← Chapters

တဖြည်းဖြည်းချင်း တိုးဝင်ခြင်း

Vol. 8 Ch. 93

တဖြည်းဖြည်းချင်း တိုးဝင်ခြင်း

Vol. 8 Ch. 93

ဘယ်လိုသက်သေပြရမလဲ။

ရှန်းမူမူက မရိုးမဖြောင့် တွေးတောလိုက်လေသည်။

သူမက ရွှန်းလဲ့သော မျက်ဝန်းဖြင့် ကူကယ်ရာမဲ့ပြီး သနားစဖွယ် ကြည့်လိုက်သည်။

သူမ မျက်နှာ ရဲနေသည်ကိုမြင်တော့ ချီမော့၏ အမူအရာက နူးညံ့သွားကာ မျက်ဝန်းထဲ ရယ်ချင်စိတ်သန်းသွားလေသည်။

နေဝင်ချိန် ပုဇွန်ဆီရောင်က ပြတင်းပေါက် အပြင်ဘက် လင်းနေသည်။

ချီမော့၏ ထူးခြားကာ ကျက်သရေရှိသည့် မျက်နှာကို နူးညံ့သည့် အလင်းရောင် ခြုံလွှမ်းနေကာ အလွန်ချောမောနေသဖြင့် လူတွေက အကြည့်မလွှဲနိုင်ပေ။

သူမျက်ဝန်းက ရယ်ချင်စိတ်ကိုဖုံးကာ သူမကို တည်ငြိမ်စွာ ကြည့်နေသည်။

အလင်တန်းက နွေးနေကာ ရှန်ူမူမူ၏ပါးတွေပင် နွေးနေသလို ခံစားခဲ့ရသည်။

ဒုတ် ဒုတ်။

ဘယ်ဘက်ရင်ဘတ်က အကြိမ်အနည်းငယ် အရှိန်မြင့်ကာ ခုန်သွားခဲ့သည်။

သူမ၏ နှလုံးသားကို မမြင်နိုင်သည့် လက်တစ်စုံက ဆွဲထားသကဲ့သို့ ခံစားနေရကာ အသက်ရှူသံ ဖြည်းညင်းသွားခဲ့သည်။

သူမက ကြက်သေသေနေခဲ့သည်။

ရှန်းမူမူ၊ ရှန်းမူမူ၊ နင် ဘာတွေလုပ်နေတာလဲ။ လိုချင်တက်မက်တာနဲ့ပဲ အမျိုးသားတစ်ယောက်ကို ချစ်သွားတာလား။

နင့်ရှေ့က လူက နင့်ရဲ့ ရှူးဂါးဒယ်ဒီလေ။

နင် တကယ်လို့ သူ့ကိုချစ်ခဲ့ရင်တောင် မိဘအပေါ် သိတတ်တာပဲဖြစ်မှာ။

တခြား ဘာမှ တွေးလို့ မရဘူး။

သူမက အကြည့်ကို ပြန်ရုတ်သိမ်းပြီး ထိုလူ၏ သန်မာသည့် ရင်ဘတ်ကို လက်ဖြင့် တွန်းထားလိုက်သည်။

ထိုလူ၏ ကိုယ်ခန္ဓာက အနည်းငယ် ရပ်တန့်သွားခဲ့သည်။

အဝတ်စကိုဖြတ်ကို ရှန်းမူမူ၏ ဖြူဖွေးနူးညံ့သည့်လက်မှ အနွေးဓာတ်ကို ချီမော့ ခံစားနေရသည်။

သူ့မျက်လုံးက အနည်းငယ် မည်းနက်သွားကာ လည်ဇလုပ်က အနည်းငယ် ရွေ့သွားခဲ့သည်။

သူ ဟန်ပျက်သွားသည်ကို အခွင့်ကောင်းယူကာ ရှန်းမူမူက ဘေးကို အမြန်ရှောင်လိုက်သည်။

သူမက ပြုံးပြကာ မသက်မသာ ခံစားချက်ကို ဖုံးခဲ့သည်။

“ဟားဟား ဥက္ကဌချီက ရယ်ရသားပဲ၊ နောက်တစ်ခါ ဒီလို မစနောက်ပါနဲ့။”

သူမက စ‌ကားပြောပြီးသည်နှင့် အသက်ဘေးမှ လွတ်အောင်ပြေးသကဲ့သို့ အခန်းထဲမှ အမြန်ပြေးထွက်ရန် ပြင်လိုက်သည်။

ချီမော့၏ ပူပြင်းစူးရှသည့် အကြည့်ကိုမြင်တော့ သူမ ရင်ထဲ ‌ဗလောင်ဆူသွားခဲ့သည်။

ချီး ဒီလူက ဘာလဲဟ။

အကြိမ်အများစု သူမကို ကြည့်နေပုံက သားကောင်ကို ကြည့်နေပုံနှင့်တူသည်။

သူက အတုအယောင်ကို အစစ်ဖြစ်လာအောင် လုပ်ချင်တာလား။

ဒါက တခြားကိစ္စတစ်ခုပဲ။

အခန်းထဲတွင်ဖြစ်သည်။

ချီမော့က ကျောမတ်လိုက်ပြီး သူမ တံခါးမှ အလျင်အမြန်ထွက်ပြေးသွားသည်ကို ကြည့်လိုက်သည်။

သူက မျက်လုံးပိတ်ကာ ခပ်အုပ်အုပ် ရယ်လိုက်သည်။

သူမ ကိုင်တွယ်ခဲ့သည့် သူ့ရင်ဘတ်က အင်္ကျီက အနည်းငယ် ကြေတွန့်နေသည်။

ထိုနေ့ပြီးသည်နှင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက အနည်းငယ် နူးညံ့စွာ ပြောင်းလဲခဲ့သည်။

သူမ ယခင်က သတိမထားမိခဲ့သည့် အသေးစိတ်တွေ ဖြစ်သည်။

တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုခံစားချက်က တစ်ခုသော နံနက်ခင်းတွင် ပေါ်လာခဲ့သည်။

ထိုအချိန်တုန်းက သူမက အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေသည်။

သူမဘေးက လူက အိပ်ရာထသွားသည်ကို သူမ ဝေဝေဝါးဝါး သိလိုက်သည်။

သူမက အိပ်ချင်မူးတူးဖြင့် မျက်လုံး အနည်းငယ် ဖွင့်ကြည့်လိုက်သည်။

အလင်းရောင် မှိန်မှိန်အောက်တွင် ထိုလူ၏ ရှည်လျားသည့်အရပ်က အိပ်ရာဘေးတွင် ရပ်နေသည်။

သူက အရှေ့တိုးကာ အောက်ကျနေသည့် စောင်အနားကို အပေါ်ကောက်တင်လိုက်သည်။

သူမကို စောင်ဖြင့် သေချာ ခြုံပေးလိုက်သည်။

ထိုလူ၏ ပုံရိပ်က တဖြည်းဖြည်း ရှေ့တိုးလာသဖြင့် သူမ မျက်လုံးကို အတင်းမှိတ်လိုက်သည်။

ထို့နောက် သူမ လည်ပင်းကို ဖြည်းညင်းစွာ မပြီး စောက်ကို အောက်ထဲထိုးထည့်ပေးသည်ကို ခံစားလိုက်ရသည်။

သူမ၏ မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားကာ အသက်ကို ဖြည်းဖြည်းရှူကာ သူမ နိုးနေကြောင်း တစ်ဖက်လူ မသိအောင် သတိထားခဲ့သည်။

ချီမော့ ရေချိုးခန်းထဲဝင်ကာ ရေကျသံ ကြားလိုက်သည်။

ထို့နောက် ထိုလူက အဝတ်ဗီရိုဆီ လျှောက်သွားခဲ့သည်။

ချိတ်ထားသည့် အဝတ်ပွတ်တိုက်သံများ၊ ခါးပတ်ပတ်သံ၊ နာရီအံဆွဲဖွင့်သံများ စသည့် အသံတို့ကို ကြား‌နေရသည်။

အသံများက အလွန်တိုးနေသော်လည်း အိပ်မပျော်သဖြင့် အရှင်းသားကြားနေရသည်။

ချီမော့ ကုမ္ပဏီကို ထွက်သွားတာ သေချာမှ ရှန်းမူမူက မျက်လုံးဖွင့်လိုက်သည်။

သူမက သေချာပြန်စဉ်းစားပြီးမှ သဘောပေါက်သွားခဲ့သည်။

ချီမော့ လုပ်ငန်းကိစ္စ ခရီးသွားနေစဉ်ကာ သူမ နိုးလာတိုင်း စောင်က အောက်ကို ကျနေတတ်သည်။

သို့သော် ချီမော့ပြန်ရောက်ကတည်းက သူမအပေါ်မှာ စောင်ခြုံလျက် နိုးထလာလေ့ ရှိသည်။

သူက သူမကို စောင်သေချာ ခြုံပေးခဲ့သောကြောင့် ဖြစ်နေသည်။

ထိုသို့ သိမ်မွေ့သည့် ခံစားချက်ကို ဒုတိယအကြိမ် ခံစားမိသည်က မိသားစုလိုက် ဖုန်းယောင်ချင်အိမ်ကို ညစာသွားစားသည့် အချိန် ဖြစ်သည်။

အပြင်တွင် မိုးဖွဲဖွဲရွာနေသည်။

မိုးမကြီးသော်လည်း လေပါသဖြင့် မိုးတွေစင်ကာ စိတ်ရှုပ်ဖို့ကောင်းနေသည်။

ချီရှောင်ပိုင်က ထီးဆောင်းရမည်ကို ပျင်းနေသည်။ သူက ဟူဒီက ဦးထုတ်ကိုဆောင်းကာ လက်ကို အင်္ကျီအိတ်ကပ်ထဲ ထိုးထည့်ပြီး အမြန်ပြေးသွားခဲ့သည်။

ချီမော့က အိမ်တော်ထိန်းကျန်းထံမှ ထီးရှည်ကိုယူကာ ဖွင့်လိုက်သည်။

သူက ထီးကို ရှန်းမူမူဘက် တိုးပေးကာ သူမကို နူးညံ့စွာ ကြည့်ခဲ့သည်။

ထီးက နှစ်ဦးကြားကို အနည်းငယ် နေရာယူကာ ခြားထားသည်။

ရှန်းမူမူကို မိုးတစ်စက်ပင် မစိုခဲ့သော်လည်း ချီမော့၏ ပုခုံးတွေကတော့ စိုစွတ်နေခဲ့သည်။

နူးညံ့ကာ ဈေးကြီးသည့် ရှပ်အင်္ကျီက ချီမော့က လက်တွင် ကပ်ရပ်နေသည်။

ဖုန်းယောင်ချင်၏ အိမ်ကို ရောက်သည်အထိ သူမက ‌အတွေးထဲ နစ်မြုပ်နေခဲ့သည်။

ဖုန်းယောင်ချင်က ဖက်ထုတ်များ ပြင်ဆင်ထားသည်။

ချီရှောင်ပိုင်က သူကူညီလျှင် ပိုရှုပ်ခြင်းဖြစ်သွားမည်ကိုသိသဖြင့် ဆိုဖာထက်တွင် ဖုန်းသုံးကာ ညစာစားဖို့သာ စောင့်နေခဲ့သည်။

ရှန်းမူမူက ဆံပင်စည်းပြီး လက်ဆေးပြီးနောက် ကူညီရန်အတွက် မီးဖိုခန်းထဲ ဝင်သွားခဲ့သည်။

ချီမော့က မီးဖိုခန်းထဲတွင် အင်္ကျီလက်ကို လိပ်ထားကာ သူ့လက်ထဲတွင် အသားပန်းကန်ရှိနေပြီး ရောမွှေနေလေသည်။

ရှန်းမူမူက သူမ ယောက္ခမနှင့် စကားပြောရင်း အေပရွန်ကို ဝတ်ဆင်လိုက်သည်။

သူမက ခါးကြိုးကို လက်တစ်ဖက်ဖြင့် ချည်လိုက်သည်။

ချီမော့က သူမ၏ လှုပ်ရှားမှုကို ကြည့်နေပြီးနောက် အသားပန်းကန်ကိုချပြီး သူမ အနောက်ကိုသွားကာ ကြိုးချည်ပေးခဲ့သည်။

ထိုလူ၏ သွယ်လျသည့် လက်ချောင်းများက သူမ ခါးကို ထိနေကာ လည်ပင်းမှ အသက်ရှူသံ တိုးလျလျကို ခံစားနေမိသည်။

ကြိုးချည်ပြီးနောက် နောက်ကျောမှ ဩရှသည့်အသံကို ကြားလိုက်သည်။

“ချည်ပြီးပြီ။”

ညစာစားချိန်တွင် ဖြစ်သည်။

စားပွဲပေါ်က ချီမော့ဖုန်းက မီးလင်းလာခဲ့သည်။

ချီမော့က ပုဇွန်အခွံခွာနေသဖြင့် ဖုန်းကိုကြည့်ပြီးနောက် ရှန်းမူမူကို ပြောလိုက်သည်။

သူ့လေသံက အလွန်သာမာန်ဆန်နေသည်။

“ဘယ်သူ စာပို့တာလဲလို့ ကြည့်ပေးပါဦး။”

ရှန်းမူမူက ခဏလောက် ကြက်သေသေသွားပြီးမှ ဖုန်းကိုယူကာ WeChatထဲ ဝင်လိုက်သည်။

Chat listက အလွန်ရိုးရှင်းသည်။

သူငယ်ချင်းများ၏ နာမည်ပြောင်များက အကုန် နာမည်အပြည့်အစုံဖြစ်သည်။

ဝန်ထမ်းများ၏ နာမည်က ကုမ္ပဏီနာမည်များ၊ ဌာနနာမည်များ ဖြစ်သည်။

ဖုန်းယောင်ချင်နှင့် ချီမော့ကိုလည်း နာမည်သာ မှတ်ထားသည်။

Pin ထောက်ထားသည့် Conversation တစ်ခုသာ အများနှင့် မတူပေ။

ဇနီး ဟူသော စာသားက ထူးခြားနေသည်။

ဘေးတွင် နေလုံးအီမိုဂျီလေးပင် ပါသေးသည်။

ရှန်းမူမူ၏ မျက်လုံးက ခဏလောက် ရပ်တန့်သွားခဲ့သည်။

တည်ငြိမ်လွန်းသည့်လူက WeChat nicknameကို ပြင်မည်ဟု စိတ်ကူးကြည့်ဖို့ခက်သည်။

သူမက သတိမထားမိသလို ပြုမူကာ group chatထဲ ဝင်လိုက်သည်။

မန်နေဂျာဖြစ်သူက ပရောဂျက် လုပ်ဆောင်ချက်များ၊ ဒေတာများကို တင်ပြထားကာ စာက အလွန်ရှည်ကာ စာသီစာကုံး အတိုတစ်ပုဒ်နှင့် တူသည်။

သို့သော် ချီမော့က စက္ကန့်အနည်းငယ်သာ ကြည့်လိုက်သည်။

ထို့နောက် ရှန်းမူမူသည် အကြည့်ကို ပြန်ရုတ်သိမ်းပြီး ပြောလိုက်သည်။ “ရပြီ။”

ဖုန်းပြန်ပိတ်ပြီးနောက်တွင် ရှန်းမူမူ၏ စိတ်က ဗလာဖြစ်နေသည်။

ချီမော့က ဘာလို့ pin ထောက်ထားတာလဲ။

သူမ ပို့သည့် စာအများစုက ပေါက်ကရတွေ ဖြစ်သည်။

Group ထဲက စာကို သိပ်ဂရုမစိုက်ဘဲနဲ့ သူမကို ဖုန်းဖွင့်ခိုင်းသည်က ထိုအရာကို မြင်စေချင်၍လား။

သူမက မတုံးအသဖြင့် ထိုအရာကို ခန့်မှန်းမိခဲ့သည်။

သူမက ရှုပ်ထွေးစွာဖြင့် ဘေးက လူကို တိတ်တဆိတ်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။

အမြဲတည်ငြိမ်‌ အေးစက်နေသည့် ချီမော့က အနည်းငယ် ပြုံးနေသည်။

သူက ပျော်ရွှင်မှုကို ချုပ်တည်းထားရပုံပေါက်နေသည်။

သူမ၏ ပုခုံးက အနည်းငယ် တုန်သွားခဲ့သည်။

သူ့အပြုအမူက အသေးစိတ်ကျသည်။

သေချာ သတိမထားပါက မသိနိုင်ပေ။

သူက ဖော်ပြချင်သော်လည်း သဘာဝကျနေသည်။

သူမ သိမှာကို ကြောက်သလို သူမ မသိမှာကိုလည်း ကြောက်နေသည်။

သူတို့ကြားက လက်ထပ်စာချုပ်စည်းမျဉ်းကို သူက ပိတ်သိမ်းချင်သော်လည်း မဖောက်ဖျက်ချင်ပေ။

အကွက်ကျကျ ချည်းကပ်ခဲ့သည်။

ဖြည်းဖြည်းခြင်း သူမ ဘဝထဲ ဝင်ရောက်လာခဲ့သည်။

ရှန်းမူမူက ကိုယ့်ကိုယ်ကိုယ် မေးခဲ့သည်။

အကယ်၍ သူမနှင့် ချီမော့ကြားက ပြောင်းလဲမှု ဖြစ်ခဲ့ပါက သူမ ငြင်းဆန်နိုင်မည် မဟုတ်ပေ။

ကိစ္စတွေကတော့ အရင်အတိုင်းသာ ဖြစ်မည်။

၎င်းက သူမကိုယ်သူမ လှည့်စားခြင်း ဖြစ်သည်။

***

All Chapters