ”
“ ဒါအမိန့်ပဲ ... မင်းအသက်ရှင်နိုင်မှသာ ငါငြိမ်းချမ်းစွာသေဆုံးနိုင်မယ် မကြာသေးခင်က ပြင်ပကမ္ဘာကနေ ကျင့်ကြံသူတွေ အများကြီး ဝင်လာတယ် ငါကြားတယ် ...
... သူတို့နဲ့ ကြုံရင် မင်းကိုဒီမြို့ကနေ ခေါ်သွားပေးဖို့ တောင်းပန်ပါ မင်းမှာဧကရာဇ် မဖြစ်မချင်း ... ဒီမြို့ထဲကို နောက်တစ်ခါ ခြေချခွင့်မရှိဘူး။ ”
အမျိုးသားစကားကြောင့် ကောင်လေး၏ မျက်နှာအမူအရာ ပြောင်းသွားပြီး အကြည့်များ ရှုပ်ထွေးလာတော့၏။
“ ငါထွက်မသွားရင် ဘာဖြစ်မလဲ။ ”
“ မင်းထွက်သွားရမယ် မုအာ၊ မင်းက မှားယွင်းစွာသေဆုံးခြင်းမြို့တော်ရဲ့ အပြင်ဘက် ကမ္ဘာကြီးကို အမြဲမြင်ချင်နေခဲ့တာ မဟုတ်ဘူးလား ...
... ဒီနှစ်တွေတစ်လျှောက် မင်းရဲ့ ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးစွမ်းအင်ကို ငါသန့်စင်ပေးခဲ့တယ် ... ဒါကြောင့် မင်းကို မှားယွင်းစွာ သေဆုံးခြင်းမြို့တော်ရဲ့ တာအို စည်းမျဉ်းတွေက သက်ရောက်မှု မပေးနိုင်ဘူး အဝေးမှာ မင်းရှင်သန်နိုင်ပါတယ် ...
... မင်းရဲ့အုတ်မြစ်အရဆိုရင် ... အပြင်ကမ္ဘာကြီးကို ရောက်တာနဲ့ အင်အားကြီး ကျင့်ကြံမှုဂိုဏ်းတွေဆီ အလွယ်တကူ ဝင်ရောက်နိုင်တယ် ...
... ဘယ်ဂိုဏ်းကမှ မင်းကို တပည့်အဖြစ်လက်မခံရင် မြွေတစ္ဆေမျိုးနွယ်ဆီ သွားပြီး အစိမ်းရောင်နွယ်ပင်ရဲ့ တပည့်လို့ပြော သူတို့ မင်းကို လက်ခံမှာသေချာတယ်။ ”
အမျိုးသားက နူးညံသောအကြည့်ဖြင့် ညင်သာစွာညွှန်ကြားနေ၏။ သူ့အသံသည် တဖြည်းဖြည်း အားနည်းလာချေပြီ။
“ အရေးအကြီးဆုံးက ဒီကိုပြန်လာပြီး ငါ့အတွက်လက်စားချေဖို့ လုံးဝမစဉ်းစားပါနဲ့ မင်းတာအိုကိုနားလည်ပြီး ဧကရာဇ်တစ်ပါး ဖြစ်လာရင်တောင် ...
... မင်းက အဲဒီလူတွေနဲ့ ယှဉ်နိုင်စရာ အကြောင်းမရှိသေးဘူး ဒီကမ္ဘာကြီးမှာ သူတို့ အပေါ် ချေမှုန်းနိုင်တာဆိုလို့ ... ။ ”
“ ဘယ်သူရှိလဲဆရာ။ ”
လူငယ်၏ စိတ်လှုပ်ရှားနေသော အကြည့်ကြောင့် အမျိုးသားခမျာ မျက်ဝန်း၌ ရှုပ်ထွေးမှုများပေါ်လာပြီး သက်ပြင်းချကာ၊
“ နတ်ဓားရှင်ရွှမ်ကြွယ်ပဲ ... ဆရာစုသာ အသက်ရှင်နေသေးရင်တော့ အဲဒီငရဲဘုရင်ကို တားဆီးဖို့ ရာနှုန်းပြည့် အခွင့်အရေး ရှိနိုင်ပါတယ်။ ”
-ဟု ဖြေကြားလိုက်၏။ ထိုအဖြေကြောင့် ကောင်လေးခမျာ ချက်ချင်းစိတ်ပျက်သွားသည်။ သူ့ဆရာသခင် ပြောကြားသောလူသည် လွန်ခဲ့သည့် နှစ်ပေါင်းငါးရာတွင် ကွယ်လွန်သွားခဲ့ပြီဖြစ်၏။
ထိုစဉ်က ဆရာသခင်သည် ဝမ်းနည်းပူဆွေးမှုကြောင့် ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့သေးသည်။ ဆယ်ရက်နှင့် ဆယ်ညလုံး တစ်ယောက်တည်းထိုင်လျက် အတွေးထဲ နစ်မြုပ်ကာ စကားမပြောနိုင်ခဲ့ချေ။
သူ့ဝမ်းနည်းမှု အတိမ်အနက်ကို မည်သူမျှမခန့်မှန်းနိုင်ဖြစ်၏။ ထိုအချိန်မှစကာ သူ့ဆရာသည် အရက်ပိုသောက်လာပြီး ပို၍ တိတ်ဆိတ်သွားသည်။
အိပ်မက်ထဲ နစ်မြုပ်သွားသကဲ့သို့ ငေးငိုင်နေချိန်များလျက် အကြောင်းမဲ့ဒေါသနှင့် ပေါက်ကွဲနေတတ်၏။
ထို့ကြောင့် ဆရာသခင်ရင်ထဲတွင် နတ်ဓားရှင်ဟူသည် ဖခင်တစ်ဦးဖြစ်ကြောင်း နားလည်နိုင်ခဲ့သည်။
သို့သော် တာအိုကို နားလည်နေသူ တစ်ယောက်အတွက် သေခြင်းနှင့်ရှင်ခြင်းသည် သာမန်ပေပင်။ ဤမျှဝမ်းနည်းစရာ အကြောင်းမရှိဟု မြင်မိသေး၏။
ယခုမူ ဆရာသခင် အန္တရာယ်ကျရောက်နေပြီး ထားသွားတော့မည့် အရေး မြင်သောအခါ သူ့သခင်၏ ထိုစဉ်က ခံစားချက်များကို ရုတ်တရက် နားလည်လာ၏။
ဝမ်းနည်းပူဆွေးမှု၊ စိုးရိမ်ပူပန်မှု၊ မကျေနပ်မှုနှင့် ရူးသွပ်မှုစသဖြင့် နှလုံးသားသည် တုန်ယင်ကွဲအက်လာချေပြီ။
“ ဆရာ၊ အဲဒီလူယုတ်မာတွေက မနေ့ညတုန်းက ရုတ်တရက် တိုက်ခိုက်လာတာ နတ်ဓားရှင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ရှာဖွေနေတာ ထူးဆန်းမနေဘူးလား။ ”
“ ဟမ့် ... မုအာ ... အခုဒါတွေ မင်းတွေးနေလို့ ဘာအဓိပ္ပာယ်ရှိလဲ နောက်ထပ် မနှောင့်နှေးနဲ့ အဲဒီနွယ်ပင်ကိုကောက်ယူလိုက်၊ ငါမင်းကို အဝေးပို့ပေးမယ်။ ”
အဆုံး၌ လူငယ်သည် ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေပြီး ခွဲခွာရန် အလွန်တွန့်ဆုတ်နေ လျက်နှင့် လက်လှမ်းလိုက်တော့၏။ ဤအရေး ရှောင်လွှဲနိုင်ရန် သူ့တွင် ခွန်အားမရှိချေ။
“ ..... ။ ”
ထိုအချိန်တွင် မှောင်မိုက်ပြီး သွေးစွန်းနေသောခန်းမအတွင်း တိုးညှင်းသော သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာ၏။
“ ဘယ် သူ လဲ ... ။ ”
လူငယ်က ချက်ချင်းထရပ်ကာ လှည့်ကြည့်သည်။ သို့သော် အသံရှင်သည် သူနားမလည်သော ဝါကျအချို့ဖြင့် တုန့်ပြန်လာချေပြီ။
“ အစိမ်းလေး ... မင်းကို ငါနဲ့အတူဆွဲချမိပြီ။ ”
ဤတစ်ကြိမ်၌ နွယ်ပင်အထက်တွင် ဖြစ်ပေါ်နေသော အမျိုးသားဝိညာဉ်အရိပ်သည် ရုတ်ချည်းတောင့်တင်းသွားပြီး မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွား၏။
ဤကမ္ဘာတွင် အစိမ်းလေးဟု သူ့ကို ခေါ်ဆိုသူသည်တစ်ဦးတည်းရှိ၏။ ကြေးဝါရောင် မီးအိမ်၏ အလင်းအောက်တွင် ခန့်ညားသော ပုံရိပ်တစ်ခု ခန်းမထဲဝင်လာချေပြီ။
ဤသည်မှာ မရင်းနှီးသော ကျောက်စိမ်းရောင်ဝတ် လူငယ်တစ်ယောက် ဖြစ်နေကာ ချောမောပြီး တည်ငြိမ်သော လေထုရှိလေသည်။
“ ရပ်လိုက်စမ်း ... မင်းဘယ်သူလဲ မင်းပြန်မဖြေရင် ငါ့ကိုမယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့။ ”
တစ်ဖက်လူသည် သူ့ဆရာထံသို့ လျှောက်လှမ်းလာနေသည်ကို မြင်သောအခါ လူငယ်မှတိုက်ခိုက်ရန် အသင့်ပြင်တော့၏။
လူငယ်၏ မျက်ခုံးနှစ်ဖက်ကြားရှိ တိုက်ပွဲဝင်ဆန္ဒများကို တစ်ချက်ကြည့်ကာ စုရီမှ သက်ပြင်းချလျက်၊
“ သူ မင်းရဲ့တပည့်လား ... သူ့စရိုက်က မင်းငယ်ငယ်တုန်းကနဲ့ အတော်လေးဆင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
ဤမှတ်ချက်စကားသည် အမျိုးသားကို အံ့အားသင့်သွားစေပြီး စုရီထံထပ်မံကြည့်ကာ ဇဝေဇဝါဖြင့်၊
“ ဆရာလား ... ။ ”
-ဟု စိတ်လှုပ်ရှားစွာ မေးမြန်း လာစေတော့သည်။
***
အခန်း ၇၂၈ -
လွတ်မြောက်ခြင်း ... ။
မှိန်ပျပျ အလင်းရောင်မျှသာရှိသော ခန်းမထဲတွင်ပြိုလဲတော့မည့် ထိုသူ၏ဝိညာဉ်ကို ကြည့်ပြီး၊
“ မင်းငါ့ကို မမှတ်မိဘူးလား။ ”
-ဟု သူ့ခါးရှိ သုံးလက်မအရွယ် ကျောက်စိမ်းဘူးသီးကို လက်ညှိုးထိုးပြကာ မေးမြန်းလိုက်သည်။
“ ဒါ ... ။ ”
အမျိုးသား၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး မျက်ရည်များစီးကျလာသည်။ စုရီမှ သက်ပြင်းချ၏။ သူ့ရှေ့ရှိ အမျိုးသားကို ချင်းထန်ဟုခေါ်ပြီး ကောင်းကင်နတ်ဆိုး နွယ်ပင်၏ ဝိညာဉ်ဖြစ်သည်။
“ ဟား ဟား ဟား ... ဆရာစု မင်းပဲလေ ငါသိတယ် မင်းလိုလူက အကြောင်းပြချက် မရှိဘဲ မသေဘူးဆိုတာ။ ”
ဤအချိန်တွင် နတ်ဆိုးနွယ်ပင်၏ စိတ်ဝိညာဉ်သည် ကလေးတစ်ယောက်ကဲ့သို့ အလွန်ပျော်ရွှင်လာပြီး စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ချေ။ သူ့တပည့် ကောင်လေးက အံ့အားသင့်သွားကာ၊
“ နတ်ဓားရှင်လား ဘယ်လိုလုပ်ပြီး ဝိညာဉ်တာအိုနယ်ပယ်မှာ ရှိနေရတာလဲ။ ”
-ဟု တိုးတိုးလေးပြောလိုက်၏။
စုရီက ရှင်းပြရန် စိတ်ကူးမရှိချေ။ မိုးပြာမျိုးစေ့ကို ထုတ်ယူလျက်၊
“ အရင်ဝင်ပြီး မင်းရဲ့ဝိညာဉ်ကို စုစည်းလိုက်ပါ။ ”
-ဟု ပြောကြားလိုက်၏။
ချင်းထျန်မှ တွန့်ဆုတ်ခြင်းမရှိဘဲ ခေါင်းညိတ်ပြီး မိုးပြာမျိုးစေ့ထဲ ပြေးဝင်သွား လေသည်။ ချက်ချင်းပင် ပြိုကွဲတော့မည့် ဝိညာဉ်ခန္ဓာသည် မိုးပြာမူလရင်းမြစ်ကြောင့် ပြန်လည်သိပ်သည်းလာတော့၏။
“ ဆရာစု၊ မင်းဘာလို့ ဒီလာတာလဲ။ ”
ချင်းထျန်က သက်သာရာရသွားပြီး မေးမြန်းလာသည်။ အရမ်းစိတ်လှုပ်ရှားလျက် စိတ်ပျက်အားငယ်မှုများ ပျောက်ကွယ်သွား၏။
“ ငါ့ ရီယုကို လာရှာတာ။ ”
စုရီက ကြိမ်ကုလားထိုင်ကို ဆွဲထုတ်လျက်ထိုင်ချလိုက်သည်။
“ ဒီကိစ္စတွေက မင်းနဲ့မဆိုင်ပါဘူး ... မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြပါ။ ”
ချင်းထျန်က အဖြစ်အပျက်များကို ပြန်ပြောပြခြင်းမပြုမီ စိတ်တည်ငြိမ်အောင် အသက်ကို ပြင်းပြင်းရှူလိုက်၏။
ဇာတ်လမ်းမှာ ရိုးရှင်းသည်။ မနေ့ညက ငရဲနတ်ဘုရားနန်းတော်၏ တတိယအကြီးအကဲ သံမဏိလူသား ဦးဆောင်သော အင်အားစုသည် ဝုန်းဒိုင်းကြဲဝင်ရောက်လာခဲ့သည်။
၎င်းတို့သည် ဤမျှော်စင်ကို မည်သူ သိမ်းပိုက်ခဲ့ကြောင်း မေးမြန်းသဖြင့် ချင်းထျန်မှ ဖြေကြားရန် ငြင်းဆို၏။ ထို့ကြောင့် သံမဏိလူမှ ငရဲဘုရင်၏ တားမြစ်နည်းစနစ်ကိုးပါးအနက် တစ်ပါးဖြစ်သော လောင်ကျွမ်းခြင်းဥပဒေကို အသုံးပြုကာ သူ့အပေါ် အနိုင်ယူသွား၏။
ဧကရာဇ်အဆင့် လက်အောက်ငယ်သား ကိုးဦးမှ ချက်ချင်းကူညီသော်လည်း ချွင်းချက်မရှိ လောင်မြိုက်ပျက်သုဉ်းသွားသည်။
မြို့တော်အတွင်းရှိ ပျံ့နှံ့နေသော မရေမတွက်နိုင်သည့် မကောင်းဆိုးဝါးဝိညာဉ် အားလုံးကို သစ္စာခံစေပြီးခေါ်ဆောင်ကုန်၏။
နောက်ဆုံးတွင် ချင်းထျန်ခံစားရသော ဘေးဒုက္ခသည် သူနှင့်သက်ဆိုင်နေကြောင်းကို စုရီနားလည်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က စွေ့မိသားစုတွင် ကောင်းကင်မိစ္ဆာနွယ်ပင်ကို မြေအောက်ကမ္ဘာမြို့သိမ်းပိုက်ရန် ကူညီပေးသူ အပေါ် အရိပ်အမြွက်ဆိုထားဖူး၏။
ကျီးနက်သည် အပြစ်ဘုန်းကြီးထံမှ သူသည်ဤမြို့သို့လာနေကြောင်း သိရှိခဲ့ရမည် ဖြစ်ပြီး သူ့အကြောင်းစုံစမ်းရန် မြေအောက် ကမ္ဘာမြို့သို့ ကျူးကျော်လာခြင်းပေပင်။
ဤအရာအားလုံးသည် ချင်းထျန်ကို ကြီးမားသောဒုက္ခတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ထိုအကြောင်းစဉ်းစားလျက် စုရီ၏ရင်ထဲ သတ်ဖြတ်ချင်စိတ်များ မထိန်းနိုင်အောင် ပေါ်လာသည်။
“ စိတ်မပူနဲ့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ... ကျင့်ကြံမှုကို ငါပြန်ယူပေးပြီး ဒီရန်ငြိုးအတွက် လက်စားချေပေးမယ်။ ”
ဤသည်မှာ သွေးထွက်သံယိုမုန်တိုင်းတစ်ခု လာသည်ကို နတ်ဓားရှင်နှင့် ရင်းနှီးသူတိုင်းသည် ခံစားနိုင်၏။ ချင်းဖျန်က ရုတ်တရက် သတိရလာပြီး၊
“ ဆရာ ... မင်းဒီကို ဝင်လာတော့ မျှော်စင်ကိုပိတ်ဆို့ထားတဲ့ လောင်မြိုက်ခြင်း ဥပဒေကို ချိုးဖြတ်ဝင်လာတာလား။ ”
“ ဘာတွေစိုးရိမ်နေတာလဲ ... သူတို့က မင်းကိုဝိညာဉ်အဖြစ်ချန်ထားထဲက ငါလာကို စောင့်နေတာပဲ။ ”
ချင်းထျန်မှ ချက်ချင်းနားလည်၏။
“ ဆရာစု ဖြစ်နိုင်ရင် အဲဒီကောင်တွေကို ဖျက်ဆီးပစ်တာမြင်ချင်ပါတယ်။ ”
“ ကောင်းပြီ။ ”
“ ဆရာစု ငါလိုက်ကြည့်လို့ရမလား။ ”
မဝေးလှသောနေရာတွင် မင်သပ်နေသော လူငယ်သည် ကြောက်ရွံ့ထိတ်လန့်မှုများစွာနှင့် မေးမြန်းလာသည်။
“ ရတယ် ... ။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။ ချင်းထျန်၏စကားများအရ ထိုလူငယ်သည် ၎င်းတပည့်ဖြစ်ပြီး မြေအောက်ကမ္ဘာမြို့၏ မူလဥပဒေစွမ်းအားမှ မွေးဖွားလာသော ကြယ်စားမြက်ဖြစ်၏။
ဝိညာဉ်အသိ မွေးဖွားလာပြီးနောက် ချင်းထျန်ထံမှဉာဏ်အလင်းရရှိခဲ့ပြီး ချင်းမုဟု အမည်ပေးခဲ့သည်။
များမကြာခင် စုရီနှင့် အဖွဲ့သည် ကောင်းကင်ကြည့်မျှော်စင် အပေါ်ဆုံးထပ်သို့ ထက်ရောက်လာ၏။ ဤနေရာတွင် ရပ်ခြင်းဖြင့် မြေအောက်ကမ္ဘာမြို့ကို လွှမ်းခြုံမြင်နိုင်မည်။
စုရီက လက်ရန်းကိုမှီကာ အရက်သောက်နေ၏။ မဝေးလှသောနေရာတွင် ချင်းမုသည် ချင်းထျန်ရှိနေသည့် မိုးပြာမျိုးစေ့ကို စောင့်ကြပ်နေခဲ့သည်။
ယွမ်လင်းနင်သည် တစ်ဖက်တွင် အခြားတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။ စုရီက အဝေးသို့ မော့ကြည့်လျက်၊
“ သူတို့ရောက်လာပြီ။ ”
-ဟု ပြောကြားလိုက်သည်။
အဝေးတွင် လူတစ်စုပေါ်လာပြီး ချက်ချငင်းပင် ကောင်းကင်ကြည့်မျှော်စင်နှင့် ပေတစ်ရာအကွာသို့ ရောက်ရှိလာ၏။ စုစုပေါင်း လူခုနစ်ဦးရှိသည်။
၎င်းတို့ကို ဦးဆောင်နေသည်မှာ တာအိုဝတ်ရုံနှင့် သံသရဖူကိုဝတ်ဆင်ထားသော အသားဖြူဖြူအသက်လတ်ပိုင်းအရွယ် တာအို ဘုန်းကြီးတစ်ပါးဖြစ်သည်။
သူ့တွင် မီးလျှံများတောက်ပနေသည့် ကျောက်စိမ်းပေတံတစ်ချောင်း ကိုင်ဆောင်ပြီး သွေးနီရောင်တိမ်တိုက်ပေါ်တွင် ရပ်နေ၏။
ရွှမ်ယုအဆင့် ကျွမ်းကျင်သူတစ်ဦး ပိုင်ဆိုင်သော မီးလျှံဥပဒေစွမ်းအားများသည် သူ့ဝန်းကျင်၌ ရစ်သိုင်းနေသည်။
အလယ်အလတ် ရွှမ်ယုအဆင့် ကျင့်ကြံမှုကိုပိုင်ဆိုင်ထားကာ သံမဏိလူအဖြစ် ကျော်ကြား၏။ ပြင်ပမရဏကမ္ဘာတွင် ဆိုသော် ထိုပုဂ္ဂိုလ်မျိုးသည် ထိပ်တန်းအင်အားစု များစွာကို ခြိမ်းခြောက်နိုင်၏။
သူ့နောက်တွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးလိုက်ပါလာပြီး တစ်ဦးချင်းစီ၌ မတူညီသော ရွှမ်ကျောက် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
အားအနည်းဆုံးသည် အလယ်အလတ်အဆင့် ရွှမ်ကျောက်အဆင့်ကို ပိုင်ဆိုင်ထားပြီး အမြင့်ဆုံးသည် ပြီးပြည့်စုံသော ရွှမ်ကျောက်အဆင့်ဖြစ်၏။
သူတို့ရောက်လာသည်နှင့် ကြောက်စရာကောင်းသည့် သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခုဖြင့် ပတ်ဝန်းကျင်ထံ ပိတ်ဆို့ပစ်သည်။
ငယ်ရွယ်သောချင်းမု ခန္ဓာကိုယ်မှာ တောင့်တင်းသွားသော်လည်း အံကြိတ်လျက် ထိုသူများထံ စိုက်ကြည့်လိုက်၏။
မနေ့ညက ဤလူများ မြို့တော်အတွင်း ဝင်ရောက်ကာ သူ့သခင်ကို သတ်ဖြတ်လုနီးပါး ဖြစ်စေခဲ့သည်။ ယွမ်လင်းနင်သည်ပင် ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွား၏။
အားအနည်းဆုံး ဧကရာဇ်သည်ပင် သူမနှင့် ကျင့်ကြံမှုတူညီချေ။ သို့သော် တည်ငြိမ်နေသည့် စုရီ၏ ကျောပြင်ကို မြင်ချိန်၌ သက်သာရာ ရသွားလေသည်။
“ သခင်ကျီးနက် ပြောတာမှန်တယ်၊ ဒီနေ့တစ်ယောက်ယောက် တကယ်ရောက်လာ ဝံ့ပြီ။ ”
စုရီနှင့် ယွမ်လင်းနင်ကို မြင်ချိန်၌ သံမဏိလူမှ မှတ်ချက်ပေးလိုက်သည်။ သူကပင် ပြုံးပြလျက်၊
“ ကောင်လေး၊ မင်းက သခင်ကျီးနက်ပြောတဲ့ စွေ့မိသားစုဝင်လား။ ”
-ဟု မေးမြန်းလာ၏။
ချင်းထျန်၊ ချင်းမုနှင့် ယွမ်လင်းနင်တို့ သုံးယောက်မှာ အံ့အားသင့်သွားကြလေသည်။ စုရီသည် စွေ့မိသားဝင်တစ်ယောက်ဖြစ်မည်ကို သူတို့ မသိချေ။ စုရီက ထိုသူကိုလျစ်လျူရှုကာ၊
“ မနေ့ညက ဒီလူခုနစ်ယောက်က မင်းတို့ကိုသတ်ဖို့လာတာလား ”
-ဟု ချင်းမုထံ မေးမြန်းလိုက်၏။
“ ဟုတ်တယ် ... သူတို့ပဲ။ ”
ချင်းမုက မုန်းတီးနေသော သတ်ဖြတ်လိုခြင်းအကြည့်များဖြင့် ပြန်ဖြေသည်။
ထိုမြင်ကွင်းကြောင့် ကြေးဝါလှံ ကိုင်ဆောင်ထားသည့် အနက်ရောင်ဝတ် အဖိုးအိုတစ်ဦးက၊
“ သံမဏိလူ ငါ့အမြင်အရတော့ နောက်ထပ်စကားတွေ ပြောနေစရာမလိုပါဘူး ဒီကောင်လေးရဲ့ ခေါင်းကိုယူပြီး သခင်ကျီးနက်ဆီ ပြန်ရအောင်။ ”
-ဟု ပြောကြားလိုက်၏။
“ ကောင်းပြီ၊ ဒီကလေးရဲ့စွမ်းရည်ကို သွားစမ်းသပ်ကြည့်ပါ မပေါ့လျော့မိစေနဲ့ သခင် ကျီးနက်က ဒီကလေးရဲ့ဇာစ်မြစ်မှာ တစ်ခုခု မှားနေတယ်လို့ သတိပေးထားတယ်။ ”
သံမဏိလူက အမိန့်ပေး၏။
“ စိတ်မပူနဲ့ ... ။ ”
အနက်ဝတ်အဖိုးကြီးက လှောင်ပြုံးဖြင့် လှမ်းတက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်း လှသည့် အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ကြေးဝါလှံကို မြှောက်လျက် စုရီထံသို့ လှမ်းထိုးလိုက်တော့၏။ အနီရောင် လှံအလင်း တစ်စင်း ပြေးဝင်သွားသည်။
လေနှင့် မိုးတိမ်များကြား ထိုးဖောက် ဝင်ရောက်လာသည့် ထိုလှံတွင်နက်နဲအဆင့် တာအိုနိယာမများ ဖြာထွက်နေ၏။
လှံဖျားသည် မြွေတစ်ကောင်ကဲ့သို့ ယိမ်းထိုးလျက် ထိတ်လန့်ဖွယ်ကောင်းသော လေဟာနယ်အက်ကွဲကြောင်းကို ဖြစ်ပေါ် လာစေတော့သည်။
ထိုစွမ်းအားကြောင့် ယွမ်လင်းနင်၏ လှပသောမျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။ တစ်ဖက်လူသည် အလယ်အလတ်အဆင့် ရွှမ်ကျောက်ဧကရာဇ်ဖြစ်သည်။
ဤတိုက်ခိုက်မှုအပေါ် ရင်ဆိုင်ရန် သူမအတွက် ခွန်အားများစွာထုတ်ဖော်ရန် လိုအပ်၏။ သို့သော်စုရီသည် လှောင်ပြုံးဖြင့် ရိပ်ခနဲလှမ်းတက်သွားသည်။
၎င်းကိုမြင်သောအခါ သံမဏိလူနှင့် နတ်ဆိုးကျင့်ကြံသူခြောက်ဦးသည် အံ့အားသင့် ကုန်ပြီး လှောင်ပြုံးများပေါ်လာ၏။
ဝိညာဉ်တာအိုနယ်ပယ်မှ ပုရွက်ဆိတ်သည် အလယ်အလတ်အဆင့် ရွှမ်ကျောက်ဧကရာဇ်ကို ရင်ဆိုင်ဝံ့သည်လော။ မည်မျှနိမ့်ကျသော အမြင်မျိုးသနည်း။
၎င်းသည် သစ်ပင်ကိုလှုပ်ရန် ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားနိုင်ချေ။ သို့သော် ထိုအတွေးများမဆုံးခင် စိတ်ဝိညာဉ်အတွင်း ဓားမြည်သံပေါ်လာ၏။
“ သတိထား ... ။ ”
အနက်ဝတ်အဖိုးအိုခမျာ ရုတ်တရက် တောင့်တင်းလာပြီး အနည်းငယ် တုန့်ဆိုင်းသွား တော့သည်။ ထိုခဏမှာပင် အေးစက်စက် ခံစားချက်များနှင့်အတူ မကြုံစဖူးသော လွတ်မြောက်မှုကို ရရှိလာ၏။
“ ဘောင်း ... ။ ”
ဤခံစားချက်သည် သူ့အတွက် နောက်ဆုံးဖြစ်သည်။ ခန္ဓာကိုယ်နှင့်ဝိညာဉ်မှာ ချက်ချင်းပဲ့ကြွေလျက် ဦးခေါင်းပြတ်တစ်ခုလုံးကို စုရီလက်ထဲမြင်လိုက်ရချေပြီ။
***
အခန်း ၇၂၉ -
တိုက်ပွဲများ ... ။
အလယ်အလတ်အဆင့် ရွှမ်ကျောက် ဧကရာဇ်တစ်ပါးဖြစ်သော အနက်ဝတ်အဖိုးအို အနေဖြင့် သွေးမီးတောက်ဥပဒေအပြည့်အစုံကို စုစည်းထားနိုင်သည်။
မူလက အပြစ်သွေးမြစ်ဒေသရှိ နတ်ဆိုးဂိုဏ်းတစ်ခုတွင် အကြီးအကဲဖြစ်ပြီး ငရဲနတ်ဘုရားနန်းတော်သို့ ကာကွယ်သူအဖြစ် ဝင်ရောက်လာသူ ပေပင်။
ပါးနပ်ပြီး ရက်စက်ကြမ်းကြုတ်ကာ တိုက်ခိုက်ရေး အတွေ့အကြုံများ ကြွယ်ဝသည်။ စုရီကို စမ်းသပ်ရန် သဘောတူရသည်မှာ ထိုအရည်အချင်းကြောင့်ဖြစ်၏။
ယခုမူ ထိုအရည်အချင်းသည် သူ့အတွက် သေမိန့်ဖြစ်နေသည်။ လူတိုင်း တိတ်ဆိတ်ကုန် တော့၏။ ယွမ်လင်းနင်ခမျာ လက်ချောင်းများ အနည်းငယ်တုန်ခါသွားသည်။
ချင်းမုက အံ့အားသင့်သွားပြီး ချင်းထျန်အတွက်မူ သက်ပြင်းချမိစေသည်။ ဤသည်မှာ ဆရာစုဖြစ်၏။ အစပြုပြီးနောက် မည်သို့သော ပြိုင်ဘက်အပေါ်မဆို သက်ညှာမှုကင်းပေမည်။
“ အဲဒီဓားအော်သံ ...။ ”
ရုတ်တရက် တစ်စုံတစ်ယောက်က ပြဿနာကိုရှာတွေ့သွားသည်။ ထိုစဉ်က ဓား မြည်သံသည် အနက်ဝတ်အဖိုးအိုကို တုန့်ဆိုင်းအေးခဲစေခြင်းဖြစ်၏။
ယင်းကို အခွင့်ကောင်းယူကာ ခေါင်းဖြတ် ခံလိုက်ရခြင်းပေပင်။ ကျန်ဧကရာဇ်များလည်း သတိထားမိကာ ခေါင်းညိတ်လိုက်ကြ၏။
“ ဘောင်း ... ။ ”
စုရီက လက်ကို ဖျစ်ညှစ်လိုက်ရာ အန်ကဝတ်အဖိုးအိုဦးခေါင်းကြီး ပေါက်ကွဲသွား တော့သည်။
“ ဒီလောက် အရည်အချင်းလေးနဲ့ ငါ့ခေါင်းကိုယူဖို့ ကြွားဝါဝံ့သလား မင်းတို့ကိုယ် မင်းတို့ အရှက်ခွဲနေတာပဲ။ ”
စုရီက တည်ငြိမ်စွာ ပြောကြားသည်။ ထို့နောက်တွင် လေဟာနယ်အတွင်း လှမ်းတက် လိုက်၏။ မည်သူ့ကိုမျှ ဂရုမစိုက်ခဲ့ချေ။ ဤအရာက ဧကရာဇ်များကို တင်းကြပ်လာစေ၏။
“ မင်းတို့တခြားသူတွေကို ဂရုစိုက်ပါ ... ငါဒီလူငယ်ကို ကိုင်တွယ်မယ်။ ”
သံမဏိလူက တာဝန်ခွဲဝေလိုက်၏။ ထို့နောက် ပိန်ပိန်ပါးပါး သူ့ခန္ဓာကိုယ်ပေါ်တွင် မီးလျှံများ တောက်လောင်လာတော့သည်။
ရွှမ်ယူအဆင့် မီးတာအိုသည် နိယာမတစ်ခုအဖြစ်ပြောင်းကာ ကောင်းကင်ကို လောင်ကျွမ်းစေနိုင်၏။
တစ်ဆက်တည်းမှာပင် သူ့ထက်ထဲရှိ မီးကျောက်စိမ်းပေတံသည်လည်း မီးလျှံများ တောက်လောင်လာခဲ့သည်။
“ မီးကျောက်စိမ်းပေတံ ... ။ ”
ချင်းထျန်နှင့် ယွမ်လင်းနင်သည် မျက်နှာဖြူဖျော့သွားတော့သည်။ ဤသည်မှာ ငရဲဘုရင်၏ တားမြစ်ရတနာကိုးပါးအနက်မှ တစ်ပါးဖြစ်၏။
ယမန်နေ့ညက မြေအောက်ကမ္ဘာမြို့ကို လွှမ်းခြုံထားသောစွမ်းအားကို ချိုးဖျက်လိုက်ကာ သွေးများကိုမြစ်ကဲ့သို့ စီးဆင်းစေခဲ့သည်။
စုရီက လှုပ်ရှားတော့မည့်အချိန်တွင် ရုတ်တရက် ကောင်းကင်မှ အနက်ရောင်အရိပ် တစ်ရိပ် ရွေ့လျားလာသည်ကို မြင်၏။
ရွေ့လျားရန်ပြင်နေသော သံမဏိလူက မျက်ဝန်းများမှေးစင်းလျက် ရပ်တန့်သွားချေပြီ။ ကျန်ဧကရာဇ်များသည်လည်း အရိုးထိအောင် အေးစက်နေသောဖိအားတစ်ခု ဆင်းသက်လာ သဖြင့် ထိန်လန့်သွားတော့၏။
“ ကံကောင်းထောက်မစွာနဲ့ ငါအချိန်မီရောက်လာပြီ။ ”
ကောင်းကင်နှင့် မြေကြီးကြားတွင် စိတ်သက်သာရာရသွားသကဲ့သို့ ကြည်လင်ပြီး ချိုမြိန်သောအသံ ပဲ့တင်ထပ်လာ၏။
စကားဆုံးသည်နှင့် အနက်ရောင် အခိုးအငွေ့များမှ ကောင်းကင်သမီးတော်ကဲ့သို့ ကျက်သရေရှိသော ပုံရိပ်တစ်ရိပ် စုရီဘေးတွင် ထွက်ပေါ်လာသည်။
အသက်အရွယ်အရ (၁၆)နှစ်ခန့်ရှိ၏။ ကြည်လင်တောက်ပသော မျက်လုံးများသည် ရိုးရှင်းပြီး ကျက်သရေရှိချေပြီ။
မှိန်ပျပျ အလင်းရောင်များသည် ပွင့်ချပ်များအဖြစ်စုစည်းလာပြီး သူမခန္ဓာကိုယ် တဝိုက်တွင် ရစ်သိုင်းနေ၏။ အေးစက်ပြီး မောက်မာလွန်းသော ရောင်ဝါပေပင်။
ယွမ်လင်းနင်တစ်ယောက် အံ့အားသင့်သွားတော့သည်။ လှနိုင်လွန်းချေ၏။ ထိုစဉ်က စုရီအနား ရိုးကျိုးစွာလိုက်ပါနေသည့် မိန်းကလေးဖြစ်ပြီး ရောင်ဝါကိုထိန်းထားသဖြင့် လှပသောရုပ်ရည်မှလွဲ၍ ထူးခြားမှုမရှိခဲ့ချေ။
“ မင်းဘယ်သူလဲ ... ဘာလို့ ငါ့ငရဲနတ်ဘုရားနန်းတော် ကိစ္စတွေအပေါ် ဝင်ရောက်စွက်ဖက်နေတာလဲ။ ”
သံမဏိလူက သတ်ဖြတ်လိုသော ဆန္ဒများကိုချိုးနှိမ်လျက် လေးနက်စွာမေးမြန်း တော့၏။ ဤမိန်းကလေးထံမှ ခြိမ်းခြောက်မှုကို ခံစားရသည်။
“ သူတို့ကို ငါ့ဆီထားခဲ့။ ”
ယွီရွယ်မှ စုရီကို ကြည့်ကာပြော၏။ ထိုမြင်ကွင်းကြောင့် လူတိုင်း မျက်ခုံးပင့်လိုက် လေသည်။ ဤမျှအစွမ်းထက်သော မိန်းကလေး တစ်ယောက်သည် ဝိညာဉ်တာအိုနယ်ပယ်မှ ပုရွက်ဆိတ်ထံ အမိန့်တောင်းခံနေသည်လော။
စုရီက မျက်မှောင်ကြုတ်လိုက်သည်။ လက်ရှိကျင့်ကြံမှုအရ သံမဏိလူကဲ့သို့ ရွှမ်ယု ဧကရာဇ်ကို သတ်ဖြတ်ရန် ရတနာများကို အားကိုးရပေမည်။
မီးကျောက်စိမ်းပေတံ၏ နိယာမကို နှိမ်နင်းရန် ငရဲဘုံကိုးပါးဓားကြိုးမျှင်များလည်း အသုံးပြုရနိုင်၏။ ယွီရွယ်မှ ဆန္ဒရှိသည့်နောက် ထိုဒုက္ခများ မလိုတော့ချေ။
ဤသည်မှာ အမျိုးသမီးတစ်ဦး နောက်ပါးတွင် ပုန်းကွယ်ခြင်းမည်နိုင်ပေမည်။ အခြားသူများအတွက် အရှက်ရစရာဖြစ်၏။ သို့သော် သူသည် ဒုက္ခကို မကြိုက်ချေ။
“ ကောင်းပြီ ... ။ ”
ခေါင်းညိတ်လျက် မျှော်စင်ပေါ် ပြန်လည်ဆုတ်ခွာကာ ကုလားထိုင်ထုတ်ယူပြီး ထိုင်ချလိုက်သည်။ ယွီရွှယ်တစ်ယောက် ချက်ချင်းပင် ပျော်ရွှင်သွား၏။
“ မီးကျောက်စိမ်းပေတံကို သတိထားပါ။ ”
စုရီက သူမအတွက် နားထောင်ခြင်းကျမ်း ပစ်ပေးကာ ပြောကြားလိုက်၏။ ထိုပေတံသည် ငရဲဘုရင်လက်တွင် နတ်ဘုရားရတနာပေပင်။
ယွီရွယ် တန်ခိုးကြီးလျှင်ပင် သူမသည် ရှေးဟောင်းပစ္စည်းတစ်ခု၏ ဝိညာဉ်တစ်ခုဖြစ်ပြီး မူလခန္ဓာဖြစ်သော ကောင်းကင်မီးတောက် တစ္ဆေမီးအိမ်သည်လည်း ပါမလာခဲ့ချေ။
“ ဒီအမှိုက်တွေကို ဖြေရှင်းဖို့ ဒီလောက်အထိမလိုပါဘူး ပြန်ယူထားလိုက်။ ”
ယွီရွယ်က ပြန်ပေး၏။ နှစ်ယောက်သား မည်သူမျှမရှိသလို စကားပြောနေခဲ့ကြသဖြင့် အဝေးမှသံမဏိလူက ဒေါသထွက်လာသည်။
လက်ရှိ မှားယွင်းစွာ သေဆုံးခြင်း မြို့တော်သည် ငရဲနတ်ဘုရားနန်းတော်အတွက် အမာခံမြေဖြစ်၏။
သူတို့၏တည်ရှိမှုအပေါ် မည်သူမျှ လျစ်လျူရှုရန် မဝံ့ကြချေ။ သို့သော် ဝိညာဉ် တာအို နယ်ပယ်မှ ဤလူငယ်သည် လုံးဝ မထီမဲ့မြင်နိုင်နေသည်။
“ သတ် ... ။ ”
သံမဏိလူက သူ့အဖွဲ့သားများကို အမိန့်ပေးသည်။ ရုတ်တရက် ကောင်းကင်၌ မီးလျှံနိယာမများ ပြည့်လျှံလာကာ ငရဲဘုံအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ကြောက်မက်ဖွယ် ကောင်းသော ရွှမ်ယုအဆင့် ဥပဒေစွမ်းအားဖြစ်၏။ တောင်နှင့် မြစ်များကိုလောင်မြိုက်စေလျက် ပင်လယ်ကို ဆူပွက်စေနိုင်မည်။
ယွီရွယ်မှ ထိတ်လန့်ခြင်းမရှိ လေဟာနယ်အတွင်း ခြေတစ်လှမ်း လှမ်းတက် လိုက်တော့သည်။ သူမလက်ချောင်းကိုလည်း ဓားအဖြစ် ထိုးသွင်းလိုက်၏။
“ ရွှပ် ... ။ ”
မီးနဂါး၏ ဥပဒေစွမ်းအားသည် ပေတစ်ရာရှည်သော ဓားတစ်လက်အဖြစ်သို့ ပေါင်းစည်းလျက် ကောင်းကင်ပေါ် ပျံတက်သွားချေပြီ။
“ ဝုန်း ... ။ ”
များမကြာခင် နှစ်ယောက်သား ထိပ်တိုက်တွေ့ကုန်ပြီး အရပ်ဆယ်မျက်နှာကို အဖျက်လှိုင်းများ ဖိတ်စင်ကုန်၏။
သံမဏိလူက မီးလျှံကျောက်စိမ်းပေတံဖြင့် ကောင်းကင်ကိုလောင်ကျွမ်းစေပြီး ကမ္ဘာမြေထံ ဖျက်ဆီးနိုင်သော နတ်မီးတောက်ပင်လယ်ကြီး ဖန်တီးသည်။
လက်ရှိမရဏကမ္ဘာတွင် ရွှမ်ယုအဆင့် တစ်စုံတစ်ယောက်သည် ဧကရာဇ်နယ်ပယ်တွင် အထွတ်အထိပ်ဖြစ်နေ၏။ ထို့ကြောင့် တိုက်ပွဲမှာ ဝုန်းဒိုင်းကျဲနေသည်။
ယင်းသည် တာအိုတိုက်ပွဲများကဲ့သို့ ဝရုန်းသုန်းကားမြင်ကွင်းမျိုး ဖြစ်မလာတော့ဘဲ တိတ်ဆိတ်စွာ ဖြစ်ပျက်နေခြင်းပေပင်။ နိယာမများ ပျက်ပြယ်ခြင်းမည်၏။ ကြောက်စရာ ကောင်းပေသည်။
မိန်းကလေးငယ်တစ်ဦးကဲ့သို့သော ယွီရွယ်သည် လက်ဗလာဖြင့် တိုက်ခိုက်နေခဲ့ သော်လည်း နိမ့်ကျခြင်းမရှိချေ။
အလင်းနှင့်အမှောင်တလှည့်စီ ပြောင်းလဲလျက် သူမရောင်ဝါကို နတ်ဘုရား အလား ထုတ်ဖော်ထားသည်။
သူမနောက်တွင် မှိန်ဖျော့ဖျော့ လင်းလက်နေသော ကြေးဝါမီးအိမ်ကြီးတစ်လုံး ပေါ်နေပြီး မြွေအသွင်မီးတောက်သည် တဖျပ်ဖျပ်တောက်ပနေ၏။
“ အဲဒီကောင်လေးကို သတ် ... ။ ”
ထိုအချိန်တွင် ဧကရာဇ်ငါးပါးသည် ရတနာများအသီးသီးထုတ်ယူကာ စုရီထံ တိုက်ခိုက်လာကြသည်။
ယနေ့တိုက်ပွဲတွင် ဤလူငယ်သည် အဓိကအခန်းကဏ္ဍ၌ရှိနေ၏။ ရိုက်နှက်နိုင်သော် မိန်းကလေးကို ရပ်တန့်နိုင်ပေမည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုများသည် ကြောက်စရာ ကောင်းနေသည်။
“ ထွက်လာခဲ့ ... ။ ”
“ ဂျိန်း ... ။ ”
စုရီက ဝိုင်တစ်ငုံမော့သောက်လျက် နားထောင်ခြင်းကျမ်းကို အသက်သွင်းလိုက်၏။ ကောင်းကင်နှင့် မြေကြီးကြား မိုးခြိမ်းသံများ မြည်ဟည်းတုန်ခါလျက် လျှပ်စီးများ လက်လာခဲ့သည်။
“ ဝုန်း ... ။ ”
ထို့နောက်တွင် ကောင်းကင်ဘုံ ကပ်ဘေးနီးပါး ပြင်းထန်သောမိုးကြိုးများသည် ဝိညာဉ်စားငှက်များထံမှ ထွက်ပေါ်လာ၏။ ဧကရာဇ်ငါးပါးခမျာ အံ့အားသင့်စွာဖြင့် ဟန့်တားပယ်ဖျက်လိုက်ရသည်။
“ သေစမ်း ဒီလူယုတ်မာလေးက ဝိညာဉ်စားငှက်တွေ ခေါ်လာတာပဲ။ ”
ဒေါသတကြီး ကျိန်ဆဲသံများ ညံကုန်တော့သည်။ သူတို့သည် တစ်ဖက်လူကို သတ်ဖြတ်လိုခဲ့သော်လည်း အနားပင် မရောက်ခဲ့ချေ။ လူငယ်သည် ဝိုင်သောက်လျက် သူတို့ထံကြည့်နေတော့၏။
အတော်ပင် ဘက်လိုက်မှုပေပင်။ ကောင်းကင်ကြီးသည် တရားမျှတမှုနည်းပါး၏။ သို့သော် ချင်းထျန်အမြင်၌မူ ဤသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။
ဆရာစုသည်သာ လုံလောက်စွာ သန်မာနေပါက ဓားတစ်ချက်တည်းဖြင့် ဖြေရှင်း ပေလိမ့်မည်။ ယခုကဲ့သို့ ဆူညံနေဦးမည် မဟုတ်ချေ။
“ အား ... ။ ”
ရုတ်တရက် ငွေရောင်ဝတ်ရုံဝတ် အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် ဝိညာဉ်စားငှက်တစ်ကောင်နှင့် အပြင်းအထန် တိုက်ခိုက်နေပြီး ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားလေသည်။
သူ့မျက်ခုံးနှစ်ဖက်ကြားတွင် သွေးထွက်သံယိုအပေါက်တစ်ခု ပေါ်လာကာ ပြိုလဲကျသွား၏။ လေထဲ၌ပင် ထက်ရှသော ဓားရောင်ဝါတစ်ခုက သူ့ခန္ဓာကိုယ်ကြီးကို အပိုင်းပိုင်း ဖြတ်တောက်သွားလေသည်။
“ ဖရူး ... ။ ”
ထို့နောက်တွင် ဝိညာဉ်စားငှက်သည် တောင်ပံများကိုခတ်ကာ ၎င်းအပိုင်းအစများကို စုပ်ယူမျိုချလိုက်၏။
မျက်စိတစ်မှိတ်အတွင်း အလယ်အလတ်အဆင့် ရွှမ်ကျောက်ဧကရာဇ် တစ်ပါး လွင့်ပါးသွားခဲ့ချေပြီ။
ကျန်ဧကရာဇ်လေးပါးသည်လည်း မျက်နှာဖြူဖျော့လျက် နှလုံးသားများ တုန်ခါ ကုန်တော့သည်။ သို့သော် သူတို့အားလုံးသည် ဝိညာဉ်စားငှက်များ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရသဖြင့် ကူကယ်ရာမဲ့နေ၏။
“ ဟမ့် ... ။ ”
ထိုစဉ် ဝိုင်သောက်နေသောစုရီသည် ကုလားထိုင်ပေါ်မှ ရိပ်ခနဲပျောက်ကွယ်သွားပြီး အဖွားအိုတစ်ဦးရှေ့တွင် ချက်ချင်း ပြန်ပေါ်လာတော့သည်။
***