အခန်း (၈၁၉)
Vol. 56 Ch. 819
" လင်းယွမ် " လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က လင်းယွမ်ဆီသို့ လှည့်ကြည့်လိုက်ကြပြီး အနည်းငယ် စိုးရိမ်သွားကြသည်။ သူတို့က လင်းယွမ်ကို ယုံကြည်သော်လည်း စကြာဝဠာစိတ်အသိမှ ထွက်ပေါ်လာသော ဒေါသအရှိန်အဝါက သူတို့ကို စိတ်မသက်မသာဖြစ်စေသည်။
" ဒေါသထွက်နေတာလား။ "လင်းယွမ်ကလည်း စကြာဝဠာစိတ်အသိမှ ထွက်ပေါ်လာသော ခံစားချက်ကို သတိပြုမိလိုက်သည်။
သို့သော် သူက ရပ်တန့်ခြင်းမရှိဘဲ သူ၏ အတွင်းစကြာဝဠာထဲမှ လူသားများ၏ အသက်တံဆိပ်များကို ဆက်လက်လွှဲပြောင်းယူနေခဲ့သည်။
ထိုခဏတွင် တန်ပြန်မှုက ကျရောက်လာခဲ့သည်။ ကြောက်စရာကောင်းသော ဖိအားတစ်ခုက အရာအားလုံးကို လွှမ်းခြုံလာသော်လည်း ၎င်းက လင်းယွမ်၏ အင်္ကျီစကိုပင် လှုပ်ခါနိုင်စွမ်းမရှိခဲ့ပေ။
အဝေးတွင် အခြားမျိုးနွယ်များမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက လင်းယွမ်၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေကြပြီး တန်ပြန်မှုအား မည်သို့ခုခံမည်ကို မြင်တွေ့ချင်နေကြသည်။
" ဘာဖြစ်တာလဲ။ စကြာဝဠာရဲ့ တန်ပြန်မှုက ကြီးမြတ်သူနဂါးငွေ့တန်းအပေါ် ကျရောက်သွားတာလား။ "
" သူက တစ်လက်မတောင် မရွေ့ဘူးလား။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက ပင့်သက်ရှိုက်သွားကြပြီး ကြီးမြတ်သူနဂါးငွေ့တန်း၏ အဆုံးစွန်သော စွမ်းအားကို နားလည်သွားကြသည်။
" ကြီးမြတ်သူနဂါးငွေ့တန်းက တကယ်သန်မာလွန်းတယ်။ " ကပ်ဘေးမျိုးနွယ်မှ ကြီးမြတ်သူနှစ်ယောက်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်များ ဖြစ်သည့်အပြင် သစ်သားအိမ်၏ အာရုံခံနိုင်စွမ်းဖြင့် လင်းယွမ်ရင်ဆိုင်ရသော တန်ပြန်မှု၏ ပြင်းထန်ပုံကို ရှင်းရှင်းလင်းလင်း နားလည်ကြသည်။
လွှမ်းမိုးခြင်းအဆင့်များပင် ထိုတန်ပြန်မှုကို ရင်ဆိုင်ရလျှင် သေလုနီးပါး ဒဏ်ရာများကို ရရှိသွားနိုင်သော်လည်း လင်းယွမ်က ဘာမှမဖြစ်သကဲ့သို့ မတုန်မလှုပ်ရှိနေသည်။
စကြာဝဠာ၏ အပြင်ဘက်တွင် စကြာဝဠာများ အချိန်မတိုင်မီ ပျက်ဆီးခြင်းက အင်အားကြီးသူများစွာကို ဆွဲဆောင်သွားခဲ့သည်။ ပျက်ဆီးနေသော စကြာဝဠာ၏ အပြင်ဘက်တွင် အင်အားကြီးသူများက စောင့်နေကြပြီး ထိုစကြာဝဠာထဲမှ လွတ်မြောက်လာသော အလွှာဆယ့်နှစ် ကြီးမြတ်သူများကို လုယက်ရန်ဖြစ်သည်။
" ငါ အရိပ်နတ်ဆိုးမဟာသူတော်စင်နဲ့ နဝမဖီးနစ်မဟာသူတော်စင်တို့ရဲ့ နောက်ကလိုက်ရင်း စကြာဝဠာဆယ့်တစ်ခုကို လုယက်ပြီးပြီ။ ငါ ရထားတဲ့ရတနာတွေက ဖရိုဖရဲသလင်းကျောက် တစ်သိန်းနီးပါး တန်ဖိုးရှိမယ်ထင်တယ်။ "
" ဖရိုဖရဲသလင်းကျောက် တစ်သိန်း... ပုံမှန်အတိုင်း လိုက်ရှာရင် ဘယ်လောက်တောင်ကြာမလဲမသိဘူး။ အခု စကြာဝဠာတွေရဲ့ အပြင်ဘက်မှာ စောင့်နေရုံနဲ့ အလွယ်တကူ ရနိုင်တယ်။ "
" တကယ်ပဲ။ အဲ့ဒီစကြာဝဠာတွေထဲက အလွှာဆယ့်နှစ်သက်ရှိတွေက အတွေ့အကြုံမရှိကြဘူး။ ပြီးတော့ ငါတို့က အမှောင်ထဲမှာ ပုန်းနေတာဆိုတော့ သူတို့က ခုခံနိုင်စွမ်းတောင် မရှိကြဘူး။ "
စကြာဝဠာအပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော လုယက်သူများက ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။ သူတို့က ပျက်ဆီးနေသော စကြာဝဠာများကို ဝန်းရံ၍ နေရာယူထားကြပြီး လွတ်မြောက်လာသော အလွှာဆယ့်နှစ်များကို တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
" ကံမကောင်းတာက မဟာသူတော်စင်နှစ်ပါးရဲ့ အရှိန်က မြန်လွန်းတယ်။ ငါတို့က စကြာဝဠာပျက်ဆီးတာကို စောင့်နေရသေးတယ်။ "
" ပျက်ဆီးနေတဲ့ စကြာဝဠာအများစုကို ရှေ့က အင်အားကြီးသူများက လက်ဝါးကြီးအုပ်သွားလောက်ပြီ။ "
" အဲ့ဒါကို ဘာလို့စဉ်းစားနေမှာလဲ။ ဘာပဲဖြစ်ဖြစ် ဒီနားက စကြာဝဠာတွေက ငါတို့အပိုင်ပဲ။ "
သူတို့က မဟာသူတော်စင်နှစ်ပါး၏ နောက်သို့ ဆက်တိုက်လိုက်နိုင်ခဲ့လျှင် သူတို့ရရှိမည့် အကျိုးအမြတ်မှာ စိတ်ကူးယဉ်နိုင်မည်မဟုတ်ပေ။ သို့သော် ဖရိုဖရဲမဟာသူတော်စင်နှစ်ပါး၏ အရှိန်က ဖရိုဖရဲအရှင်သခင်များပင် လိုက်မှီရန် ဝေးကွာနေဆဲ ဖြစ်သည်။
ထို့အပြင် ဖရိုဖရဲမဟာသူတော်စင်များနောက်သို့ လိုက်ခြင်းက တိကျရန် လိုအပ်သည်။ သူတို့က တအားကပ်သွားလျှင်လည်း တိုက်ပွဲ၏ စွမ်းအားကြောင့် စကြာဝဠာများနှင့်အတူ ပျောက်ကွယ်သွားရမည်ဖြစ်သည်။
ဖရိုဖရဲအရှင်သခင်များနှင့် ယှဉ်နိုင်သော စကြာဝဠာများပင် အချိန်မတိုင်မီ ပျက်ဆီးခြင်းမှ မရှောင်လွှဲနိုင်ပေ။ လွှမ်းမိုးခြင်းအဆင့်များက အသက်ရှင်နိုင်ခြေ နည်းပါးလှသည်။ သို့သော် ဝေးကွာလွန်းလျှင်လည်း ပျက်ဆီးသွားသော စကြာဝဠာအတွင်းမှ အလွှာဆယ့်နှစ်များက ရှိတော့မည်မဟုတ်ပေ။ သို့မဟုတ် အခြားသူများက အရင်လုယက်သွားကြပေလိမ့်မည်။
ထို့ကြောင့် အသင့်တော်ဆုံး အကွာအဝေးကို ထိန်းသိမ်းထားရန်မှာ အလွန်အရေးကြီးသည်။ သို့သော် ၎င်းက လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နှင့် လွှမ်းမိုးခြင်းအဆင့်များအတွက်သာ ဖြစ်သည်။ ဖရိုဖရဲအရှင်သခင်များက မဟာသူတော်စင်များ၏ တိုက်ပွဲအနီးသို့ မချဉ်းကပ်ဝံ့ကြပေ။
ဖရိုဖရဲမဟာသူတော်စင်များ၏ အမြင်တွင် လွှမ်းမိုးခြင်းအဆင့်များက အရေးမပါသော်လည်း ဖရိုဖရဲအရှင်သခင်များက သူတို့၏ အာရုံစိုက်မှုကို မလွဲမသွေ ခံရမည်ဖြစ်သည်။ အကယ်၍ ဖရိုဖရဲမဟာသူတော်စင်များက မကောင်းသော ရည်ရွယ်ချက်များရှိလျှင် ဖရိုဖရဲအရှင်သခင်များ၏ ကံကြမ္မာက မသေချာမရေရာဖြစ်သွားပေလိမ့်မည်။
ဖရိုဖရဲအရှင်သခင်များက သူတို့၏ ကိုယ်ပိုင်ဖရိုဖရဲကုန်းမြေကို အုပ်ချုပ်ကြပြီး ဖရိုဖရဲသလင်းကျောက်များကို ပုံမှန်ရရှိနေကြသောကြောင့် မဟာသူတော်စင်များနောက်မှ အကြွင်းအကျန်များကို လိုက်ကောက်စရယမလိုပေ။
စကြာဝဠာများပျက်ဆီးခြင်းက ဖရိုဖရဲအရှင်သခင်များကို ဆွဲဆောင်နိုင်စွမ်းမရှိပေ။ ကြီးမားသော အန္တရာယ်များကို ထည့်သွင်းစဉ်းစားကြည့်လျှင် သူတို့ရရှိသော အကျိုးအမြတ်များနှင့် တွက်ခြေမကိုက်ပေ။
လင်းယွမ်နေထိုင်သော ပင်မစကြာဝဠာတွင် မိုင်ပေါင်းတစ်သန်းနီးပါးရှည်လျားသော ကြီးမားသည့် အနက်ရောင်သင်္ဘောတစ်စင်းက လျင်မြန်စွာ ချဉ်းကပ်လာသည်။ ထိုသင်္ဘောက အလင်းနှစ်သန်းချီကျယ်ဝန်းသော ဖိအားနယ်ပယ်တစ်ခုကို ဖန်တီးထားသည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်များပင် ထိုနယ်ပယ်၏ ဖိအားအောက်တွင် လှုပ်ရှားနိုင်စွမ်းရှိမည်မဟုတ်ပေ။
" ဒီစကြာဝဠာကလည်း ပျက်ဆီးသွားပြီပဲ။ ငါတို့ ဒီမှာစခန်းချကြမယ်။ " သင်္ဘော၏ ဦးပိုင်းတွင် ဆယ်မီတာကျော်မြင့်သော ပုံရိပ်တစ်ခုက ရပ်နေပြီး သူက ပျက်ဆီးနေသော စကြာဝဠာကို အေးစက်စွာ စောင့်ကြည့်နေသည်။
ထိုသူ၏ နာမည်က ရွှယ်ယန်ဖြစ်ပြီး လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်တွင်ရှိနေသည်။ သူက ပျက်ဆီးနေသော စကြာဝဠာများကို ပစ်မှတ်ထား လုယက်သူများထဲမှတစ်ယောက်ဖြစ်သည်။
ထိုစကြာဝဠာများအတွင်းမှ အလွှာဆယ့်နှစ်များက အနိုင်ယူရန် လွယ်ကူပြီး အန္တရာယ်မရှိဘဲ ရတနာများ ရရှိနိုင်လေသည်။ လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်ရှိသော အင်အားကြီးသူများပင် ထိုဆွဲဆောင်မှုကို မတွန်းလှန်နိုင်ကြပေ။
ထိုအချိန်တွင် ပင်မစကြာဝဠာနှင့် ဆန့်ကျင်ဘက်မှ မိုင်ပေါင်းတစ်သန်းကျော် ကြီးမားသော ကျွန်းတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ထွက်ပေါ်လာခဲ့သည်။
" ဟားဟား သခင်ရွှယ်ယန်ကိုး။ " ကျွန်းပေါ်တွင် မြွေခေါင်း၊ လူခန္ဓာကိုယ်နှင့် ပုံရိပ်တစ်ခုက ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေပြီး အဝေးမှ အနက်ရောင်သင်္ဘောကို စိုက်ကြည့်နေသည်။
" မြွေနတ်ဆိုးလား။ " ရွှယ်ယန်က မျက်မှောင်ကြုတ်သွားသည်။
မြွေနတ်ဆိုးကလည်း လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်နှင့် နီးကပ်နေပြီး ထူးဆန်းသော နည်းလမ်းများကို ပိုင်ဆိင်ထားသူဖြစ်သည်။
လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။ သူတို့၏ ပစ်မှတ်က ပျက်ဆီးခြင်းသို့ ရောက်နေပြီဖြစ်သော လင်းယွမ်တို့၏ စကြာဝဠာပင်ဖြစ်သည်။
" ရွှယ်ယန် ဒီစကြာဝဠာကို ငါတို့ ခွဲယူကြရင် ဘယ်လိုလဲ။ အဲ့ဒီဘက်က မင်းအပိုင် ဒီဘက်က ငါ့အပိုင်ပေါ့။ မင်းဘယ်လိုထင်လဲ။ " မြွေနတ်ဆိုးက အကြံပေးလိုက်သည်။
လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူများက မလိုအပ်ဘဲ တိုက်ခိုက်ခြင်းကို ရှောင်လွှဲကြပြီး ရရှိမည့် အကျိုးအမြတ်ကလည်း အသက်ရင်းရလောက်အောင် တန်ဖိုးမရှိပေ။ ထို့ကြောင့် မျှတစွာ ခွဲဝေယူခြင်းက အကောင်းဆုံးဖြစ်သည်။
" သဘောတူတယ်။ " ရွှယ်ယန်က ခေါင်းညိမ့်လိုက်သည်။
ထိုသို့ခွဲဝေခြင်းမှာ စကြာဝဠာပျက်ဆီးပြီးနောက် လွတ်မြောက်လာသော အလွှာဆယ့်နှစ် သက်ရှိများက သူတို့သတ်မှတ်ထားသော နယ်မြေထဲသို့ ဝင်ရောက်လာလျှင် သူတို့၏ အပိုင်ဖြစ်သည်။
စကြာဝဠာအတွင်းမှ အလွှာဆယ့်နှစ် သက်ရှိများက မည်သည့်နေရာကိုမဆို ထွက်ပြေးနိုင်လေသည်။ နယ်မြေများကို ခွဲဝေထားသောကြောင့် ထွက်ပြေးလာသူများနှင့် ပက်သက်ပြီး အငြင်းပွားစရာမလိုတော့ပေ။
အနက်ရောင်သင်္ဘောပေါ်မှ ရွှယ်ယန်က အဝေးမှ ပျက်ဆီးနေသော စကြာဝဠာကို စိကြည့်နေသည်။
" အရှင်..." ထိုအချိန်တွင် ရွှယ်ယန်၏ နောက်မှ ပုံရိပ်များပေါ်လာပြီး အရိုအသေပေးလိုက်ကြသည်။
" မင်းတို့အားလုံး ဒီနယ်မြေတွေမှာ နေရာယူထားကြ။ " ရွှယ်ယန်က ခဏစဉ်းစားပြီးနောက် သူ၏ လူများကို တာဝန်ခွဲပေးလိုက်သည်။
စကြာဝဠာက ကြီးမားသောကြောင့် နယ်မြေတစ်ဝက်ကို လုံခြုံအောင် စောင့်ကြပ်ရန် ခက်ခဲလှသည်။ လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်ရှိသော ရွှယ်ယန်ပင် နယ်မြေအားလုံးကို တစ်ချိန်းတည်း စောင့်ကြည့်ရန်မဖြစ်နိုင်သောကြောင့် လက်အောက်ငယ်သားများကို တာဝန်ပေးရခြင်းဖြစ်သည်။
" နားလည်ပါပြီ။ " ပုံရိပ်များက ခေါင်းညိမ့်ပြီး ပျောက်ကွယ်သွားကြသည်။
သူတို့က ရွှယ်ယန်အပေါ် သစ္စာစောင့်သိကြသော လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်များ ဖြစ်ကြသည်။ ရွှယ်ယန်က သူ၏ လက်အောက်ငယ်သားများကို လမ်းညွှန်ပေးခြင်း သို့မဟုတ် ရတနာများနှင့် လျို့ဝှက်နည်းစနစ်များ ပေးလေ့ရှိသည်။
" စကြာဝဠာပျက်ဆီးတာက မြန်မြန်ပြီးသွားဖို့ မျှော်လင့်ရမှာပဲ။ " ရွှယ်ယန်က တွေးလိုက်သည်။
သို့မှသာ သူက နောက်ထပ်စကြာဝဠာတစ်ခုသို့ သွားရောက်နိုင်မည်ဖြစ်သည်။ သူက စကြာဝဠာအတွင်းရှိ အလွှာဆယ့်နှစ်သက်ရှိများကို ထိုက်တန်သော ပြိုင်ဘက်များအဖြစ် တစ်ခါမှ မသတ်မှတ်ခဲ့ပေ။ စကြာဝဠာအတွင်း သက်သောင့်သက်သာ နေထိုင်ခဲ့ရသော ထိုအလွှာဆယ့်နှစ်သက်ရှိများက တိုက်ပွဲအတွေ့အကြုံရှိသော သူ၏ လက်အောက်ငယ်သားများကိုပင် ယှဉ်နိုင်မည်မဟုတ်ပေ။
ရွှယ်ယန်၏ အမြင်တွင် စကြာဝဠာအတွင်းမှ အလွှာဆယ့်နှစ်သက်ရှိများက အသက်ရှင်နေသော ဖရိုဖရဲသလင်းကျောက်များသာ ဖြစ်ပြီး သူတို့ဖြစ်တည်မှုက သူ၏ ကျင့်ကြံမှုအတွက် အာဟာရဖြစ်လာစေရန်သာဖြစ်သည်။ ၎င်းက သူတို့အတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။