အခန်း (၇၃၀-၇၃၂)
Vol. 61 Ch. 730-732
အခန်း ၇၃၀ -
ငါ့ကိုသတ်တာ မင်းမဟုတ်ဘူး။
အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားပြီး ဆံပင်ဖြူဖွေးနေသော အဘွားအိုတစ်ဦးသည် ရွှမ်ကျောက် အလယ်အလတ်အဆင့် ကျင့်ကြံမှုရှိကာ ဝိညာဉ်သံကြိုးကို ကိုင်ဆောင်ထား၏။
သူမ၏ခွန်အားသည် ကြောက်မက်ဖွယ် ကောင်းကာခန္ဓာကိုယ်တဝိုက် မည်းနက်သော မြူများ လှည့်ပတ်နေသည်။
“ ဝှစ် ... ။ ”
ဝိညာဉ်သံကြိုးသည် လေထဲတွင် ပြင်းစွာ ကခုန်လျက် အနက်ရောင်လျှပ်စီးကြောင်းကဲ့သို့ လေဟာနယ်ကိုစုပ်ဖြဲနေ၏။
ဤသည်မှာ မရဏတရား စီရင်ခြင်း နိယာမ၏ စွမ်းအားပေပင်။ ၎င်းနိယာမသည် သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို ကိုယ်စားပြု၏။
မရဏတရားစီရင်ခြင်းနိယာမကို နက်နဲအဆင့်တာအိုများတွင် ထိပ်တန်း နိယာမ အဖြစ် သတ်မှတ်ကြသည်။
သူမထံဝင်ရောက်ကုန်သော ဝိညာဉ်စားငှက်များသည် ဖိနှိပ်ခြင်းခံနေရပြီး အပြင်းအထန် ရုန်းကန်နေရ၏။
သို့သော် စုရီကိုမြင်ချိန်တွင် ငွေရောင်ဝတ်ရုံဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားကိုသတ်ခဲ့သည့် မြင်ကွင်းမျိုး ပြန်သတိရလာပြီး အဘွားအိုခမျာ ကျောရိုးတစ်လျှောက် အေးစက်လာသည်။
“ သေလိုက်တော့ ... ။ ”
ဝိညာဉ်သံကြိုးကို လွှဲရမ်းလျက် ရက်စက်ကြမ်းကြုတ်သော အနက်ရောင် လျှပ်စီးအလား ဟန့်တားလိုက်၏။
“ ခရစ် ... ။ ”
မိုးကြိုးစက်ဝန်းများ လေထဲ ဖြစ်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်တစ်ခု ဖြာထွက်လာချေပြီ။
စုရီမျက်လုံးထဲ လှောင်ပြောင်လိုသော အငွေ့အသက်များပေါ်လာသည်။ ကောင်းကင် မိစ္ဆာဓားကို ဆင့်ခေါ်လျက် ခုတ်ပိုင်းလိုက်၏။
ဝိညာဉ်ပေါင်းစည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံမှုသည် အပြည့်အဝ လွတ်မြောက်သွားသည်။
“ ဝုန်း ... ။ ”
ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ကြီးသည် ချက်ချင်းပေါက်ကွဲလျက် မိုးကြိုးစက်ကွင်းများ ကြွေလွင့်ကုန်၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
အဘွားကြီးက ထိတ်လန့်တကြား အော်သည်။ ဤတိုက်ခိုက်မှုသည် မည်သည့် လှည့်ကွက်မျှ မပါချေ။ ကျင့်ကြံမှုခွန်အား အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်၏။
အစောပိုင်း ခေါင်းဖြတ်နိုင်မှုသည် ထူးဆန်းသော ထိုဓားသံကြောင့်သာ ဖြစ်သည်။ ဆိုလိုသည်မှာ ယခုအကြိမ်သည် ဝိညာဉ်တာအို နယ်ပယ်နှင့် အလယ်အလတ် ရွှမ်ကျောက် အဆင့် ထိပ်တိုက်တွေ့ဆုံမှုဖြစ်၏။
သူမအတွေးများမဆုံးခင် ဓားသည် ကြယ်မြစ်တစ်စင်းကဲ့သို့ ပေပေါင်းများစွာ အကွာထံ လွင့်မျောသွားသည်။
“ သတိထား ... ။ ”
ထိုအရပ်တွင် ရွှမ်ကျောက် အလယ်အလတ်အဆင့် မီးခိုးရောင်ဝတ်ရုံဝတ် လူတစ်ယောက်သည် ဝိညာဉ်စားငှက် နှစ်ကောင်ဖြင့် ရင်ဆိုင်နေရ၏။
“ ဘောင်း ... ။ ”
ထိုလူက အဖွားအို၏အော်သံကြောင့် လှည့်ကြည့်လိုက်ရာ ကြယ်မြစ်ကြီးတစ်စင်း သူ့အပေါ် ပြိုကျလာချေပြီ။ လုံးဝအံ့အားသင့် သွားပြီး ခန္ဓာကိုယ်ပေါက်ကွဲသွား၏။
ဝိညာဉ်သည် အခွံကနေ ထွက်သကဲ့သို့ လွတ်မြောက်လုနီးပါးဖြစ်နေစဉ် ထက်ရှသော ခြေသည်းများဖြင့်ဖမ်းယူကာ ဝါးမျိုစားသုံးခြင်း ခံလိုက်ရလေသည်။
အနက်ရောင် ဝတ်စုံဝတ်ထားသည့် အဘွားအိုသည် သူနှင့်တိုက်ခိုက်နေတုန်းမှာပင် တခြားလူကို သတ်ပစ်လိုက်သည့် စုရီကြောင့် ထိတ်လန့်လာခဲ့သည်။
ဤအခိုက်တွင် သခင်ကျီးနက်မှ စွေ့မိသားစုလူငယ်အပေါ် သတိကြီးစွာထားရန် မှာကြားခဲ့သည်များကို သတိရသွား၏။
တိုက်ပွဲများမှာ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ များမကြာခင် ကျန်ဧကရာဇ် သုံးပါးကို ဝိညာဉ်စားငှက်ခြောက်ကောင်မှ ဝိုင်းရံတော့၏။
၎င်းတို့အနက် ကြေးနီပေါင်တူကြီးကို ကိုင်ဆောင်ထားသော အဘိုးကြီးတစ်ဦးသည် အလယ်အလတ် ရွှမ်ကျောက်အဆင့် ခွန်အားကို ပြသလျက် ရုန်းကန်နေရသည်။
“ ရွှပ် ... ။ ”
“ အား ... ။ ”
ထိုစဉ် စုရီ၏ အလစ်အငိုက် တိုက်ခိုက်မှုသည် သူ့အပေါ်ကျရောက်သွားကာ အူများပွင့်ထွက်သွား၏။
ဤသို့သွေးထွက်သံယိုတိုက်ပွဲကို မြင်လိုက်ရသောအခါတွင် ယွမ်လင်းနင်သည် ခါးသီးမှုများ ခံစားလာရသည်။
သူမသည် ပြင်ပကမ္ဘာတွင် ရိုသေလေးစားခံရသော ဧကရာဇ်တစ်ပါးဖြစ်၏။ ယနေ့တိုက်ပွဲတွင်မူ ပါဝင်ဖို့ရန် အရည်အချင်း မပြည့်မီခဲ့ချေ။ နာကျင်စရာကောင်း၏။
သူမသည်သာ အတင်းအကြပ် ဝင်ရောက်သော် မကူညီနိုင်ရုံသာမက ဝန်ထုပ် ဝန်ပိုးတစ်ခုပင် ဖြစ်လာပေမည်။
“ သတိထား ... ။ ”
တိုက်ပွဲအလယ်ရှိ အနက်ရောင်ဝတ် အဘွားအိုမှ ရုတ်တရက်စိုးရိမ်တကြီးအော်ဟစ် လိုက်လေသည်။
သူမနှင့် ဧကရာဇ်တစ်ပါးသည်သာ ကျန်ရှိတော့၏။ ၎င်းသည် ခရမ်းရောင်ဝတ် အမျိုးသားတစ်ယောက်ဖြစ်ပြီး ရွှမ်ကျောက် အဆင့် ပြည့်စုံမှုကို ရောက်ရှိထားသည်။
သို့သော် ထိုအမျိုးသားသည်လည်း ဝိညာဉ်စားငှက်လေးကောင်ကြား ပိတ်မိနေပြီး စုရီသည်ဘေးကနေ တိုက်ခိုက်ခြင်းခံနေရ၏။
“ ဘယ်လောက် အရှက်မဲ့လဲ။ ”
အနက်ရောင်ဝတ် အဘွားအိုမှ စုရီကို ကျိန်ဆဲလိုက်၏။ လူငယ်တစ်ယောက်သည် တိုက်ပွဲအတွင်း သူမတို့အပေါ် အခွင့်အရေးယူနေသည်။
ကူညီလိုသော်လည်း အချိန်မရှိချေ။ အကြောင်းမှာ သူမကိုယ်တိုင်သည်ပင် ငှက်ဆိုး နှစ်ကောင်၏ ဝိုင်းရံတိုက်ခိုက်ခြင်း ခံရနေသောကြောင့်ဖြစ်သည်။
“ သေလိုက်တော့ ... ။ ”
“ ကလန် ... ။ ”
တိုက်ပွဲအတွင်း စုရီ၏ တည်ငြိမ်သောအသံနှင့်အတူ ခါးတွင်ရှိသည့် ကျောက်စိမ်းဘူးသီးထံမှ ဓားအော်သံ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ခရမ်းရောင်ဝတ်လူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး သူ့စိတ်ဝိညာဉ်၌ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုကို ခံစားလိုက်ရ၏။
“ ရွှပ် ... ။ ”
“ လူယုတ်မာ ... ။ ”
သတိပြန်ဝင်လာချိန်၌ ငွေရောင် ရေတံခွန်ကဲ့သို့ ဓားရောင်ဝါများ ကျဆင်းလာပြီး သူ့ခန္ဓာကိုယ် ကွဲအက်သွားကာ အသားနှင့် သွေးများ နေရာအနှံ့ ပျံကျဲကုန်သည်။
တစ်ပြိုင်နက်တည်းမှာပင် ဝိညာဉ်စားငှက်လေးကောင်သည် ချက်ချင်း ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို အပိုင်းပိုင်းဆုတ်ဖြဲ စားသုံးလိုက်တော့၏။
ရက်စက်ကြမ်းကြုတ်လွန်းသော ဤမြင်ကွင်းကြောင့် အနက်ရောင်ဝတ်စုံဝတ် အဘွားအိုသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားချေပြီ။
သို့သော် သူမအတွက် လွတ်မြောက်ရန် နောက်ကျသွား၏။ ဝိညာဉ်စားငှက်နှစ်ကောင်က သူမ၏လှုပ်ရှားမှုများကို ထိန်းချုပ်ထားသဖြင့် ကူကယ်ရာမဲ့စွာ ခံယူလိုက်ရသည်။
ထိုအခွင့်အရေးကို အရယူကာ စုရီနှင့် ဝိညာဉ်စားငှက်လေးကောင်သည် ချက်ချင်း ရောက်ရှိလာချေပြီ။
အဆုံးတွင် အလယ်အလတ်အဆင့် ရွှမ်ကျောက်ကျင့်ကြံသူသည် ဝိုင်းရံမှုအပေါ် မခံနိုင်တော့ဘဲ သေဆုံးသွားခဲ့၏။
ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဝိညာဉ်စားငှက်အတွက် အစာဖြစ်သွားချေပြီ။ သွေးရနံ့များသည် လေထဲထုံမွှန်းလာ၏။
ဤနေရာတွင် ကောင်းကင်ကြည့် မျှော်စင်မှလွဲပြီး နေရာတိုင်း လူသူကင်းမဲ့ကာ ပျက်စီးကုန်သည်။ အဝေးတွင် သံမဏိလူနှင့် ယွီရွယ်သည် ပြင်းထန်သောတိုက်ပွဲကြီးကို ဆင်နွှဲနေဆဲဖြစ်၏။
ယွီရွယ်သည် ပြိုင်ဘက်ထက် သာလွန်သော်လည်း မီးလျှံကျောက်စိမ်းပေတံ အစွမ်းကြောင့် အခက်တွေ့နေသည်။
“ သွား ... ။ ”
စုရီက တစ်ခွန်းတည်း ပြောလိုက်၏။ ချက်ချင်းပင် ဝိညာဉ်စားငှက် ခြောက်ကောင်မှာ ကောင်းကင်ပေါ်ပျံတက်လျက် သံမဏိလူထံ ဦးတည်လိုက်တော့သည်။
ဤသားရဲများသေဆုံးခြင်းကို စုရီမှဂရုမစိုက်ချေ။ နားထောင်ခြင်းကျမ်းသည် ခြောက်နာရီသာ ၎င်းတို့ကို ထိန်းချုပ်နိုင်မည်။
ထို့နောက်တွင် နားထောင်ခြင်းကျမ်းသည် ဆုံးရှုံးသွားသောစွမ်းအားကို ဝိညာဉ်စားငှက်ဖြင့် ပြန်လည်ဖြည့်တင်းပေလိမ့်မည်။
ယင်းသည် သာမန်ဖြစ်၏။ ရတနာတစ်ပါးတွင် ထိုသို့သော ကန့်သတ်ချက် မရှိသော် ဤနားထောင်ခြင်းကျမ်းသည် ကြောက်မက်ဖွယ်ကောင်းသည့် လူသတ် လက်နက် ဖြစ်လာပေမည်။
ဆိုလိုသည်မှာ လူတစ်ယောက်သည် ကြောက်စရာကောင်းသော ထိုသတ္တဝါများကို အဆက်မပြတ်စုဆောင်းပြီး တိုက်ပွဲအတွင်း လွှတ်ပေးသော် များစွာကြောက်စရာ ကောင်းသွားပေလိမ့်မည်။
“ ဟမ့် ... ။ ”
တစ်ဖက်တွင် ဝိညာဉ်စားငှက် ခြောက်ကောင်၏ ပျံဝဲတိုက်ခိုက်လာမှုကြောင့် သံမဏိလူမှ ဆုတ်ခွာရန်ပြင်လိုက်၏။
လက်ရှိတွင် ပြိုင်ဘက်ကို အားသာချက်တစ်ခုမှ မရရှိခဲ့ရုံသည်သာမက အဆက်မပြတ်ပင် နှိမ်နင်းခံခဲ့ရသည်။
“ လမ်းဖွင့် ... ။ ”
ကျယ်လောင်သော ဟိန်းဟောက်သံ နှင့်အတူ ရွှမ်ယုအဆင့် ခွန်အားကို အပြည့်အဝ ထုတ်လွှတ်ပြီး မီးလျှံကျောက်စိမ်းပေတံဖြင့် ယွီရွယ်ထံ ခုတ်ချလိုက်၏။
“ ဝှီး ... ။ ”
ကျောက်စိမ်းတောင်ကြီး ပြိုကျသကဲ့သို့ ဆူနာမီလှိုင်းလုံးများသဖွယ် စွမ်အင်လှိုင်းများ ပြန့်ကားသွားချေပြီ။
လေထဲမှ ပြေးဝင်လာသော ဝိညာဉ်စားငှက်သုံးကောင်သည် မီးလျှံများ ဖုံးလွှမ်းလျက် ပြာအဖြစ် ပြောင်းလဲသွား၏။
ထိုတိုက်ခိုက်မှု၏ ဦးတည်ရာဖြစ်သော ယွီရွယ်သည် သာ၍ဆိုး၏။ ကျောရိုးတလျှောက် အေးစက်စက်ခံစားချက်များ ချက်ချင်းပင် ဝင်ရောက်လာသည်။
“ ကလန် ... ။ ”
ထိုစဉ် ထူးဆန်းသော ဓားအော်သံ ရုတ်တရက်ထွက်ပေါ်လာပြီး အချိန်များ ရပ်တန့် နှောင့်နှေးကုန်၏။ သံမဏိလူခမျာ နှလုံးသားနှင့် ဝိညာဉ်တုန်လှုပ်သွားကာ လက်ထဲရှိ ပေတံသည် ညည်းညူတုန်ရင်လာခဲ့သည်။
“ မလုပ်နဲ့ ... ။ ”
ဤသို့ရုတ်တရက် ပြောင်းလဲမှုက သူ့နှလုံးသားတွင် မရဏအငွေ့အသက်များ ဝင်ရောက်လာကာ မျက်နှာဖြူဖျော့လျက် ထိတ်လန့်တကြား ဆုတ်ခွာလိုက်၏။
သို့သော် ယွီရွယ်သည် ခွင့်မပြုချေ။ ထိုအခွင့်အရေးကို အမိအရယူကာ ဓားအလင်း တစ်ချက် ပစ်လွှတ်လျက် ခေါင်းဖြတ်တော့၏။
မှိန်ဖျော့ဖျော့ ကြေးဝါမီးအိမ်၏ ပုံရိပ်ကြီး ထွက်ပေါ်လာကာ ပြန့်ကျဲနေသည့်ရောင်ဝါများ ခဏချင်း ထိုဓားအလင်းဖြင့် ပေါင်းစည်း သွားခဲ့သည်။
ကမ္ဘာကြီး ရုတ်တရက်တိတ်ဆိတ်ကာ အမှောင်ထုများ ဝင်ရောက်လာ၏။ ဓားအလင်း သည်သာ ထာဝရမီးတောက်ဖြစ်ချေပြီ။
မီးနဂါး၏ ထာဝရမီးတောက်ဖြစ်၏။ သံမဏိလူခမျာ ခန္ဓာကိုယ်တောင့်တင်းသွားပြီး အဆုံး၌ သက်ပြင်းချလိုက်တော့သည်။
“ မြွေတစ္ဆေမျိုးနွယ်ရဲ့ ထာဝရမီးတောက်တာအိုက ဂုဏ်သတင်းနဲ့ တကယ် ထိုက်တန်ပါပေတယ် ... ဒါပေမယ့် ငါ့ကိုသတ်တာ မင်းမဟုတ်ဘူး။ ”
ထို့နောက် သံမဏိလူက လေထုအလယ်ရပ်နေသော ကျောက်စိမ်းရောင် ဝတ်လုံနှင့်လူငယ်ထံသို့ ကြည့်လိုက်လေသည်။
***
အခန်း ၇၃၁ -
ငရဲနတ်ဘုရားနန်းတော်၏ မူလ။
သံမဏိလူ၏ စကားသံမဆုံးခင်မှာပင် အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုစလုံးသည် လောင်ကျွမ်းပြာကျသွား၏။
“ ဘရူး ... ။ ”
လေဟာနယ်အတွင်း ကျန်ခဲ့သော မီးလျှံကျောက်စိမ်းပေတံသည် ရုတ်တရက် တုန်ခါလျက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထွက်ပြေးသည်။
မြေအောက်ကမ္ဘာဘုရင်၏ တားမြစ်ရတနာ ကိုးပါးအနက်မှတစ်ပါးအနေဖြင့် စိတ်ဝိညာဉ်မဲ့နေသော်လည်း အသိဉာဏ်ရှိ၏။
စုရီက လေထုအလယ်လှမ်းတက်ကာ လက်လှမ်းလိုက်ရာ အသိစိတ်ပင်လယ်ထဲတွင် ကြာမြင့်စွာ အိပ်ပျော်နေသောငရဲဘုံကိုးပါးဓားမှ ရုတ်တရက် ပြင်းစွာတုန်ခါသွားသည်။
မဖော်ပြနိုင်လောက်အောင် မှေးမှိန်နေခဲ့သည့် စွမ်းအင်အတက်အကျ လှိုင်းများသည်လည်း ထွက်ပေါ်လာ၏။
လူသားများအတွက် ဤအရာသည် သာမန်ဖြစ်သော်လည်း လက်နက်ဝိညာဉ် တစ်ပါးဖြစ်သည့် ယွီရွယ်အတွက်မူ ပြင်းစွာ တုန်ခါသွားစေသည်။
စိတ်နှင့်ခန္ဓာကိုယ်သည် နက်နဲသော ချောက်ထဲပြုတ်ကျသွားပြီး မဖော်ပြနိုင်သည့် ကြောက်ရွံ့မှုများ ပြည့်နှက်လာချေပြီ။
ကံကောင်းထောက်မစွာဖြင့် ဤစွမ်းအားသည် သူမထံဦးတည်နေခြင်း မဟုတ်ခဲ့ချေ။
ခဏအတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မသက်မသာဖြစ်မှုများ ပျောက်ကွယ်သွားခဲ့၏။
“ ဘရူး ... ။ ”
တစ်ချိန်တည်းမှာပင် ပေရာပေါင်းများစွာအကွာရှိ ထွက်ပြေးနေသော မီးလျှံကျောက်စိမ်းပေတံသည် ရုတ်တရက် ကျယ်လောင်သော အော်မြည်တစ်သံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် မြေအောက်ကမ္ဘာဘုရင်၏ တားမြစ်ရတနာကိုးပါးအနက် တစ်ပါးဖြစ်သည့် ဤရှေးဟောင်းပစ္စည်းက စုရီလက်ဖဝါးထဲ ပြန်၍လွင့်မျောလာတော့သည်။
“ ဘရူး ... ။ ”
၎င်းသည် စုရီကို ကြောက်ရွံ့ တုန်လှုပ်နေသကဲ့သို့ အနည်းငယ် တုန်ယင် နေပြီး ညည်းညူသံပြုသည်။
၎င်းသည် မူလစွမ်းအားများ ပျက်စီးနေခဲ့သော်လည်း မွေးရာပါနတ်ဘုရား ရတနာဖြစ်သည်။
“ မမျှော်လင့်ထားဘူး မူလဝိညာဉ် ပျက်စီးသွားပေမယ့် တကယ့်ကိုရတနာပဲ။ ”
စုရီက ပေတံကို စစ်ဆေးလိုက်ပြီး ၎င်း၏မူလတာအိုသည် ကြာမြင့်စွာကတည်းက ပျက်စီးနေသဖြင့် ပြန်လည်ကောင်းမွန်လာရန် မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်၏။
သဘာဝအတိုင်း အပြည့်စုံဆုံး လောင်ကျွမ်းနေသော ဥပဒေစွမ်းအား ပါဝင်ပြီး ကမ္ဘာပေါ်တွင် ထိပ်တန်း မဟာတာအို ဥပဒေ ဖြစ်ချေပြီ။ အလွန်ရှားပါးသည်။
တိုက်ပွဲတွင် သံမဏိလူ၏ အစွမ်းသည် ယွီရွယ်ထက် နိမ့်ကျသော်လည်း ဤပေတံဖြင့် ရပ်တန့်ထားနိုင်ခဲ့၏။ ထို့ကြောင့် ပေတံသည် မည်မျှ ထူးကဲမည်ကို မြင်နိုင်သည်။
“ မင်းဒီရတနာကို သုံးလို့ရတယ်။ ”
စုရီက ယွီရွယ်ထံ ကမ်းပေးလိုက်သည်။ လှပသောမျက်နှာတွင် ချိုမြိန်သည့်အပြုံးမျိုး ထွက်ပေါ်လာ၏။
စုယီက ပြန်လှည့်ကာ ကောင်းကင်ကြည့်မျှော်စင်၏ လသာဆောင်သို့ ဆင်းသက်လိုက်သည်။
“ ချင်းထျန် ... ငါတို့စကားပြောဖို့ နေရာရှာရအောင် ... ငါ မင်းကို မေးစရာရှိတယ်။ ”
စုရီက မိုးပြာမျိုးစေ့ကိုကြည့်ကာ ပြောကြားလိုက်၏။ ထိုနောက် စုရီပုံရိပ် ပျောက်ကွယ်သွားချိန်၌ ယွီရွယ်မှ ယွမ်လင်းနင်ထံ ကြည့်ကာ၊
“ မင်းက တာအိုစုလက်မှာ ရှုံးနိမ့်သွားခဲ့တယ်ဆိုတာ ငါသိတယ် ဒါပေမယ့် ဘယ်လိုများ သူနဲ့အတူ ရှိနေရတာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
နတ်ဘုရားကဲ့သို့ ထည်ဝါလွန်သော ယွီရွယ်ကြောင့် ယွမ်လင်းနင်ခမျာ ဖိအားများ ခံစားလာရ၏။ မသိစိတ်ဖြင့် ခေါင်းငုံ့ကာ၊
“ စီနီယာ အဲ့ဒါက ... ။ ”
-ဟု အစချီကာ တိုးတိုးလေး ပြောကြားလိုက်သည်။
နားထောင်ပြီးနောက် ယွီရွယ်၏ မျက်ဝန်းများထူးဆန်းစွာ ပြူးကျယ်သွားကာ နှုတ်ခမ်းများ ကွေးညွတ်လျက် ပျော်ရွှင်ဖွယ် အပြုံးတစ်ပွင့်ပေါ်လာပြန်သည်။
“ ဒီလောက်ရှင်းပြနေရအောင် ငါအထင်လွဲသွားမှာ မင်းစိုးရိမ်နေတာလား။ ”
ယွမ်လင်းနင်က ထိတ်လန့်တကြား ရှင်းပြရန်ပြင်စဉ် ယွီရွယ်မှသက်ပြင်းချကာ ဝမ်းနည်းစွာ ပြောကြားလာ၏။
“ စိတ်မပူပါနဲ့၊ မင်းနဲ့ တာအိုစု တစ်ခုခုဖြစ်နေရင်တောင် ငါဂရုမစိုက်ဘူး သူ့ရဲ့ စိတ်နေစိတ်ထားကို ငါနားလည်ပါတယ် ... ။ ”
ထို့နောက် ဆက်၍ပြောကြားရန် ပျင်းရိလာဟန်ဖြင့် လက်ရန်းကိုမှီပြီး အတွေးထဲ နစ်မြုပ်သွားလေသည်။ တစ်ဖက်တွင် ယွမ်လင်းနင်သည် စိတ်သက်သာရာရသွား၏။
သို့သော် ယွီရွယ်၏ စကားများအရ နတ်ဘုရားမတစ်ပါးလို အံ့မခန်းလှပလွန်းသော ဤအမျိုးသမီးသည် ဝိညာဉ်တာအိုနယ်ပယ်မှ လူငယ်ကို စွဲလန်းနေကြောင်း သိရှိလိုက်သည်။
ဤကမ္ဘာကြီးတွင် အံ့မခန်းလှပသော ဧကရာဇ်တစ်ပါးသည် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို မျက်နှာသာ ပေးသည်လော။
သူမအနေဖြင့် စုရီသည် သာမန်လူတစ်ယောက် မဟုတ်မှန်းသိထား၏။ လျှို့ဝှက်ဆန်းကြယ်ပြီး လူငယ်၏နည်းလမ်းများ အားလုံးသည် မယုံနိုင်စရာပေပင်။
သို့သော် ယွီရွယ်ကဲ့သို့ ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်သူသည် ရူးသွပ်နေသည်မှာ နားမလည်နိုင်သေးချေ။
အချိန်အတော်ကြာ တိတ်ဆိတ် သွားပြီးနောက် ယွမ်လင်းနင်က ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး ချင်းမုထံသို့ လှမ်းသွားကာ၊
“ တာအိုမိတ်ဆွေ မင်းနာမည် မေးလို့ရမလား။ ”
-ဟု စကားပြောရန် ကြိုးစား၏။ ချင်းမုတစ်ယောက် လျင်မြန်စွာ ဦးညွှတ်ကာ၊
“ စီနီယာ ... ငါ့နာမည်က ချင်းမုပါ ... စီနီယာရဲ့တာအိုမိတ်ဆွေဖြစ်ဖို့ မထိုက်တန် သေးပါဘူး။ ”
-ဟု ပြန်ဖြေလာသည်။ ယွမ်လင်းနင်က အနည်းငယ် တွန့်ဆုတ်နေပြီးနောက် အဆုံး၌၊
“ တာအိုချင်းမု ... မင်းဆရာနဲ့ တာအိုစုတို့ရဲ့ဆက်ဆံရေးအကြောင်း ပြောပြ ပေးနိုင်မလား။ ”
-ဟု မေးမြန်းတော့၏။
သူမသည် စုရီလက္ခဏာအကြောင်း တစ်စုံတစ်ရာ သိရှိနိုင်မည်လောဟု တွေးတော နေခဲ့သည်။ ချင်းမုက အံ့အားသင့်သွား၏။
“ စီနီယာစုက မင်းကို ဒီအကြောင်း မပြောပြဘူးလား စီနီယာ။ ”
“ အင်း ... မပြောဘူး။ ”
ယွမ်လင်းနင်က ခေါင်းခါသည်။
“ ဒါဆို ငါလည်း မပြောနိုင်ဘူး။ ”
“ ဒါ ... ။ ”
ချင်းမုထံမှ အချက်အလက်အချို့ကို ရနိုင်မည်ဟု ထင်ခဲ့သော်လည်း ရိုးရှင်းပုံရသော ဤလူငယ်သည် လုံးဝပါးနပ်နေခဲ့သည်။
ထိုအချိန်မှာ အဝေးမှ ယွီရွယ်သည် ရုတ်တရက်ခေါင်းလှည့်ပြီး တည်ငြိမ်သော လေသံဖြင့်၊
“ မိန်ကလေးယွမ် ... တာအိုစုကိစ္စတွေကို မမေးတာ အကောင်းဆုံးပါပဲ။ ”
-ဟု သတိပေးလာတော့၏။
ယွမ်လင်းနင်တစ်ယောက် နှလုံးသား တင်းကျပ်သွားပြီး ခေါင်းညိတ်ပြလိုက်ရသည်။
ထိုအချိန်တွင် ကောင်းကင်ကြည့် မျှော်စင်တစ်နေရာတွင် စုရီကတရားထိုင်နေ၏။ အစောပိုင်းက ငရဲဘုံကိုးပါးဓားကို အသုံးပြု ခဲ့ရသဖြင့် ကျင့်ကြံမှု(၃၀%)ကုန်သွားသည်။
ယင်းကြောင့် ပြန်လည် ဖြည့်တင်းရန် အချိန်အချို့လိုအပ်၏။ မိနစ်အနည်းငယ်ကြာ ပြီးနောက် မျက်ဝန်းများပြန်ဖွင့်လာကာ မိုးပြာမျိုးစေ့အတွင်းရှိ ချင်းထျန်နှင့် စကားပြောရန်ပြင်လေသည်။
“ ဒီတစ်ခါတော့ မှားယွင်းစွာ သေဆုံးခြင်းမြို့ရဲ့ အခြေအနေနဲ့ ယင်ယန်လမ်း မငြိမ်မသက်မှုတွေအကြောင်း ... မေးမြန်းဖို့ ငါလာတာ။ ”
“ ဟုတ်ကဲ့ ဆရာစု ... ။ ”
ချင်းထျန်က လတ်တလော အဖြစ်အပျက်များကို အကုန်အစင် ပြောကြား လာတော့၏။ များမကြာခင် အကြောင်းအရာ များစွာ သိရှိလာခဲ့သည်။
ဤနှစ်များအတွင်း မှားယွင်းစွာ သေဆုံးခြင်းမြို့တော်သည် အမှန်တကယ်ပင် အပြောင်းအလဲများ ဖြစ်ပေါ်လာ၏။
ဖရိုဖရဲပျက်စီးမြေ၌ ပိတ်မိနေသော ငရဲကျီးကန်းသည်ပင် လွန်ခဲ့သည့် ဆယ်နှစ်က နိုးထလာခဲ့သည်။
ထိုနိမိတ်မကောင်းသည့် ငှက်သည် ငရဲဘုရင်ကိုသစ္စာစောင့်သိသော အမှောင်ည ကျေးကျွန်များဖြင့် ငရဲနတ်ဘုရားနန်းတော် ဟူသည့် အင်အားစုကိုထူထောင်၏။
ဤဆယ်နှစ်အတွင်း သွေးလမင်းကို အခွင့်ကောင်းယူကာ ပြင်ပမရဏကမ္ဘာအထိ ထွက်ခွာပြီး ခွန်အားဖြန့်ကျက်သည်။
အပြစ်သွေးမြစ် ဒေသကြီးတလျှောက် ပြန့်ကျဲနေသော အင်အားစုအများအပြားကို အဆက်မပြတ်သိမ်းပိုက်ကာ ကြောက်မက်ဖွယ် အကောင်းဆုံးတပ်ဖွဲ့တစ်ခု ဖြစ်လာ၏။
ထို့နောက် သူ့ကိုယ်သူ ငရဲသံတမန်ဟု ကြေငြာလိုက်ပြီး မှောင်မိုက်ညကျေးကျွန်(၄)ဦး၊ ယဇ်ပုရောဟိတ် (၆)ဦး၊ ကာကွယ်သူ (၁၈)ဦး၊ သင်းထောက် (၃၃)ဦးနှင့် ဖွဲ့စည်းသည်။
ဤစွမ်းအားသည် မရဏကမ္ဘာရှိ ထိပ်တန်းဂိုဏ်းများကိုပင် တုန်လှုပ်စေရန် လုံလောက်၏။
ငရဲကျီးကန်း၏ အဓိကရည်မှန်းချက်သည် ဖရိုဖရဲနယ်မြေတွင် ပိတ်မိနေသောငရဲဘုရင်ကို ကယ်တင်ရန်ဖြစ်သည်။
ယင်ယန်လမ်းတွင် ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုသည် အမှန်ပင် ထောင်ချောက် တစ်ခုဖြစ်၏။
ဤနည်းဖြင့် ဧကရာဇ်များကို ဆွဲဆောင်ကာသွေးနှင့် တာအိုခန္ဓာများအပေါ် စုဆောင်းထားရန်ဖြစ်သည်။
ဆိုလိုသည်မှာ တာအိုအနှစ်သာရ ထုတ်ယူရန်နှင့် ဝိညာဉ်များကို ငရဲဘုရင်ထံ ယဇ်ပူဇော်ရန် ရည်ရွယ်၏။
ထို့ကြောင့် ငရဲဘုရင်အမိန့်ကိုလိုက်နာ၍ ငရဲကျီးကန်းသည် ဖရိုဖရဲနယ်မြေဝင်ပေါက်တွင် ယဇ်ပူဇော်ပွဲတစ်ခု တည်ဆောက်ထားသည်။ ဖမ်းဆီးရမိသော ဧကရာဇ်များသည် အရပ်တွင် ပို့ဆောင်ထားနိုင်၏။
“ သတင်းတွေအရဆိုရင် တစ်လတည်းမှာတင် ဧကရာဇ် ဆယ်ပါးကျော် အရှင်လတ်လတ် ဖမ်းဆီးထားနိုင်တယ် ဘယ်နှစ်ယောက် ယဇ်ပူဇော်လိုက်ပြီလဲ ဆိုတာတော့ မသိသေးပါဘူး။ ”
“ ဟမ့် ... ဧကရာဇ်တွေကို ယဇ်ပူဇော်ရုံနဲ့ ငရဲဘုရင်ကို လွတ်မြောက်စေဖို့ဆိုတာ မဖြစ်နိုင် သလောက်ပဲ ... ဘာလို့လဲဆို အဲဒီအုတ်ဂူက ခွင့်ပြုမှာ မဟုတ်ဘူး။ ”
မှားယွင်းစွာ သေဆုံးခြင်းမြို့တွင် သင်္ချိုင်းအုတ်ဂူတစ်လုံးရှိ၏။ ထိုအုတ်ဂူသည် မှားယွင်းစွာသေဆုံးခြင်း မြို့တော်အပေါ် ကာကွယ်ပေးသည်။
ငရဲဘုရင် ပြန်လာနိုင်လျှင်ပင် ဖရိုဖရဲပျက်စီးမြေမှထွက်ရန် အဆိုပါအုတ်ဂူက တားဆီးမည်ဖြစ်၏။ တစ်ယောက်ယောက် ထိုအုတ်ဂူကို မရွှေ့မခြင်းပေပင်။
ထို့ကြောင့်ပင် အပြစ်ဘုန်းကြီးသည် ညလူထံသွားရောက်ကာ အုတ်ဂူကိုရွှေ့ပေးရန် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်၏။
ဆိုလိုသည်မှာ ငရဲကျီးကန်းသည် သင်္ချိုင်းဂူကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း မရှိချေ။ မဟုတ်ပါက အပြစ်ဘုန်းကြီးဖြင့် ညလူကိုခြိမ်းခြောက်ခိုင်းမည် မဟုတ်ကြောင်း ပြောနိုင်၏။
ဤအချက်အလက်အပေါ် အခြေခံ၍ ငရဲဘုရင်သည် ယဇ်ပူဇော်ခြင်းသည် အလုံးစုံ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်လာစေသည်။
သင်္ချိုင်းဂူအကြောင်း စုယီပြောသည်ကို ကြားရသောအခါ ချင်းထျန်၏ အမူအရာသည် ကြောက်ရွံ့မှု၊ စက်ဆုပ်ရွံရှာမှုနှင့် အံ့ဩမှုတို့ ရောနှောသွားသည်။
ထိုသင်္ချိုင်းဂူကို ရှေးခေတ်တည်းက မှားယွင်းစွာသေဆုံးခြင်း မြို့တော်အတွက် ဖန်တီးထားခြင်းဖြစ်၏။
ထိုသင်္ချိုင်းဂူကြောင့်သာလျှင် မြို့ထဲရှိ မကောင်းဆိုးဝါးဝိညာဉ်များသည် ပြင်ပအရပ်သို့ မလွတ်မြောက်နိုင်ခြင်းပေပင်။
သွေးလထွက်ပေါ်လာသောအခါတွင် ငရဲကျီးကန်းကဲ့သို့ပုဂ္ဂိုလ်များသည် မြို့မှထွက်ပြီး ကမ္ဘာကြီးကို ဖျက်ဆီးနိုင်၏။
သို့သော် ၎င်းတို့သည် အချိန်မီ ပြန်မလာခဲ့ပါက ပြင်ပ၌ ရုတ်တရက် သေဆုံးရ ပေမည်။ အကြောင်းရင်းမှာ ထိုသင်္ချိုင်း ဂူကြောင့်ဖြစ်၏။
ဤသင်္ချိုင်းဂူသည် ရှေးဟောင်း မြောက်အောက်ကမ္ဘာကြီး၏ မြေအောက်ကမ္ဘာ ဧကရာဇ် ချန်ထားခဲ့သောတာအိုဖြစ်သည်။
၎င်းသည် မှားယွင်းစွာ သေဆုံးခြင်းမြို့တော်၏ စည်းမျဉ်းများနှင့် လုံးဝပေါင်းစည်းထား၏။
ရည်ရွယ်ချက်သည် မှားယွင်းစွာ သေဆုံးခြင်းမြို့ရှိ မကောင်းဆိုးဝါးဝိညာဉ်များ အပေါ် နှိမ်နင်းထားရန်ပေပင်။
***
အခန်း ၇၃၂ -
လျှို့ဝှက်ချက်များ ... ။
ထို့ကြောင့် ကောင်းကင်မိစ္ဆာနွယ်ပင် အနေဖြင့် ဤသင်္ချိုင်းဂူကို အလွန်အမင်းပင် ကြောက်ရွံ့မုန်းတီးသည်။
သို့သော် ထိုသင်္ချိုင်းဂူသာမရှိသော် မှားယွင်းစွာသေဆုံးခြင်းမြို့အနှံ့ ပျံ့ကျဲနေသော မကောင်းဆိုးဝါးဝိညာဉ်များသည် ဤမြို့မှ လွတ်မြောက်သွားမည်ဖြစ်၏။
ထိုအချိန်၌ ကမ္ဘာကြီးအတွင်း မလွဲမသွေရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေမည်။ ဤသည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ချေ။
ရှေးခေတ်မှသည် ယနေ့ခေတ်အထိ မှားယွင်းစွာသေဆုံးခြင်းမြို့၌ အကန့်အသတ်မဲ့ မကောင်းဆိုးဝါးဝိညာဉ်များ မွေးဖွားနေခဲ့သည်။
မှောင်မိုက်ည ကျေးကျွန်များ၊ ငရဲကျီးကန်း၊ အပြစ်ဘုန်းကြီး၊ အပြစ်သားကလေးငယ်ကဲ့သို့ စသည်တို့ကဲ့သို့ အလွန်အစွမ်းထက်သည့် မကောင်းဆိုးဝါးဝိညာဉ်များလည်းရှိသည်။
၎င်းတို့သည် ရွှမ်ကျောက်ဧကရာဇ်အဆင့် ကျွမ်းကျင်သူများကိုသတ်ရန် လုံလောက်ချေ၏။ ထို့ကြောင့် ဤသို့မကောင်းဆိုးရွားများသည်သာ မြို့မှထွက်ခွာနိုင်သော် မရဏကမ္ဘာရှိ မည်သည့် အင်အားစုမျှ ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
“ တားမြစ်နေရာတွေမှာရှိတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေက ငရဲနတ်ဘုရား နန်းတော်နဲ့ ပူးပေါင်းခဲ့သလား။ ”
စုရီက ရုတ်တရက် မေးလိုက်သည်။ ချင်းထျန်သည် အနည်းငယ် စဉ်းစားလျက်၊
“ တားမြစ်နယ်မြေတွေရဲ့ အုပ်စိုးရှင် အနည်းငယ်သာ လက်အောက်ခံကြပါတယ် အများစုကတော့ စောင့်ကြည့်နေတုန်းပဲ ...
... ငရဲကျီးကန်းက သူတို့အပေါ် အတင်းအကျပ်မလုပ်ရဲဘူး ... ဘာပဲဖြစ်ဖြစ် အချို့တားမြစ်နယ်မြေရဲ့ အုပ်စိုးရှင်တွေက သူနဲ့ယှဉ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေပဲမဟုတ်လား။ ”
စုယီက ခေါင်းညိတ်ပြီး ‘ဒါက အရာအားလုံးကို ပိုမိုလွယ်ကူစေတယ်၊’ -ဟု မှတ်ချက်ပေးလိုက်သည်။
ယင်ယန်လမ်းသည် အမှန်တကယ်ပင် ပျက်စီးခဲ့သည်။ အတွင်း၌ ပိတ်မိနေသူများမှာ လုံးဝလွတ်မြောက်ခြင်း မရှိသေးချေ။
“ လေဟာနယ်သွေးရေကန်ရဲ့ မျက်ခုံးဖြူနတ်ဆိုးကြီးရော အသက်ရှင် နေသေးလား။ ”
စုယီက သတိရသွားကာ မေးမြန်းလိုက်သည်။ ချင်းထျန်မှ ခေါင်းညိတ်ပြီး၊
“ အဲဒီ ... နတ်ဆိုးအိုကြီးက သူ့မျက်နှာကို မပြတော့တာ ကြာနေပြီး ဒါကြောင့် သူ့သတင်း ဘာမှမကြားရဘူး။ ”
-ဟု ပြန်ဖြေ၏။ စုယီတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။
“ ကိစ္စမရှိဘူး ... ငါလေဟာနယ် သွေးရေကန်သွားပြီး တွေ့ရင်သိရမှာပါပဲ။ ”
မျက်ခုံးဖြူနတ်ဆိုးဟူသည် မွေးရာပါလေဟာနယ်နိယာမကို နားလည်သော နယ်နိမိတ်များကြား လွတ်လပ်စွာ ခရီးသွားလာ နိုင်သည့် လေဟာနယ်သားရဲဖြစ်သည်။
ယခင်ဘဝတွင် ထိုသားရဲနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က တစ်ဖက် သားရဲကြီးသည် ထိတ်လန့်တကြား ထွက်ပြေးသွားသည်။
ယခုအချိန်၌ ယင်ယန်လမ်း ပြင်းစွာပျက်စီးနေပြီး ရီယုကိုကယ်တင်လိုသော် ထိုမျက်ခုံးဖြူနတ်ဆိုး၏ အကူအညီ လိုအပ်ချေ၏။
“ ဆရာစု ... မင်းတကယ်ပဲ ပြန်လည်ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို မင်းရှာတွေ့ခဲ့တာလား။ ”
စုရီက ငြင်းဆိုခြင်းမရှိချေ။
“ မင်းသဲလွန်စတချို့ကို ... မြင်ပြီးနေပြီဆိုတော့ မင်းဆီကနေ ငါဘာမှ မဖုံးကွယ်ပါဘူး ဟုတ်တယ်။ ”
ထိုအတည်ပြုချက်ကို ကြားသောအခါ ချင်းထျန်သည် အလွန်အံ့အားသင့်သွားတော့၏။ အချိန်အတော်ကြာပြီးနောက် သတိပြန်ဝင်ကာ လေးနက်စွာဖြင့်၊
“ စိတ်ချပါဆရာစု ... ဒီကိစ္စနဲ့ ပတ်သက်ရင် ငါစကားတစ်ခွန်းမှ မပြောပါဘူး ... မနာခံခဲ့ရင် ငါ့ဘဝ ... ။ ”
-ဟု ကတိပေးရန်ပြင်၏။ သို့သော် စုရီမှ လက်ကာပြကာ တားဆီးသည်။
“ လုံလောက်ပြီ ကောင်းပြီ ... ဒါအသေးအဖွဲကိစ္စပဲ မင်းကျိန်ဆိုနေစရာမလိုဘူး မင်းရဲ့လုယူခံလိုက်ရတဲ့ တာအိုခန္ဓာကို ပြန်ရအောင် ငါကူညီပေးမယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
“ သွားရအောင် ... ငါတို့ နတ်ဘုရားတောင်ကြားကို အရင်သွားကြမယ်။ ”
စုရီက ညွှန်ကြားလိုက်၏။ ချင်းထျန်မှ ထပ်မမေးတော့ချေ။ ထိုအရပ်သည် တားမြစ်ဇုန် တစ်ခုပေပင်။ ကြောက်စရာကောင်းသော နတ်ဆိုးတစ်ပါးနေထိုင်၏။
အန္တရာယ်အရှိဆုံးသော တားမြစ်မြေ ကိုးပါးအတွင်း စာရင်းဝင်ချေသည်။ ဖရိုဖရဲ ပျက်စီးမြေ၊ ကောင်းကင်ကပ်ဘေး တောင်ထိပ် စသည်တို့နှင့်ယှဉ်နိုင်သော တားမြစ်မြေပေပင်။
ထိုအရပ်တွင် ယင်ပျက်စီးခြင်းဟုခေါ်သည့် စွမ်းအင်များဖြင့်ပြည့်နှက်နေ၏။ မည်းနက်သော မြူခိုးများသာ အမြဲရစ်သိုင်းနေသည်။
အတိတ်ကာလ၌ ဧကရာဇ်များသည် နတ်ဘုရားချိုင့်ဝှမ်းအတွင်းရှိ ယင်ပျက်စီးခြင်း စည်းမျဉ်းများ၏ လျှို့ဝှက်ချက်ကို နားလည်မှု ရယူရန် ဝင်ရောက်သွားခဲ့ကြဖူးသည်
သို့သော် ခြွင်းချက်မရှိ အားလုံးသည် ဝမ်းနည်းဖွယ်အဆုံးသတ်နှင့် ရင်ဆိုင်ခဲ့ရ၏။ အဆုံးတွင် ထိုဧကရာဇ်များစွာသည် ပျက်စီးခြင်း စွမ်းအားကြောင့် ဝိညာဉ်များယို့ယွင်းလာကြပြီး ဝိညာဉ်ဆိုးများအဖြစ် ပြောင်းလဲကုန်သည်။
ရုပ်ခန္ဓာများအတွက်မူ လုံးဝဆွေးမြေ့ပျက်စီးလျက် ညငိုပန်းအတွက် အာဟာရဖြစ်လာခဲ့၏။
နားထောင်ခြင်းကျမ်းသည် လျှို့ဝှက်ဆန်းကြယ်သော အပြာရောင်အလင်း အလွှာထွက်လာကာ စုယီနှင့် အဖွဲ့အပေါ် ဖုံးအုပ်ကာကွယ်ပေးချေပြီ။
လမ်းတစ်လျှောက်တွင် ယင်ပျက်စီးခြင်းစွမ်းအားဖြင့် ဖွဲ့စည်းထားသော အနက်ရောင်မြူများသည် ထိုအကာအကွယ်ကို တိုက်စားရန်ကြိုးစား၏။
ဤသည်မှာ ရွှမ်ယုအဆင့် ဧကရာဇ် အသက်ကို ခြိမ်းခြောက်ရန်လုံလောက်သော တိုက်စားမှုစွမ်းအားဖြစ်သည်။ သို့သော် အလွယ်တကူ ပျက်ပြယ်သွားချေပြီ။
ရုတ်တရက် အနက်ရောင်မြူများအတွင်း အဖြူရောင်ဝတ်လူတစ်ဦး သွေးစွန်းနေသော အရိုးလှံကို ကိုင်ဆောင်လျက်ပေါ်လာသည်။
သူ့ရောင်ဝါစွမ်းအားများသည် ဝိညာဉ်စားငှက်များထက် အဆပေါင်းများစွာ သာလွန်နေ၏။ ရွှမ်ကျောက်ဧကရာဇ်အဆင့် ကျွမ်းကျင်သူတိုင်းကို ကြောက်လန့်သွား စေလောက်အောင် သန်မာသည်။
“ ဟမ့် ... ။ ”
ယွီရွယ်မှ ကျောက်စိမ်းပေတံကို ထုတ်ယူလျက် မီးလျှံများမြင့်တက်လာစေကာ တစ်ချက်တည်းဖြင့် ခုတ်သတ်လိုက်၏။
အဝေးမှ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသားသည် ရှောင်တိမ်းရန် အချိန်မရှိခဲ့ချေ။ ခန္ဓာကိုယ်သည် ချက်ချင်း မီးရှို့ခံလိုက်ရ၏။
ယွမ်လင်းနင်နှင့် ချင်းမုတို့နှစ်ယောက်မှာ အံ့အားသင့်သွားကြသည်။ ဤပေတံကြီးသည် ယွီရွယ်လက်တွင် သံမဏိလူ ကိုင်ဆွဲစဉ်ထက် အဆပေါင်းများစွာ သာလွန်နေ၏။
စုယီ တစ်ယောက်တည်းသာ တည်ငြိမ်နေဆဲဖြစ်လေသည်။ အဖြူရောင်ဝတ် အမျိုးသားသည် မသေဆုံးမီက ရွှမ်ကျောက် အဆင့် အထွတ်အထိပ်ဧကရာဇ်ဖြစ်၏။
သို့သော် ထိုသူ့ခန္ဓာကိုယ်သည် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီး ဝိညာဉ်သည်ပင် ယင်တိုက်စားမှုကြောင့် မကောင်းဆိုးဝါးဖြစ်နေချေပြီ။
ယွီရွယ်မှ ထိုသို့သော ပြိုင်ဘက်ကို နှိမ်နင်းသတ်ဖြတ်ရန် မီးလျှံကျောက်စိမ်းပေတံ မလိုအပ်ချေ။
လမ်းတစ်လျှောက် မှောင်မိုက်သော မြူများအတွင်း ပုန်းအောင်းနေသည့် အခြား မကောင်းဆိုးဝါး ဝိညာဉ်များ ထပ်မံထွက်ပေါ် လာသော်လည်း ခြွင်းချက်မရှိ အသတ်ခံလိုက်ရသည်။
နာရီဝက်အကြာတွင် မြေအောက် လှိုဏ်ဂူတစ်ခုလုံး မြင်လာရ၏။ ချောက်ကမ်းပါး နံရံတစ်ခုတွင် နစ်မြုပ်နေချေပြီ။
ဂူပတ်လည်သည် တိတ်ဆိတ်လျက် ပျက်စီးခြင်း စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် အနက်ရောင်မြူများသာရှိသည်။ အခြားသော မကောင်းဆိုးဝါးများ မရှိချေ။
အဘယ်ကြောင့်ဆိုသော မမြင်နိုင်သောဖိနှိပ်စွမ်းအားတစ်ခု လေထုထဲ ပျော်ဝင်နေသောကြောင့်ပေပင်။
ထို့ကြောင့် လူတိုင်းခန္ဓာကိုယ်များ တောင့်တင်းလျက် သွေးလည်ပတ်မှုများ တုန့်ဆိုင်းကုန်တော့သည်။
“ ချင်းထျန်၊ မင်းနဲ့ တခြားသူတွေ ... ဒီမှာနေပြီးစောင့်ပါ ဂူကိုစုံစမ်းဖို့မကြိုးစားပါနဲ့ ယွီရွယ် ... မင်းငါနဲ့အတူလိုက်ခဲ့။ ”
“ ကောင်းပြီ ... ။ ”
ယွမ်လင်းနင်က သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။ စုရီနှင့် ယွီရွှယ်သည် ချက်ချင်းပင် ဂူထဲသို့ လှမ်းဝင်သွား၏။
ဂူအတွင်း မှောင်မိုက်နေသည်။ ပျက်စီးခြင်းတာအို၏ စည်းမျဉ်းများသည် ဂူ၏ နေရာတိုင်း၌ ဖြန့်ကျက်နေ၏။
ထိုစည်းမျဉ်း၏ စွမ်းအားသည် မဖော်ပြနိုင်သောဖိအားများဖြင့် ပြည့်နှက်စေပြီ မှားယွင်းစွာသေဆုံးခြင်းမြို့၏ မူလစွမ်းအားနှင့် ပေါင်းစပ်နေသည်။
စုရီတွင် နားထောင်ခြင်းကျမ်းမပါသော် ယွီရွယ်တစ်ယောက် ဤနေရာသို့ အလျင်စလို ဝင်ရောက်ရန် စွန့်စားဝံ့မည် မဟုတ်ချေ။ သို့သော် ဤအချိန်တွင် ယွီရွှယ်သည် တစ်စုံတစ်ရာ သဘောပေါက်သွားပြီး၊
“ ရွှမ်ကြွယ် ... နားထောင်ခြင်းကျမ်းက မှားယွင်းစွာသေဆုံးခြင်းမြို့ရဲ့ မူလစွမ်းအားကို ထိန်းချုပ်နိုင်နေတာလား။ ”
-ဟု မေးမြန်းလိုက်၏။
စုရီမှ ခေါင်းညိတ်ပြီး၊
“ နားထောင်ခြင်းကျမ်းဆိုတာ မှားယွင်းစွာသေဆုံးခြင်းမြို့ရဲ့ အုပ်စိုးရှင်ဖြစ်တဲ့ နတ်သားရဲသိထင်ရဲ့တာအိုပဲ ... ဒီသားရဲက မရဏကမ္ဘာရဲ့ မူလစွမ်းအားကနေ မွေးဖွားလာတာပါ ...
... အတိအကျပြောရရင် မှားယွင်းစွာ သေဆုံးခြင်းမြို့ထဲက အခြေခံစည်းမျဉ်းတွေဟာ မရဏကမ္ဘာမူလစွမ်းအားရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ ...
... ဒါကြောင့် နားထောင်ခြင်းကျမ်းက မှားယွင်းစွာသေဆုံးခြင်းမြို့ရဲ့ စည်းမျဉ်းတွေကို နှိမ်နင်းနိုင်တာ ... ။”
“ ဒါဆို မှားယွင်းစွာ သေဆုံးခြင်းမြို့ကို နှိမ်နင်းထားတဲ့ အုတ်ဂူနဲ့ယှဉ်ရင် ဘယ်ဟာက ပိုသန်မာလဲ။ ”
“ အဲဒီအုတ်ဂူကို မြေအောက်ကမ္ဘာရဲ့ နောက်ဆုံးဧကရာဇ်က ထာဝရစောင့်ရှောက်ဖို့ သူ့တာအိုနဲ့ ပေါင်းစပ်ထားခဲ့လိုက်တာပဲ ... နတ်သားရဲသိထင်ကို သတိရပြီး ဒီလိုလုပ်ခဲ့တာထင်တယ်။ ”
ရှေးခေတ်တုန်းက သိထင်သည် မြေအောက်ကမ္ဘာကြီး၏ စောင့်ရှောက်သူသားရဲ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ငရဲဘုံကို ထာဝရ စောင့်ရှောက်ရန် သူ့တာအိုပေးခဲ့၏။
“ အဲဒီအုတ်ဂူကျောက်တိုင်က မူလနတ်ဘုရားပစ္စည်း မဟုတ်ဘူး ဒါပေမယ့် အမြင့်မြတ်ဆုံး ရတနာသုံးပါးနဲ့ သူ့ကို ထုလုပ်ထားတတယ် ...
... ပထမတစ်ခုက နတ်သားရဲသိထင် ချန်ထားခဲ့တဲ့ မွေးရာပါအရိုး ဒုတိယရတနာက ပြန်လည်မွေးဖွားခြင်းရေကန်ကနေ မွေးဖွားတဲ့ မူလနတ်ဘုရားရတနာ ကံကြမ္မာကြေးမုံနဲ့ ...
... တတိယတစ်ခုက မြေအောက်ကမ္ဘာဧကရာဇ်ရဲ့ ကျင့်ကြံမှုနဲ့ ကိုယ်ပိုင်အသိ တာအိုကျမ်းစာ ...
... ဒီကျမ်းစာက မြေအောက်ကမ္ဘာ မှတ်တမ်းကနေ ဆင်းသက်လာပြီး ပြန်လည် ဝင်စားခြင်းလမ်းစဉ်ခြောက်ပါး ကျမ်းလို့ ခေါ်ကြတယ် မရဏကမ္ဘာကြီးရဲ့ အခြေခံ လျှို့ဝှက်ချက်တွေပဲ။ ”
ဆိုလိုသည်မှာ ‘ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်ပါး’၏ လျှို့ဝှက်ချက်များကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါက မည်သူမဆို ပြန်လည်ဝင်စားနိုင်မည်ဖြစ်၏။
***